“ငါ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး... ငါက မင်းရဲ့ တည်ရှိမှုကို ဖျက်ဆီးနိုင်တယ် ဆိုတာပဲ သိဖို့လိုတယ်... မင်းတို့ မိစ္ဆာတွေ အကုန်လုံးက လူသားမျိုးနွယ်ကို သတ်ဖြတ် စားသောက်ဖို့ အခွင့်အလမ်း အမြဲရှာနေကြတာ... ဒါကြောင့် ငါ တတ်နိုင်သလောက် မင်းတို့အားလုံးကို သတ်ပစ်မယ်...”
ရန်ချီက လက်ချောင်းများကို ချိတ်ဆက်၍ မန္တန်တစ်ခုကို ပြုလုပ်လိုက်လေရာ သူ့မြင့်မြတ်မီးလျှံများက အပြင်းအထန် လှုပ်ရှားလာခဲ့ပြီး မိုးပြာရောင် နဂါးများ၊ အဖြူရောင် ကျားများ၊ အနီရောင် ဟင်္သာငှက်များ၊ အနက်ရောင်လိပ်များ၊ ချီလင်များ၊ လင်းလက် တောက်ပနေသော နန်းတော်များ၊ မီးလျှံသစ်ပင်များ၊ ငွေဖြူရောင် မြက်ခင်းများ ပေါ်လာသည်။ ထိုအရာအားလုံးက နတ်ဘုရား ကောင်းကင်ဘုံ၏ စွမ်းအားများပင်။
အမှန်မှာတော့ ထိုအရာက နတ်ဘုရားကောင်းကင်ဘုံ၏ အစစ်အမှန် သန့်စင်သော နယ်မြေတစ်ခု မဟုတ်ဘဲ ထုတ်ဖော်ပြသခြင်း တစ်ခုသာ ဖြစ်၏။
သို့သော်လည်း ထိုအရာက သူ့မြင့်မြတ်မီးလျှံကို ပိုမို အားကောင်းလာစေကာ သွေးအလောင်း မိစ္ဆာဘုရင်ကို လောင်ကျွမ်းစေပြီး ရန်ချီအတွက် အကျိုး ဖြစ်ထွန်းလာစေသည်။
သူ့အစစ်အမှန် စွမ်းအင်များက သူ့ကိုယ်တွင်း မြစ်တစ်ခုကဲ့သို့ စီးဆင်းသွားကာ မီးလျှံများက အနီးဝန်းကျင်ရှိ မကောင်းဆိုးဝါး စွမ်းအင်များကို ချေဖျက်ပစ်လိုက်သည်။ အနီးရှိ အလောင်းများပင် ပြာအဖြစ် ပြောင်းလဲသွားကာ သွေးအိုင်များက ခန်းခြောက်ကုန်ပြီး မြေပြင်ပင် ချော်ရည်ကဲ့သို့ အရည်ပျော်လာတော့သည်။ အရာအားလုံးက အမှန်တကယ်ကို သန့်စင်ခံလိုက်ရလေပြီ။
ကောင်းကင်အလောင်း ဒိုင်းမေးရှင်း မိစ္ဆာ-တစ္ဆေတို့၏ အစစ်အမှန်နိုင်ငံက တစ်ခဏတာ ကောင်းကင်ဘုံကဲ့သို့ ဖြစ်သွားသည်။
ထိုအရာက ရန်ချီ ပိုင်ဆိုင်သည့် ကောင်းကင်ဘုံပင်။
သွေးအလောင်း နတ်ဆိုးဘုရင်က ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကာ လွတ်မြောက်နိုင်ဖို့အတွက် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားလိုက်သည်။
“သွေးအင်ပါယာ ရောက်လာခြင်း... စကြာဝဠာ ကြီးစိုးခြင်း...”
သွေးနီရောင် ဝတ်စုံဝတ်ကာ သွေးနီရောင် သရဖူဆောင်းထားသည့် လူပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့အနီး၌ သွေးပင်လယ်က လွှမ်းမိုးလာ၏။
တိုက်ပွဲက အထွတ်အထိပ်ကို ရောက်လာပြီဖြစ်ကြောင်း ရန်ချီ သဘောပေါက်လိုက်သည်။ သွေးအလောင်း နတ်ဆိုးဘုရင်က သွေးအင်ပါယာ မိစ္ဆာဆုဒြာ စွမ်းအင်ပညာရပ်ကို အဆုံးစွန်ထိ အသုံးပြုကာ ဝိညာဉ်လောကမှ သွေးအင်ပါယာကို ဆင့်ခေါ်ပြီး နောက်ဆုံး ပေါက်ကွဲခြင်း အဆုံးသတ် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
“သွေးဖောက်ခွဲခြင်း... သွေးမိုးကြိုး...”
များပြားလွန်းသည့် သွေးများက လျှပ်စီး မိုးကြိုးကဲ့သို့ မြင့်မြတ်မီးလျှံနှင့် ငရဲမီးတောက် မီးပြင်းဖိုအတွင်း ရိုက်ခတ်သွားသည်။ သွေးအင်ပါယာက လက်ကို တစ်ပြိုင်နက် ဝှေ့ယမ်းလိုက်သည်နှင့် သွေးရောင်အလင်းတန်း ဖြစ်ပေါ်လာကာ ထိုအလင်းတန်းအတွင်း ဝိညာဉ်တစ္ဆေများ၏ ငိုကြွေးသံနှင့် နတ်ဘုရားများ၏ ညည်းသံများ ထွက်ပေါ်လာတော့သည်။
“မြင့်မြတ်မီးလျှံ ကြေးမုံ...”
ရန်ချီ အော်ဟစ်လိုက်ရာ သန့်စင်သော ရွှေဖြူရောင်မီးများဖြင့် ဖွဲ့စည်းထားသည့် ကြေးမုံတစ်ခု သူ့ရှေ့၌ ဖြစ်ပေါ်လာတော့သည်။ သွေးနီရောင် အလင်းတန်းက ကြေးမုံပေါ် ကျရောက်ပြီးနောက် ၎င်းက နောက်ပြန် ကန်ထွက်သွားသည်။
ထိုအရာက ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ နောက်ထပ် သွင်ပြင်တစ်ခုပင်။
ရန်ချီက ယခုအခါ လောကအုပ်ချုပ်သူ အဆင့် (၄) သို့ ရောက်ရှိနေသဖြင့် ထိုနည်းစနစ်၏ အဆုံးအစမဲ့ ကွဲပြားမှုများနှင့် ပိုမို ကျွမ်းဝင်လာခဲ့သည်။
သွေးမိုးကြိုးက ရွှေဖြူရောင် မြင့်မြတ်မီးလျှံများကို လှုပ်ခတ်သွားစေသော်လည်း ငရဲမီးတောက် မီးပြင်းဖိုကိုတော့ မဖြတ်သန်းနိုင်ခဲ့ချေ။
ရန်ချီက မီးပြင်းဖိုကို နီးကပ်စွာ ထိန်းချုပ်ထားလေရာ သွေးအလောင်း နတ်ဆိုးဘုရင် ဘာလုပ်လုပ် ရန်ချီ၏ အစစ်အမှန် စွမ်းအင်ကို ဖြစ်စေ၊ ယုံကြည်ချက်ကို ဖြစ်စေ ယိမ်းယိုင်အောင် မလုပ်နိုင်ချေ။
ထိုဖြစ်စဉ်က (၈) နာရီလောက် ကြာမြင့်သွားခဲ့သော်လည်း သွေးအလောင်း နတ်ဆိုးဘုရင်၏ အစစ်အမှန် စွမ်းအင်များက နောက်ဆုံးမှ ကုန်ခမ်းလာကာ အားနည်းလာသည်။ သူက ယခုအချိန်တွင် ပိုက်ကွန်ထဲ မိနေသော ငါးတစ်ကောင်ကဲ့သို့ သေခြင်းကို စောင့်နေရ၏။
ထိုအခိုက်အတန့်၌ ရန်ချီက နောက်ဆုတ်ဖို့ ရည်ရွယ်ချက် မရှိပေ။
“ငရဲမီးတောက် မီးပြင်းဖို...”
သူက အော်ဟစ်လိုက်သည်။
“နတ်ဆိုးတွေကို ချေဖျက်ပြီး သွေးကို အရည်ကျိုပစ်... ရက်စက်တဲ့ မကောင်းဆိုးဝါး မှန်သမျှ အပြတ်ရှင်းမယ်... သန့်စင်တဲ့ ကောင်းကင်ဘုံ တည်ဆောက်အံ့... ငရဲကို ဗလာဖြစ်စေပြီး နတ်ဘုရား နယ်မြေက ဘယ်တော့မှ မပျောက်ကွယ်ဘူး...”
ဝှစ်...
ငရဲမီးတောက် မီးပြင်းဖိုအတွင်း စွမ်းအားများ ထပ်ပေါင်းထည့်လိုက်သောအခါ သွေးအလောင်း နတ်ဆိုးဘုရင်က ကြောက်လန့်တကြား အော်ဟစ်ကာ တဖြည်းဖြည်းချင်း သွေးနှင့် သက်စောင့် စွမ်းအင်များ အိုင်တစ်ခုအဖြစ် အရည်ပျော်လာတော့သည်။
မှော်သင်္ကေတများက ထိုအိုင်အပေါ်တွင် ဖုံးလွှမ်းနေကာ အရည်နှင့်အခဲ အခြေအနေကြားတွင် တည်ရှိနေသည်။
‘ဝါး... ဒါက တော်တော်လေး အစွမ်းထက်တဲ့ အသက်ဓာတ်အနှစ်သာရပဲ... ဒါက ငါ့ကို သက်တမ်း ငါးကြိမ်မြောက် လုယူရာမှာ ကူညီပေးနိုင်မှာပဲ... သွေးအလောင်း နတ်ဆိုးဘုရင်က ကောင်းကင်အလောင်း တောင်တန်းရဲ့ နတ်ဆိုးဘုရင်တစ်ပါး တကယ် ဖြစ်ထိုက်တာပဲ...’
ချမ်းသာကြွယ်ဝ တိုက်ကြီးအတွင်း အန္တရာယ်နယ်မြေများစွာရှိကာ သီးခြား ဒိုင်းမေးရှင်း များစွာလည်း ရှိကြသည်။ အချို့က ကြီးမားကာ အချို့က သေးငယ်ကြသည်။ အချို့ဆိုလျှင် ဝင်ပေါက်ထွက်ပေါက် မရှိကြလေရာ ဒဏ္ဍာရီအဆင့် ပညာရှင်များသာ ရှာဖွေနိုင်ကြသည်။ အဆင့်နိမ့် စွမ်းအင်ပညာရှင်များ ဝင်ရောက်ခြင်းကို တားဆီးဖို့အတွက် အဝင်ဝ၌ အစွမ်းထက်သည့် မိစ္ဆာ မကောင်းဆိုးဝါးများကို အစောင့်အဖြစ် ထားရှိကြသည်။
ကောင်းကင်အလောင်း တောင်တန်းက နောက်ပိုင်း တော်တော်လေး ကျော်ကြားခဲ့သည်။
ကျွမ်းကျင်သူအများစုက ရတနာများ မရှာဖွေမီ မိစ္ဆာသားရဲများကို သတ်ဖြတ်ဖို့ အာရုံစိုက်ကြရသည်။ အမှန်စင်စစ် စိတ်ဝိညာဉ် ခန္ဓာများကိုက ရတနာများ ဖြစ်ကြကာ ၎င်းတို့ကို ဆေးလုံးများ၊ မှော်ရတနာများအဖြစ် ပြောင်းလဲနိုင်သည်။
သွေးအလောင်း နတ်ဆိုးဘုရင်က လောကအုပ်ချုပ်သူ အဆင့် (၇) တစ်ယောက် ဖြစ်သော်လည်း ရန်ချီကို မယှဉ်ပြိုင်နိုင်ခဲ့ချေ။
အမှန်စင်စစ် ရန်ချီ ကျင့်ကြံသည့် နည်းစနစ်က မကောင်းဆိုးဝါးနှင့် မိစ္ဆာစွမ်းအင် ပညာရပ် အမျိုးမျိုးတို့ကို ချေဖျက်နိုင်သည်။ အကယ်၍ လောကအုပ်ချုပ်သူ အဆင့် (၇)ရှိသည့် အမှန်တရား ဘက်တော်သားများနှင့် ရင်ဆိုင်ရပါက သူ ကြိုးစားတိုက်ခိုက်ကာ ရန်သူအနေဖြင့် ထွက်ပြေး လွတ်မြောက်ဖို့ အခွင့်အရေး အနည်းငယ်သာရှိသည်။ မကောင်းဆိုးဝါး နတ်ဆိုးများနှင့် ရင်ဆိုင်ရာမှာတော့ သူက ပိုမိုသန်မာသည်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအား၌ ငရဲချေမှုန်းဟူသော စကားက ထိုအရာအားလုံးကို ရှင်းပြဖို့ လုံလောက်သည်။
‘အခု မင်း ငါ့ရဲ့ စွမ်းအား ပင်လယ်ထဲ သွားပေတော့...’
သွေးအလောင်း နတ်ဆိုးဘုရင်ကတော့ ရုန်းကန်နေဆဲပင်။ ထိုအရာက အနင်းခံထားရသော ကင်းခြေများတစ်ကောင် ရုန်းကန်နေသည်နှင့်ပင် တူညီနေခဲ့သည်။ ရန်ချီက သူ့ကို ငရဲမီးတောက် မီးပြင်းဖိုအတွင်းထည့်ဖို့ ပြင်ဆင်နေချိန်မှာပင် ကောင်းကင်အလောင်းတောင်တန်း အနက်ပိုင်းမှ တောက်ပနေသော အလင်းရောင်တစ်ချက် လင်းလက်သွားသည်။
ထို့နောက် မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးက လျှပ်စီးအလင်းတန်းနောက်မှ လိုက်ပါလာတော့ သည်။ ထိုအရာက ဓားစွမ်းအင် ဖြစ်သည်။ မိုးကြိုးကဲ့သို့ ဓားစွမ်းအင် ဖြစ်သည်။
ထိုအရာက ကြီးမားကာ ကောင်းကင်မှ ပျံသန်းနေသည့် နဂါးဖြူကြီးကဲ့သို့ ရန်ချီရှိရာဘက်သို့ ဦးတည်လာသည်။
‘ဘာလဲဟ... ဒီလို ဓားစွမ်းအင်မျိုး ငါ တစ်ခါမှ ဒီလောက် အစွမ်းထက်တာ မကြုံဖူးသေးဘူး...’
သူက ထိုအရာနှင့် ယှဉ်ဆိုင်နိုင်စွမ်း အပြည့်မရှိသဖြင့် မြေပေါ် ထိုးဆင်းလိုက်ရာ မြေမျက်နှာပြင်ပေါ်၌ ကြီးမားသော တွင်းပေါက်ကြီး ဖြစ်သွားလေတော့သည်။
သူက မြေပြင်ပေါ်ရှိ ရွှံ့ဗွက်အိုင်အတွင်း ဝင်ရောက်လိုက်လေရာ မကောင်းဆိုးဝါး စွမ်းအင်များက သူ့ကို တိုက်စားလာတော့သည်။
သို့သော်လည်း သူက ကြောက်ရွံ့ခြင်း မရှိချေ။ သူက ငါးတစ်ကောင်ကဲ့သို့ မြေအောက် ဆင်းသွားကာ အစအန မရှိအောင် ပျောက်ကွယ်သွားခဲ့သည်။
ကြီးမားသော လျှပ်စီးကဲ့သို့ ဓားအလင်းက မြေပြင်နှင့် ထိမိသောအခါ သွေးအိုင်များက အငွေ့ပျံ့သွားပြီး ရွှံ့နွံများရှိ မကောင်းဆိုးဝါး စွမ်းအင်များ ပျောက်ကွယ်သွားသည်။
ကြီးမားသော ဖုန်များ ထလာကာ ဖုန်များ ငြိမ်သက်သွားပြီးနောက် ချိုင့်ကြီးတစ်ခု ဖြစ်လာသည်။ မြေဆီလွှာက သွေးနီရောင် ရှိနေသော်လည်း ထိုနေရာတစ်ဝိုက် မည်သည့်သက်ရှိမှ မရှိကြတော့ချေ။
ဓားချက် တစ်ချက်က ထိုနေရာ တစ်ခုလုံးကို ဖျက်ဆီးလိုက်နိုင်သည်။
ထိုဓားစွမ်းအင်က ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တစ်ပါး၏ အမျက်ဒေါသကဲ့သို့ တောင်တန်းများကို ဖျက်ဆီးနိုင်ကာ မြစ်ကို ခမ်းခြောက်စေနိုင်သည်။
ထိုအရာက သာမန် စွမ်းအင်ပညာရှင်များ မဟုတ်ဘဲ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြောင်း သိသာလှသည်။
မိုးခြိမ်းသံများ ပျောက်ကွယ်သွားပြီးနောက် အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက်က တွင်းချိုင့် အပေါ်ရှိ လေထဲ၌ ပေါ်လာသည်။ သူ့မျက်ခုံးများက ရှည်လျားကာ လက်ထဲ၌ ဓားတစ်ချောင်း ကိုင်ထားသည်။ သို့သော်လည်း ထိုဓားက စွမ်းအင်များအဖြစ် ပြန်လည် ပြောင်းလဲသွားကာ သူကိုယ်တွင်း ပြန်လည်ဝင်ရောက်သွားတော့သည်။ သူ့အသားအရေက ကျောက်စိမ်းရောင် တောက်ပကာ သူ့နဖူးထက်၌ လျှပ်စီးမိုးကြိုးပုံစံ ငွေဖြူရောင် အမှတ်အသား ရှိသည်။
ထိုအရာက လူသားတစ်ယောက်ဖြစ်ကာ မိစ္ဆာ-တစ္ဆေတစ်ယောက် မဟုတ်ချေ။ သူ့ဓားစွမ်းအင်များက သန့်စင်ကာ မြင့်မြတ်ပြီး မကောင်းဆိုးဝါး စွမ်းအင်များကို ချေဖျက်နိုင်ပုံ ရှိသည်။ ထိုအရာ၏ အသံနှင့်ပင် မကောင်းဆိုးဝါး နတ်ဆိုးများ တုန်လှုပ်စေနိုင်သည်။
‘ဘယ်သူလဲ မသိဘူး... သူက မြေလျှိုးသွားတာလား... သူက လူသားလား နတ်ဆိုးလား...’
ဝတ်စုံဖြူနှင့် လူက ချိုင့်ဝှမ်းကို ကြည့်ကာ သေဆုံးနတ်ဆိုး မျက်လုံး လမ်းကြောင်းကို ကြည့်လိုက်သည်။
‘ဒီလမ်းကြောင်းက မိစ္ဆာတစ္ဆေတွေ နယ်မြေဖြစ်တဲ့ အနက်ရောင်အလောင်း တောင်တန်းကို သွားတဲ့လမ်းပဲ... တစ်ယောက်ယောက်က အဲ့ဒီကနေလာခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး... အနက်ရောင်အလောင်း တောင်တန်းရဲ့ နယ်နိမိတ်မှာ နိုင်ငံငယ်လေးတွေပဲ ရှိတာလေ... အဖွဲ့အစည်းကြီးတွေတောင် ရှိတာ မဟုတ်ဘူး ဘယ်သူက ဒီကို ဝင်လာနိုင်တာလဲ...’
သူက တစ်ယောက်တည်း ပြောဆိုနေချိန်မှာပင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က ပြေးလွှားလာခဲ့သည်။ သူတို့၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် အရိပ်များပင် ထင်ကျန်ခဲ့သည်။
သူတို့အားလုံးက ကောင်းကင်မှ မျက်နှာသာပေးခံရသည့် ကျွမ်းကျင်သူတွေ ဖြစ်ကြောင်း သိသာလှသည်။
မျှော်လင့်ထားသလိုပင် အကောင်းတကာ့ အကောင်းဆုံး ကျွမ်းကျင်သူများကသာ ကောင်းကင်အလောင်း ဒိုင်းမေးရှင်းသို့ လာကြခြင်းဖြစ်သည်။
"အစ်ကိုကြီးလီ..."
အမျိုးသမီးငယ်လေးက ပြောလိုက်သည်။ "မိုးကြိုးပစ် သံဓားသိုင်းက ပြီးပြည့်စုံတဲ့ အဆင့်ကို တကယ်ကြီး ရောက်နေပြီ... ကီလိုမီတာ (၅၀၀) အဝေးကနေတောင် ဒီနေရာ တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်တယ်... ဘာလို့ အသိမပေးဘဲ ချက်ချင်း ပျောက်ပြေးသွားရတာလဲ..."
"ငါ သက်စောင့် စွမ်းအင်လှိုင်းအချို့ကို ဒီမှာ အာရုံခံမိတယ်... အဲ့ဒါက တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တာပဲ..."
မိုးကြိုးပစ် သံဓားသိုင်းကို ထုတ်ဖော်ခဲ့သည့် လူက လီထောင် ဖြစ်သည်။ သူက အနီးဝန်းကျင်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
"ကံမကောင်းချင်တော့ ဘယ်သူလဲ မသိရဘဲ လွတ်မြောက်သွားခဲ့တယ်... အဲ့ဒါက သူတို့က အောက်လမ်း ဂိုဏ်းသား တစ်ယောက်ဆိုတာကို ညွှန်ပြနေတာပဲ..."
"အစ်ကို ပြောချင်တာ ကောင်းကင်အလောင်း တောင်တန်းမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ပြောချင်တာလား..."
အခြား တစ်ယောက်က ပြောလိုက်သည်။
"ဒီနေရာက ငါတို့ အင်မော်တယ်ခြေနင်း ကျောင်းတော်ရဲ့ ပိုင်နက်ပဲ... လက်ရွေးစင် ကျောင်းသားတွေသာ ဒီမှာ လာကျင့်ကြံပြီး မိစ္ဆာတွေကို သတ်ဖြတ်ကြတာလေ... အခြား အဖွဲ့အစည်းက လူတွေ လာစရာအကြောင်း မရှိလောက်ဘူး... ငါ ထင်တာတော့ အစ်ကို အာရုံခံမိတဲ့ စွမ်းအင်လှိုင်းတွေက မိစ္ဆာတွေရဲ့ တိုက်ပွဲဖြစ်လိမ့်မယ်... အစ်ကိုကြီးလီရဲ့ ဓားသိုင်းကိုမြင်တော့ သူတို့ မျက်နှာတောင် မပြရဲတော့တာ ဖြစ်မယ်... အကယ်၍ အဲ့ဒါသာ လမ်းမှန် ဂိုဏ်းသားဆိုရင် မြေအောက်ထဲ မပုန်းနိုင်လောက်ဘူး... ဒီမြေအောက်က အဆိပ်သင့် စွမ်းအင်တွေက မိစ္ဆာတွေပဲ ရှင်သန်နိုင်လိမ့်မယ်..."
End
***