“အစ်ကိုကြီးလီ... ငါတို့ တာဝန်အရ တော်ဝင်အိမ်ရှေ့စံအတွက် မကောင်းဆိုးဝါး တောင်တန်းကနေ ဒီကို ရောက်လာခဲ့တာလေ... ငါတို့ ဆက်ရှာကြရအောင်... ငါတို့တာဝန် ကြာနေရင် တော်ဝင်အိမ်ရှေ့စံ မပျော်မရွှင် ဖြစ်သွားလိမ့်မယ်...”
“ဒါနဲ့ အစ်ကိုကြီး... တော်ဝင်အိမ်ရှေ့စံက ငါတို့ကို ဘာလို့ အသက်ဓာတ်စမ်းရေ အရေးတကြီး ရှာခိုင်းနေရတာလဲ... သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သူက အဲ့ဒါကို မလိုအပ်လောက်တော့ဘူး မဟုတ်လား...”
အမျိုးသမီးက ထပ်ပေါင်း မေးမြန်းလိုက်သည်။
“ဒါက ဟိုမိန်းမအတွက်ပဲလေ...”
အမျိုးသားက ပြောလိုက်သည်။
“သူ့နာမည်က ဘယ်သူ... ဪ... ယွမ်ဟိုက်လန်... ဟုတ်တယ်... သူပေါ်လာတဲ့ အချိန်ကစပြီး တော်ဝင်အိမ်ရှေ့စံက သူ့ကို မျက်နှာသာ တော်တော်ပေးခဲ့ပြီး ကူညီပေးခဲ့တယ်လေ... အစက အဲ့ဒီ ကောလာဟလတွေက မှန်မမှန် ငါလည်း စဉ်းစားကြည့်ခဲ့တယ်... ငါတို့ တော်ဝင်အိမ်ရှေ့စံနောက် လိုက်နေတာ ကြာပြီလေ... သူက ကြုံရာကျပန်း လူတစ်ယောက်ဆီမှာ လဲကျမယ့် လူစားမျိုး မဟုတ်ဘူး... သူက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးဖြစ်ပြီး ကောင်းကင်တာအို လမ်းစဉ် လျှောက်နေတဲ့ သူပဲ... သူက ဥပဒေသတွေရဲ့ အပြင်ဘက်မှာ ရှိပြီးတော့ မကြာခင်မှာ မဟာသူတော်စင် အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်လိမ့်မယ်... မိန်းမတစ်ယောက်ကြောင့်နဲ့တော့ သူက ဘယ်လိုလုပ်ပြီး အာရုံပျံ့လွင့်နိုင်မှာလဲ...”
ထိုအချိန်မှာပင် လီထောင်က မျက်လုံးဖွင့်ကြည့်လိုက်သည်။
“တော်ဝင်အိမ်ရှေ့စံလို ပုဂ္ဂိုလ်တစ်ပါးက ဘာတွေတွေးနေလဲ ငါတို့ မသိနိုင်ဘူး... ငါတို့ ဘာလို့ ကြုံရာဆွဲ တွေးနေမှာလဲ... ဒီကိစ္စအားလုံးကို ခြုံကြည့်ရင် သူက အကြံအစည်ကြီးတစ်ခုကို လုပ်ဆောင်နေတာနဲ့တူတယ်... ပြီးတော့ ယွမ်ဟိုက်လန်က သာမန်မိန်းမတစ်ယောက် မဟုတ်ဘူးလေ... သူ့ရဲ့ သွေးကြောတွေထဲမှာ ပင်လယ်နတ်ဘုရား သွေးတွေ စီးဆင်းနေပြီးတော့ သူမမှာ နဂါးတစ်ကောင်ရဲ့ အရှိန်အဝါအချို့ရှိတယ်... သူမကိုယ်ထဲမှာရှိတဲ့ နဂါးနတ်ဘုရားရဲ့ အရှိန်အဝါက ငါ့ကို ခေါ်နေသလိုတောင် ငါ ခံစားရတယ်... သူမနဲ့ ပတ်သက်ပြီး ကောင်းတာအချို့ ရှိတာကြောင့်လည်း တော်ဝင်အိမ်ရှေ့စံက သူမနဲ့ ပတ်သက်ပြီးတော့ အကြောင်းကိစ္စ တစ်ခုခုအတွက် ပြင်ဆင်နေတာ သေချာတယ်...”
“နဂါးနတ်ဘုရားရဲ့ အရှိန်အဝါလား...”
အမျိုးသမီးက ပြောလိုက်သည်။
“တော်ဝင်အိမ်ရှေ့စံက ဂိုဏ်းအုပ် တိမ်တိုက်နဲ့လေပြေဆီမှာ တပည့်အဖြစ် လက်ခံခိုင်းဖို့ မေးမြန်းတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ... ငါ ကြားတာတော့ သူမရဲ့ စွမ်းအင်ပညာရပ်က အတားအဆီးမရှိ တိုးတက်လွန်းလာတယ် ဆိုပဲ...”
“ဒီလိုလူမျိုးသာ ငါတို့နဲ့ အဆက်အသွယ် ရှိရင် ငါတို့လည်း အဆင့်တက်လာမှာပဲ...”
အခြား အမျိုးသားတစ်ယောက်က ပြောလိုက်သည်။
“ငါတို့ ကျင့်ကြံခြင်းကို ပိုမိုကြိုးစား ကျင့်ကြံပြီး ဒဏ္ဍာရီအဆင့်ကို အမြန်ဆုံး ချိုးဖောက် တက်လှမ်းနိုင်ဖို့ လိုတယ်...”
ထို့နောက် သူတို့အဖွဲ့က အဝေးကို ပျံသန်းသွားလေတော့သည်။
ရန်ချီတစ်ယောက် တစ်ယောက်တည်း ပြန်ဖြစ်သွားချိန်၌ သူက သွေးအိုင်ထဲမှ ပြန်တက်လာကာ လေပေါ် ပျံလိုက်သည်။ သူ့မျက်လုံးများက အရောင် တောက်ပနေ၏။
"ဒါဆို သူတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်က လူတွေပေါ့..."
ကျောင်းတော်မှ ကျွမ်းကျင်သူများက ကောင်းကင်အလောင်း ဒိုင်းမေးရှင်းသို့ လာကာ မိစ္ဆာသားရဲများ အမဲလိုက်ပြီး သားရဲအမြုတေများကို စုဆောင်းတတ်ကြောင်း သတိရသွား လေတော့သည်။
သူတို့ (၃) ယောက်၏ သန်မာမှုအရ သူတို့ လက်ရင်းကျောင်းသားများပင် ဖြစ်နိုင်သည်။
လက်ရင်းကျောင်းသား အများစုက လောကအုပ်ချုပ်သူ အဆင့် (၅) နှင့် အထက်များသာ ဖြစ်ကြသည်။ သူတို့က ကျောင်းတော်၏ အဖိုးတန် ထောက်ပံ့ပေးမှုများ ရရှိထားကာ ဒဏ္ဍာရီအဆင့် လမ်းကြောင်းပေါ် ရောက်ရှိနေကြသူများသာ ဖြစ်ကြ၏။ သူတို့ ရရှိထားသော ခံစားခွင့်များက လက်ရွေးစင် ကျောင်းသားများထက် သာလွန်သည်။ တစ်ဦးချင်းစီအလိုက် ကောင်းကင်လျှိုမြောင် တောင်တန်း၏ တောင်ထွတ်တစ်ခုစီ ကိုယ်ပိုင် ရရှိကြသည်။
လက်ရင်းကျောင်းသားများက အခြေခံအားဖြင့် ကျောင်းတော်မှ အကြီးအကဲများနှင့် အဆင့်အတန်း တူညီသည်။
သူတို့က ကျောင်းတော်ကို အုပ်ချုပ်စိုးမိုးနိုင်သော သခင်များဖြစ်သည့် ဒဏ္ဍာရီအဆင့် ကျောင်းသားများဖြစ်သည့် သူတော်စင် သားတော်များ ပြီးနောက် ဒုတိယ အရေးပါဆုံးသူများ ဖြစ်ကြသည်။ မြင့်မြတ်သောသားတော်များ အကြား၌ တော်ဝင်အိမ်ရှေ့စံက အစွမ်းထက်ဆုံး ဖြစ်သည်။
မူလက ကောင်းကင်အလောင်း ဒိုင်းမေးရှင်းနှင့်ပတ်သက်၍ ရန်ချီ၏ ရည်မှန်းချက်မှာ သူ့ကျင့်ကြံခြင်းကို တိုးတက်စေရန်နှင့် အသက်ဓာတ်စမ်းရေ ရှာဖွေဖို့အတွက်ပင်။ သူက အနက်ပိုင်းသို့ သွားလာဖို့အတွက် ဆန္ဒမရှိခဲ့သော်လည်း တော်ဝင်အိမ်ရှေ့စံအဖွဲ့မှ လက်ရင်းကျောင်းသား (၃) ယောက်ကို တွေ့သောအခါ ရုတ်တရက် သတ္တိ ပိုမို ရှိလာခဲ့တော့သည်။
ယွမ်ဟိုက်လန်အတွက် အသက်ဓာတ်စမ်းရေရှာဖွေရန် ရောက်ရှိလာခြင်းက ပိုမို အရေးကြီးလှသည်။
‘အာ... ယွမ်ဟိုက်လန်... မင်းလည်းပဲ အသက်ဓာတ်စမ်းရေ လိုအပ်တာပဲလား... ကောင်းပြီလေ... မင်းအတွက် အထောက်အပံ့ကို ငါ ဖြတ်ပေးရတာပေါ့...’
ထို့နောက် သူက အရိပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားသည်။
တစ်ခါတစ်ရံ သူက မြေပေါ် ပြေးလွှားရင်း သွေးအိုင်ထဲက အနီစက်လေးတစ်ခုကဲ့သို့ ပုန်းကွယ်နေခဲ့သည်။ တစ်ချိန်လုံး သူက မိုးကြိုးပစ် သံဓားသိုင်း အရှိန်အဝါ နောက်သို့ နောက်ယောင်ခံ လိုက်လာခဲ့၏။
သူ့စွမ်းအား ပင်လယ်အတွင်းရှိ သွေးအလောင်း နတ်ဆိုးဘုရင်ကတော့ ငရဲမီးတောက် မီးပြင်းဖို၏ တဖြည်းဖြည်း စားသောက်ခြင်းကို ခံစားနေရသည်။
ရန်ချီက သူ့ကိုယ်ပိုင် အရှိန်အဝါကို ဖုံးကွယ်ထားကာ ထိုအစား သွေးအလောင်း နတ်ဆိုးဘုရင်၏ သွေးအမျိုးအစား စွမ်းအင်အနည်းငယ်ကို ထုတ်ဖော်ထားသည်။ အချို့ ရောနှောစွမ်းအင်များ ရောနှောနေပြီးနောက် ထိုအရာက နတ်ဆိုးစွမ်းအင်များ ဖြစ်လာတော့သည်။ ထိုအရာကြောင့်ပင် သူ့ကိုယ်သူ လွယ်လွယ်ကူကူ ဖုံးကွယ်ထားနိုင်၏။ ထိုလမ်းစဉ် တစ်လျှောက်လုံး သူက အခြား နတ်ဆိုးစွမ်းအင် ရင်းမြစ်များကို အာရုံခံမိသည်။ အချို့က သွေးအိုင်၏ ကီလိုမီတာ ရာချီသော အောက်ဘက်တွင်ရှိကြကာ အချို့က ထိုထက် ပိုနက်ရှိုင်းကြသည်။ ထိုသက်ရှိများက သူ့ကို အာရုံခံမိကြသော်လည်း သူတို့က သူ့ကို သွားခွင့် ပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်တွင်းက သွေးအမျိုးအစား စွမ်းအင်များက တဖြည်းဖြည်းနှင့် အသက်ဓာတ် အနှစ်သာရများ ဖြစ်လာပြီး ထိုအရာများကို သူ့သွေးကြောများနှင့် သွေးကြောဆုံမှတ်များသို့ သိုလှောင်လိုက်သည်။
ထို့ကြောင့် သူက လောကအုပ်ချုပ်သူ အဆင့် (၅) သို့ ချိုးဖောက် တက်လှမ်းဖို့ မျှော်လင့်ချက် ပိုရှိလာခဲ့သည်။
လောကအုပ်ချုပ်သူ အဆင့် (၇) ဖြစ်သည့် သွေးအလောင်း နတ်ဆိုးဘုရင်က သက်စောင့်စွမ်းအင် မည်မျှ ပါရှိနေသနည်း။ ထိုအရာက သူ့ကိုယ်တွင်းရှိ တစ်ခုပြီးတစ်ခု နိုးထလာနိုင်သလို ခံစားမိလိုက်သည်။
သူ ပျံသန်းနေစဉ်မှာပင် (၇၂) ခုမြောက် အစိတ်အပိုင်း... (၇၃)၊ (၇၄)၊ (၇၅)... (၈၀) အထိ တိုးတက်လာခဲ့သည်။ နောက်ဆုံး ထိုဖြစ်စဉ်က နှေးကွေးလာကာ သူက ကမ္ဘာဦး ဆင်ရိုင်း (၈၁) ကောင် စွမ်းအားကို ပိုင်ဆိုင်လာခဲ့လေတော့သည်။
သွေးအလောင်း နတ်ဆိုးဘုရင်ကို ရရှိခဲ့ခြင်းက သူ့အတွက် အောင်ပွဲကြီးပင်။
လောကအုပ်ချုပ်သူ အဆင့် (၄) သို့ ရောက်ရှိပြီးနောက် လူတစ်ယောက်က အခြေခံအဆင့် ပြောင်းလဲမှုကို ကြုံတွေ့လာရသည်။ ဥပမာ အစစ်အမှန်စွမ်းအင်က လူတစ်ယောက်၏ သွေးကြောဆုံမှတ်များ၌ သဏ္ဍာန်တစ်ခု ဖြစ်လာသည်။ ထိုအရာက မိစ္ဆာနတ်ဆိုးများ၌ တွေ့မြင်နေရသည့် မိစ္ဆာအမြုတေများနှင့် တူညီသည်။
စွမ်းအင်ပညာရပ် ကျင့်ကြံသူများက ထိုကဲ့သို့ အရာဝတ္ထုမျိုးကို အမြုတေအဖြစ် ညွှန်းဆိုကြသည်။
ရန်ချီ၏ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကလည်း ထိုအချက်က ကွာခြားခြင်း မရှိချေ။ သူ့အစစ်အမှန် စွမ်းအင်များက သွေးကြော ဆုံမှတ်များသို့ ရောက်ရှိလာကာ အမြုတေ ဖြစ်လာသည်။ သူ့အမြုတေများက အတော်ကလေး ဆန်းကြယ်ကြကာ တစ်ခုစီက ရွှေဖြူရောင် မြင့်မြတ်မီးလျှံများ တောက်ပနေသည်။
ထိုအခိုက်အတန့်၌ သူက ကောင်းချီးပေးခြင်း ခံနေရခြင်းနှင့် တူညီနေ၏။
လောကအုပ်ချုပ်သူ အဆင့် (၅)... ထိုအဆင့်၌ ဆန်းကြယ်မှုများစွာ ပါရှိသည်။ သို့သော်လည်း ယခုအချိန်တွင် သူက အဆင့်ချိုးဖောက် တက်လှမ်းဖို့ အဆင်သင့် မဖြစ်သေးချေ။
စွမ်းအင်ပညာရပ်အဆင့်၌ အဆင့် (၉) ဆင့်ရှိကာ အဆင့် (၅)က စွမ်းအင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုအဆင့်၌ လူတစ်ယောက်က အစစ်အမှန်စွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ဖော်လာနိုင်သည်။ လောကအုပ်ချုပ်သူ အဆင့်တွင်လည်း သက်တမ်း ခိုးယူခြင်း ကိုးကြိမ်ပါရှိကာ အဆင့် (၅) က အရေးကြီးသော အပြောင်းအလဲပင်။ လောကအုပ်ချုပ်သူ အဆင့် (၅) သို့ ရောက်ရှိသောအခါ လူတစ်ယောက်၏ အသက်ဓာတ်က ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားကာ မည်သည့် ကျောင်းတော်မှာ မဆို အဓိက အသက်သွေးကြော ဖြစ်ကြသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးက စွမ်းအင် ပညာရပ်နှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နားလည်ကာ နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်နိုင်သည်။ သူတို့၏ အလားအလာက အတိုင်းအစမဲ့ကြသည်။
"ငါ ဒီမှာ အခုချိန် လောကအုပ်ချုပ်သူ အဆင့် (၅) ကို ချိုးဖောက် တက်လှမ်းလို့ မဖြစ်ဘူး... ပထမဆုံး လက်ရှိအဆင့်နဲ့ ပတ်သက်ပြီး အရင် တည်ငြိမ်အောင် လုပ်ရမယ်... အဆင့်ချိုးဖောက် တက်လှမ်းဖို့ မြန်မြန် ကြိုးစားတာက မတည်မငြိမ် ဖြစ်စေမှာပဲ... အသက်ဓာတ်စမ်းရေ များများစားစား ရတဲ့ အချိန်ထိ စောင့်ရမယ်... ဒါ့အပြင် ခိုင်ခံ့တဲ့ အခြေခံအုတ်မြစ်နဲ့ ဆိုရင် ဒဏ္ဍာရီအဆင့်ကို တက်လှမ်းတဲ့ လမ်းကြောင်းက ပိုမိုခိုင်ခံ့လာလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်အိမ်ရှေ့စံရော ယွမ်ဟိုက်လန်ကိုရော ရှုံးလို့ မဖြစ်ဘူး..."
သူက ဆုံးဖြတ်ချက် ချထားလိုက်သည်။ ဘယ်လိုပင် ခက်ခဲနေပါစေ တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများကို ဖြတ်ကျော်ပေလိမ့်မည်။
ထို့ပြင် သူတို့ထဲမှ ဘယ်သူမှ သူမှန်းမသိအောင် ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေသေးသည်။
ကောင်းကင်အလောင်း ဒိုင်းမေးရှင်း အနက်ပိုင်းသို့ ဝင်သွားသည်နှင့်အမျှ အလောင်းကောင် စွမ်းအင်၊ ပျက်သုဉ်းခြင်း စွမ်းအင်၊ မကောင်းဆိုးဝါး စွမ်းအင်များ ပိုမို အားကောင်းလာခဲ့သည်။ အချို့နေရာ အတော်များများ၌ လေထုပင် ယိုယွင်းနေကာ မွန်းစတားများသာ ပျံသန်းသွားလာ နိုင်ကြသည်။
နောက်ဆုံးမှာတော့ ရန်ချီက အမျိုးသား (၂) ယောက်နှင့် အမျိုးသမီး တစ်ယောက် ပါဝင်နေသည့် အုပ်စုကို လိုက်မီသွားတော့သည်။ အလယ်ရှိ လီထောင်က သူ့မဟာ မိုးကြိုးပစ် သံဓားသိုင်းကို အသုံးပြုနေသည်။
သူတို့ရှေ့၌ ဖြန့်ကျက်နေသော ကြီးမားသော အနက်ရောင်တောင်တန်းများက ပျောက်ကွယ်သွားကာ လွင်ပြင်များ၊ သွေးအိုင်များ ပေါ်လာတော့သည်။ တောင်တန်းများ အလွန် လှုပ်ယမ်းသွားခြင်းကြောင့် ရန်ချီက သူ့နှလုံးသားထဲ၌ပင် တုန်လှုပ်သွားသည်။ ထို့ကြောင့် သူက အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်ကာ ထိုခံစားချက်ကို ဖြေဖျောက်လိုက်ရသည်။ ထိုလူများက သူထက် သာလွန်ကြောင်း သိသာလှ၏။
သူတို့ (၃) ယောက် အုပ်စုက အသေအချာ ပြင်ဆင်ထားခဲ့ကြသည်။ သူတို့က အမျိုးမျိုးသော မှော်ရတနာများကို ထုတ်ဖော်လိုက်လေရာ သူတို့ဝန်းကျင်ရှိ လေထုက ပျက်ယွင်းသွားပြီးနောက် သူတို့က လှုပ်ရှားလိုက်တော့သည်။ ထို့နောက်မှာတော့ သူတို့က ရုတ်တရက် အစအန မရှိအောင် ပျောက်ကွယ်သွားတော့သည်။
ရန်ချီက ရှေ့ကို အနည်းငယ် တိုးလိုက်လေရာ တောင်တန်းများက ထွက်ပေါ်လာသော မိစ္ဆာ မကောင်းဆိုးဝါးများက သူ့ကို သတ်ဖြတ်နိုင်ကြောင်း အာရုံခံမိသွားတော့သည်။ ထိုအကြောင်းကြောင့် အခြားသုံးယောက်က အထဲကို ဝင်ရောက်နိုင်ဖို့ မှော်ရတနာများကို အသုံးပြုခဲ့ရကာ ထိုရတနာများက သူတို့ကို မမြင်နိုင်သော စွမ်းအားများ ငှားရမ်းပေးခဲ့ပုံ ရသည်။
"ကြည့်ရတာ ငါ သူတို့ ပြန်လာတာ စောင့်နေဖို့ပဲ တတ်နိုင်တော့တယ် ထင်တယ်..."
သူက အစစ်အမှန် စွမ်းအင်များဖြင့် သူ့ကိုယ်သူ ရစ်သိုင်းလိုက်ကာ ညစ်ညမ်းကာ အပုပ်နံ့ ထွက်နေသော သွေးအိုင်အတွင်း ဆင်းသက်လျက် ကြွက်သားတစ်ခုပင် မလှုပ်ရှားဘဲ လဲလျောင်းကာ စောင့်ဆိုင်းနေသည်။
သူက လုပ်ကြံသတ်ဖြတ်ခြင်း တာအိုနှင့်ပတ်သက်၍ ကျွမ်းကျင်လာပြီးနောက် အလွန် စိတ်ရှည်တတ်ဖို့ သင်ယူနိုင်ခဲ့သည်။
ထိုအချိန်မှာပင် သူ့ငရဲချေမှုန်း နတ်ဆင်စွမ်းအားက သူအနီးရှိ မကောင်းဆိုးဝါး စွမ်းအင်များနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီးနောက် သူက ကောင်းကင်အလောင်း ဒိုင်းမေးရှင်း၏ အရှိန်အဝါနှင့် တူညီနေသည်။
ထိုအခိုက်အတန့်တွင် သူက နတ်ဘုရားနှင့် နတ်ဆိုးပေါင်းစပ်ထားခြင်းနှင့် တူညီနေ၏။
ထို့အပြင် သူက ရုတ်တရက် ထိုနည်းစနစ်နှင့်ပတ်သက်၍ နက်ရှိုင်းစွာ နားလည်သဘောပေါက် လာသည်။ သူ ပြုလုပ်သည့်အတိုင်း သူ့အစစ်အမှန် စွမ်းအင်များက ကွဲကြေသံများနှင့်အတူ အစိုင်အခဲအဖြစ် ပိုမိုဖြစ်ထွန်းလာကာ ရွှေဖြူရောင် မြင့်မြတ်မီးလျှံများက အနည်းငယ် ပိုမို ဖောက်ထွင်းမြင်နိုင်လာတော့သည်။
သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအားနှင့်ပတ်သက်၍ ဉာဏ်အလင်းများ ပိုမိုရရှိအောင် ကြိုးစားနေချိန်မှာပင် တောင်တန်း၏ အစွန်အဖျား တစ်နေရာ၌ လူရိပ်သုံးခု ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ဝတ်စုံဖြူဝတ် လီထောင်က ပခုံးပေါ်၌ ကြီးမားသော ဘူးသီးခြောက်ပုံစံ ပုလင်းတစ်လုံးကို ထမ်းထားသည်။ သူကိုယ်တိုင် ထိုအရာကို သယ်ဆောင်ထားပုံအရ ထိုအရာက အလွန်လေးလံကြောင်း သိသာလှသည်။
ရန်ချီက ချက်ချင်းပင် အသက်ဓာတ် အရှိန်အဝါကို အာရုံခံမိသွားတော့သည်။
"အသက်ဓာတ်စမ်းရေ... သူတို့က တကယ်ကြီး ထိုအရာကို ရရှိလာခဲ့ကြတယ်... ဘယ်လိုလုပ်ပြီးတော့လဲ... သူတို့မှာ မမြင်ရတဲ့ မှော်ရတနာတွေ ရှိနေတတ်တာလား... ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူးလေ... သူတို့ သက်သာအောင် ကူညီပေးရသေးတာပေါ့..."
ထိုဘူးသီးခြောက်ပုံ ရေဘူးကို မြင်လိုက်သည်နှင့် ရန်ချီ၏ စိတ်ထဲ၌ အကြံအစည်များ ထွက်ပေါ်လာတော့သည်။
သူတို့ (၃) ယောက်အုပ်စု တောင်တန်းများမှ ပျံသန်း ထွက်လာသောအခါ လီထောင်၏ ပုံစံက အစစ်အမှန်စွမ်းအင်များ လျော့ပါးနေကာ အနားယူဖို့ လိုအပ်နေပုံ ပေါ်နေသည်။
"ဒီနေရာက တော်တော်လေး အန္တရာယ်များတာပဲ... ဒီဘူးသီးခြောက်ဘူးနဲ့ ငါတို့ ထွက်လာနိုင်ခဲ့တာက တော်ဝင်အိမ်ရှေ့စံ ငါတို့အတွက် ဖန်တီးပြုလုပ်ပေးခဲ့တဲ့ ဟင်းလင်းပြင် ဖောက်ထွက်ခြင်း နတ်ဘုရားအဆောင်ကြောင့်ပဲ... မဟုတ်ရင် တောင်တန်းအနက်ပိုင်းက မွန်းစတားတွေကို ငါတို့ နိုးထစေမိလိုက်မှာ..."
"ဂိုဏ်းတူ အစ်ကိုကြီး... အဲ့ဒီ ကောလာဟလတွေက တကယ်ကြီးလား... ရာမတောင်တန်းမှာ တစ္ဆေအင်ပါယာရာမက နှစ်သောင်းနဲ့ချီပြီး ပုန်းအောင်းနေခဲ့တာလား... သူ့ရဲ့တပည့် ဘာရွန်ကောင်းကင်အလောင်းက ကောင်းကင်အလောင်း နိုင်ငံတစ်ခုလုံးရဲ့ အစစ်အမှန် အုပ်ချုပ်သူ တစ်ယောက်ပဲလေ..."
"အမှန်ပဲ..."
လီထောင်က ပြောပြလိုက်သည်။
"တစ္ဆေအင်ပါယာရာမက ဒီတောင်တန်းအတွင်းပိုင်းမှာ ချုပ်နှောင်ပိတ်ပင်ခံထားရတာပဲ... အတိတ်တစ်ချိန်တုန်းက မဟာသူတော်စင်တွေက သူ့ကို ဖိနှိပ်ထားဖို့ အသက်ဓာတ်စမ်းရေကို အသုံးပြုခဲ့ကြတယ်... ဒီရေက ဖုတ်ကောင်တွေနဲ့ မိစ္ဆာတာအိုကို ကျင့်ကြံသူတွေအတွက်တော့ အဆိပ်လိုပဲ... တကယ်လို့ သူတို့က မြင့်မြတ်တဲ့ ရေစင် အနံ့အသက်ရရင်တောင် ချက်ချင်း အသတ်ခံရတယ်လေ... ကောင်းပြီ... ငါတို့ရဲ့ အစစ်အမှန် စွမ်းအင်တွေ မြန်မြန် ပြန်စုစည်းပြီးတာနဲ့ ဒီနေရာက ထွက်သွားကြရအောင်... နောက်တစ်ခါ ငါတို့ လက်ထဲ အသက်ဓာတ်စမ်းရေ ထပ်ရဖို့က မလွယ်တော့ဘူး... တစ္ဆေအင်ပါယာရာမက နေ့စဉ်နဲ့အမျှ နိုးထလာနေခဲ့ပြီ... တစ်နေ့ကျရင် သူက အချုပ်အနှောင်ကနေသာ လွတ်မြောက်သွားမယ်ဆို ကပ်ဘေးကြီး တစ်ခု ဖြစ်လာမှာပဲ..."
"လူတွေပြောတာ ငါ ကြားဖူးတာတော့ တော်ဝင်အိမ်ရှေ့စံက ရာမတောင်တန်းကို လာပြီး တစ္ဆေအင်ပါယာရာမနဲ့ စကားပြောဖူးတယ်တဲ့..."
ကျောင်းသူမလေးက ပြောလိုက်သည်။
"သူ့ကို အင်မော်တယ်ခြေနင်း ကျောင်းတော်က အကြီးအကဲချုပ်ဆီ သတင်း သွားပေးခိုင်းခဲ့တယ်... တစ္ဆေအင်ပါယာရာမက သူ လွတ်မြောက်လာရင် သူ့ကို ချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ် ဆိုလားပဲ..."
"ဒီလိုကိစ္စတွေက သေချာ မသိနိုင်ဘူးလေ..."
လီထောင်က ပြောလိုက်သည်။
"မိစ္ဆာအိုကြီးက ဘာတွေ စဉ်းစားနေလဲ ဘယ်သူသိနိုင်မှာလဲ... မင်းတို့ ဘယ်တော့မှ မိစ္ဆာနတ်ဆိုးတွေကို မယုံကြည်ကြနဲ့... သူတို့က အမြဲ လိမ်ညာ ပြောဆိုနေကြတာလေ... လာပါ... ငါတို့ ဒီက ထွက်သွားဖို့ လိုတယ်..."
အနည်းငယ်မျှ အနားယူပြီးနောက် လီထောင်က ဓားစွမ်းအင်အချို့ကို ဆင့်ခေါ်ကာ ထွက်သွားဖို့ ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် ...
ဝှစ်…
မြင့်မြတ်သည့် ရွှေဖြူရောင်အလင်းတန်း ထွက်ပေါ်လာသည်နှင့် လီထောင်တစ်ယောက် ရက်စက်သည့် ကမ္ဘာဦးသားရဲကြီးတစ်ကောင် သတ်ဖြတ်ချင်စိတ် ပြင်းထန်စွာဖြင့် သူ့ထံ တိုးဝင်လာသလို ခံစားလိုက်ရကာ စိတ်ထဲ၌ အနည်းငယ်မျှ မငြိမ်မသက် ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေဖြူရောင်ပင်လယ်ကြီးက သူ့ကို အပြည့်အဝ လွှမ်းမိုးလာခဲ့ကာ တစ်ချိန်တည်းမှာပင် ရှည်လျားသည့် ရွှေဖြူရောင် လှံတံက သူ့ထံ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း လီထောင်က သာမန် အပျော်တမ်း အဆင့်တစ်ယောက် မဟုတ်ချေ။ အန္တရာယ်ကို စဉ်းစားကြည့်လိုက်မိသည်နှင့် သူက ဘူးသီးခြောက်ပုလင်းကို ချလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက သူ့မဟာမိုးကြိုးပစ် သံဓားကို ဆင့်ခေါ်လိုက်သည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာတော့သည်။
"ပျက်သုဉ်းခြင်း မိုးကြိုးပစ်သံ..."
သူ့ဓားစွမ်းအင်များက ဖြာထွက်လာကာ သူ့နောက်ကျောဘက်၌ ကြီးမားသော ဘုံနန်းစေတီ ပုံရိပ်ကြီး ထွက်ပေါ်လာသည်။
ဓားစွမ်းအင်က လှံတံနှင့် ရင်ဆိုင်မိသောအခါ လီထောင်တစ်ယောက် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားကာ သူ့အစစ်အမှန် စွမ်းအင်များက လုံးဝ ခန်းခြောက်လုနီးနီး ဖြစ်သွားတော့သည်။
ရွှေဖြူရောင် လှံရှည်က ပျောက်ကွယ်သွားပြီးနောက် ရွှေဖြူရောင်ချပ်ဝတ်နှင့် လူတစ်ယောက် ပေါ်လာလေတော့သည်။ ထိုအရာက လူသားလား နတ်ဆိုးတစ်ကောင်လား ပြောဖို့ပင် ခဲယဉ်းနေသည်။ သို့သော်လည်း သူက လျင်မြန်စွာ ရွေ့လျားခဲ့ပြီး အသက်ဓာတ်စမ်းရေ ဘူးသီးခြောက် ပုလင်းကို ဆုပ်ကိုင်ကာ သူတို့ ဘာမှ မလုပ်နိုင်မီမှာပင် ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် သူက နောက်လှည့်ကာ ငှက်တစ်ကောင်ကဲ့သို့ သွေးအိုင်အတွင်း ထိုးဆင်းသွားခဲ့ပြီး ငါးတစ်ကောင်ကဲ့သို့ ရွှံ့တောထဲ၌ ပျောက်ကွယ်သွားလေတော့သည်။
End
***