“အဲ့ဒီမှာ ရပ်လိုက်စမ်း”
လုပ်ကြံသတ်ဖြတ်ခြင်း တာအိုနှင့် ပတ်သက်၍ ဉာဏ်အလင်း ပိုမို ရရှိလာသည်နှင့်အမျှ ရန်ချီ၏ စွမ်းရည်မှာလည်း သိသိသာသာ ကျွမ်းကျင်လာချေပြီ။ သူက မဟာမိုးကြိုး သံဓားသိုင်းကို အသုံးပြုကာ ခုခံနေသော လီထောင်အား ဖိအားပေးပြီး နောက်ဆုတ်သွားစေရုံမက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ အသက်ဓာတ် စမ်းရေဘူးသီးခြောက်ကိုပါ အရယူလိုက်နိုင်၏။
သူက တွန့်ဆုတ်မနေဘဲ ထိုပုလင်းအား ပင်လယ်နှလုံးသား လက်စွပ်အတွင်းသို့ ပစ်သွင်းလိုက်တော့သည်။
အမှန်စင်စစ် ဤပစ္စည်းမှာ တောင်တစ်လုံးပမာ လေးလံလှပြီး သူ့ကို ဖိသတ်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် အသက်ဓာတ်စမ်းရေ၏ အားကောင်းသော အရှိန်အဝါကြောင့် သူ့အား ခြေရာခံမိရန် လွယ်ကူစေ၏။ ထို့ကြောင့် လီထောင်နှင့် တိုက်ပွဲကြီး ဆင်နွှဲရန် စိတ်မဝင်စားချေ။ အကယ်၍ သတ်ဖြတ်လိုက်ပါက ကျောင်းတော်တွင် ပြဿနာကြီး ဖြစ်လာနိုင်သလို မသတ်ဖြတ်လျှင်လည်း သူ့အမည်နာမကို အလွယ်တကူ ခွဲခြား သိမြင်သွားနိုင်ပေသည်။
တော်ဝင်အိမ်ရှေ့စံ ပေးအပ်သော တာဝန် မပြီးမြောက်ခဲ့သဖြင့် လီထောင်တို့မှာ စိတ်ဓာတ် အတော်လေး ကျဆင်းနေလေပြီ။
ဘူးသီးခြောက် တစ်ပုလင်းစာ အသက်ဓာတ် စမ်းရေက ရန်ချီအတွက် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်စေလောက်သည့် အပြောင်းအလဲများ ပေးစွမ်းနိုင်ပေသည်။ ပုလင်းကို မဖွင့်ရသေးလျှင်ပင် အစွမ်းထက်သော အသက်ဓာတ် အရှိန်အဝါကို ခန္ဓာကိုယ် အစိတ်အပိုင်းများက ခံစားမိပြီး တက်ကြွ လန်းဆန်းလာကြ၏။
ဤမြင့်မြတ်ရေစင်မှာ သက်ရှိအားလုံး၏ အသက် အရင်းအမြစ်နှင့် တူညီလှပေသည်။
“သေချင်နေတာလား”
လီထောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်စိရှေ့မှောက်တွင်ပင် လက်ထဲမှ အသက်ဓာတ်စမ်းရေ အလုခံလိုက်ရသဖြင့် စိတ်ပျက်မိသလို ဒေါသများလည်း ပေါက်ကွဲထွက်လာ၏။ ဤသည်မှာ ကိုယ်ကျိုးစီးပွား ဆုံးရှုံးရုံသာမက တာဝန်မကျေပွန်ပါက တော်ဝင်အိမ်ရှေ့စံ အဖွဲ့အစည်း၌ မျက်နှာပျက်စရာ ဖြစ်လာပေလိမ့်မည်။
ထိန်းချုပ်မရနိုင်လောက်သည့် ဒေါသပင်။ ယခင်က သူ့ဘဝတွင် ဤကဲ့သို့ အဖြစ်မျိုး မကြုံဖူးခဲ့ပေ။
“မိုးကြိုးပစ်သံ၏ ပြောင်းလဲခြင်း … ရန်သူအားလုံး သတ်ဖြတ်ဖို့ မိုးကြိုးအနန္တ အသက်ဝင်စေ…”
မိုးကြိုးပစ်သံနှင့်အတူ ဓားအလင်းများ ထွက်ပေါ်လာတော့သည်။ ကြောက်မက်ဖွယ် မိုးကြိုးတစ်သောင်းက သွေးနွံအိုင်ကို ရိုက်ခတ်ပြီး လီထောင်မှာလည်း မိုးကြိုးများနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ရန်ချီတစ်ယောက် ကမ္ဘာမြေအဆုံး ထွက်ပြေးလျှင်ပင် မရမက လိုက်လံ သတ်ဖြတ်တော့မည့် ဟန်ပင်။
ရန်ချီ သွေးနွံထဲ ဆင်းသက်ပြီး မကြာမီမှာပင် အစွမ်းထက်သည့် မိုးကြိုးပစ်ချက်က သူ့နောက်ကျောဘက် မြေပြင်ကို ထိမှန်သွားကာ မကောင်းဆိုးဝါး စွမ်းအင်များကို ချေဖျက်ရင်း ဖောက်ထွက်မရသည့် အတားအဆီးတစ်ခုအဖြစ် ဖြန့်ကျက်လာသည်။
ဘုန်း …
သူ့ လှံတံက ဓားအလင်းနှင့် ရင်ဆိုင်မိရာတွင် ပြင်းထန်သော လှိုင်းများကြောင့် သွေးနွံအိုင်မှ သွေးများ လေထဲသို့ ပန်းထွက်လာတော့သည်။
ထို့နောက် ရန်ချီက ဆက်လက် ထွက်ပြေးလေ၏။
လီထောင်က အနောက်မှနေ၍ ဓားအလင်းတန်းဖြင့် ပစ်လွှတ်လိုက်ရာ ဓားစွမ်းအင်များ ဝန်းရံလျက် မိုးကြိုးပစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
သူထုတ်ဖော်လိုက်သည့် ဓားစွမ်းအင်အလင်းတန်းက မိုးကြိုးလျှပ်စီးကဲ့သို့ လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ပထမဆုံးအနေဖြင့် လီထောင်က ရန်ချီ၏ ရွှေဖြူရောင် ချပ်ဝတ်ကို သတိထားမိလိုက်သည်။ တချိန်တည်းမှာပင် သူ့ အဖွဲ့သား နှစ်ယောက်က ရန်ချီအား တြိဂံပုံစံ ဝန်းရံ ပိတ်ဆို့လိုက်ကြချေပြီ။
“ဟေ့… သူငယ်ချင်း”
လီထောင်က ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့က အင်မော်တယ်ခြေနင်း ကျောင်းတော်က လက်ရင်း ကျောင်းသားတွေပဲ … ငါ့နာမည်က လီထောင်… ကျန်တဲ့နှစ်ယောက်က ချွီလင်နဲ့ ချွီဟွေ့ … လူတွေက ငါတို့သုံးယောက်ကို ကောင်းကင်၊ မြေကြီး၊ လူသား သူရဲကောင်း သုံးဖော်လို့ခေါ်ကြတယ်… မင်းက ထိပ်သီးကျွမ်းကျင်သူ တစ်ယောက်ဆိုတော့ ငါတို့အကြောင်း ကြားဖူးလောက်မှာပါ… ကျားပါးစပ်ထဲက အစာကို နှိုက်ရင် ဘာဖြစ်မလဲဆိုတာ သိတယ်မဟုတ်လား… အခု အသက်ဓာတ် စမ်းရေကို ပြန်ပေးဖို့ အခွင့်အရေး ပေးမယ်… မင်းသာ ပြန်ပေးရင် အခုကိစ္စကို ဒီမှာတင် ကျေအေးပေးလိုက်မယ်”
လီထောင်၏ မျက်လုံးများအရ ရန်ချီသာ ငြင်းဆန်ပါက အစွမ်းကုန် တိုက်ခိုက် သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေကြောင်း ထင်ရှားလှပေသည်။
ရန်ချီက သူတို့သုံးယောက်အကြောင်း မကြားဖူးရုံမက “ကောင်းကင်၊ မြေကြီး၊ လူသား သူရဲကောင်းသုံးဖော်” ဆိုသည်ကိုလည်း နားမလည်ချေ။ သို့သော် ထိုသည်မှာ သူ ကျောင်းတော်သို့ ရောက်ရှိသည်မှာ မကြာသေးသောကြောင့်ဖြစ်နိုင်သည်။ အကယ်၍ လီဟီ သို့မဟုတ် အခြား သူငယ်ချင်းများသာ ယခုနေရာတွင်ရှိနေပါက အလွန် တုန်လှုပ်သွားကြပေလိမ့်မည်။
သူတို့မှာ ကျောင်းတော်မှ ကျောင်းသားများအတွက် ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုအဆင့် ရောက်ရှိရန် စွန့်စားခန်းများစွာ ဖြတ်သန်းခဲ့ကြရသူများ ဖြစ်သည်မဟုတ်ပါလား။
အကယ်၍ သူတို့သာ စွန့်စားခန်း မထွက်ခဲ့ပါက ငွေကြေးများစွာ စုဆောင်းနိုင်မည် မဟုတ်ပေ။
“ဂိုဏ်းတူအစ်ကိုကြီး… ဘာလို့ လေကုန်ခံပြီး ဒီအရူးကို ရှင်းပြနေမှာလဲ”
ချွီလင်က ဖြတ်ပြောလိုက်သည်။ သူမက အဖွဲ့ထဲတွင် အကြမ်းတမ်းဆုံး ဖြစ်ပုံရပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ငါတို့ သူ့ကို ဝန်းရံထားပြီးပြီပဲ… ကောင်းကင်၊ မြေကြီး၊ လူသား ပူးပေါင်းတိုက်ကွက်ကို သုံးလိုက်ကြစို့ … သူ့ကို သတ်ပစ်တာက ပိုကောင်းတယ်… ငါတို့ပစ္စည်းကို ခိုးယူရဲတဲ့ သတ္တိ ဘယ်ကရလာလဲ စမ်းသပ်ကြည့်ရသေးတာပေါ့”
“မင်းတို့ သဘောပဲ”
ရန်ချီက အသံကို ဖျက်၍ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ငါကတော့ ပြန်ပေးမှာမဟုတ်ဘူး… တိုက်ချင်ရင် တိုက်ကြတာပေါ့… ကောင်းကင်၊ မြေကြီး၊ လူသား သူရဲကောင်းသုံးဖော်ဆိုတာ ငါ့လက်ထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မလား ကြည့်ရသေးတာပေါ့”
ထို့နောက် လှံကို ဝှေ့ယမ်းကာ ထိပ်ဖျားအား ကောင်းကင်ဆီသို့ ညွှန်လိုက်သည်နှင့် လှံတံတစ်လျှောက် ရွှေဖြူရောင် မီးတောက်များ ကခုန် လှုပ်ရှားလာတော့သည်။
သူတို့သုံးယောက်က ဘေးဘက်ဝဲယာမှ ပိတ်ဆို့ထားသဖြင့် ပြန်လည်တိုက်ခိုက်ခြင်းမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် မကြာသေးမီက တိုးတက်မှုများကြောင့် ရန်ချီမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။
“တကယ်ကို မသိတတ်တဲ့ကောင်ပဲ… ဟမ့်”
လီထောင်က နှာခေါင်းရှုံ့လိုက်သည်။
“ကောင်းပြီ… သေသွားမှ ငါတို့ကို အပြစ်မတင်နဲ့”
ထို့နောက် သူက ဓားကို ဝှေ့ယမ်းလိုက်၏။ အမှန်စင်စစ် စကားပြောကာ အချိန်ဆွဲပြီး အစစ်အမှန် စွမ်းအင်များ စုဆောင်းနေခြင်း ဖြစ်သည်။
“မိုးကြိုးလျှပ်စီး… သက်ရှိအပေါင်းကို ဖျက်ဆီးလိုက်စမ်း”
စွမ်းအင်လုံလောက်သည်နှင့် အသေသတ်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။ ဓားဝှေ့ယမ်းမှုကြောင့် ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာကာ မိုးကြိုးမုန်တိုင်းများ ဆင်းသက်လာ၏။ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားအားလုံးကို ထိန်းချုပ်ထားသည့်နှယ်။
သူတို့အတွက် ကံဆိုးသည်မှာ ရန်ချီက ပိုမိုသန်မာနေခြင်းပင်။ သူ လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာဦး ဆင်ရိုင်းများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လှံတံဖြင့် ထိုးသွင်းရင်ဆိုင်လိုက်သည်။ အဆုံးအစမဲ့သော လှံရှည်ပုံရိပ်များ ဖြစ်ပေါ်လာမှုနှင့်အတူ ငရဲပြည်မှ စွမ်းအင်များ ပါဝင်လာပြီး မိုးကြိုးလျှပ်စီး ဓားချက်ကို ဖြိုခွင်းလိုက်၏။
လက်နက်နှစ်ခု ရင်ဆိုင်မိသည်နှင့် တပြိုင်နက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
“မိုးကြိုးနတ်ဘုရား၏ အမျက်ဒေါသ…”
လီထောင် အော်ဟစ်လိုက်ချိန်တွင် အသံမှာတုန်ခါနေပြီး သားရဲငယ်များကိုပင် သေဆုံးစေနိုင်လောက်သည်။
ဓားကွက်က ပိုမိုအားကောင်းလာကာ မိုးကြိုးလျှပ်စီးများ ဝန်းရံလျက် သူ့ နဖူးထက်၌ မြွေနှင့်တူသော မိုးကြိုးများ ဝန်းရံနေသည့် ငှက်ခေါင်း လူခန္ဓာကိုယ်နှင့် ထူးဆန်းသော သက်ရှိပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက မိုးကြိုးနတ်ဘုရားတစ်ပါးဖြစ်ကာ လက်တစ်ဖက်မှ ဗုံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တီးခတ်လိုက်၏။
ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..
ဗုံမြည်သံတစ်ချက်က မိုးကြိုးကို ပိုမိုတောက်ပလာစေသည်။ ထိုနေရာရှိ လူတိုင်း၏ နှလုံးသားထဲ၌ ဗုံနှင့် အတီးခံနေရသလို ခံစားလိုက်ရသည်။
ဓားအလင်းက ရန်ချီကို ဝန်းရံလျက် လျင်မြန်စွာ ရွေ့လျားလာသဖြင့် ရှောင်ရှားရန် မဖြစ်နိုင်တော့ပေ။
သို့သော် ရန်ချီကလည်း ရှောင်ရှားရန် စိတ်ကူးမရှိဘဲ လှံတံဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သူ ထိုးသွင်းလိုက်သည့်အချိန်တွင် ကမ္ဘာဦး ဆင်ရိုင်းအော်သံနှင့်အတူ သူ့နောက်ကျောဘက်တွင် ဆင်ရိုင်းအုပ်ကြီးပေါ်လာကာ မြေပြင်ကိုပင် ကွဲအက်စေတော့မည့်အလား။ ထိုသည်မှာ ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ အဆုံးစွန် အဆင့်ဖြစ်ပြီး ဆင်ရိုင်း (၈၁) ကောင်၏ စွမ်းအားကို ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။
သူ့ ငရဲနတ်ဆိုးလှံတံမှာ နတ်ဘုရားနယ်မြေ၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်လာပြီး အစစ်အမှန်နှင့် အတုအယောင်ကြား ရောထွေးနေ၏။
ယခုအခါ ငရဲနတ်ဆိုးလှံတံက မဟာမိုးကြိုး သံဓားသိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်မိပါက မည်သို့ ဖြစ်လာမည်နည်း။
ခလွမ် …
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး မိုးကြိုးနတ်ဘုရား ပုံရိပ်မှာလည်း ပြိုကွဲပျက်စီးသွားလေပြီ။
လီထောင်တစ်ယောက် ဤကဲ့သို့ စွမ်းအားအဆင့်နှင့် ရင်ဆိုင်ရသောအခါ ခက်ခဲသော အခြေအနေသို့ ရောက်သွားရသည်။
မဟာမိုးကြိုး သံဓားသိုင်းက တော်ဝင်အဆင့် စွမ်းအင်ပညာရပ်ဖြစ်ပြီး ငရဲချေမှုန်း နတ်ဆင်စွမ်းအားကမူ နတ်ဘုရားအဆင့် ဖြစ်သည်။ ထိုနှစ်ခု မည်သို့ ယှဉ်နိုင်မည်နည်း။
လီထောင်တစ်ယောက် မျက်နှာဖြူရော်ကာ နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွားရသည်။ သူ နောက်ဆုတ်သွားသည်နှင့် ချွီလင်နှင့် ချွီဟွေတို့က ချက်ချင်း တိုက်ကွက်ခင်းလိုက်ကြ၏။ ချွီလင်က ချီမန်သွမ့်ကျား စက်ဝန်းဘီးဖြင့် တိုက်ခိုက်လိုက်ရာ ရန်ချီ၏ ပတ်ဝန်းကျင်၌ လမင်းနှင့် နေမင်း တစ်သောင်းခန့် ပေါ်ထွက်လာသကဲ့သို့ ထင်မှတ်ရသည်။
“လေ၊ သစ်တော၊ မီးတောင်…”
ထိုသည်မှာ နောက်ထပ် ထိပ်သီးအဆင့် စွမ်းအင် ပညာရပ်ပင်။
ချွီဟွေကမူ မျက်လုံးများကို မှေးစင်းလျက် လွှသွားများ ပါရှိသော မှိန်းလက်နက်ကို ထုတ်ယူလိုက်သည်။
“အဆက်မပြတ် လောင်ကျွမ်းနေသော ဥက္ကာပျံ…”
သူတို့က လီထောင် နောက်ဆုတ်သွားသည်နှင့် တိုက်ခိုက်ကြတော့သည်။ ရန်ချီကို အသက်ရှူခွင့်ပင် မပေးဘဲ အပြတ်ရှင်းရန် ကြံရွယ်ထားကြသည်။
ရန်သူကို ချေမှုန်းရန် မျှော်လင့်ချက်ဖြင့် သူတို့က အင်အားပေါင်းကာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ တစ်ဖက်လူက အဆင့် (၈)၊ အဆင့် (၉) လောက အုပ်ချုပ်သူ ဖြစ်နေလျှင်ပင် အရေးမကြီးပေ။ သူတို့၏ အစစ်အမှန် စွမ်းအင်များ ကုန်ခန်းသွားသည်နှင့် ကြီးစွာသော ဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။
သို့သော် သူတို့ ရန်ချီကို လျှော့တွက်ခဲ့ခြင်းမှာ ကံဆိုးစရာပင်။
ရန်ချီက ဝင်ရောက်လာသော တိုက်ခိုက်မှုများကို အေးစက်စွာ ကြည့်ရင်း ရေရွတ်လိုက်သည်။
“ကွက်တိပဲ”
သူက လှံတံကို နောက်တစ်ချက် ထိုးသွင်းလိုက်၏။ ထိုစွမ်းအားမှာ သူ့ပြိုင်ဘက် နှစ်ယောက်ထက် များစွာသာလွန်နေသည်။
“ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား…”
သူက ကြုံးဝါးလိုက်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားများကို လှံရှည်က စုပ်ယူသွားကာ အမြင့်ဆုံး အခြေအနေထိ တောက်ပလာခဲ့လေပြီ။
သက်ရှိအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ အရှိန်အဝါမျိုးပင်။
အစစ်အမှန် စွမ်းအင်များက မိုးခြိမ်းသံကဲ့သို့ လမ်းကြောင်းတစ်လျှောက်ရှိ မြေပြင်ကို ဖျက်ဆီးသွားတော့သည်။ ထိုစွမ်းအားအဆင့်က ရန်ချီအား ကောင်းကင်နှင့်မြေကြီး အားလုံး၏ အုပ်ချုပ်သူ တစ်ယောက်ကဲ့သို့ ထင်မှတ်စေ၏။
ထိုသည်မှာ နတ်ဘုရားအဆင့် စွမ်းအင် ပညာရပ်၏ စွမ်းအား ဖြစ်ပေသည်။
နတ်ဘုရားဆိုသည်မှာ အဘယ်နည်း။ အရာအားလုံးကို သိမြင်ကာ၊ အရာအားလုံးကို ဖန်တီးနိုင်ပြီး၊ ထာဝရ ရှင်သန်နိုင်သော အနန္တတန်ခိုးရှင်… ထိုအရာကို နတ်ဘုရားဟု ခေါ်သည်။
နတ်ဘုရားတစ်ပါးက ကမ္ဘာကြီးကို အလင်းဖြင့် ဆေးကြောသန့်စင်သင့်သည်ဟု မိန့်ကြားပါက သက်ရှိတိုင်း အလင်းရောင်များ တောက်ပလာကြမည်။ ကမ္ဘာကြီးကို ဖျက်ဆီးမည်ဟု မိန့်ကြားပါက ထိုကမ္ဘာကြီးမှာ ပြာပုံ ဖြစ်သွားပေလိမ့်မည်။
ကမ္ဘာကြီးကို နတ်ဘုရားများက ဖန်တီးခဲ့သလို သက်ရှိအပေါင်းကိုလည်း နတ်ဘုရားများကပင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့် စွမ်းအင် ပညာရပ်မှာ အလွန် ထူးခြားလွန်းသည်ဟု သတ်မှတ်နိုင်ပေသည်။
ရန်ချီက ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး၏ အုပ်ချုပ်သူ အစစ်အမှန် တစ်ယောက် မဖြစ်သေးသော်လည်း သေမျိုးသက်ရှိ အဆင့်ထက် ကျော်လွန်နေပြီး သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးပင် ပြောင်းလဲလာခဲ့လေပြီ။
ဝုန်း…
သူ့ တိုက်ခိုက်မှုက ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေပြီး ကောင်းကင်တွင် တိမ်များကဲ့သို့ လည်ပတ်နေသော ဓားသွားဘီးများမှာ ရှုံးနိမ့်သွားခဲ့ရသည်။ ချွီလင်၏ မျက်နှာ ဖြူရော်သွားကာ နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာရင်း ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။
ရန်ချီက ထိုတိုက်ကွက်နောက်သို့ လိုက်မသွားဘဲ ချွီဟွေ၏ ဥက္ကာပျံ တိုက်ကွက်ဘက်သို့ လှည့်လိုက်၏။
သူ့ လှံရှည်က နောက်တစ်ကြိမ် အရာရာကို လွှမ်းမိုးသွားပြန်သည်။ ချွီဟွေမှာ ကျော်ကြားသော လက်ရင်းကျောင်းသားတစ်ယောက်ဖြစ်သော်လည်း ရန်ချီ၏ အစစ်အမှန် စွမ်းအင်များကြောင့် လုံးဝ မှေးမှိန်သွားခဲ့ရသည်။ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်နေလေပြီ။ အဆိုးဝါးဆုံး အိပ်မက်ထဲတွင်ပင် ဤမျှ သန်မာသော လူတစ်ယောက် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
“မင်းတို့သုံးယောက်က သိပ်အားနည်းလွန်းတယ် … အင်မော်တယ်ခြေနင်း ကျောင်းတော် ဟုတ်လား … တော်ဝင်အိမ်ရှေ့စံ အဖွဲ့အစည်း ဟုတ်လား… မင်းတို့ရဲ့ တော်ဝင်အိမ်ရှေ့စံကသာ ငါနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိကောင်း ရှိနိုင်လိမ့်မယ် … မင်းတို့ကတော့ အဆင့်မမီဘူး… ရှင်းလား”
ရန်ချီ၏ လှံတံ ပျောက်ကွယ်သွားပြီးနောက် လူပါ ပျောက်ကွယ်သွားတော့သည်။
ပြိုင်ဘက် သုံးယောက်မှာလည်း လိုက်ဖမ်းလိုစိတ် မရှိကြတော့ပေ။
End
***