"ငါတို့ ဘာဆက်လုပ်ကြမလဲ"
လီထောင်၊ ချွီလင်နှင့် ချွီဟွေ့တို့မှာ စိတ်ဓာတ်ကျနေသော အမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိကြသည်။ သူတို့က ရန်ချီနောက်သို့ လိုက်ပါလာခဲ့သော်လည်း အစစ်အမှန် စွမ်းအင်ချင်း မယှဉ်နိုင်မှန်း သိထားသဖြင့် ဆက်မလိုက်ရဲတော့ပေ။
"သူ့ရဲ့ အစစ်အမှန်စွမ်းအင်က အရမ်းအစွမ်းထက်လွန်းတယ်... ဒါပေမဲ့ သူ့ကျင့်ကြံခြင်း အဆင့်က သိပ်မမြင့်သေးဘူးလို့ ငါခံစားမိတယ်... သူက တကယ့်ကို ထူးခြားတဲ့သူပဲ"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လီထောင်က သက်ပြင်းတစ်ချက် ချလိုက်၏။ သို့သော် သူ့မျက်လုံးများက တောက်ပလာပြီး...
"ငါတို့ ရှုံးနိမ့်ခဲ့ပြီ... ဒါပေမဲ့ နောက်တစ်ခါကျရင် သူ့ကို ခြေရာခံမိမှာပါ... ကြည့်ရတာ တော်ဝင်အိမ်ရှေ့စံ လိုချင်နေတဲ့ အသက်ဓာတ်စမ်းရေကို သူခိုးသွားတာနေမယ်... ငါတို့ ပြန်ရောက်တာနဲ့ ချက်ချင်း သတင်းပို့ရမယ်"
"ချွီလင်... ဖြစ်ခဲ့သမျှကို မှတ်တမ်းတင်ထားရဲ့လား"
"တင်ထားပါတယ် ဂိုဏ်းတူအစ်ကိုကြီးလီ... အားလုံး ရလိုက်ပါတယ်... ငါ့ရဲ့ အလင်းယိုင်ကြေးမုံက တိုက်ပွဲတစ်ခုလုံးကို ဖမ်းယူထားနိုင်ခဲ့တယ်"
ချွီလင်က ပြောရင်း ကြေးမုံတစ်ခုကို ထုတ်ယူကာ အစစ်အမှန် စွမ်းအင်များ သွင်းလိုက်သည်နှင့် မှတ်တမ်းတင်ထားသည့် ပုံရိပ်များအားလုံး ထွက်ပေါ်လာတော့သည်။
"ကောင်းပြီ... ငါတို့မှာ ပြန်ရှင်းပြဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေမှတော့ တော်ဝင်အိမ်ရှေ့စံက အပြစ်တင်မယ် မထင်တော့ဘူး... ငါတို့က စမ်းရေကို တမင် ဆုံးရှုံးစေခဲ့တာမှ မဟုတ်တာ... အဲဒီလူက တကယ့်ကို ထူးဆန်းတဲ့ လူ့ဘီလူးတစ်ကောင်ပဲ... ဒါပေမဲ့ တော်ဝင်အိမ်ရှေ့စံက အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာအတွက် သူ့ကို ခြေရာခံပြီး သတ်နိုင်မှာ သေချာတယ်"
"ပြန်ကြစို့... ငါတို့က နတ်ဘုရားအဆောင်ကိုလည်း သုံးပြီးပြီဆိုတော့ ရာမတောင်တန်းထဲ ပြန်ဝင်ပြီး အသက်ဓာတ်စမ်းရေကို ထပ်ရှာဖို့ မဖြစ်နိုင်တော့ဘူး"
နောက်ထပ် အကြောင်းအရာများ ဆွေးနွေးပြီးနောက် စိတ်ဓာတ်ကျနေသော လက်ရင်း ကျောင်းသားများ ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားပြီးနောက်မှ ရန်ချီက မြေအောက် ပုန်းအောင်းရာနေရာမှ ထွက်လာခဲ့၏။
"အလင်းယိုင် ကြေးမုံလား"
သူက အစောပိုင်းကတည်းက ထွက်ပြေးခဲ့ခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံ၌ အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးနေရာပင် မဟုတ်ပါလား။ သူက အရှိန်အဝါများကို ဖုံးကွယ်ထားသဖြင့် အခြား လက်ရင်းကျောင်းသားသုံးယောက်မှာ သူရှိနေမှန်း သတိမပြုမိခဲ့ကြချေ။
သူတို့ထံတွင် အလင်းယိုင်ကြေးမုံ ရှိနေခြင်းက ပြဿနာတစ်ခုပင်။ ဆိုလိုသည်မှာ သူ့အနေဖြင့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ထပ်မံအသုံးပြု၍ မဖြစ်တော့ပေ။ မဟုတ်ပါက သူ့လျှို့ဝှက်ချက်များ ပေါက်ကြားသွားပေလိမ့်မည်။
ကံဆိုးသည်မှာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားသာ အသုံးမပြုပါက သူ အားနည်းသွားမည် ဖြစ်ခြင်းပင်။
"ထားလိုက်ပါတော့... ဘာမှ လုပ်မရတော့မှတော့လည်း... အခု ငါလုပ်ရမှာက အသက်ဓာတ် စမ်းရေကို စုပ်ယူပြီး ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းဖို့ပဲ... အဲ့ဒီအခါကျရင် ငါ့ရဲ့ စွမ်းအင် ပညာရပ်တွေကို အလွယ်တကူ အသုံးပြုနိုင်ပြီး အရင်ထက် ပိုအစွမ်းထက်လာမှာ အမှန်ပဲ... စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားနဲ့တင် တိုက်ပွဲတိုင်းကို ငါလွှမ်းမိုးနိုင်ပါသေးတယ်"
ထို့အပြင် သူ့တွင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်နှင့် ၎င်း၏ အဆုံးမရှိ ပြောင်းလဲမှုများ ရှိနေသောကြောင့် ဒဏ္ဍာရီ အဆင့်များပင် ထိုအရာ၏ နောက်ကွယ်မှ အမှန်တရားကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူ့ နတ်ဘုရားအဆင့် စွမ်းအင် ပညာရပ်မှာ လုံခြုံမှု ရှိနေပေလိမ့်မည်။
ရန်ချီက ရာမတောင်တန်းအား လှမ်းကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။ အကယ်၍ သူ့လက်ထဲ၌ အသက်ဓာတ် စမ်းရေ အများအပြားရှိပါက ရန်ကလန်မှာ နှစ်အနည်းငယ် အတွင်းမှာပင် ချမ်းသာကြွယ်ဝတိုက်ကြီး၏ ထိပ်သီးကလန်တစ်ခု ဖြစ်လာနိုင်ပေသည်။ သို့သော် လောဘကြီးလွန်းခြင်းက ဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်း သူနားလည်ထား၏။
အကယ်၍ ဒဏ္ဍာရီလာ တစ္ဆေအင်ပါယာ ရာမသာ ထိုတောင်တန်းအတွင်း ပိတ်မိနေပြီး ထိုသက်ရှိက ကမ္ဘာဦး မဟာသူတော်စင်တစ်ပါးနှင့် အဆင့်တူနေပါက သူ့အတွက် သေလမ်းသာ ဖြစ်ပေလိမ့်မည်။
'ငါထွက်သွားဖို့ အချိန်ရောက်ပြီထင်တယ်... ငါ့ဆီမှာရှိတဲ့ အသက်ဓာတ် စမ်းရေနဲ့ဆိုရင် ငါ့အစ်ကိုကြီးနဲ့ အစ်ကိုနှစ်ကို လောကအုပ်ချုပ်ခြင်းအဆင့်ရောက်ဖို့ ကူညီပေးနိုင်မှာပဲ... ဘာပဲဖြစ်ဖြစ် နောက်တစ်ခါကျမှ ကျောင်းတော်က သွေးသောက် ညီအစ်ကိုတွေကို ပေးတော့မယ်'
ထို့နောက် သူက လေထဲသို့ ပျံတက်လိုက်သည်။ ထိုအချိန်မှာပင် ကောင်းကင်၌ တိမ်မည်းများ ပြည့်နှက်လာကာ သူ့ဝန်းကျင်ရှိ အရာရာတိုင်း နက်မှောင်သွားပြီး ထွက်ခွာရန် လမ်းပင် ရှာမတွေ့တော့ချေ။
'ဘာတွေ ဖြစ်ကုန်တာလဲ... ဘာဖြစ်တာလဲဟ'
သူက အစစ်အမှန် စွမ်းအင်များကို လှည့်ပတ်ပြီးနောက် ရွှေဖြူရောင် မြင့်မြတ်မီးလျှံတန်းဖြင့် ကောင်းကင်မှ တိမ်မည်းများ ပျက်ပြယ်စေရန် ပစ်လွှတ်လိုက်၏။ ကံမကောင်းစွာပင် ထိုမီးလျှံများက သံမဏိနှင့် ထိတွေ့သကဲ့သို့ မလောင်ကျွမ်းနိုင်ပေ။ ထို့နောက် သူက သူ့အနီးရှိ ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများကို ထိန်းချုပ်ထားသည့် အားလှိုင်းများ လေထဲ၌ စီးဆင်းနေသည်ကို သဘောပေါက်လိုက်သည်။ ထိုသည်မှာ တည်နေရာ ရွှေ့ပြောင်းခြင်း မှော်ပညာတစ်ခု ဖြစ်ပုံရပြီး သူ့အား အခြားနေရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်နေခြင်းပင်။
ထိုအရာ၏ စွမ်းအားအဆင့်အရ သူခန့်မှန်းတာ မမှားပါက ဂိုဏ်းအုပ်လေပြေနှင့် တိမ်တိုက်တို့ထက်ပင် သာလွန်နေသေးသည်။
ရန်ချီက ယခုအခါ အဆင့် (၄) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်နေပြီဖြစ်သလို အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ကမ္ဘာကြီးအကြောင်း ပိုမို သိရှိအောင် အချိန်ပေး လေ့လာခဲ့သူ ဖြစ်သည်။ သူက အတိတ်ကကဲ့သို့ ရိုးသားအသည့် လူတစ်ယောက် မဟုတ်တော့။ သူခံစားမိသည်ကို အခြေခံကြည့်ပါက ထိုအရာ၏ စွမ်းအားမျိုးမှာ သူ ဆန့်ကျင် တိုက်ခိုက်နိုင်သည့် အရာမျိုး မဟုတ်သဖြင့် ခုခံ တွန်းလှန်နေပါက အစစ်အမှန် စွမ်းအင်များသာ ကုန်ဆုံးသွားမည်ကို နားလည်လိုက်သည်။
များမကြာမီ အနက်ရောင်တိမ်တိုက်များ ပျောက်ကွယ်သွားပြီးနောက် သူက ကမ္ဘာဦး ရှေးဟောင်းနန်းတော် ခန်းမတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ခန်းမအလယ်၌ စမ်းရေများ ပြည့်နှက်နေသည့် ရေအိုင်ငယ်တစ်ခုရှိကာ ၎င်းထံမှ အဆုံးမရှိသော အသက်ဓာတ် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထို့ပြင် ထိုနေရာတစ်ခုလုံး မြူများဖြင့် ပြည့်နှက်နေ၏။
ထိုမြူဆိုင်းနေသည့် လေကို တစ်ချက်ရှူရှိုက်လိုက်ရုံမျှဖြင့် သူ့ကိုယ်ပိုင် အသက်ဓာတ်က ပိုမို ကြီးထွားလာပြီး ကိုယ်တွင်းအစိတ်အပိုင်းများကလည်း မျှော်လင့်ထားသည်ထက် ပိုမို တိုးတက်လာခဲ့ သည်။ ဤတိုတောင်းသည့် အချိန်ခဏအတွင်း သူစုဆောင်းမိလိုက်သည့် အသက်ဓာတ် အနှစ်သာရမှာ အတိတ်တစ်ချိန်က လျှပ်စီးဆင်ရိုင်းကြီးအဆင့်လောက် ရှိနေလေပြီ။
ထိုကမ္ဘာဦး ရှေးဟောင်းခန်းမအလယ်ရှိ ရေကန်မှာ အသက်ဓာတ်စမ်းရေ ရင်းမြစ်တစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားသောအခါ သူ တုန်လှုပ်သွားတော့သည်။ ထိုသည်မှာ သူ ရာမတောင်တန်း အနက်ပိုင်းသို့ ရောက်ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။ သို့သော် သူ ဒီနေရာကို ဘယ်လို ရောက်လာသနည်း။ တစ်စုံတစ်ယောက်က နတ်ဘုရား စွမ်းရည်ဖြစ်စေ၊ စွမ်းအင် ပညာရပ်ကို ဖြစ်စေ အသုံးပြု၍ သူ့ကို ခေါ်ဆောင်လာခဲ့ခြင်းလော။
သူက မလှုပ်ရှားရဲဘဲ စွမ်းအင် ပညာရပ်ကို လှည့်ပတ်ကာ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုသည်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်မှာပင် အသက်ဓာတ် စမ်းရေကန်အတွင်းမှ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်ကို ချည်နှောင်ထားသကဲ့သို့ သံချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာ၏။
ရန်ချီ၏ နှလုံးသား တုန်ယင်လာကာ တွေးမိလိုက်သည်။
"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တစ္ဆေအင်ပါယာ ရာမက ဒီအသက်ဓာတ် စမ်းရေအတွင်းမှာ ချုပ်နှောင်ခံထားရတာလား"
ရုတ်တရက် နားမခံနိုင်သည့် အသံများ ရပ်တန့်သွားတော့သည်။ ထို့နောက် ကန်ထဲရှိ ရေများက အပေါ်ဘက်သို့ ပေါက်ကွဲထွက်လာကာ ပလ္လင်တစ်ခုပေါ်လာသည်။ ထိုပလ္လင်ထက်၌ မဟူရာရွှေရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း လူတစ်ယောက် ထိုင်နေ၏။
သူ့လက်ထဲ၌ တောင်ဝှေးတစ်ချောင်း ကိုင်ဆောင်ထားကာ မိုးကောင်းကင်ကိုပင် အမျက်ထွက်စေလောက်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ့ပုံစံက အလွန်သန်မာပုံရပြီး လေတစ်ချက်မှုတ်ရုံဖြင့် ရန်ချီကို လေထဲ လွင့်သွားအောင် ပြုလုပ်နိုင်ပေလိမ့်မည်။ ရန်ချီ အနေဖြင့် ငရဲချေမှုန်း နတ်ဆင်စွမ်းအားနှင့်ပင် ထိုလူရှေ့၌ ဘာမှ မလုပ်နိုင်အောင် ခွန်အား ကင်းမဲ့နေလေပြီ။
ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းနေစရာ မလိုတော့။ သူက စွမ်းအင် ပညာရပ်တစ်ခုကို အသုံးပြုကာ ရန်ချီကို တောင်တန်းအနက်ပိုင်းသို့ တည်နေရာ ရွှေ့ပြောင်း ခေါ်ဆောင်လာခဲ့ခြင်းပင်။
ခဏမျှ လေ့လာပြီးနောက် ထိုလူနှင့် ပလ္လင်က အစစ်အမှန်မဟုတ်ကြောင်း ရန်ချီ သိလိုက်ရသည်။ ထိုအရာက အစစ်အမှန် စွမ်းအင်ဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်များသာ ဖြစ်သည်။
သူက သူ့ကိုယ်သူ တည်ငြိမ်အောင် အားတင်းလိုက်ကာ ထိုလူကြီးအား ဂါဝရပြုလိုက်ပြီး လေးစားစွာ မေးလိုက်သည်။
"စီနီယာ... သင်က တစ္ဆေအင်ပါယာ ရာမလား... ဘာကိစ္စများ ရှိလို့ ကျွန်တော့်ကို ရာမတောင်တန်းထဲ ဆင့်ခေါ်လိုက်တာလဲ... ကျွန်တော့် အနေနဲ့ ဘာများ ကူညီပေးရမလဲ"
ထိုမေးခွန်းကို ပြန်ဖြေမည့်အစား ထိုလူက ပြန်မေးလာသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"စီနီယာခင်... ကျွန်တော်က ရန်ချီပါ"
"ရန်ချီ..."
မဟူရာရွှေရောင် လူကြီးက ရေရွတ်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ငါက ဒီနေရာမှာ နှစ်သောင်းနဲ့ချီ ပိတ်လှောင်ခံထားရတဲ့ တစ္ဆေအင်ပါယာ ရာမပဲ... မင်းအခု မြင်နေရတာ အစစ်အမှန်စွမ်းအင်နဲ့ ဖန်တီးထားတဲ့ ပုံရိပ်ပဲ... ငါ့ရဲ့ တကယ့် ခန္ဓာကိုယ်က အသက်ဓာတ်စမ်းရေ အနက်ပိုင်းမှာရှိနေပြီးတော့ ကွင့်ဒန်းနတ်ဘုရားသံမဏိနဲ့ ပြုလုပ်ထားတဲ့ ခြေချင်းနဲ့ ပိတ်မိနေတယ်လေ … အခုလေးတင် မင်းနဲ့ အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသား သုံးယောက် ဖြစ်ပျက်ခဲ့တာတွေကိုလည်း ငါတွေ့လိုက်တယ်... အဲဒါကြောင့် မင်းဘယ်သူလဲ ငါသိပ်သိချင်သွားတယ်... ဒါကြောင့်ပဲ မင်းကိုငါ ဒီနေရာရောက်အောင် တည်နေရာ ရွှေ့ပြောင်းခဲ့ပြီးတော့ မင်းဘာအမျိုးအစား စွမ်းအင်ပညာရပ်ကို ကျင့်ကြံလဲ သိချင်မိခဲ့တာပဲ"
"စီနီယာ... ကျွန်တော် ကျင့်ကြံတဲ့ စွမ်းအင်ပညာရပ်ကို စီနီယာလို မြင့်မြတ်တဲ့ သူက ဘယ်လိုလုပ် စိတ်ဝင်စားရတာလဲ"
ရန်ချီက အလွန် စိတ်ညစ်သွားသည်။ တစ္ဆေအင်ပါယာ ရာမ၏ ပုံရိပ်ရှေ့၌ သူ့ မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို မဖြေလျှော့ရဲချေ။ ထိုလူက အမှန်စင်စစ် စီနီယာမျိုးဆက်တစ်ယောက် မဟုတ်။ မွန်းစတားတစ်ကောင်ဖြစ်ကာ ရန်ချီကို သတ်ဖြတ်ဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ။ ထိုပြင် သူက စိတ်ဝိညာဉ် ရှာဖွေခြင်းကို အသုံးပြုကာ သူ့ နည်းစနစ်ကိုပင် ရယူချင် ရယူပေလိမ့်မည်။
"မင်းရဲ့ အရှိန်အဝါက အားနည်းနေတယ်... ဒါကလည်း မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကြောင့် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ မင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက တကယ်အားကောင်းတယ်... မင်းရဲ့ နည်းစနစ်က တော်ဝင်အဆင့်၊ အင်ပါယာအဆင့်၊ သူတော်စင် အဆင့်ထက်တောင် သာနိုင်သေးတယ်"
ရုတ်တရက် တစ္ဆေအင်ပါယာရာမ၏ အသံက ရေခဲကဲ့သို့ အေးစက်သွားတော့သည်။
"ဘာစွမ်းအင် ပညာရပ်ကို မင်းကျင့်ကြံလဲ ငါ့ကိုပြောပါ... အင်ပါယာအဆင့်လောက်ကို ငါစိတ်မဝင်စားဘူး... ပြီးတော့ သူတော်စင် အဆင့်လောက်နဲ့တော့ မင်းကို ဒီခေါ်လာဖို့ ငါ့အချိန်တွေကို ဖြုန်းတီးမှာ မဟုတ်ဘူး... ဒီနေရာက အသက်ဓာတ် စမ်းရေရဲ့ ရင်းမြစ်ပဲလေ... ဘာလို့ ဒီမှာ မကျင့်ကြံတာလဲ... မင်းဒီမှာ နေချင်သလောက်နေလို့ရတယ်... မင်းကို ကူညီဖို့ လက်တစ်ဖက် ကမ်းပေးမယ်... မင်းက လောကအုပ်ချုပ်သူ အဆင့် (၄) ပဲ ရောက်သေးပေမဲ့ ငါ့အကူအညီနဲ့သာဆိုရင် ဒဏ္ဍာရီအဆင့်ကို လွယ်လွယ်လေး ရောက်သွားလိမ့်မယ်... အဲဒါတွေအတွက် မင်းလုပ်ဖို့ လိုတာဆိုလို့ မင်း ဘာနည်းစနစ်ကို ကျင့်ကြံလဲဆိုတာလေးပဲ ငါ့ကို ပြောပြရမှာ"
ရုတ်တရက် အရာအားလုံးက ရှင်းလင်းသွားလေပြီ။
'ဒါဆို ဒီမွန်းစတားကြီးက ငါ့ရဲ့ နည်းစနစ်ကို တကယ်ကြီး စိတ်ဝင်စားနေတာပဲ'
ပုံမှန်အားဖြင့် ဒဏ္ဍာရီအဆင့်များပင် သူကျင့်ကြံသည့် နည်းစနစ်က ထူးခြားသည့် အင်ပါယာ အဆင့် စွမ်းအင်ပညာရပ်လို့သာ ယူဆကြသည်။ သို့သော် နှစ်သောင်းနှင့်ချီ ရှင်သန်ခဲ့သည့် တစ္ဆေအင်ပါယာရာမက အလွန်စေ့စပ်ကာ အကြည့်စူးရှသဖြင့် သူ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက ပေါ့သေးသေး မဟုတ်ကြောင်း ပြောနိုင်ခြင်း ဖြစ်၏။
အကယ်၍ တစ္ဆေအင်ပါယာ ရာမသာ သူ့ လက်အတွင်း ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ရရှိပါက ချမ်းသာကြွယ်ဝ တိုက်ကြီး တစ်ခုလုံးအတွက် ကပ်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူသာ ဖုတ်ကောင်နှင့် မိစ္ဆာတစ္ဆေများကို လူနေဒေသများသို့ ခေါ်ဆောင်သွားပါက လူသန်းပေါင်းများစွာ သေကြေကြပေလိမ့်မည်။
မွန်းစတားများက မွန်းစတားများပင်ဖြစ်သည် မဟုတ်ပါလား။ ထို့အပြင် ရန်ချီက အမှန်တရား ဘက်တော်သား ဂိုဏ်းမှ ကျောင်းသားတစ်ယောက်သာ။ သူ့တာဝန်က ကမ္ဘာပေါ်ရှိ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို သတ်ဖြတ် ရှင်းလင်းရန်ဖြစ်လေရာ သူတို့ထဲမှတစ်ဦးကို အိမ်ထဲသို့ မဖိတ်ခေါ်နိုင်ပေ။
ကံဆိုးသည်မှာ သူ့အနေဖြင့် တစ္ဆေအင်ပါယာရာမကို တိုက်ခိုက်ဖို့နည်းလမ်း မရှိခြင်းပင်။ နောက်ဆုံးအနေဖြင့် သူ့မှာ ထိုမျှလောက် ခွန်အားမရှိချေ။ သူတတ်နိုင်တာတစ်ခုက လိမ်ညာဖို့သာ ရှိတော့သည်။
"စီနီယာ... ကျွန်တော့်ပညာရပ်ကို တကယ်လိုချင်ရင် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ပေးမှာပါ... ကံမကောင်းစွာနဲ့ အဲဒါက မပြည့်စုံဘူး ဖြစ်နေတယ်... အဲဒါကို ပြည့်စုံတဲ့ အဆင့်ရောက်ဖို့အတွက် အခု ထပ်အဆင့်မြှင့်ဖို့ကို လိုအပ်နေတယ် စီနီယာ... ဒဏ္ဍာရီအဆင့်ကို ရောက်ဖို့က ငါ့အိပ်မက်ပါပဲ... စီနီယာသာ ကူညီပေးရင် ကျွန်တော် တကယ် ကျေးဇူးတင်မိမှာပါ"
သူက တစ္ဆေအင်ပါယာရာမကို အနည်းငယ် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ထိုမွန်းစတားက သူ့ကို ဒဏ္ဍာရီအဆင့်ရောက်အောင် ကူညီပေးနိုင်ပါက သူ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအားက ပိုမို အစွမ်းထက်လာကာ အခု အခြေအနေမှ လွတ်မြောက်နိုင်ဖို့ ခွန်အား ရှိလာပေလိမ့်မည်။
အဆိုးဆုံးအနေဖြင့် သူ့အတွက် ပိုကောင်းသည့် အစီအစဉ်ဆွဲနိုင်ရန် အချိန်တချို့ ရရှိပေလိမ့်မည်။
ယခု အခြေအနေက သူကြုံတွေ့ဖူးသမျှထဲ၌ အန္တရာယ်အများဆုံး အခြေအနေဖြစ်သည်။ သူ ဒုက္ခိတ ဖြစ်သွားစဉ်ကထက်ပင် ပိုမိုခက်ခဲ၏။ ထိုအရာ၏ ဖိအားများကြောင့် သူ့ နှလုံးသားပင် နာကျင်နေရတော့သည်။
End
***