"ကောင်လေး... အခုချိန်က ရိုးရိုးသားသားနဲ့ အစီအစဉ်တကျလုပ်ဖို့ အချိန်ပဲနော်"
တစ္ဆေအင်ပါယာရာမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"သိပ်လည်း လောဘ မကြီးနဲ့... ဒဏ္ဍာရီအဆင့်တစ်ယောက် ဖြစ်လာဖို့က မရိုးရှင်းဘူး"
သူ့ အကြည့်တစ်ချက်က ရန်ချီ၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်းကာ မြင်တွေ့နိုင်ပုံ ရသည်။
"စွမ်းအင်ပညာရပ်ကျင့်ကြံတဲ့ မဟာလမ်းစဉ်မှာ လောကအုပ်ချုပ်သူအဆင့်ဆိုတာ အံ့ဖွယ်တစ်ခု မဟုတ်သေးဘူး... ဒါပေမဲ့ ခိုင်ခံ့တဲ့ အခြေခံအုတ်မြစ်ကို အချိန်ပေးပြုလုပ်မှသာ အနာဂတ် လမ်းကြောင်းမှာ ပိုမို အကျိုးရှိစေလိမ့်မယ်... တကယ်လို့ မင်းသာ မိုးကောင်းကင်က လုံလောက်အောင် ဘဝသက်တမ်းကို မခိုးယူနိုင်ရင် မင်းရဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်တဲ့ အုတ်မြစ်အဖြစ်နဲ့ပဲ အဆုံးသတ်သွားပြီး နောက်ပိုင်း ဘယ်လောက်ကြိုးစားကြိုးစား မင်းအတွက် အကူအညီ ဖြစ်စေတော့မှာ မဟုတ်ဘူး... အချို့ အဆင့် (၉) လောကအုပ်ချုပ်သူတွေက ဒဏ္ဍာရီအဆင့်ကို ချိုးဖောက် တက်လှမ်းဖို့ နှစ်တစ်ထောင်လောက်အချိန်ပေးရပြီး အချို့က နှစ်နှစ်ထောင်လောက် အချိန်ပေးကြရတယ်... အားနည်းတဲ့ အခြေခံအုတ်မြစ် ပိုင်ရှင်တွေကတော့ နှစ်ငါးထောင်လောက်တောင် အချိန်ပေးရတယ်"
"စီနီယာ ပြောတာ အမှန်ပါပဲ"
ရန်ချီက ထောက်ခံလိုက်သည်။ တစ္ဆေအင်ပါယာ ရာမက ဘာတွေလုပ်ဖို့ ကြံစည်နေသလဲ ဆိုတာ သူဘယ်လိုမှ စဉ်းစားမရတော့ပေ။
"မင်းရဲ့ စွမ်းအင်ပညာရပ်က အားနည်းတဲ့ပုံပါပဲ... အဲဒီဟာက လွန်ခဲ့တဲ့ အတိတ်ကာလက ရှေးဟောင်း လျှို့ဝှက် အမွေအနှစ်တစ်ခုနဲ့ ဆက်စပ်နေပုံပဲ... ဒါကြောင့် အချို့နေရာတွေမှာ မပြည့်မစုံ ဖြစ်နေတာ သဘာဝပဲလေ... ငါမင်းအတွက် အဲဒီပြဿနာတွေကို ဖြေရှင်းပေးမယ်... ငါ့အကူအညီနဲ့ သာဆို မင်း ဒဏ္ဍာရီအဆင့်ကို အမြန်ဆုံး ရောက်ရှိသွားနိုင်မှာပဲ"
သူက ရန်ချီကို သူ့ထံ အကြံဉာဏ် တောင်းခံဖို့ ညွှန်ကြားလိုက်ခြင်းပင်။
တစ္ဆေအင်ပါယာရာမက အလွန်ပါးနပ်သူ တစ်ယောက်ဖြစ်ကြောင်း ရန်ချီ နားလည်လိုက်သည်။ သူက အကူအညီ ပေးချင်သည့် ဆန္ဒမရှိသည့်အပြင် ရန်ချီကိုယ်တိုင် သူ့ နည်းစနစ်ကို ထုတ်ဖော်ပြသဖို့အတွက် လိမ်ညာ လှည့်စားချင်နေခြင်း ဖြစ်သည်။
ထိုအရာကို ရရှိပြီးပါက သူ့အနေဖြင့် ရန်ချီကို သတ်ဖြတ်နိုင်ဖွယ် ရှိနေ၏။
"ကျင့်ကြံမှု အများစုက ကိုယ်တိုင် လေ့လာအားထုတ်ဖို့ လိုပါတယ်"
ရန်ချီက ငြင်းဆန်လိုက်သည်။
"ဒါ့အပြင် ဒီနည်းစနစ်ကိုရရှိစဉ်က အခြားသူကို မပြောပြဖို့အတွက် ကျိန်ဆိုခဲ့ရတယ်... ဒါကြောင့် စီနီယာကို အကူအညီတောင်းဖို့ ကျွန်တော့်အနေနဲ့ မေးမြန်းနေမှာ မဟုတ်ပါဘူး"
"လာစမ်းပါ ကောင်လေးရာ... မင်းရဲ့ နည်းစနစ်ကို ငါခိုးဖို့ ကြိုးစားနေတယ် ထင်နေတာလား"
တစ္ဆေအင်ပါယာရာမက ရန်ချီ ဘာတွေးနေသည်ကို ပြောနိုင်ပုံပေါ်သည်။
"ငါ့အနေနဲ့ နှစ်သောင်းနဲ့ချီ သက်ရှိတွေကို အုပ်စိုးခဲ့ပြီး ငါ့မှာ ငါကိုယ်ပိုင် ရှေးကျပြီး ဆန်းကြယ်တဲ့ နည်းစနစ်လည်းရှိသေးတယ်... မင်းရဲ့ အလားအလာကို ငါမြင်နေလို့ မင်းကြီးထွားလာဖို့ ငါကူညီချင်ခဲ့မိတာ... မင်းဘယ်လောက် ရိုသေလေးစားမှု ရှိလဲ ငါစမ်းသပ်နေတာ... မင်းအခွင့်ကောင်း လွဲသွားတာ ဝမ်းနည်းစရာပဲ... မင်းသာ ငါ့ကို ရိုသေလေးစားပြီးတော့ မင်းရဲ့ နည်းစနစ် ပေးခဲ့ရင် ငါမင်းကို ဒဏ္ဍာရီအဆင့်ရောက်အောင် ချက်ချင်း ကူညီပေးမှာပဲ... မင်းကို ငါ့တပည့်အဖြစ်တောင် သတ်မှတ်ပြီး ကမ္ဘာကို အုပ်စိုးတဲ့ အောင်ပွဲမှာတောင် ငါနဲ့အတူ ပါဝင်စေဦးမှာ... ကံဆိုးချင်တော့ မင်းက မရိုးသားတဲ့ အချိန် ကံကြမ္မာကောင်းတစ်ခုကို ဆုံးရှုံးစေခဲ့ရတယ်... ငါနောက်ထပ် ထပ်ရှာရတော့မှာပေါ့... နားလည်ပြီလား"
"အိုက်ယား ..."
ရန်ချီက သက်ပြင်းချလိုက်သည်။
"ငါတကယ်ကြီးကို ကံကောင်းမှုအချို့ကို လွဲချော်သွားပြီပဲ... ထားလိုက်ပါတော့လေ... စီနီယာက ကျွန်တော့်ကို ဆက်ခံသူအနေနဲ့ မလိုချင်မှတော့ လက်ဗလာနဲ့ပဲ ပြန်သွားရတော့မှာပေါ့... ကြီးမြတ်တဲ့ တစ္ဆေအင်ပါယာ ရာမဖြစ်တဲ့ စီနီယာက ကျွန်တော့်ကို ပြဿနာ မရှာလောက်ဘူးလို့ ထင်ပါတယ်... ကြည့်ရတာ ကျွန်တော် ထွက်သွားရတော့မှာပဲ"
"ထွက်သွားမယ်... ဘယ်ကိုလဲ... ဒါက ရာမတောင်တန်းပဲကွ... ဒီနေရာမှာရှိတဲ့ နယ်မြေ တစ်ဝိုက်လုံး ရာမစွမ်းအားတွေနဲ့ ပိတ်ပင်ထားတယ်... ဒဏ္ဍာရီအဆင့် တစ်ယောက်တောင် မလွတ်မြောက်နိုင်တာ မင်းက သွားချင်နေသေးတယ်"
"အိုး... တကယ်ကြီးလား... အဲဒါဆို စီနီယာအနေနဲ့ ကျွန်တော့်ကို အပြင်ရောက်အောင် တည်နေရာ ရွှေ့ပြောင်းပေးနိုင်မလား... အဲလိုသာဆို ကျွန်တော် ထာဝရ ကျေးဇူးတင်နေမိမှာပါ"
"စဉ်းစားကြည့်လိုက်တော့ ကောင်လေး... ငါမင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်... မင်းသာ ငါ့ကို ဆရာအနေနဲ့ သတ်မှတ်ရင် မင်းနည်းစနစ်ကို ငါကူညီပေးမယ်... မင်းအနေနဲ့ စမ်းသပ်မှုသုံးခုကို ကျော်ဖြတ်ရမယ်... အဲလိုဆိုရင်ကော"
ရန်ချီက ခေါင်းခါလိုက်၏။
"မလိုအပ်ပါဘူး... တကယ်ကို အဲလို လုပ်စရာမလိုပါဘူး... စီနီယာကို ကျွန်တော် ထပ်စိတ်မပျက်စေချင်ဘူး... ပြီးတော့ ကျွန်တော့်ရဲ့ နည်းစနစ်က အချက်အလက် တော်တော်များများ ပျောက်ဆုံးနေတယ်... ပြီးတော့ အဲဒါကို ကြည့်ရတာ ခက်ခဲပြီး အရိုင်းဆန်တယ်လေ… အဲဒါကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း ဖောက်ပြန်လုနီးနီး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်... ကျင့်ကြံခြင်းသာ ဖောက်ပြန်သွားရင် မှတ်ဉာဏ်အချို့ကို ဆုံးရှုံးပြီး စိတ်ဝိညာဉ်ပါ ပျက်စီးသွားနိုင်တယ်... အဲလိုသာ ဖြစ်ရင် ကျွန်တော့်အနေနဲ့ ပျောက်ကွယ်သွားတော့မှာ"
ရန်ချီ၏ စကားများက အနည်းငယ် ဖုံးကွယ်ထားသည်များ ပါဝင်နေသည်။ သူ့စိတ်ထဲမှာတော့ 'ငါ့ကို အရမ်း ဖိအားမပေးနဲ့ တစ္ဆေအင်ပါယာ ရာမ... မဟုတ်ရင် ငါ့နည်းစနစ်ကို ပေးမယ့်အစား ငါ့ကိုငါ သတ်သေလိုက်မယ်'ဆိုပြီး ပြောနေမိ၏။ တကယ်လို့ ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ မှတ်ဉာဏ်တွေသာ ပျောက်ဆုံးသွားရင် စိတ်ဝိညာဉ် ရှာဖွေရင်တောင် အကျိုးရှိမှာ မဟုတ်ပေ။
သူက လက်သည်းဖြင့် နဖူးကိုကုတ်လိုက်သည်။ တစ္ဆေအင်ပါယာ ရာမအနေဖြင့် ရန်ချီကို မသတ်သေးဘဲ ထိုအစား စကားပြောနေခြင်းမှာ ရန်ချီပြောသလို ဖြစ်လာမည်ကို စိုးရိမ်လို့ပင် ဖြစ်ပေလိမ့်မည်။
သူ့စကားများကို တုံ့ပြန်သည့်အနေဖြင့် တစ္ဆေအင်ပါယာရာမက ရယ်မောလိုက်သည်။ သူက အသက်ကြီးမြင့်သဖြင့် အရာရာတိုင်းကို မြင်တွေ့ခဲ့ပြီးနောက် ရန်ချီကို သဘောကျမိသည်။
"ကောင်လေး... မင်းက ဉာဏ်ကောင်းသားပဲ... တစ်ချိန်က မင်းလို ဉာဏ်ပြေးတဲ့ ကောင်လေး တစ်ယောက်ကို တွေ့ဖူးတယ်... သူက မင်းထက်တော့ ပိုသန်မာတယ်လေ... သူက ရာမတောင်တန်း အတွင်းပိုင်းကို အတင်းတွန်းအားပေးပြီး ဝင်ရောက်လာနိုင်ခဲ့တယ်"
"စီနီယာက တော်ဝင်အိမ်ရှေ့စံအကြောင်း ပြောနေတာလား"
ရန်ချီက မေးမြန်းလိုက်သည်။
"အမှန်ပဲ... သူက အင်မော်တယ်ခြေနင်း ကျောင်းတော်က ပါရမီရှင် အသစ်တစ်ယောက်ပဲလေ... ကောင်းပြီ... မင်းဘယ်လို ဆုံးဖြတ်ထားလဲ... မင်းရဲ့ နည်းစနစ်က နတ်ဆိုး-တစ္ဆေတွေနဲ့ အပြန်အလှန် သက်ရောက်မှုရှိတာ သေချာတယ်... မင်းကို ကျေးဇူးတင်ရမယ်... ငါ့အနီးမှာ ရှိတဲ့ ရွံစရာ စွမ်းအင်တွေကို ပျက်ပြယ်စေဖို့ အဲလိုအရာမျိုး လိုအပ်တယ်... အဲဒီနည်းစနစ်နဲ့သာဆို ငါ့ရဲ့ ကိုယ်ပိုင်နည်းစနစ်ကို သန့်စင်နိုင်ပြီး အသက်ဓာတ်စမ်းရေ အကန့်အသတ်ကနေ လွတ်မြောက်နိုင်မှာလဲ... ဘယ်သူ ထင်မိမှာလဲ... ငါဒီအသက်ဓာတ် စမ်းရေ အားလုံးတောင် စုပ်ယူနိုင်ချင် စုပ်ယူနိုင်ဦးမှာ... နားထောင်... ငါတို့ သဘောတူညီမှုလုပ်ရအောင်... မင်းငါ့ကို လွတ်မြောက်အောင် ကူညီပေး... ငါမင်းကို ဆုအကြီးကြီး ပြန်ချီးမြှင့်မယ်"
"ငါသဘောမတူဘူးဆိုရင်ကော"
ရန်ချီက ပြန်မေးလိုက်သည်။
"သဘောမတူရင်လား... အဲဒါဆို မင်းသေနိုင်ပြီ"
ရက်စက်သည့် အပြုံးတစ်ခု တစ္ဆေအင်ပါယာရာမ၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
"မင်းအခု ရာမတောင်တန်းထဲမှာရောက်နေတယ်... မင်းဒီကနေ ထွက်သွားနိုင်မယ် ထင်နေလား... တကယ်တော့ မင်းပိတ်မိနေပြီ... တကယ်လို့ မင်းသာ ငါ့ကို ကူညီမယ်ဆိုရင် ငါမင်းကို ပြန်ကူညီပေးမယ်... မင်းက ပူးပေါင်းဖို့ ငြင်းဆန်နေမယ်ဆိုရင် ငါမင်းကို သတ်ပြီးတော့ နောက်တစ်ယောက် ရောက်လာတာကို စောင့်ရမှာပဲ"
'မကောင်းဆိုးဝါး တစ္ဆေတွေက မကောင်းဆိုးဝါးတစ္ဆေတွေပါပဲ' ရန်ချီက သူ့ကိုယ်သူ သတိပေးလိုက်မိသည်။ 'ဘာပဲဖြစ်ဖြစ် မင်းသူတို့ကို ယုံမိလို့ မဖြစ်ဘူး'
"မင်းကို အမှန်တိုင်း ပြောပြမယ်"
တစ္ဆေအင်ပါယာရာမက ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ကွင့်ဒန်းနတ်ဘုရား သံမဏိနဲ့ ချည်နှောင်ထားပေမဲ့ အစစ်အမှန် စွမ်းအင်ကို ထုတ်လွှတ်ရုံနဲ့ ဒဏ္ဍာရီတစ်ယောက်ကို သတ်နိုင်သေးတယ်... မင်းလို ကောင်လေးဆို ပြောမနေနဲ့... မင်း ရှေးစကားတစ်ခုကြားဖူးလား... ပန်းအိုးကွဲမှာ ကြောက်ပြီး ကြွက်ကိုပစ်ဖို့ တုံ့ဆိုင်းနေတယ်ဆိုတာလေ... တကယ်လို့ ငါမင်းရဲ့ စိတ်ဝိညာဉ်နဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးလိုက်ရင် စိတ်ဝိညာဉ် ရှာဖွေခြင်းနဲ့တောင် မင်းရဲ့ နည်းစနစ်ကို ရှာလို့ မရတော့ဘူးဆိုတာ မှန်တယ်... ငါ့ကို မင်းရဲ့ နည်းစနစ် ပြောပြစမ်းပါ... ငါက ဒီတိုက်ကြီးက လူတွေထက် ပိုပြီး အသိအမြင် ကြွယ်ဝတယ်... အဲဒါက သူတော်စင်အဆင့်တောင် မဟုတ်ဘူး... ကောင်းကင်အဆင့် မဟုတ်လား"
"ငါမသိဘူး"
ရန်ချီက ပြုံးကာ ပြောလိုက်သည်။
ထိုအချိန်မှာပင် သူက သူ့၏ သေခြင်းရှင်ခြင်းနှင့်ပတ်သက်သော စဉ်းစားနေမှုများကို ရပ်တန့်လိုက်သည်။ သူရင်ဆိုင်နေရသည့် အစွမ်းထက် မကောင်းဆိုးဝါးက မဟာသူတော်စင်အဆင့်ရှိ မိစ္ဆာအင်ပါယာတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။ အကယ်၍ သူသာ သူ့ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကို သူ့လက်ထဲ အပ်လိုက်ပါက ချမ်းသာကြွယ်ဝ တိုက်ကြီးတစ်ခုလုံး သွေးမိုးရွာကာ သွေးချောင်း စီးပေလိမ့်မည်။ ထိုသို့သာဖြစ်ပါက ထိုကြောက်စရာပုံရိပ်များက ရန်ချီကို အမြဲ ခြောက်လှန့်နေပေလိမ့်မည်။
"ကောင်စုတ်လေး... ငါပြောတာ နားထောင်စမ်းပါ... ဒီမှာ မင်းအတွက် ကံကောင်းစေဖို့ ငါပြောနေတာပဲ... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ငါက မင်းလို ပုရွတ်ဆိတ် သာသာလေးကို ကြည့်တောင် ကြည့်တာမဟုတ်ဘူး... ဒီနေ့မှာ ငါခြွင်းချက်အနေနဲ့ မင်းကို ငါ့တပည့်ဖြစ်လာဖို့ အခွင့်အရေး ပေးနေတာကွ... မင်းက ဆက်ငြင်းဆန်ရဲရင် မင်းသေချင်နေတာလား... တစ်ခုခုပဲလား... မင်းတကယ် သေချင်ရင် ငါတကယ်ဖြစ်အောင် သတ်ပေးမယ်"
တစ္ဆေအင်ပါယာရာမအနေဖြင့် ဒေါသ ထွက်လာပုံပေါ်သည်။
သူက အလွန် အစွမ်းထက်ကြောင်း စဉ်းစားကြည့်ပါက ထိုအရာက အံ့ဩစရာ မဟုတ်ပေ။ သူသာ သေးနုပ်တဲ့ လူတစ်ယောက်ထံမှ ထိုနည်းစနစ်ကို တောင်းခံခဲ့ပြီး ထိုလူက သူ့အား ငြင်းဆန်ခဲ့သည် မဟုတ်ပါလား။ ထိုအရာကြောင့်ပင် သူက ဒေါသ ထွက်လာခဲ့ခြင်းဖြစ်သည်။
ရုတ်တရက် သူက ပလ္လင်ပေါ်မှ လက်ကိုမြှောက်လိုက်ရာ ကြီးမားသော မဟူရာရွှေရောင် လက်ဝါးကြီးက လေထဲ ပျံသန်းသွားတော့သည်။
"ရာမလက်ဝါး"
ဝှစ်…
ရှေးဟောင်းနန်းတော်တစ်ခုလုံး ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကြီးမားသော လက်ဝါးကြီးက ရန်ချီထံ တိုးဝင်လာသဖြင့် သူ့အနေဖြင့် ထွက်ပြေးနိုင်ရန် မဖြစ်နိုင်တော့ချေ။
ရန်ချီက မလှုပ်ရှားနိုင်သလို ရပ်တန့်နေကာ အစစ်အမှန် စွမ်းအင်များပင် မထုတ်ဖော်နိုင် တော့ပေ။
"မင်းမှတ်ဉာဏ်တွေနဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ ငါခွင့်ပြုပေးမယ်လို့ မင်းထင်နေလား... ငါက တစ္ဆေအင်ပါယာရာမပဲကွ... မင်းက သေခြင်းတရားကို ငြင်းဆန်ပြီး အသက်ရှင်သန်ဖို့ ငါ့ဆီ တောင်းပန်လာစေရမယ်"
ရန်ချီအနေဖြင့် တစ္ဆေအင်ပါယာရာမ၏ ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပေ။ သူတို့က အဆင့်တော်တော် ကွာခြားနေသည်။
အကယ်၍ သူသာ ဒဏ္ဍာရီအဆင့်တစ်ယောက်ဖြစ်ပါက မှော်ဥပဒေသများအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ကာ တန်ပြန် တိုက်ခိုက်ဖို့ အရည်အချင်း ရှိနိုင်ပေသည်။ သို့သော်လည်း သူက ဒဏ္ဍာရီအဆင့် မဟုတ်ခဲ့ချေ။
'ငရဲချေမှုန်း နတ်ဆင်စွမ်းအားက မကောင်းဆိုးဝါး နတ်ဆိုးအားလုံးကို ကျော်ဖြတ်နိုင်တယ်'
ကြီးမားသော ဖိအားများအောက်တွင် ရန်ချီ၏ နောက်မဆုတ်သော စိတ်ဝိညာဉ်က ပြန်လည် တွန်းလှန်ဖို့ ကြိုးစားလာသည်။ သူ့ ဒျန်တန်နယ်မြေရှိ အစစ်အမှန် စွမ်းအင်များက ဆူပွတ်လာကာ သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းအားလုံးသို့ စီးဆင်းသွားတော့သည်။
ကံဆိုးသည်မှာ မဟူရာရွှေရောင် တစ္ဆေအင်ပါယာက ရောက်ရှိလာခဲ့ကာ ရန်ချီ၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး ဒေါသပြင်းထန်သည့် အသံဖြင့်ပြောလိုက်သည်။
"မိုးကောင်းကင် ပြန်လည်ဝင်စားခြင်း ပညာရပ်... ဘဝဆယ်ပါး ကပ်တွယ်ခြင်း... မင်းနာမည်က ရန်ချီ ဟုတ်တယ်နော်... ကောင်းပြီ... မင်းရဲ့ စိတ်ဝိညာဉ်က ထာဝရ ရှုပ်ထွေးသွားမှာကို ကြည့်နေလိုက်... ငါ့ရဲ့ မိုးကောင်းကင် ပြန်လည်ဝင်စားခြင်း ပညာရပ်နဲ့ဆိုရင် မင်းအသက်ရှင်နေတဲ့ ပြန်လည်ဝင်စားမှု သံသရာစက်ဝန်းမှာ မင်းသိသမျှအားလုံး ငါသိနိုင်ပြီ... မင်းကိုယ်တိုင် ထုတ်ပြောလာစေရမယ်"
ထိုအချိန်မှာပင် ရန်ချီက သူ့ နဖူးထက်၌ နတ်ဆိုးဆန်ဆန် စွမ်းအားကြီးမားသည့် တားဆီးမရနိုင်သော အင်အားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
တစ္ဆေအင်ပါယာ ရာမက အလွန်အစွမ်းထက်လွန်းသဖြင့် ရန်ချီ၏ စိတ်ဝိညာဉ်ကို ပြန်လည် မွေးဖွားခြင်း စက်ဝန်းအတွင်း အတင်းအကြပ် ထည့်သွင်းကာ သူကိုယ်တိုင် ထိန်းချုပ်ထားနိုင်ခဲ့ခြင်းပင်။ ထိုအရာက အဆုံးမဲ့ နတ်ဆိုးပညာရပ်ဖြစ်ကာ ရန်ချီထက် အစွမ်းထက်သည့် ကျွမ်းကျင်သူများပင် ထိုအရာကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ၎င်း၌ အချိန်နှင့် စကြဝဠာ၏ မှော်ဥပဒေသများ ပါဝင်နေသည်။
မကောင်းဆိုးဝါး အစစ်အမှန်စွမ်းအင်များက ရန်ချီ၏ သွေးကြောဆုံမှတ်များသို့ ဝင်ရောက်လာသောအခါ တစ္ဆေအင်ပါယာရာမက ဆိုးဝါးလွန်းသည့် အသံမျိုးဖြင့် ပြောလိုက်သည်။
"မင်း ဒဏ္ဍာရီအဆင့်ထိ ကျင့်ကြံပြီးရင် မင်းရဲ့ သွေးကြောဆုံမှတ်တွေက နေရာလွတ်တွေ ဖြစ်လာလိမ့်မယ်... မင်းနဖူးထက်မှာရှိတဲ့ သွေးကြောဆုံမှတ်ကို နတ်မျက်စိလို့ သတ်မှတ်ပြီးတော့ အဲဒီမှာ မင်းရဲ့ စိတ်ဝိညာဉ် အပြည့်အဝ တည်ရှိနေလိမ့်မယ်လေ... ငါက အဲဒါကို ထိန်းချုပ်လိုက်တော့ မင်းဘာနည်းစနစ်ကို ကျင့်ကြံလဲဆိုတာကို ငါသိနိုင်ပြီ"
ထိုအချိန်မှာပင် သူ့ နတ်မျက်စိအတွင်း အနားယူနေသော ရွှေရောင်နတ်ဘုရား လူသားလေးက နတ်ဆိုးစွမ်းအင်များကို သတိပြုမိလာသည်။
ထို့အပြင် တစ္ဆေအင်ပါယာရာမကလည်း ရွှေရောင်နတ်ဘုရား လူသားလေးကို သတိပြုမိသွားတော့သည်။
"ဘာ..."
သူ တုန်လှုပ်သွားသည်။
"မင်းနဖူးမှာ ဘာပုန်းနေတာလဲ... အဲဒါက ဘာလဲဟ... ရွှေရောင် နတ်ဘုရား လူသားလေးလား... မင်းကျင့်ကြံတဲ့ နေဆန့်စိတ်ဝိညာဉ် နည်းစနစ်လို့တော့ မပြောနဲ့... ကောင်းပြီ... အဲဒါကို အပြင်ထွက်လာအောင် ထုတ်ကြည့်ရမှာပဲ"
မကောင်းဆိုးဝါး စွမ်းအင်များက ပိုမိုသန်မာလာကာ ရန်ချီ၏ နဖူးအထက်သို့ ထည့်သွင်းလိုက်ပြီး ရွှေရောင် နတ်ဘုရား လူသားလေးကို ချည်နှောင်ကာ အပြင်သို့ ဆွဲထုတ်နိုင်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း …
နတ်ဆိုး စွမ်းအင်များက ရွှေရောင် နတ်ဘုရား လူသားလေးကို ထိမိသောအခါ အရာရာတိုင်းက ပြောင်းလဲသွားတော့သည်။ ရွှေရောင်အလင်းတန်းများက ရုတ်တရက် နေရာအနှံ့ ထွက်ပေါ်လာပြီး လေထုပင် အပိုင်းပိုင်း ကွဲထွက်လာ၏။ ထိုအရာက ခွန်အားကြီးမားသော မှော်ဆန်သည့် သက်ရှိတစ်ဦး အသွင် ရုတ်တရက် ပြောင်းလဲသွားသည်။
ရန်ချီ၏ နဖူးထက်ရှိ သေးငယ်သော လူကလေးက ယောက်ျားလားမိန်းမလား ခွဲခြားဖို့ပင် ခက်ခဲလှသည်။ သို့သော်လည်း ထိုနတ်ဘုရား လူသားလေး၏ မျက်လုံးများက ဖွင့်လှစ်လာ၏။ နတ်ဘုရားဆန်သည့် ခွန်အားများ ပွင့်ထွက်လာကာ နက်မှောင်နေသည့် ရာမတောင်တန်း တစ်ခုလုံး ရွှေအလင်းရောင်များ ထွန်းလင်းလာပြီး ပြင်းထန်စွာ လှုပ်ယမ်းလာလေတော့သည်။ ထိုအရာက မကောင်းဆိုးဝါးအချို့ နတ်ဘုရား ဝိညာဉ်တော်ကို အပြစ်ပြုလုပ်မိသဖြင့် နတ်ဘုရား ဝိညာဉ်တော်က ပြစ်ဒဏ်ခတ်ဖို့ ဆင်းသက်လာသည်နှင့် တူညီနေတော့သည်။
End
***