နတ်ဘုရားခွန်အားက ကောင်းကင်များကဲ့သို့ ကြီးမားလှသည်။ နတ်ဘုရားစိတ်ဆန္ဒက ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းလှ၏။
ရန်ချီ နဖူးထက်၌ အချိန်ကြာမြင့်စွာ မလှုပ်မရှား တည်ရှိနေသည့် ရွှေရောင်နတ်ဘုရား လူသားလေးက ရုတ်တရက် သူ့ စွမ်းအားများကို ကမ္ဘာထဲသို့ ပို့လွှတ်လိုက်ရာ ရာမတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ရွှေရောင်နတ်ဘုရား လူသားလေး နိုးထလာခြင်းက မိုးကောင်းကင်မှ နတ်ဘုရားတစ်ပါးက အပြစ်ကျူးလွန်ထားသည့် မကောင်းဆိုးဝါးနတ်ဆိုးများကို အပြစ်ပေးဖို့ ဆင်းသက်လာသည်နှင့် တူညီနေပေသည်။
"အဲဒါ ဘာပစ္စည်းလဲ"
တစ္ဆေအင်ပါယာရာမက ထပ်တလဲလဲ ရေရွတ်ကာ သူ့ အစစ်အမှန် စွမ်းအင်များ ဆုံးရှုံးလိုက်ရခြင်းကြောင့် တုန်လှုပ်နေသည်။ သူ့ မိုးကောင်းကင် ပြန်လည်မွေးဖွားခြင်း ပညာရပ်ပင် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုရွှေရောင် နတ်ဘုရား လူသားလေးက သဘာဝအရ အလွန် ကြောက်မက်ဖွယ်ကောင်းကာ ကမ္ဘာမြေမှ ပစ္စည်းတစ်ခုမဟုတ်ကြောင်း တစ်ခုသာ သူ ပြောနိုင်သည်။ ထိုအရာက ကောင်းကင်ဘုံမှ ဆန်းကြယ်လွန်းသည့် နတ်ဘုရားများနှင့်ပင် တူညီနေသည် မဟုတ်ပါလား။
ရန်ချီနှင့် တစ္ဆေအင်ပါယာ ရာမတို့ကို ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခွဲခြား သတ်မှတ်ပါက တစ္ဆေအင်ပါယာနှင့် ရွှေရောင်နတ်ဘုရား လူသားလေးတို့ကိုလည်း ထိုကဲ့သို့ ကွာခြားသည်ဟု သတ်မှတ်နိုင်ပေသည်။ ရွှေရောင် နတ်ဘုရား လူသားလေးအတွက်တော့ တစ္ဆေအင်ပါယာ ရာမက အမှိုက်သာသာပင်။
သူက မိစ္ဆာတစ္ဆေတစ်ကောင်ဖြစ်ပြီး ထိုအချိန်၌ သက်ရှိအားလုံး၏ အုပ်စိုးသူနှင့် တွေ့နေရခြင်းနှင့် တူညီနေသည်။
အနည်းဆုံးတော့ ထိုအရာကြောင့် တစ္ဆေအင်ပါယာ ရာမအနေဖြင့် ခံစားနေရခြင်းပင်။
"မင်းနဖူးမှာ ဒီလိုအရာမျိုး ဘာလို့တည်ရှိနေရတာလဲ... မင်းက ဘယ်သူလဲ... ဘဝဆယ်မျိုး ချိပ်ပိတ်ခြင်း"
တစ္ဆေအင်ပါယာရာမက ကြောက်လန့်နေသည့် အမူအရာဖြင့် များပြားလွန်းသည့် လက်ဟန် သင်္ကေတများကို ပြုလုပ်ကာ မိုးကောင်းကင် ချိပ်ပိတ်ခြင်းကို ဆင့်ခေါ်ပြီး ရန်ချီနဖူးထက်မှ ရွှေရောင် နတ်ဘုရား လူသားလေးကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။
သူ့အတွက် ကံဆိုးသည်မှာ ထိုချိပ်ပိတ်ခြင်းကြောင့် ရွှေရောင် နတ်ဘုရား လူသားလေးက ပိုမို အားကောင်းသည့် အနေအထားဖြင့် တုံ့ပြန်လာခြင်းပင်။
ထိုနတ်ဘုရား လူသားလေးက ရန်ချီထံမှ ပျံထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ချိပ်ပိတ်ခြင်း အမှတ်က ပျက်စီးသွားသည်။
ထို့နောက် နတ်ဘုရား လူသားလေးက စကားပြောလာ၏။
ထိုအရာက လူသား ဘာသာစကား မဟုတ်သော်လည်း စကားလုံး တစ်ခုချင်းစီက ကြီးမြတ်သန့်စင်ကာ မြင့်မြတ်ပြီး ခွန်အားကြီးမားလှသည်။ ထိုအရာက အချို့ ကြီးမြတ်သော ဘာသာစကားများမှ တစ်ခုဖြစ်ကြောင်း သိသာလှပေသည်။
ရန်ချီကတော့ ပြောနေသည့် စကားများကို တစ်နည်းနည်းဖြင့် နားလည်နေခဲ့၏။
"အယုတ်တမာတစ်ကောင်က နတ်ဘုရား အဖွဲ့အစည်း စည်းတံဆိပ်ကို စော်ကား ပြုမူရဲတယ်... နတ်ဘုရား အဖွဲ့အစည်းရဲ့ အပြစ်ပေးခြင်းကို လက်ခံလော"
ရွှေရောင်နတ်ဘုရား လူသားလေးက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အစွမ်းထက်လွန်းသဖြင့် ရာမတောင်တန်းတစ်ခုလုံးကို အမြစ်မှ ဆွဲနုတ်နိုင်ပုံရသည်။ နန်းတော်တစ်ခုလုံး လှုပ်ယမ်းလာကာ အသက်ဓာတ် စမ်းရေပေါ်ရှိ မဟူရာရွှေရောင် တစ္ဆေအင်ပါယာ ရာမ၏ ပုံရိပ်သာမက ပလ္လင်ပါ လက်ကြီးဖြင့် ဆွဲညှစ်ခံလိုက်ရကာ တစ်စစီ ဖျက်ဆီးခံလိုက်ရတော့သည်။
ထိုရွှေရောင် နတ်ဘုရား လူသားလေးက ပြိုင်ဘက်ကင်းပုံရကာ သူ့လမ်းကြောင်းရှိ မည်သည့်အရာကိုမဆို သစ်ကိုင်းတစ်ခုကဲ့သို့ ဖျက်ဆီးပစ်နိုင်သည်။ လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က တစ္ဆေအင်ပါယာ ရာမက ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သော်လည်း နတ်ဘုရား လူသားလေးက သူ့ ကိုယ်ပွားကို ရွှံ့ရုပ်တစ်ခုပမာ ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ပလွတ် … ပလုံ
အသက်ဓာတ် စမ်းရေ အနက်ပိုင်းထဲမှ ဆင်းသက်လာသောအခါမှာတော့ ချိန်းကြိုးသံများ ထွက်ပေါ်လာသည်။ သိပ်မကြာမီမှာပင် ရန်ချီက အနက်ပိုင်းထဲ၌ ကြီးမားကာ ချည်နှောင်ခံထားသည့် မိစ္ဆာတစ္ဆေကြီးတစ်ကောင် မြေပေါ်ဒူးထောက်နေသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းက မီတာသုံးထောင်ထိကြီးမားကာ အနက်ရောင် ကြေးခွံများပါရှိပြီး သူ့ထံမှ ထွက်ပေါ်နေသည့် စွမ်းအင်များက ထိုအနီးသို့ ကပ်သွားသည့် လောကအုပ်ချုပ်သူများကိုပင် သေစေနိုင်ပေသည်။
ထိုအရာက တစ္ဆေအင်ပါယာ ရာမ၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်သည်။ သူကား လူသားတစ်ယောက် မဟုတ်၊ မိစ္ဆာနတ်ဘုရားတစ်ပါးသာ ဖြစ်သည်။
သူက ရွှေရောင် နတ်ဘုရား လူသားလေးကို ကြည့်လိုက်သောအခါ သူ့ မျက်လုံးထဲ၌ ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"နတ်ဘုရား ဘာသာစကား... အဲဒါ အစောဆုံး တည်ရှိခဲ့တဲ့ နတ်ဘုရား ဘာသာစကားပဲ... မင်းရဲ့ စွမ်းအင် ပညာရပ်က ကောင်းကင်အဆင့် မဟုတ်ဘူး... အဲဒါ နတ်ဘုရားအဆင့် မဟုတ်လား... အရှင်... ဘာလို့ နတ်ဘုရားအဆင့် စွမ်းအင် ပညာရပ်က ချမ်းသာကြွယ်ဝ တိုက်လို နိမ့်ကျတဲ့ နေရာလေးမှာ ပေါ်ပေါက်လာရတာလဲ... အခြားကမ္ဘာတွေနဲ့ ယှဉ်လိုက်ရင် ချမ်းသာကြွယ်ဝ တိုက်ကြီးက တော်တော်လေး အားနည်းလွန်းတယ်... နေဦး... မင်းက နတ်ဘုရား ဝိညာဉ်တော် မဟုတ်ဘူး... မင်းသာ နတ်ဘုရားတစ်ပါးဆိုရင် နတ်ဘုရား ချိပ်တံဆိပ်နဲ့ ချည်နှောင်ထားမှာပဲ... မင်း နတ်ဘုရားတစ်ပါး မဟုတ်ဘူး မဟုတ်လား... ဒီနေရာက အခုချက်ချင်း ထွက်သွားစမ်း"
ဝေါ..
တစ္ဆေအင်ပါယာရာမက သူ့ကိုယ်သူ အတင်း ဖိအားပေးလိုက်သည်။ များပြားလွန်းသည့် မိစ္ဆာနတ်ဘုရားစွမ်းအင်များက သူ့ထံမှ ထွက်လာကာ ကောင်းကင်ကို တုန်လှုပ်စေပြီး ကမ္ဘာကို ကွဲအက်စေနိုင်သကဲ့သို့ ကောင်းချီးပေးခြင်းများ ဖြစ်ပေါ်လာတော့သည်။
"အသက်ဓာတ် စီးဆင်းခြင်း ပြောင်းပြန် ဖြစ်စေ... သက်တမ်းကို နက်နက်နဲနဲ ဆွဲထုတ်လိုက်စေ... ဒီနတ်ဘုရား ဝိညာဉ်တော်ကို ဖယ်ရှားလိုက်... နေရာလွတ် တည်နေရာ ရွှေ့ပြောင်းခြင်း"
သူ့ အော်သံကြောင့် ထိုနေရာရှိ အရာရာတိုင်းသည် စွမ်းအင်လှိုင်းများကြောင့် တုန်ခါသွားကြသည်။
ရန်ချီက လုံးဝ မလှုပ်ရှားနိုင်သော်လည်း နဖူးထက်ရှိ ရွှေရောင်နတ်ဘုရား လူသားလေးက နတ်ဘုရား ဘာသာစကားများကို ဆက်လက် ပြောကြားနေ၏။
စကားလုံးများက ပိုမို မြန်ဆန်လာကာ ရွှေရောင် အလင်းတန်းများက အမှတ်တစ်နေရာတည်း၌ စုဆုံလာကြသည်။ ၎င်းက ရုတ်တရက် လေထဲမှတစ်ဆင့် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တစ္ဆေအင်ပါယာ ရာမ၏ နဖူးကို ထိုးဖောက်သွားတော့သည်။
ကြောက်မက်ဖွယ်အော်သံများ ထွက်ပေါ်လာပြီးနောက် သူ့နဖူးထက်၌ ကြီးမားသော အပေါက်ကြီး ပေါက်သွားပြီး သူ့ အစစ်အမှန်ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်း စွမ်းအင်စက်လုံးကို ရန်ချီထံ ဦးတည် ပစ်လွှတ်လိုက်၏။
ထိုအစစ်အမှန် စွမ်းအင်ဘောလုံးက ဒဏ္ဍာရီအဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်လေရာ ရန်ချီလို အားနည်းသည့် လူအတွက်တော့ လိုတာထက်ပင် ပိုနေသေးသည်။
သို့သော်လည်း ရွှေရောင် နတ်ဘုရားလူသားလေးက ရန်ချီ၏ နဖူးထက် ပြန်လည် ပျံသန်း ရောက်ရှိလာသည်။ ရွှေရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်ကာ စက်လုံးကို ဖျက်ဆီးလိုက်၏။
တစ္ဆေအင်ပါယာ ရာမ၏ အစစ်အမှန်ခန္ဓာကိုယ်မျက်နှာမှ သွေးများ စီးကျလာကာ သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အချိန်စကြဝဠာပင် ကွေးကောက်သွားတော့သည်။
"နတ်ဆိုး အင်အားစုထက် ကြီးမြတ်သော တည်နေရာ ရွှေ့ပြောင်းခြင်း"
ရန်ချီအနေဖြင့် သူ့အနီးရှိ အချိန်စကြဝဠာက ကွဲကြေပျက်စီးလာကာ ထိုနန်းတော်မှ ထွက်သွားရတော့မလို ခံစားလိုက်ရသည်။
မျက်တောင်တစ်ချက် ခတ်လိုက်စဉ်မှာပင် သူက ရာမတောင်တန်းအတွင်း မရှိတော့ဘဲ သွေးအိုင် အတွင်းသို့ ပြန်လည် ရောက်ရှိလာသည်။
အဝေးတစ်နေရာ၌ ယခင်က တောင်တန်းများ တည်ရှိနေသော်လည်း ယခုအခါ လုံးဝ ပျောက်ကွယ်နေလေပြီ။
"ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"
သူက ရေရွတ်မိလိုက်သည်။ သူက လက်နှစ်ဖက်ကို ဘုရားရှိခိုးသလို လက်အုပ်ချီကာ သူ့ကိုယ်တွင်းမှ ရွှေရောင်နတ်ဘုရား လူသားလေးကို အာရုံစိုက်လိုက်သည်။ သို့သော်လည်း ရွှေရောင် နတ်ဘုရား လူသားလေးက မူလအနေအထားသို့ ပြန်လည်ရောက်ရှိနေကာ လှုပ်ရှားမှု ကင်းမဲ့နေသည်။
ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက အိပ်မက် တစ်ခုကဲ့သို့ပင်။
သို့သော်လည်း ထိုအရာက အိပ်မက်တစ်ခုမဟုတ်ကြောင်း ရန်ချီ နားလည်လိုက်သည်။ တစ္ဆေအင်ပါယာရာမက ကောင်းကင်၊ မြေပြင်၊ လူသား သူရဲကောင်း သုံးယောက်ထံမှ အသက်ဓာတ် စမ်းရေကို သူ ခိုးယူတာ မြင်တွေ့ပြီးနောက် သူ့ စွမ်းအင်ပညာရပ်ကို ရရှိရန် ရာမတောင်တန်းအတွင်း တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခဲ့သည် မဟုတ်ပါလား။ သူ့နဖူးထက်ရှိ ရွှေရောင် နတ်ဘုရား လူသားလေး ကျေးဇူးဖြင့် သူက တစ္ဆေအင်ပါယာရာမ၏ တိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ္ဆေအင်ပါယာ ရာမက သူ ရှုံးနိမ့်သွားသောအခါ ရန်ချီကို တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ပြီး အခြေအနေကို ဖြေရှင်းခဲ့ခြင်းပင်။
'စီနီယာ... စီနီယာ...'
သူက ဆက်သွယ်ဖို့ ကြိုးစားခဲ့သော်လည်း အကျိုးမထူးခဲ့ချေ။ ရွှေရောင်နတ်ဘုရား လူသားလေးက မလှုပ်ရှားတော့သလို နတ်ဘုရား ဘာသာစကားကိုပင် မပြောကြားတော့၊ မည်သည့် ဘာသာစကားမှ မပြောကြားတော့ပေ။
နောက်ဆုံးမှာတော့ ရန်ချီက အရှုံးပေးလိုက်တော့သည်။
'ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက လုံလောက်အောင် မမြင့်မားသေးဘူးပဲ... ထားပါလေ... အခုချိန် ဒါကို စိတ်ပူနေရမှာ မဟုတ်ဘူး... ငါလွတ်မြောက်လာတာပဲ တော်တော် ကံကောင်းနေပြီ... အခုကစပြီး ဒီလို အန္တရာယ်များတဲ့နေရာကို မသွားသင့်တော့ဘူး... ငါ့မှာ ငါကိုယ်တိုင်ထက် စိုးရိမ်ရမယ့် သူတွေ ရှိသေးတယ်... ငါသာ သေသွားရင် ငါ့အဖေ၊ ငါ့သွေးသောက် ညီအစ်ကိုတွေ ဘယ်လို ဆက်လုပ်ကြမလဲ'
ရန်ချီက အန္တရာယ်ကို မကြောက်ရွံ့သော်လည်း သူ့မှာ ဂရုစိုက်စရာ လူတွေ ရှိနေသေးသည် မဟုတ်ပါလား။
နောက်ထပ် စဉ်းစားပြီးနောက် သူက ကောင်းကင်အလောင်း ဒိုင်မေးရှင်း၌ လိုအပ်သည်ထက် ပိုမနေဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှာဖွေမှု အချို့ ပြုလုပ်ပြီးနောက် သူက အနက်ရောင် အလောင်းတောင်တန်းသို့ ပြန်သွားနိုင်သည့် သေဆုံးနတ်ဆိုး မျက်လုံးကို ရှာတွေ့သွားတော့သည်။ မကြာမီမှာပင် သူက ပြင်ပကမ္ဘာသို့ ပြန်ထွက်လာခဲ့၏။
သူက ဒိုင်မေးရှင်းသို့ သွားရာ လမ်းတစ်လျှောက် တွေ့သမျှ သတ်ဖြတ်ခဲ့ခြင်း၏ ကျေးဇူးကြောင့် ထိုနေရာ၌ ဖုတ်ကောင်များ၊ နှစ်တစ်ထောင် အလောင်းဘုရင်များပင် မရှိကြတော့ပေ။
ညစ်ညမ်းနေသည့် စွမ်းအင်များက ယခင်ကထက် ပိုမို နည်းပါးလာခဲ့သည်။ ရန်ချီက ထိုအရာအတွက်ကြောင့် စိတ်ကျေနပ်ကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက အရိပ်တစ်ခုကဲ့သို့ ယန်ကောင်းကင်သို့ အမြန်ဆုံး ဦးတည်သွားခဲ့သည်။
သူက ပြန်သွားဖို့အတွက် ထပ်မစောင့်နိုင်တော့ပေ။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် နွေဦးဆောင်းအိမ်တော်မှ တမန်တော် ရောက်လာခြင်း ရှိမရှိ သူ မသိရှိခဲ့ချေ။ အမှန်စင်စစ် ကောင်းကင်အလောင်း ဒိုင်မေးရှင်းသို့ ရောက်ရှိသည့် အချိန်၌ သူ့ လူပုံသဏ္ဌာန် အစစ်အမှန်စွမ်းအင်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။
သူ ပြန်ထွက်လာပြီး မကြာမီမှာပင် အဆက်အသွယ် ပြန်လည်ရရှိကာ ယန်ကောင်းကင်က ငြိမ်းချမ်းစွာ တည်ရှိနေသည့် အခြေအနေကို သိလိုက်ရတော့သည်။ နွေဦးဆောင်းအိမ်တော်မှ တစ်ယောက်မှ ရောက်မလာကြသေးပေ။
မကြာမီမှာပင် ယန်ကောင်းကင်သို့ ပြန်လည် ရောက်ရှိလာတော့သည်။
ထိုအချိန်အတွင်းမှာပင် ကောင်းကင်အလောင်း ဒိုင်မေးရှင်းအတွင်း ပျောက်ကွယ်သွားသည့် ရာမတောင်တန်းက တဖြည်းဖြည်း ပြန်ပေါ်လာတော့သည်။
တောင်တန်း အနက်ပိုင်းရှိ နန်းတော်ထဲ၌ အသက်ဓာတ်စမ်းရေများ ပြန်ဖြစ်ပေါ်လာသော်လည်း တစ္ဆေအင်ပါယာ ရာမ၏ သွေးများကြောင့် ယခုအခါ မည်းနက်နေတော့သည်။
'သေစမ်းကွာ... ငါဘာလို့ အခုလို ကြုံတွေ့ရတာလဲ... သူ့နဖူးမှာ နတ်ဘုရားအဖွဲ့အစည်း ချိပ်တံဆိပ်ရှိနေရတာလဲ... ဒါက နတ်ဘုရားအဖွဲ့အစည်းက ချိပ်တံဆိပ် အမှတ်အသားပဲလေ... ဘယ်လိုလုပ် ချမ်းသာကြွယ်ဝ တိုက်ကြီးက သာမန်လူတစ်ယောက်မှာ ရှိနေရတာလဲ... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က ငါက ပြိုင်ဘက်ကင်းခဲ့တယ်... တကယ်လို့ ကွင့်ဒန်းတိုက်ကြီးက ကျွမ်းကျင်သူသာ ရောက်မလာဘဲ ငါ့ကို ကွင့်ဒန်းနတ်ဘုရား သံမဏိနဲ့သာ မချုပ်နှောင်ခဲ့ရင် ဘယ်သူက ငါ့ကို ယှဉ်နိုင်မှာလဲ... ပြီးတော့ နတ်ဘုရား သံမဏိက ကွင့်ဒန်းတိုက်ကြီးမှာတောင် မမြင်ဖူးကြဘူးလေ'
တစ္ဆေအင်ပါယာရာမက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
သူက ပြိုင်ဘက်ကင်းလုနီးနီး ဖြစ်သည့် မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သော်လည်း နာကျင်မှုကို မရပ်တန့်နိုင်ခဲ့ပေ။ သူက ဖြစ်ပျက်ခဲ့သမျှကို မယုံကြည်နိုင်ကာ ရန်ချီကို နန်းတော်ထဲသို့ တည်နေရာ ရွှေ့ပြောင်းခဲ့ခြင်း အပေါ် နောင်တရမိသည်။
'နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်... ဒီကုန်းမြေမှာ ဒီလိုအရာမျိုးပေါ်လာတာ ယုံတောင် မယုံနိုင်ဘူး... ဒီနေရာက ရှေးသဘာဝ ကုန်းမြေတိုက်ကြီးက ကွဲထွက်လာတဲ့ အစိတ်အပိုင်းလေးပဲ... အခု နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်က ဒီမှာ ပေါ်လာပြီ... ဆန်းကြယ်ပြီး အတုမရှိတဲ့ နတ်ဘုရားတွေက သူတို့ရဲ့ သီးခြား ဒိုင်မေးရှင်းကို ရှေးသဘာဝ ကုန်းမြေမှာ ပြန်လည် ထူထောင်ချင်နေတာလား'
မကြာမီမှာပင် တစ္ဆေအင်ပါယာ ရာမက သွေးထွက်နေခြင်းကို ရပ်တန့်နိုင်ခဲ့ပြီး သူ့ ဒဏ်ရာကို ပိတ်လိုက်သည်။ သူက သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားနေသော်လည်း တွေးမိလိုက်၏။
'ကောင်းကင်ဘုံက နတ်ဘုရားတွေမှာ ပြဿနာတွေ ဖြစ်နေကြပြီနဲ့ တူတယ်... နတ်ဘုရား အဆင့် စွမ်းအင်ပညာရပ် ပေါ်လာပြီဆိုတော့ ချမ်းသာကြွယ်ဝတိုက်ကြီးမှာ မုန်တိုင်းကြီး ကျတော့မယ်... ပြီးတော့ တော်ဝင်အိမ်ရှေ့စံက အရင်က ဘယ်က ရောက်လာတာလဲ... သူ့ကိုယ်တွင်းမှာ ရှိတဲ့ အရှိန်အဝါက ကြောက်စရာကောင်းတယ်... သူက ဘယ်ကလဲ... ကွင့်ဒန်းနတ်ဘုရား သံမဏိကို တတ်နိုင်သမျှ မြန်အောင် ဖျက်ဆီးမှ ဖြစ်မယ်'
ယန်ကောင်းကင်သို့ ပြန်လည်ရောက်ရှိသောအခါ ကျယ်ဝန်းသော နေရာ၌ ရန်ကျန့်၊ ရန်ယွမ်ကျုံး၊ ရန်ဟွာလုံတို့နှင့် ရန်ချီ ပြန်တွေ့လိုက်သည်။
ဧကရာဇ်များ၏ တာအိုစွမ်းအင်အစီအရင်က အပြည့်အဝ အသက်ဝင်လာခဲ့ကာ ကျင့်ကြံခြင်းများကို ဆယ်ဆမှ အဆတစ်ရာထိ တိုးမြှင့်ပေးခဲ့သည်။
ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က လောကအုပ်ချုပ်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်နှင့် အလွန် နီးစပ်နေလေပြီ။ သူတို့အားလုံးက လေးရာသီ ဓားပညာ၏ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီတို့၏ ဓားအလင်းလေးခုကို ထုတ်ဖော်နိုင်ကြသည်။
ယခုအခါ သူတို့၏ ဓားစွမ်းအင်ကို အသုံးပြုကာ ခြေလှမ်းတစ်သောင်းအကွာမှ ရန်သူကိုပင် သတ်ဖြတ်နိုင်ပြီး ရန်ရှင်းရှီနှင့် ရန်ကတော်ကဲ့သို့ ဆရာသခင် အဆင့်များထက် ပိုမို အစွမ်းထက်သည်။
"ချီအာ... အနက်ရောင် အလောင်းတောင်တန်းကို သွားတဲ့ ခရီးက ဘယ်လိုလဲ"
ရန်ကျန့်က မေးလိုက်သည်။
"နွေဦးဆောင်း အိမ်တော်က တစ်ယောက်မှ ရောက်မလာသေးပေမဲ့ သိပ်မကြာခင် ရောက်လာတော့မယ်လို့ ငါခံစားမိတယ်... ငါတောင် မင်းကို ပြန်လာခိုင်းတော့မလို့"
"သားရဲ့ စွန့်စားခန်းတွေကို မေ့ထားလိုက်ပါ အဖေ... သား ဘာရလာလဲ ကြည့်ကြည့်ဦး... ဒါနဲ့ဆို အစ်ကိုကြီးကော ဒုတိယအစ်ကိုကော လောကအုပ်ချုပ်သူ အဆင့်ကို တက်နိုင်မှာပဲ"
ထို့နောက် ရန်ချီက အသက်ဓာတ် စမ်းရေများ ပြည့်နှက်နေသည့် ကြီးမားသော ဘူးသီးခြောက် ပုလင်းကြီးကို ထုတ်ယူလိုက်တော့သည်။ ထိုအရာက အလွန် လေးလံလှသဖြင့် မြေပေါ် ရောက်သည်နှင့် မြေပြင်ပင် အက်ကွဲသွားတော့၏။ နံရံနှင့် ထုပ်တန်းများပင် လှုပ်ယမ်းကုန်တော့သည်။
အမှန်မှာတော့ အသက်ဓာတ်စမ်းရေ တစ်စက်က သာမန် ရေတစ်စက်ထက် အဆပေါင်းများစွာ လေးလံခြင်းကြောင့်ပင် ဖြစ်ပေသည်။
End
***