"အသက်ဓာတ် စမ်းရေက အံ့မခန်းပဲ"
ရန်ချီ တွေးလိုက်သည်။
"ရာမတောင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် တော်ဝင်အိမ်ရှေ့စံက ယွမ်ဟိုက်လန်ကို ကူညီဖို့ ပိုခက်ခဲသွားမှာပဲ"
ရန်ချီက ဘူးသီးခြောက်ပုလင်းကို ကိုင်မဖို့ အစစ်အမှန်စွမ်းအင်များကို အသုံးပြုရကာ အသက်ဓာတ်စမ်းရေက အလွန်အမင်း လေးလံလှသည်။
ဘူးသီးခြောက်ပုလင်းက မှော်ရတနာတစ်ခု မဟုတ်ဘဲ သတ္တုဖြင့် ပြုလုပ်ထားသည့် သာမန် ပစ္စည်းတစ်ခု ဖြစ်သည်။ အစစ်အမှန် စွမ်းအင်ကို အသုံးပြုကာ သူက ပုလင်းကို ဂရုတစိုက် ဖွင့်လိုက်ပြီး အရည်တစ်စက်တည်းကို ထုတ်လိုက်၏။
သူက ရှေ့ကို တစ်လှမ်းတိုးကာ ထိုရေစက်ကို အနီးကပ် ကြည့်လိုက်သည်။ ထိုရေစက် တစ်စက်တည်းကပင် ကီလိုဂရမ် အတော်လေး လေးလံနေပေသည်။
လူတစ်ယောက်သာ ထိုအရာကို တိုက်ရိုက်စားသုံးပါက ထိုရေက အတွင်းမှ အပြင်သို့ ပြန်ထွက်လာပေလိမ့်မည်။ သို့သော်လည်း ထိုအရာကို အစစ်အမှန်စွမ်းအင်ဖြင့် အသက်ဓာတ် စွမ်းအင်အဖြစ် သန့်စင်လိုက်ပြီး သွေးကြောများထံ ပို့လွှတ်နိုင်ပေသည်။
"အစ်ကိုကြီး... အစ်ကိုနှစ်... စွမ်းအားတွေကို လှည့်ပတ်ပြီး ကြွက်သားတွေကို ဖြေလျှော့ထားလိုက်"
ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က အဆင်သင့် ပြင်ထားကြသည်။
ရန်ချီက လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ အစစ်အမှန်စွမ်းအင်ဖြင့် နောက်ထပ် ရေစက် တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် လက်ချောင်းကို ထပ်မံဝှေ့ယမ်းလိုက်ရာ ထိုရေစက်များက စွမ်းအင်များအဖြစ် လှည့်ပတ် စီးဆင်းသွားကာ အသက်ဓာတ် စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုစွမ်းအင်များကို သူ့ အစ်ကိုနှစ်ယောက်ထံ စေလွှတ်လိုက်၏။
ရန်ယွမ်ကျုံးက ပထမအနေဖြင့် ကြွက်သားများ တုန်ခါလာကာ ပေါက်ကွဲတော့မတတ် ဖြစ်လာသည်။ အမှန်စင်စစ် အသက်ဓာတ် စမ်းရေတစ်စက်က လူတစ်ယောက်၏ အသက်ဓာတ်ကို အဆုံးစွန် အတိုင်းအတာထိ တွန်းအားပေးနိုင်သည် မဟုတ်ပါလား။ သစ်ပင်တစ်ပင်ကို ထိုရေစက် တစ်စက်ဖြင့် လောင်းလိုက်ပါက ရက်အနည်းငယ်အတွင်းပင် ကြီးမားသော သစ်ပင်ကြီး ဖြစ်လာနိုင်ပေသည်။ ထိုအရာက အမှန်တကယ် ကြောက်စရာ ကောင်းလွန်းလှ၏။
သို့သော်လည်း အပင်တစ်ပင်ကို အသက်ဓာတ် စမ်းရေဖြင့် ရေလောင်းပါက လူရယ်စရာပင် ဖြစ်လာပေလိမ့်မည်။ ရှားပါးလွန်းသည့် စိတ်ဝိညာဉ် ဆေးပင်များပင် ထိုကဲ့သို့ ပျိုးထောင်ပေးရန် မလိုအပ်ပေ။
"အစ်ကိုတို့"
ရန်ချီက ခေါ်လိုက်သည်။
"လေးရာသီ အနှစ်သာရက နေအဖွဲ့အစည်း (၂၄) ခုနဲ့ ဆက်နွှယ်နေတယ်... မင်းတို့ရဲ့ ခန္ဓာကိုယ်က ကောင်းကင်၊ မြေပြင်၊ နက္ခတ် ကြယ်တာရာများရဲ့ အုပ်စိုးသူတွေ ဖြစ်နေရမယ်... ဒီထူးခြားတဲ့ အမှန်တရားကို နားလည်ထားပါ... ပြီးရင် မိုးကောင်းကင်ကနေ သက်တမ်း ခိုးယူနိုင်ပြီ"
ထို့နောက်မှာတော့ သူက သူ့၏ အစစ်အမှန် စွမ်းအင်များကို သူ့ အစ်ကိုများထံ ထည့်သွင်းပြီး ကူညီပေးလိုက်တော့သည်။
အသက်ဓာတ် စမ်းရေက သူတို့ကို အားဖြည့်ပေးနေရာ နှစ်တစ်ရာ ကျင့်ကြံခြင်းနှင့် ညီမျှသည့် အကျိုးကျေးဇူးများ ရရှိကြသည်။ အချိန်တော်တော်လေးကြာပြီးနောက် သူတို့၏ အစစ်အမှန် စွမ်းအင်များက ပိုမို မြင့်မားလာကာ လောကအုပ်ချုပ်ခြင်းအဆင့်သို့ ရောက်ရှိလာကြ၏။
အစွမ်းထက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်မှ သက်စောင့် စွမ်းအင်များက ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့အနီး၌ လေပွေများ ဖြစ်ပေါ်လာပြီး ကောင်းချီးပေးခြင်း ခံရသလို အဆင့်ကိုးမှ လောကအုပ်ချုပ်သူ အဆင့်သို့ ချိုးဖောက် တက်လှမ်းကြသည်။
'အံ့ဩစရာပဲ'
ရန်ချီ တွေးမိလိုက်သည်။
'အသက်ဓာတ် စမ်းရေက တကယ် မယုံနိုင်စရာပဲ... ဆောင်ဟေရှမ်းလို အသုံးမကျတဲ့ သူတောင် လောကအုပ်ချုပ်ခြင်းအဆင့် ရောက်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး... ငါသူ့ကို သတ်လိုက်တာ ဆိုးတာပဲ... အသုံးမဝင်သလို ဖြစ်သွားခဲ့ပြီ'
ရန်ချီက ဆောင်ဟေရှမ်းကို လက်စားချေနိုင်ခဲ့သဖြင့် ကျေနပ်မိသော်လည်း ယွမ်ဟိုက်လန်ကို လက်စားချေဖို့အတွက် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်စောင့်နေနိုင်မှာ မဟုတ်ပေ။
'ငါတို့ လေးယောက်လုံး လောကအုပ်ချုပ်သူတွေဖြစ်ပြီ' ရန်ကျန့်က စိတ်လှုပ်ရှားကာ တွေးမိလိုက်သည်။ သူဘဝတစ်လျှောက်လုံး လောကအုပ်ချုပ်သူကိုပင် မမြင်တွေ့ခဲ့ဖူးချေ။ ယန်ကောင်းကင်ကိုလည်း မျိုးရိုးစဉ်ဆက် ဆရာသခင် အဆင့်များသာ အုပ်ချုပ်ခဲ့သည် မဟုတ်ပါလား။ ယခုတော့ သူနှင့် သူ့သားများက လောကအုပ်ချုပ်သူများ ဖြစ်လာကြလေပြီ။ ထိုအရာ၏ ဂုဏ်ကျက်သရေက နားလည်နိုင်ဖို့ပင် မဖြစ်နိုင်တော့ပေ။ သူတို့ ကလန်က ယခုအခါ အခြား အင်အားကြီး အဖွဲ့အစည်းများနှင့် နှိုင်းယှဉ်နိုင်လာချေပြီ။
"ဒီသတင်းသာ ပျံ့သွားရင် ငါတို့ကို ဆန့်ကျင်တဲ့ ရန်သူတွေအားလုံး နတ်ဘုရားတွေဆီမှာ အသနားခံဖို့ ဆုတောင်းနေကြရလိမ့်မယ်"
ထိုအချိန်မှာပင် ရန်ချီက သူ့ အစစ်အမှန် စွမ်းအင်များကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူ့ မျက်လုံးများက အရောင်တောက်ပကာ ပြောလိုက်သည်။
"ကောင်းပြီ အစ်ကိုတို့... အစ်ကိုတို့ရဲ့ စွမ်းအင်ပညာရပ်က လောကအုပ်ချုပ်သူ အဆင့်မှာ ခိုင်မာသွားပြီ... အစ်ကိုတို့ ဆက်လက် ကျင့်ကြံရင် ဆက်လက် တိုးတက်နိုင်မယ်... ပြီးတော့ ယန်ကောင်းကင်နဲ့ ရန်ကလန်က နောက်မျိုးဆက်တွေကိုလည်း အစ်ကိုတို့ စောင့်ရှောက်နိုင်လိမ့်မယ်... ကျွန်တော်တို့ ပင်မသွေးမျိုးဆက်က တည်ငြိမ်သွားပြီ... နောက်ထပ် အာရုံစိုက်ရမှာက မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ပဲ... ဒါနဲ့ မဟာ အကြီးအကဲတွေ ဘာဖြစ်နေကြတာလဲ"
"သူတို့က သူတို့ ကျင့်ကြံခြင်းအတွက် ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်ကို လိုချင်နေကြတယ်"
ရန်ကျန့်က ပြန်ဖြေလိုက်သည်။
"ကံမကောင်းစွာနဲ့ သူတို့တွေက ကလန်အတွက် အရမ်းကောင်းမွန်တာတွေ မလုပ်ပြခဲ့ဘူး... တကယ်တော့ ငါလည်း ရန်ရှင်းရှီနဲ့ ရန်ကတော် ငါတို့ဘက်မှာ တကယ်ရှိရဲ့လား၊ ကလန်အတွင်း စိတ်ဝမ်းကွဲအောင် လုပ်နေသလား သိရအောင် လူငယ်တွေကို စူးစမ်းခိုင်းခဲ့တယ်... သူတို့သာ တကယ် နောင်တရပြီး သစ္စာရှိကြောင်း သက်သေပြတဲ့အနေနဲ့ ကလန်ကောင်းကျိုးအတွက် တစ်ခုခုလုပ်ပေးရင် ငါသူတို့ကို အခွင့်အရေးပေးမှာပါ... အဲလိုသာ မဟုတ်ရင်တော့လဲ…"
သူ့ မျက်လုံးများက သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများ တောက်ပနေသည်။
"ဒီလိုလုပ်ဖို့က အကောင်းဆုံးပါပဲ"
ရန်ချီက ထောက်ခံလိုက်သည်။
"မဟာ အကြီးအကဲတွေက အဆင့်အတန်းမြင့်မားပြီး ခွန်အားကြီးမားတော့ အဖေ့ရဲ့ ဦးဆောင်မှုကို စိတ်ပျက်နေကြမှာပဲ... သူတို့ကို တာဝန်အချို့ပေးပြီး ဘယ်လိုလုပ်မလဲ ကြည့်ရတာပေါ့... သစ္စာရှိတဲ့ သူတွေကိုတော့ အခွင့်အရေး တစ်ခု ပေးလိုက်ပါ"
"တတိယညီလေး... မင်းက အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ စွမ်းအင် ပညာရပ်နဲ့ ကျင့်ကြံခြင်း အခြေခံပဲ တိုးတက်လာတာ မဟုတ်ဘဲ ကလန်တစ်ခုနဲ့ နိုင်ငံတစ်နိုင်ငံ ဘယ်လို အုပ်ချုပ်လဲ နားလည်မှာပါ"
ရန်ယွမ်ကျုံးက ပြောလိုက်သည်။
"မင်း အနက်ရောင် အလောင်းတောင်တန်းကို ဝင်သွားပြီးတော့ အဖေက ရန်ကလန် ကျောင်းတော်ကို တည်ထောင်ခဲ့ပြီးတော့ မဟာ အကြီးအကဲတွေကို ဆရာတွေအဖြစ် ခန့်အပ်ခဲ့တယ်... ယန်ကောင်းကင်က နေရာအနှံ့အပြားမှာလည်း စမ်းသပ်မှုတွေပြုလုပ်နေပြီး အတော်ဆုံး အတောက်ပဆုံး လူငယ်တွေကို ဒီမှာသင်ယူခွင့်ပြုထားတယ်... အတော်ဆုံး စွမ်းဆောင်နိုင်သူတွေကိုတော့ ဘုရင့်အမှုထမ်းတွေအဖြစ် ထမ်းဆောင်စေပြီး သစ္စာရှိတဲ့ ဂုဏ်ကျက်သရေရှိ ကလန်တွေ ဖြစ်ခွင့်ပေးခဲ့တယ်"
ရန်ချီ ခေါင်းညိတ်လိုက်သည်။
"သိပ်ကောင်းတဲ့ အစီအစဉ်ပဲ... မဟာ အကြီးအကဲတွေအနေနဲ့ လူငယ်တွေကို အကောင်းဆုံး သင်ကြားပေးကြဖို့ ကျွန်တော် မျှော်လင့်မိတယ်"
"သူတို့သာ သေချာမလုပ်ဘူးဆိုရင် မျိုးနွယ်စု ကောင်းကျိုးအတွက် ငါ သူတို့ကို သေဒဏ်ပေးဖို့ လိုတယ်... ဒါပေမဲ့လည်း ဆုလာဘ်တွေနဲ့ သွေးဆောင်ဖို့လဲ လိုတယ်"
ရန်ကျန့်က ပြောလိုက်သည်။
"ပြောတာ ကောင်းတယ် အဖေ... ဒါနဲ့ အဖေတို့ သုံးယောက် ကျင့်ကြံဖို့ အသက်ဓာတ် စမ်းရေ အချို့ သားခွဲပေးခဲ့မယ်... ဒီရေအကြောင်း ပေါက်ကြားလို့ မဖြစ်တာ သတိထားပါ... ဒီကိစ္စသာ ပေါက်ကြားသွားရင် ကပ်ဘေးတွေ ဖြစ်လာလိမ့်မယ်"
ရန်ချီက အသက်ဓာတ် စမ်းရေ ငါးပုံတစ်ပုံကို သူ့အဖေထံ ပေးလိုက်သည်။
ရန်ကျန့်က လက်များ တုန်ယင်စွာ ထိုအရာကို လက်ခံလိုက်၏။ ထိုရေစက် တစ်စက်က သူ့သားနှစ်ယောက်ကို လောကအုပ်ချုပ်ခြင်းအဆင့်ကို တက်လှမ်းစေဖို့ လုံလောက်လေရာ ဘူးသီးခြောက်တစ်ခုလုံးဆို ဘယ်လောက်တန်မလဲ မြင်ယောင် ကြည့်မိသည်။ သူတို့ ကလန် တစ်ခုလုံးမှ ကျွမ်းကျင်သူများပင် ထွက်လာစေနိုင်ပေသည်။ ရန်ကျန့်အနေဖြင့် ကျင့်ကြံမှုအခြေခံ ဘယ်ထိ တွန်းပို့နိုင်မည်နည်းဆိုတာကို ဘယ်သူ သိနိုင်မည်နည်း။
"အဖေ... သစ္စာရှိတဲ့ လူငယ်တွေကို ပေးနိုင်ပေမဲ့ တိုက်ရိုက်မပေးပါနဲ့... ရေအရင်ရောပြီးမှ ပေးလိုက်ပါ... မဟုတ်ရင် သူတို့အနေနဲ့ ဒါကို စုပ်ယူနိုင်မှာ မဟုတ်ဘူး"
ထို့နောက် သူက ဘူးသီးခြောက်ပုလင်းကို သိမ်းဆည်းကာ အခြားအကြောင်းအရာများ ဆွေးနွေးလိုက်သည်။
အချိန်တချို့ကြာပြီးနောက် အပြင်ဘက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကြီးမားသော ဓားစွမ်းအင် အလင်းတန်းတစ်ခု ကလန်သို့ ဆင်းသက်လာသည်။ ကြည့်ရသည်မှာ အချို့ ထူးချွန်သည့် ကျွမ်းကျင်သူများ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ရန်ချီတစ်ယောက် ရင်တုန်သွားပြီးနောက် အိမ်တော် အရှေ့ရှိ အပြင်ဘက် အဓိက မြေကွက်ထံ ပျံထွက်လာခဲ့၏။
သူတို့အားလုံးက လောကအုပ်ချုပ်သူများ ဖြစ်ကြသည် မဟုတ်ပါလား။
မရေမတွက်နိုင်သည့် မျိုးဆက်များအတွက် ယန်ကောင်းကင်လို သေးငယ်တဲ့နေရာလေးမှာ လောကအုပ်ချုပ်သူတစ်ယောက်ပင် မရှိခဲ့ချေ။ အခုချိန်မှာတော့ လောကအုပ်ချုပ်သူများစွာ မြင်တွေ့နေရလေပြီ။
ထိုအဖွဲ့၌ လူငါးယောက် ပါရှိနေသည်။ လေးယောက်က အသက်ကြီးရင့်သည့် လူများဖြစ်ကာ သူတို့၏ ရဲရင့်သော အစွမ်းထက်သည့်အမူအရာနှင့် မောက်မာသော မျက်လုံးများအရ သူတို့က အဖွဲ့အစည်းကြီး၏ ကြီးမြတ်သော အကြီးအကဲများဖြစ်ကြသည်မှာ ထင်ရှားလှသည်။ ထို့အပြင် လူအုပ်တစ်အုပ်လုံး၏ မျက်လုံးကို ဖမ်းစားသွားသည့်အရာက အကြီးအကဲလေးယောက်နှင့် ပါလာသော လူငယ်လေးပင်။ သူက (၁၇)၊ (၁၈) နှစ်ခန့်သာ ရှိသေးရာ ရန်ချီထက်ပင် ငယ်ရွယ်သေးသည်။ သူက အပြာရောင် တောက်တောက် အဝတ်အစားကို ဝတ်ဆင်ထားကာ သူ့ ခြေထောက်များက မြေပြင်ကို ထိတွေ့သည်နှင့် ရန်ချီကို ကြည့်လိုက်၏။
"မင်းက အင်မော်တယ်ခြေနင်း ကျောင်းတော်က ရန်ချီလား"
သူက မေးလိုက်သည်။
"နွေဦးဆောင်း အိမ်တော်က ကျန်းလေ့ကို ဖမ်းဆီးထားတဲ့သူပေါ့"
"အမှန်ပဲ... ငါက အင်မော်တယ်ခြေနင်း ကျောင်းတော်က လက်ရွေးစင်ကျောင်းသားဖြစ်တဲ့ ရန်ချီပဲ"
သူက ထိုအုပ်စုကို တစ်ခဏမျှ စမ်းစစ်ပြီးနောက် ဆက်ပြောလိုက်သည်။
"မင်းတို့က နွေဦးဆောင်းအိမ်တော်က ထင်တယ်... ကောင်းပြီ... လာပါ အထဲလာပြီး ထိုင်ကြပါ"
"မလိုအပ်ဘူး... ငါတို့က အပြစ်ပေးဖို့ ရည်ရွယ်ချက်နဲ့ မင်းကို လာဖမ်းတာလေ... မင်းလို လက်ရွေးစင် ကျောင်းသားလောက်က နွေဦးဆောင်း အိမ်တော်နဲ့ ယှဉ်ပြိုင်ရဲမှာ ငါယုံတောင် မယုံရဲဘူး... မင်းဘယ်လောက် မာလဲ ကြည့်ရသေးတာပေါ့"
သူက ထိုစကားများ ပြောပြီးသည်နှင့် ရန်ချီကို စတင် တိုက်ခိုက်လိုက်တော့သည်။
သူက အရိပ်တစ်ခုကဲ့သို့ မိုးကြိုးလျှပ်စီးပမာ အမြန်နှုန်းဖြင့် ပြေးလွှားသွားကာ လေထဲ၌ နှင်းများ ကျဆင်းလာသည်။ အံ့ဩစရာကောင်းစွာ မလိုအောင်ပင် သူက လေးရာသီဓားပညာကို အသုံးပြုနေခြင်းပင်။ ရန်ချီ၏ စွမ်းရည်နှင့်သာ ထိုနည်းစနစ်ကိုအသုံးပြုပါက သူ့ထက် သာလွန်သွားပေလိမ့်မည်။
လွန်ခဲ့သည့် အချိန်က ထိုနေရာတွင် နွေရာသီ အပူများ ဝန်းရံနေသော်လည်း ထိုတစ်ယောက် လှုပ်ရှားလိုက်သည်နှင့် လေထဲ၌ တိမ်များပြည့်နှက်ကာ နှင်းမုန်တိုင်းက ယန်ကောင်းကင်ကို ဖုံးလွှမ်းလာတော့သည်။
ပိုအံ့ဩဖို့ ကောင်းတာက သူက လက်ဝါး ရိုက်ချက်ကို အသုံးပြုခြင်းပင်။
ထိုလူငယ်၏ စွမ်းအင် ပညာရပ်က နက်ရှိုင်းသည်ဟု ပြောရပေမည်။ နွေဦးဆောင်း အိမ်တော် အနေဖြင့် ရန်ချီနှင့် ရင်ဆိုင်ဖို့ အဆင့်လေး လောကအုပ်ချုပ်သူတစ်ယောက်ကိုပင် စေလွှတ်ပုံအရ သူတို့က သူ့ကို အလွန် ရိုက်နှက်ချင်ကြောင်း သိသာနေပေသည်။
"စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး"
ရန်ချီက အပြုံးနှင့် ရေရွတ်လိုက်သည်။ အလွန် ပူပြင်းလွန်းသည့် ဓားစွမ်းအင်က သူ့လက်ဝါးမှ ထွက်ပေါ်လာကာ လူငယ်၏ တိုက်ခိုက်မှုနှင့် တွေ့ဆုံစေလိုက်၏။
တစ်ချိန်တည်းမှာပင် ကြီးမားသော ဓားပုံရိပ်ကြီးက ကောင်းကင်သို့ တက်သွားကာ တိမ်များကို ဖောက်ထွက်ပြီး နေအလင်း၏ ရွှေရောင် အလင်းတန်းများ ကျဆင်းလာသည်။
တောက်ပနေသော နေအလင်းရောင်နှင့် ရန်ချီ၏ စကြဝဠာ တစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားတို့ ပေါင်းစပ်မှုကို တားဆီးမရတော့ကာ သူအနီး၌ မီးလျှံများ ဝန်းရံသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း လူငယ်လေးကို လောင်ကျွမ်းနေသည့် ဓားစွမ်းအင်များ ဝန်းရံသွားလေပြီ။
"မင်း နေရောင်ခြည် လွှမ်းမိုးဓားသိုင်းကို ဒီအဆင့်ထိ ကျင့်ကြံနိုင်ပြီလား.."
လူငယ်က အံ့အားသင့်စွာ ပြောလိုက်သည်။ သူ့ပုံစံက သိသိသာသာ တုန်လှုပ်နေ၏။ သူ့အနေဖြင့် ရန်ချီက ထိုကဲ့သို့ ကြောက်မက်ဖွယ် နည်းစနစ်ကို ပိုင်ဆိုင်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"မင်းက တကယ် လက်ရွေးစင်ကျောင်းသားကော ဟုတ်ရဲ့လား... မင်းက လက်ရင်း ကျောင်းသားနဲ့တောင် ပိုတူနေသေးတယ်"
"သတိထား သခင်လေး"
လူအိုကြီးလေးယောက်က ရှေ့တက်လာကာ သူတို့၏ လေးရာသီ ဓားသိုင်းကို ထုတ်ဖော်ပြီး ရန်ချီ၏ ပြိုင်ဘက်ကင်း ဓားစွမ်းအင်ကို ဖြတ်တောက်ဖို့ ပြုလုပ်လိုက်ရာ လေထဲ၌ ပိုးချည်မျှင်များစွာ ပြည့်နှက်သွားသည်။
"နွေဦးပိုးကောင်၏ ပိုးချည်မျှင်မိုး"
သူတို့က အော်ဟစ်လိုက်ကြသည်။
ရန်ချီက ပြုံးကာ သာမန်မျှ ပြောလိုက်သည်။
"နေအလင်းရောင်က စီရင်စု ကိုးခုလုံးကို ထွန်းလင်းစေတယ်"
လောင်ကျွမ်းလွန်းနေသည့် အနီရောင်ဓားစွမ်းအင်က သူ့နောက်ဘက်မှ ပေါ်လာကာ ထိုနေရာတစ်ဝိုက် အလင်းရောင်များ ပြည့်နှက်လာပြီး အပူချိန်က အလွန် မြင့်တက်လာလေရာ နွေဦး ပိုးချည်မျှင်က ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"မင်းတို့ နောက်ဆုတ်စမ်း"
လူငယ်က အော်ငေါက်လိုက်သည်။
ရန်ချီက နွေဦးဆောင်းအိမ်တော်နှင့် တိုက်ခိုက်ဖို့ စိတ်မဝင်စားလေရာ ထိုလူငယ် ပြောလိုက်သည်နှင့် သူ့ အစစ်အမှန် စွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီး မေးလိုက်သည်။
"သခင်လေး... မင်းဘာများ ပြောချင်လို့လဲ"
သခင်လေးက ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။
"မင်းက ငါတို့ နွေဦးဆောင်းအိမ်တော်နဲ့ ညှိနှိုင်းနိုင်လောက်အောင် သန်မာတယ်ဆိုတာ ငါနားလည်သွားပြီ... ကျန်းလေ့နဲ့ အခြား အကြီးအကဲတွေအတွက် မင်းတို့ တောင်းဆိုတာ ဘာမဆို ငါတို့ ပေးမယ်"
သူက ရိုးရိုးရှင်းရှင်း ပြောဆိုနေခဲ့ကာ သူက ရန်ချီကို သူနှင့် တစ်တန်းတည်း ထားကြောင်း သိသာသည်။
End
***