ရန်ချီအနေဖြင့် ထိုသခင်လေး ဘာလုပ်ချင်နေလဲ နားလည်လိုက်သည်။ သူ့အနေဖြင့် ရန်ချီကို မကိုင်တွယ်နိုင်လေရာ သူက လက်နက်စွဲကိုင်ရသည့် တိုက်ပွဲမှ ကျောက်စိမ်းပိုးထည် လက်ဆောင် အခြေအနေသို့ ပြောင်းလဲချင်နေခြင်းပင်။ ထိုအတွက်ကြောင့်လည်း သူက အနှောင့်အယှက် မဖြစ်စေရန် မျှော်လင့်ကာ သူ့ဘက်မှ တောင်းဆိုချက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပြခဲ့သည် မဟုတ်ပါလား။
ရန်ချီ၏ ထူးခြားထက်မြက်သော စွမ်းအင်ပညာကလည်း ထိုအရာနှင့် ဆက်စပ်မှုရှိသည်။ ထိုသခင်လေးက အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်သော်လည်း ရန်ချီအတွက် လောင်ကျွမ်းနေသော နေမင်းက သူအတွက်တော့ ရိုးရှင်းစွာ ထိရောက်စေခဲ့သည်။ ရန်ချီသာ သာမန်လူ တစ်ဦးဖြစ်ပါက နွေဦးဆောင်းအိမ်တော် နာမည်ဂုဏ်သတင်းဖြင့် ခြိမ်းခြောက်လျှင် ထိရောက်မှု ရှိနိုင်သေး၏။ သို့သော်လည်း သူက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားတစ်ယောက် ဖြစ်သောကြောင့် အရာရာတိုင်းက ခြားနားနေလေပြီ။
အင်မော်တယ်ခြေနင်း ကျောင်းတော်က ချမ်းသာကြွယ်ဝတိုက်ကြီး တစ်ခုလုံး၏ နံပါတ်တစ် ကျောင်းတစ်ကျောင်းဖြစ်လေရာ နွေဦးဆောင်း အိမ်တော်အနေဖြင့် ယှဉ်နိုင်စွမ်း မရှိချေ။
ထိုအရာအားလုံးကိုတွေးမိသောအခါ သခင်လေးအနေဖြင့် အလျှော့ပေးဖို့ကလွဲပြီး ရွေးချယ်စရာ မကျန်တော့ပေ။
"ကောင်းပြီ"
ရန်ချီက သဘောတူလိုက်သည်။ သူ့အနေဖြင့်လည်း ဖိအားအရမ်း များနေဖို့ကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူက အခြေအနေများကို ချောချောမွေ့မွေ့ ပြီးဆုံးသွားဖို့ မျှော်လင့်ခဲ့ခြင်းပင်။
"သခင်လေး ဘာပဲလိုချင်ပါစေ ရန်ကလန်က ပျော်ပျော်ရွှင်ရွှင် ကူညီပေးမှာပါ... လူတွေက ငါ့ကို တစ်လက်မလောက် မလေးစားရင် ငါက အဆတစ်ရာလောက် ပြန်လုပ်တဲ့သူတစ်ယောက်ပါ... ကျန်းလေ့ရယ် သူနဲ့ ပါလာတဲ့ အကြီးအကဲတွေကို ကျွန်တော်တို့ ပြန်ပေးမှာပါ... ပြီးတော့ နွေဦးဆောင်း အိမ်တော်ကနေလည်း လျော်ကြေး တစ်စုံတစ်ရာ တောင်းခံသွားမှာ မဟုတ်ပါဘူး"
"တကယ်လား"
သခင်လေးကမေးကာ မျက်လုံးများ တောက်ပသွားတော့သည်။ သူ့အနေဖြင့် ရန်ကလန်က ထိုကိစ္စကို ဖြေရှင်းဖို့ လျော်ကြေး မတန်တဆတောင်းမည်ဟု ထင်ထားခဲ့သည် မဟုတ်ပါလား။ ယခုတော့ သူ့အနေဖြင့် သက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။
ရုတ်တရက် သူ့အနေဖြင့် ရန်ချီကို သဘောကျမိကြောင်း သဘောပေါက်သွားတော့သည်။
"ညီအစ်ကို ရန်ချီ... မင်းက ကြီးမြတ်တဲ့သူတစ်ယောက်ဆိုမှတော့ နွေဦးဆောင်း အိမ်တော်နဲ့ ရန်ကလန်ကိစ္စ ဖြေရှင်းပြီးပြီလို့ပဲ သတ်မှတ်ကြရအောင်... ဒါနဲ့ ညီအစ်ကို ရန်ချီ... ကျွန်တော့်ကို သခင်လေးလို့ ခေါ်ဖို့မလိုပါဘူး... ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားတွေအများကြီးထဲကမှ အသုံးမကျတဲ့ သားတစ်ယောက်ပါပဲ... ကျွန်တော့်ကို လုဝမ့်ရှန်းလို့ပဲ ခေါ်ပါ"
ရန်ချီက ခေါင်းညိတ်ကာ အနောက်ဘက်ရှိ သူ့အဖေနှင့် အစ်ကိုတွေကို လှည့်ကြည့်လိုက်သည်။
"အစ်ကိုကြီး... အစ်ကိုနှစ်... ကျန်းလေ့ကို အပြင် ခေါ်ထုတ်ခဲ့လိုက်ပါ"
"ကောင်းပြီ တတိယညီလေး"
ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က အမြန် ထွက်သွားကြသည်။
'နေဦး... သူတို့က လောကအုပ်ချုပ်သူတွေလား..' လုဝမ့်ရှန်းက တွေးလိုက်ကာ မျက်လုံး အနည်းငယ် ပြူးမိလိုက်သည်။
"ယန်ကောင်းကင်က မထင်မရှား ရန်ကလန်မှာ လောကအုပ်ချုပ်သူ သုံးယောက် ရှိတာလား... ရေကန်ငယ်လေးထဲ ငါးအကြီးကြီး ရှိနေသလိုမျိုးပါလား... တကယ်တော့ သူတို့က ရေကန်ငယ်ထဲက ငမန်းကြီးတွေလို့တောင် ပြောလို့ရတယ်…"
ထိုနေရာနှင့်ပတ်သက်ကာ လုဝမ့်ရှန်း၏သဘောထားက ယခုအချိန်မှာ ပြောင်းလဲလာတော့ သည်။ အစတုန်းက ဤနေရာရှိ လူများက အဆင့်မြှင့်တင်ထားသည့် ချမ်းသာသော တောသားများဟုသာ ယူဆထားကြသော်လည်း ယခုအခါတော့ သူတို့က ပထမတန်းစား ဂုဏ်ကျက်သရေရှိ ကလန်တစ်ခု ဖြစ်နေလေပြီ။
အမှန်မှာတော့ ထိုနယ်မြေတစ်လျှောက်ရှိလူတိုင်းက စွမ်းအားကိုသာ လေးစားကြသည် မဟုတ်ပါလား။ ကလန်၌ လောကအုပ်ချုပ်သူ သုံးယောက်နှင့်အတူ အဆင့် (၅) လောကအုပ်ချုပ်သူကိုပါ ရင်ဆိုင်နိုင်သည့် နားလည်ရခက်ခဲသော ရန်ချီပင်ရှိနေလေရာ ရန်ကလန်အနေဖြင့် နှစ်ရာနှင့်ချီ ရှင်သန်နိုင်လာပေလိမ့်မည်။
သိပ်မကြာမီမှာပင် ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က ကျန်းလေ့၊ အခြား အကြီးအကဲများနှင့် ပြန်ရောက်လာသည်။ သူတို့အားလုံး၏ သွေးကြောများကတော့ တင်းကြပ်စွာ ပိတ်လှောင်ခံထားရ၏။ ရန်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ အသံအချို့နှင့်အတူ သူတို့တွေ လွတ်မြောက်သွားတော့သည်။
"နဝမသခင်လေး"
ကျန်းလေ့တစ်ယောက် ရေရွတ်မိလိုက်သည်။ သူက အပြေးသွားကာ ဒူးထောက်လျက် လုဝမ့်ရှန်းကို ဂါဝရပြုလိုက်၏။ ထို့နောက် သူက ရန်ချီနှင့် ရန်ကလန်မှ အခြား လူများကို ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဒီသေးငယ်တဲ့ ရန်ကလန်က ကျွန်တော်တို့ နွေဦးဆောင်းအိမ်တော်ကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်... သူတို့ အားလုံး သေသင့်တယ်... သခင်လေး... ကျေးဇူးပြုပြီး အပြစ်ချက်ချင်း ပေးလိုက်ပါ... မဟုတ်ရင် ကျွန်တော်တို့ တော်တော်လေး မျက်နှာပျက်ရလိမ့်မယ်.."
"ပါးစပ်ပိတ်ထားစမ်း"
လုဝမ့်ရှန်းက အော်ငေါက်လိုက်သည်။
"မင်းတို့လို ဦးနှောက်မရှိတဲ့အရူးတွေမရှိမှပဲ နွေဦးဆောင်းအိမ်တော်က မျက်နှာမပျက်ရမှာ... မင်းက ဒီမှာ ပြဿနာလာရှာရဲမယ်လို့ ယုံတောင် မယုံနိုင်ဘူး... ငါ ညီအစ်ကိုရန်နဲ့ သဘောတူထားပြီးပြီ... ငါ့ကို ယုံစမ်းပါ... သူသာ မင်းတို့ကိုသတ်ချင်ရင် လက်ညှိုးတစ်ချောင်းနဲ့တောင် သတ်နိုင်တယ်... အခုချက်ချင်း သူ့ကို တောင်းပန်လိုက်"
"ဒါပေမဲ့ နဝမသခင်လေး... ရန်ကလန်က ပျောက်သွားတဲ့ ကျွန်တော်တို့ တပည့်အချို့နဲ့ ပတ်သက်နေတယ်လေ"
"ငါဒီနေ့ လာတာ ဒီကိစ္စကို ဖြေရှင်းဖို့ပဲ"
လုဝမ့်ရှန်းက မျက်နှာအမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
"အခုကိစ္စက အင်မော်တယ်ခြေနင်း ကျောင်းတော်ရော နွေဦးဆောင်း အိမ်တော်နဲ့ရော ပတ်သက်နေတယ်... ဒါကြောင့် မင်းရဲ့ ထင်မြင်ချက်ကို ပြောဖို့ အရည်အချင်း ရှိတယ်ထင်နေလား... ငါက ဒီမှာ တာဝန်ခံပဲ... နားလည်လား"
"ဟုတ်ကဲ့ နဝမသခင်လေး"
ကျန်းလေ့က တုန်ယင်စွာ ပြောလိုက်သည်။ သူက လုဝမ့်ရှန်း၏ လုပ်ဆောင်တတ်ပုံနှင့် အကျွမ်းတဝင်ရှိကာ သူ့ အမူအရာ ကင်းမဲ့နေလေလေ ပိုအန္တရာယ်များလေလေ ဖြစ်ကြောင်းကို သိထားပေသည်။
"ညီအစ်ကိုလု... မင်းက ဧည့်သည်ပဲလေ"
ရန်ချီက ပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ ငါ့ဆီမှာ ဖျော်ဖြေစရာနည်းလမ်း အများကြီးတော့မရှိဘူး... ငါတို့တွေ ငါ့စာကြည့်ခန်းကိုသွားပြီး ပျောက်ဆုံးသွားတဲ့ တပည့်တွေကိစ္စ သွားပြောကြရအောင်... ငါအားလုံး ဖြေရှင်းပေးမယ်"
"ညီအစ်ကိုရန်... အဲဒါဆို ကျေးဇူးအများကြီးတင်ပါတယ်... အမှန်တိုင်း ပြောရရင် အဖေက ငါ့ကို ဒီလွှတ်လိုက်တာ အဲဒီကိစ္စကို ဖြေရှင်းဖို့ပဲ... အကယ်၍ ငါလုပ်သမျှသာ သူ့အတွက် ကျေနပ်မှု မရစေရင် သူ့ကို မျက်နှာတောင် ပြနိုင်မှာ မဟုတ်ဘူး... ပြီးတော့ ငါ့ညီအစ်ကိုတွေ မောင်နှမတွေကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါ့ကို တိုက်ခိုက်ကြလိမ့်မယ်... ညီအစ်ကို ရန်ချီ... မင်းကတော့ ငါတို့ အိမ်မှာ ဖြစ်တာတွေကို သိမှာမဟုတ်ပါဘူး"
ထို့နောက် သူတို့နှစ်ယောက် အတွင်းဘက်သို့ လျှောက်လာသောအခါ စည်းဝေးပွဲကို တက်ဖို့ အရည်အချင်းပြည့်မီသည့် အကြီးအကဲလေးယောက်သာ အတူ ဝင်လာခဲ့ကြသည်။ ကျန်းလေ့နှင့် အခြား အကြီးအကဲများကတော့ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရသည်။
လမ်းတစ်လျှောက်လုံး ရန်ချီက ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေခဲ့သည်။
'ဒီလုဝမ့်ရှန်းက ဒီလောက် ညည်းပြနေပေမဲ့ တပည့်တွေ ဘာဖြစ်ခဲ့လဲဆိုတာတော့ တကယ် သိချင်နေပုံပဲ... ပြီးတော့ သူက အရေးကြီးတဲ့ ကလန်တစ်ခုက သခင်လေးတစ်ယောက်လည်း ဖြစ်သေးတယ်... ဒါပေမဲ့လည်း သူက အပြိုင်အဆိုင် တော်တော်များများနဲ့ ရင်ဆိုင်နေရတယ်လေ... ဒါက အင်ပါယာမင်းသားနဲ့တောင် တူညီနေသေးတယ်... တကယ်လို့ သူသာ သူ့တာဝန်ကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် သူ့အနေနဲ့ တိုက်ခိုက်ခံရမှာပဲ... တကယ်လို့ သူ့အနေနဲ့ နာမည်ပျက်သွားရင် နောက်တစ်ခါ ပြန်ထူထောင်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်'
လုဝမ့်ရှန်းက ထိုင်ပြီးသည်နှင့် မေးလိုက်သည်။
"ညီအစ်ကို ရန်ချီ... နွေဦးဆောင်း အိမ်တော်က အသုံးမကျတဲ့ တပည့်အချို့က ရန်ကလန်ကို အပြစ်ပြုမိလို့ အဆုံးသတ်ခဲ့ရတာလား"
"ဒါက အမှန်ပါပဲ"
ရန်ချီက ဝန်ခံလိုက်သည်။ နွေဦးဆောင်းအိမ်တော်မှ လူတိုင်း အံ့ဩသွားခြင်းမှာ သူက အမှန်တရားကို ဖုံးကွယ်ထားဖို့ ဆန္ဒမရှိခြင်းကြောင့်ပင် ဖြစ်ပေသည်။
"လွန်ခဲ့တဲ့အချိန်တုန်းက မင်းတို့ အိမ်တော်က တပည့်အချို့က ရန်ကလန်ကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့ကြတယ်…"
ထို့နောက် သူက ချန်ကလန်မှ စကြဝဠာကြေးမုံကို ရှာတွေ့သောအခါ နွေဦးဆောင်း အိမ်တော်မှ တပည့်အချို့ ရုတ်တရက် ထွက်ပေါ်လာပုံ၊ ကြေးမုံကို လုယူပုံနှင့် သူ့ကို တိုက်ခိုက်ခဲ့ပုံ အသေးစိတ်ကို ပြန်ရှင်းပြလိုက်သည်။ သူက အချို့ ကျောင်းသားများကိုသတ်ကာ အချို့ကို ကျင့်ကြံမှု ဖျက်ဆီးခဲ့သည့် အကြောင်းများ အပါအဝင် ဇာတ်လမ်း တစ်ခုလုံးကို ပြောပြလိုက်၏။
"ညီအစ်ကိုလု... ဒါကို မင်းဘယ်လိုထင်လဲ... ငါမှန်တာကို လုပ်ခဲ့တာလား... ငါတို့ တစ်ယောက်ကို တစ်ယောက်တောင်မသိဘဲ အဲဒီကျောင်းသားတွေက ငါတို့ကို သူတို့ရဲ့ကျွန် ဖြစ်စေချင်ခဲ့တယ်... ငါ့ကလန်ကို ငါ့အနေနဲ့လည်း စဉ်းတီတုံးပေါ် တင်ထားပြီး ခုတ်ထစ်ဖို့ စောင့်နေရတဲ့ ငါးတစ်ကောင် မဖြစ်စေချင်ခဲ့ဘူးလေ"
လုဝမ့်ရှန်းက ဇာတ်လမ်းတစ်ခုလုံး နားထောင်ပြီးသောအခါ သူ့ မျက်လုံးများ၌ ဒေါသမီးများ တောက်လောင်နေတော့သည်။
"ဒီကိစ္စတွေက ဘယ်လိုဖြစ်ရတာလဲ... ဘယ်လောက်တောင် စည်းကမ်းမဲ့တာလဲ... ငါတို့ နွေဦးဆောင်းအိမ်တော်ကတပည့်တွေ ဒီလောက်ထိ ဖြစ်နေလိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး... အကြီးအကဲတို့... မင်းတို့ ဘယ်လိုထင်လဲ... ငါတို့ ကလန်ရဲ့တပည့်တွေက ယနေ့ခေတ်မှာ ဒီလောက်တောင် ထောင်လွှားနေကြတာလား"
အကြီးအကဲ တစ်ယောက်၏ မျက်နှာအမူအရာ ပျက်သွားကာ ပြောလိုက်သည်။
"နဝမမြောက် သခင်လေး... ဒီလိုကိစ္စတွေက ကြီးမားတဲ့ ကလန်တိုင်းမှာ ဖြစ်ပျက်နေကျပါ... ဒါက တကယ်ကို ရှောင်လွှဲလို့မရပါဘူး... အင်မော်တယ်ခြေနင်း ကျောင်းတော်လိုမျိုး ဖြောင့်မတ်တဲ့ အမှန်တရား အဖွဲ့အစည်းတွေမှာတောင် အင်အားကိုအသုံးပြုပြီး လုယက်မိုက်မဲနေတဲ့ ပန်းသီးပုပ်လို လူမျိုးတွေက ရှိကြတာပဲ... ပြောရရင် ဒီလိုကိစ္စတွေက တိတ်တဆိတ် ဖြေရှင်းဖို့လိုတယ်... အပြင်လူတွေဆီသာ ငါတို့ ကလန်ရဲ့ အကျင့်ပျက် တပည့်တွေအကြောင်း ပေါက်ကြားသွားရင် ငါတို့ အားနည်းလာလိမ့်မယ်... ငါတို့လို ကလန်ကြီးတွေမှာ ဂုဏ်သိက္ခာက အရေးကြီးဆုံးပဲ... နဝမသခင်လေး ဒီကိစ္စကို ဂရုစိုက် ကိုင်တွယ်သင့်တယ်"
အကြီးအကဲတစ်ယောက်က ရန်ချီ ထုတ်ဖော် ပြောကြားမှုကို နားထောင်ရင်း အခြေအနေ ဆိုးဝါးလာတာကို သတိပြုမိလိုက်ရာ သူက အမြန် ပြောလိုက်သည်။
"တကယ်တော့ ရန်ကလန်က ဘာမှမမှားပါဘူး... နဝမသခင်လေး ဒီလို အခြေအနေတွေက တကယ်ကိုရှိနေကြတာပါ... ရန်ချီ... ကျေးဇူးပြုပြီး စိတ်နည်းနည်းလျှော့ပါ... ငါတို့ မင်းကို အပြစ်တင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း နဝမသခင်လေးက အိမ်တော် ပြန်ရောက်ရင် အခု အခြေအနေကို ပြန်တင်ပြရမှာမို့လို့ပါ... ငါတို့ သဘောတူညီမှုက သေချာပါတယ်... ငါတို့ရဲ့ နဝမသခင်လေးက ရန်ကလန်နဲ့ တကယ် မိတ်ဆွေ ဖြစ်ချင်တာပါ"
ရန်ချီ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားတော့သည်။
"ငါနားလည်ပါတယ်... ဒီကိစ္စက နွေဦးဆောင်းအိမ်တော်ရဲ့ ဂုဏ်သတင်းကို သက်ရောက်နိုင်တယ်... ငါတို့ ရန်ကလန်က မမှားပေမဲ့လည်း လုံးဝ မှန်ကန်နေတယ်တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ပြီးခဲ့တာတွေက ဘာမှ လုပ်မရတော့ဘူး... ညီအစ်ကိုလု... ငါ့အနေနဲ့ လျော်ကြေး အနည်းငယ် ပေးမယ် ဆိုရင်ကော ဘယ်လိုလဲ"
"အိုး"
လုဝမ့်ရှန်း အနေဖြင့် အနည်းငယ် အံ့ဩသွားသည်။
"ညီအစ်ကို ရန်ချီက တကယ်ကို သဘောထားကြီးတာပဲ... ဒီနေ့တော့ ငါတကယ် ရှက်မိပါတယ်... ဘာပဲဖြစ်ဖြစ် ငါ့မှာ အစီအစဉ် ရှိပါတယ်... ဒီလိုဆိုရင်ကော... ပျောက်ဆုံးနေတဲ့ တပည့်တွေက သားရိုင်းတွေကြောင့် သေဆုံးခဲ့ရတယ်... ရန်ကလန်နဲ့ လုံးဝ မပတ်သက်ဘူး"
ထိုအချိန်မှာပင် အမျိုးသမီးငယ် နှစ်ဦး၏ အသံကို သူတို့ နားထဲ ကြားလိုက်ရသည်။
"ရှင်တို့ လက်တွေ ဖယ်စမ်း... ကျွန်မကို သွားခွင့်ပေး... ရှင်တို့လို သေးနုပ်တဲ့ ရန်ကလန်က နွေဦးဆောင်းအိမ်တော်က တပည့်တွေကို သတ်ရဲပြီး ငါ့စွမ်းအင်ပညာရပ်ကို ဖျက်ဆီးရဲတယ်... ဒီအတွက် ရှင်တို့ ကလန်တစ်ခုလုံး အရှင်းခံစေရမယ်"
တံခါးပွင့်သွားပြီးနောက် ရန်ချီ၏ စွမ်းအင်ပညာရပ် ဖျက်ဆီးခံရစေရန် မိန်းကလေးနှစ်ယောက် ဝင်ရောက်လာကြသည်။ အခန်းအတွင်း ဘယ်သူတွေရှိလဲ သိသောအခါ ပထမဆုံး သူတို့ တုန်လှုပ်သွားကြ၏။ ထို့နောက် ကျယ်လောင်စွာ ငိုကြွေးလိုက်တော့သည်။
"နဝမသခင်လေး... ကျွန်မတို့အတွက် လက်စားချေပေးပါ... ရန်ကလန်ကို အပြတ်ရှင်းပစ်ပေးပါ... ဒီမှာရှိတဲ့ လူက ကျွန်မတို့ ဂိုဏ်းတူ အစ်ကိုကြီးကို သတ်လိုက်တာပဲ... သူ သူတို့ အားလုံးကို သတ်လိုက်တယ်"
လုဝမ့်ရှန်းက အေးစက်စွာ နှာတစ်ချက်ရှုံ့လိုက်ပြီး သူ့ လက်ချောင်းများဖြင့် ဖြတ်ရိုက်လိုက်ရာ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
"ညီအစ်ကိုရန်... ဒီအကျင့်ပျက် ခေါင်းမာတဲ့ တပည့်တွေရဲ့ ပြစ်မှုက မမေ့နိုင်စရာပဲ"
ရန်ချီက တစ်ချက်မှ သတိမပေးဘဲ ရှေ့တိုးလာကာ လက်ဝါးပေါ်၌ ရေစက်တစ်စက်ကို ထုတ်ပြလိုက်သည်။ ထိုအရာ၏ အစွမ်းထက်သည့် အရှိန်အဝါများကြောင့် ထိုနေရာရှိ လူတိုင်း ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။
လုဝမ့်ရှန်းနှင့် အကြီးအကဲများ၏ မျက်လုံးများက ပန်းကန်လုံးလောက် ပြူးကျယ်လာတော့သည်။
"ဒါ... ဒါ အသက်ဓာတ် စမ်းရေ... ဒဏ္ဍာရီထဲက အသက်ဓာတ် စမ်းရေလား"
"အမှန်ပဲ"
ရန်ချီက ဖြေလိုက်သည်။
"အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ အကျိုးအမြတ်ကြီးတစ်ခု ငါလုပ်ပေးခဲ့လို့ အသက်ဓာတ်စမ်းရေ တစ်စက်ကို ဆုအဖြစ် ရရှိခဲ့တယ်... ဒါက အစက်လေးတစ်စက်ပေမဲ့ လူတစ်ယောက်ကို လောကအုပ်ချုပ်ခြင်းအဆင့်ရောက်အောင် လုပ်ပေးနိုင်တယ်... ဒီလျော်ကြေးက နွေဦးဆောင်း အိမ်တော်မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုံလောက်မှာပါ"
"ဒါ…."
လုဝမ့်ရှန်း တစ်ယောက် တည်ငြိမ်နိုင်ဖို့ အချိန်တစ်ခု ယူခဲ့ရသည်။
"မင်းရဲ့ ဒီလို အံ့ဖွယ် လက်ဆောင်က လျော်ကြေးလား... ငါဒါကို လက်မခံနိုင်ဘူး... ညီအစ်ကိုရန်... မင်းရဲ့ ကိုယ်ကျင့်တရားကို ငါယုံတယ်... မင်းကို ငါ နက်နက်ရှိုင်းရှိုင်း လေးစားမိတယ်"
ခလွမ်... ချလွမ်
လုဝမ့်ရှန်း၏ လက်ချောင်းများ လှုပ်ရှားပြီးနောက် သွေးပျက်မတတ် အော်သံများ ထွက်ပေါ်လာသည်။ ထို့နောက် နွေဦးဆောင်းအိမ်တော်မှ အမျိုးသမီး နှစ်ယောက်က နောက်လှန် လဲကျကာ သေဆုံးသွားတော့သည်။ သူတို့၏ ရင်ဘတ်၌ အပေါက်နှစ်ပေါက် ရှိနေသည်။
ရန်ချီက ကြည့်နေရင်း မျက်လုံးများ တောက်ပလာတော့သည်။ သူ့အနေဖြင့် လုဝမ့်ရှန်း၏ ရပ်တည်ချက်ကို အပြည့်အဝ သတိပြုမိလိုက်၏။
"ဒီတပည့်နှစ်ယောက်ရဲ့ အပြစ်တွေက သေတာတောင် မကျေနိုင်ဘူး... သူတို့က စည်းကမ်း ဖောက်ဖျက်တဲ့သူတွေပဲ... အကြီးအကဲတို့... သူတို့အနေနဲ့ ကလန်စည်းမျဉ်းတွေကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာ မသတ်သင့်ဘူးလား"
လုဝမ့်ရှန်းက အကြီးအကဲတွေကို ကြည့်လိုက်သည်။
"သတ်သင့်တယ်"
အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ညီအစ်ကိုရန်ချီ... ငါတို့ နှစ်ယောက်စလုံး ကိစ္စတွေကို ကျေနပ်အောင် ရှင်းပြီးပြီလို့ ငါထင်တယ်... ငါပြန်ပြီးတော့ အဖေ့ကို အကြောင်းစုံပြန်တင်ပြလိုက်မယ်... ဒါနဲ့ နွေဦးဆောင်း အိမ်တော်က ရန်ကလန်နဲ့ တရားဝင် မဟာမိတ်ဖွဲ့ဖို့ပါ အကြံပေးလိုက်မယ်"
ထို့နောက် သူက မတ်တတ် ထရပ်လိုက်သည်။
"ဒါနဲ့ အရိပ်ပိုးစံအိမ်က မင်းတို့ ကလန်ကို မကြာသေးခင်က စောင့်ကြည့်နေကြတယ်... တကယ်လို့ မင်း ငါတို့ အကူအညီလိုရင် တစ်ခွန်းတည်းသာ ပြောလိုက်ပါ"
"ဒီအတွက်တော့ မလိုပါဘူး"
ရန်ချီက ငြင်းလိုက်ကာ သူ့အသံအနေအထားက အေးစက်သွားသည်။
"အရိပ်ပိုးစံအိမ်က မြေပုံပေါ်ကနေ ရှင်းထုတ်သင့်တဲ့ ဆိုးယုတ်တဲ့ အဖွဲ့အစည်းတစ်ခုပဲ... အဲကောင်တွေကို ငါကိုယ်တိုင် ရှင်းလိုက်မယ်... သူတို့အနေနဲ့ ဒဏ္ဍာရီအဆင့်တစ်ယောက် စေလွှတ်လည်း ငါနဲ့ မယှဉ်နိုင်ပါဘူး"
ရန်ချီက စကားပြောနေရင်း သူ့ အရှိန်အဝါများက ကြီးမားလာကာ ပိုမို အစွမ်းထက်လာသည်။ ထိုဖိအားကြောင့် လုဝမ့်ရှန်းနှင့် အကြီးအကဲလေးယောက်က နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်မိကာ သူတို့၏ မျက်လုံးများထဲ၌ ရန်ချီ မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်မိကာ ကြောက်လန့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
'ဘုရား... ဘုရား... သူ့ရဲ့ အစစ်အမှန် စွမ်းအင်က သန်မာလိုက်တာ... သူက အဆင့် (၈)၊ အဆင့် (၉) လောကအုပ်ချုပ်သူလောက် အစွမ်းထက်နေပါလား... သူက ပါရမီရှင်တစ်ယောက်လား... သူက ရှေးခေတ်က မဟာသူတော်စင်တွေလို ကောင်းကင်ကနတ်ဘုရားတစ်ပါး သေမျိုးကမ္ဘာကို ဆင်းသက်လာတာများလား' အကြီးအကဲတစ်ယောက်က တွေးမိလိုက်တော့သည်။
"ညီအစ်ကိုရန်... တကယ်ကို အထင်ကြီးထိုက်ပါတယ်"
လုဝမ့်ရှန်းက အားတင်းကာ ရယ်မောလိုက်သည်။
"အစောပိုင်းက မင်းသာ မလျှော့ပေးရင် ငါ့အနေနဲ့ မင်းပြိုင်ဘက်ဖြစ်ဖို့တောင် မနီးစပ်မှန်း အခုတော့ သိလိုက်ရပြီ"
"ကြင်နာသနားတတ်တာ တကယ်တော့ သူတော်ကောင်း တရားပဲလေ"
ရန်ချီက ပြုံးကာ ပြောလိုက်သည်။
"ညီအစ်ကိုလု... နားထောင်ပါဦး... ငါတို့ ပထမဆုံး သူငယ်ချင်းတွေ ဖြစ်လာပြီး ရန်ကလန်နဲ့ နွေဦးဆောင်း အိမ်တော်ကလည်း အနာဂတ်မှာ မဟာမိတ် ဖွဲ့ကြတော့မှာ... ငါတို့ အခု ဒီနေရာမှာ သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ကြရအောင်"
End
***