လုဝမ့်ရှန်းမှာ အစပိုင်းတွင် အံ့ဩသွားသော်လည်း မကြာမီမှာပင် သူ့မျက်လုံးများ၌ ဝမ်းသာရိပ်များ တောက်ပလာတော့သည်။ ရန်ချီက အစစ်အမှန် စွမ်းအား အနည်းငယ် ထုတ်ပြလိုက်ရာ လုဝမ့်ရှန်းတစ်ယောက် ထိုလူငယ်မှာ လောကအုပ်ချုပ်ခြင်း နယ်ပယ်၏ မွန်းစတား စစ်စစ်ဖြစ်ကြောင်း နားလည်သွား၍ ဖြစ်သည်။
ထို့အပြင် အင်မော်တယ်ခြေနင်း ကျောင်းတော်တွင် မိတ်ဆွေတစ်ယောက်ရှိနေခြင်းထက် သွေးသောက်ညီအစ်ကို တစ်ယောက် ရှိနေခြင်းက ပိုမို ကောင်းမွန်သည် မဟုတ်ပါလား။
"ကောင်းပြီလေ"
လုဝမ့်ရှန်းက ပြန်ဖြေလိုက်သည်။
"မင်းပြောတာ မှန်တယ်... ငါတို့က မိတ်ဆွေတွေဖြစ်ပြီးသားဆိုတော့ လုပ်ကြည့်ကြတာပေါ့... သွေးသောက်ညီအစ်ကိုတွေအနေနဲ့ အတူရှင်တွဲ၊ အတူသေကြမယ်... အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို အတူမျှဝေကြတာပေါ့"
"ကောင်းလိုက်တာဗျာ... အစ်ကိုကြီး၊ အစ်ကိုနှစ်... ကလန်လက်ထောက် ခေါင်းဆောင် လုဝမ့်ရှန်းနဲ့ ကျွန်တော် သွေးသောက်ညီအစ်ကို ဖွဲ့တော့မယ်... အမွှေးတိုင်အချို့ ယူလာပေးပါ"
"အခုချက်ချင်း ယူလာပေးမယ်"
ရန်ယွမ်ကျုံးနှင့် ရန်ဟွာလုံတို့က အလျင်အမြန်ပင် ပြင်ဆင်ရန် ထွက်သွားကြ၏။
အကြီးအကဲများကမူ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤအစီအစဉ်မှာ သူတို့အတွက်လည်း အကျိုးရှိစေသည် မဟုတ်ပါလား။ ရန်ချီ၏ ကျင့်ကြံမှု အခြေခံအရ သူက အင်မော်တယ်ခြေနင်း ကျောင်းတော်၌ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူတို့၏ နဝမသခင်လေးအနေဖြင့် ထိုကဲ့သို့ လူမျိုးနှင့် သွေးသောက်ညီအစ်ကိုဖြစ်နေခြင်းက နွေဦးဆောင်း အိမ်တော်အတွင်း ရုန်းကန်လှုပ်ရှားရာတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။
သွေးသောက်ညီအစ်ကိုဆိုသည်မှာ သာမန်မိတ်ဆွေသူငယ်ချင်းများနှင့် ကွဲပြားသည်။ သူငယ်ချင်းများက မတော်တဆကြုံတွေ့ခဲ့သော သူစိမ်းများသာ ဖြစ်ကြပြီး သွေးသောက်ညီအစ်ကိုများမှာမူ တရားဝင် အခမ်းအနားဖြင့် ချည်နှောင်ထားခြင်းဖြစ်သည်။ အတူတကွ ရှင်သန်ကြပြီး အတူတကွ သေဆုံးရန်၊ ဂုဏ်ကျက်သရေနှင့် ဒုက္ခများကို အတူတကွ မျှဝေခံစားရန် ကတိသစ္စာ ပြုကြခြင်းပင်။
အမွှေးတိုင်များ ပြင်ဆင်ပြီးနောက် ရန်ချီနှင့် လုဝမ့်ရှန်းက ဘေးချင်းယှဉ် ဒူးထောက်လိုက်ကြပြီး ပြိုင်တူ သစ္စာဆိုကြတော့သည်။
"ဒီနေ့ ကျွန်တော် လုဝမ့်ရှန်း (ကျွန်တော် ရန်ချီ)တို့ သွေးသောက်ညီအစ်ကိုအဖြစ် သစ္စာဆိုပါတယ်... ကျွန်တော်တို့ရဲ့ ရှင်သန်မှု၊ သေဆုံးမှု၊ ဂုဏ်ကျက်သရေနဲ့ ဒုက္ခတွေကို အတူတကွ မျှဝေကြပါမယ်... တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်း မမွေးဖွားပေမယ့် တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ အတူတကွသေဆုံးပါ့မယ်... ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် သစ္စာဖောက်ခဲ့ပါက ကောင်းကင်ဘုံက ဖျက်ဆီးပါစေ၊ ကမ္ဘာမြေကြီးက ဝါးမြိုပါစေ၊ လူနတ်အများရဲ့ ဒဏ်ခတ်ခြင်း ခံရပါစေသား"
ထို့နောက် သူတို့ အတူတကွ ရှစ်ကြိမ် ဦးချလိုက်ကြ၏။
အခမ်းအနား ပြီးဆုံးသည်နှင့် ဝမ်းသာအားရ ရယ်မောလိုက်ကြသည်။ ရန်ချီနှင့် လုဝမ့်ရှန်းတို့က တစ်ယောက်ပခုံး တစ်ယောက်ဆုပ်ကိုင်ကာ ပြောလိုက်ကြသည်။
"သိပ်ကောင်းတာပဲ ညီအစ်ကို... ရန်ကလန်နဲ့ နွေဦးဆောင်းအိမ်တော်လည်း အတူတကွ တိုးတက်ပြီး အတူတကွ ဆုတ်ခွာမယ်... တကယ်လို့ မင်းအကူအညီ လိုတာရှိရင် ပြောလိုက်ပါ... မင်းအတွက် အတတ်နိုင်ဆုံး ကူညီပေးမယ်... မင်းရဲ့ ပြဿနာတိုင်းက ငါ့ရဲ့ ပြဿနာပဲ"
လုဝမ့်ရှန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုလိုက်သည်။
"ကောင်းပြီ... အခုအချိန်ကစပြီး ရန်ကလန်က ကိစ္စတိုင်းကလည်း ငါ့ရဲ့ ကိစ္စဖြစ်သွားပြီ... မင်းအဖေကလည်း ငါ့အဖေပဲ"
ရန်ကျန့်က နေရခက်စွာဖြင့် ချောင်းတစ်ချက် ရှင်းလိုက်သည်။
"အို... ငါ ဒီဘွဲ့ဂုဏ်ကို လက်မခံနိုင်ပါဘူး"
ရန်ချီက ပြုံးလိုက်သည်။
"ကောင်းပြီ ညီလေး... အသက်ဓာတ်စမ်းရေ တစ်စက်ကို ဂရုစိုက်ပါ... မင်းအဖေသာ ဒါကိုမြင်ရင် မင်းကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြောင်း နားလည်သွားမှာပါ"
"ဟုတ်တယ်... ဒီအသက်ဓာတ်စမ်းရေကို ရရှိတာက ကိစ္စကြီးတစ်ခုပဲ... ဒါပေမဲ့ မင်းနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ရတာက ပိုအရေးကြီးတယ်... ဒါနဲ့ ကျောင်းတော်တွေကြားက သိုင်းပညာ ယှဉ်ပြိုင်ပွဲက လာတော့မယ်နော်... အခြားကလန်ကြီးတွေက လူတော်တော်များများကို တွေ့မြင်ရလိမ့်မယ်... အစ်ကို လက်စွမ်းကောင်းကောင်းပြနိုင်ဖို့ မျှော်လင့်တယ်... အစ်ကို့ရဲ့ လက်ရှိ အရည်အချင်းကို ထည့်တွက်ရင် အစ်ကို့အနေနဲ့ ယှဉ်ပြိုင်မှုကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်"
"ငါလည်း မျှော်လင့်ပါတယ်"
ရန်ချီက ပြောရင်း လက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းပြားလေး တစ်ချပ် ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားထဲ၌ သူ့မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို အသုံးပြု၍ အစစ်အမှန် စွမ်းအင် အနည်းငယ် ထည့်သွင်းထားလိုက်၏။
"ညီအစ်ကို... ဒီအထဲမှာ အစစ်အမှန် စွမ်းအင် အနှစ်သာရ စည်းတံဆိပ် ပါတယ်... တကယ်လို့ ကိစ္စပေါ်လာရင် ဒီကနေ ငါ့ကို ဆက်သွယ်လိုက်... ငါ အမြန်ဆုံး လာခဲ့မယ်"
ရန်ချီက ပင်လယ်နတ်ဘုရားကျောင်းတော်မှ သွေးသောက်ညီအစ်ကို ဖြစ်သော ကျွင့်ထျန်းချုံး၏ 'ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့် အဆောင်' နှင့် အလားတူသည့် ကျင့်စဉ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
လုဝမ့်ရှန်းက ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ညီအစ်ကို... ကောင်းပြီ နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ... နွေဦးဆောင်းအိမ်တော်က ဒီနတ်ဘုရားအဆောင်ကို ယူထားပါ... ဒါနဲ့ဆို မင်း အကူအညီလိုရင် ငါ့ကိုလာရှာနိုင်ပြီ"
ထို့နောက် သူက ကျောက်စိမ်း အဆောင်တစ်ခုကို ကမ်းပေးလိုက်သည်။
"နှုတ်ဆက်ပါတယ် ညီအစ်ကို... နောက်တစ်ခါမှ ပြန်တွေ့ကြတာပေါ့"
လုဝမ့်ရှန်းက လေထဲသို့ ပျံတက်သွားပြီးနောက် သူ့အကြီးအကဲများ၊ သူသတ်ဖြတ်ခဲ့သည့် တပည့်အလောင်းများနှင့် ကျန်းလေ့တို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့အားလုံး ပျောက်ကွယ်သွားကြလေပြီ။
ရန်ချီက ကိစ္စကြီးတစ်ခုကို ဖြေရှင်းနိုင်ရုံမက နွေဦးဆောင်း အိမ်တော်မှ နဝမသခင်လေးနှင့်ပင် သွေးသောက်ညီအစ်ကို ဖွဲ့နိုင်ခဲ့သည်။
"မင်း တကယ် ကြီးပြင်းလာပါပြီ ချီအာ..."
ရန်ကျန့်က ပြောလိုက်သည်။ သူက သားဖြစ်သူ၏ ပခုံးကို ဆုပ်ကိုင်ရင်း ဆက်ပြောလိုက်၏။
"ပြီးခဲ့တဲ့ အချိန်တုန်းက နွေဦးဆောင်းအိမ်တော်က မင်းကို သတ်ဖြတ်လိမ့်မယ်လို့ ထင်ထားခဲ့တာ... မင်းအနေနဲ့ အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ အမြဲတမ်း ပုန်းခိုနေနိုင်ပေမဲ့လည်း ယန်ကောင်းကင်ကတော့ ပြဿနာကြီး ဖြစ်လာလိမ့်မယ်ပေါ့... ဒါပေမဲ့ အဲဒီအစား မင်းက အရာရာကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်... သွေးသောက်ညီအစ်ကို ဖွဲ့နိုင်တော့ အရာရာက အဆင်ပြေ ချောမွေ့သွားပြီ"
"ငါ့သား... မင်းက မယုံကြည်နိုင်လောက်အောင် လုပ်နိုင်ခဲ့တာပဲ"
"ကျွန်တော့်အတွက်လည်း မယုံနိုင်စရာပါပဲဗျာ... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အဆင့်တစ်ခုကို ရောက်လာရင် ကြိုးပေးတောင်တန်းကို သွားပြီး အမေ့ကိုသွားရှာမှာပါ... အဲဒါကမှ မယုံနိုင်စရာ ပိုကောင်းမှာ"
ထို့နောက် ရန်ချီ၏ အသံက လေးနက်သွားတော့သည်။
"အဖေ... ကျွန်တော် အနက်ရောင် အလောင်းတောင်တန်းကို သွားတဲ့ ခရီးကနေ အကျိုးအမြတ် အများကြီး ရခဲ့တယ်... ဒါကြောင့် အခု တစ်ယောက်တည်း ကျင့်ကြံဖို့ အချိန်အချို့ လိုအပ်နေတယ်... အဲဒါ ပြီးရင်တော့ ကျောင်းတော်ကို ပြန်သွားတော့မယ်... မကြာခင် ကျောင်းတော်များ အကြား သိုင်းပညာပြိုင်ပွဲ မကျင်းပခင် လုပ်သင့်တာကို လုပ်ထားရမယ်... တကယ်လို့ ကျွန်တော်က ကျောင်းတော်ရဲ့ အာရုံစိုက်မှုကို ပိုမို ရယူနိုင်ရင် ပိုမို လုံခြုံနိုင်လိမ့်မယ်... အဲဒီ အခြေအနေရောက်ရင် အရိပ်ပိုးစံအိမ်ကတောင် ကျွန်တော်တို့ ကလန်ကို ဘာမှ လုပ်ရဲတော့မှာ မဟုတ်ဘူး"
"ငါ မင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်မှာပါ"
ရန်ကျန့်က ပြုံးကာ ပြောလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရန်ချီက ဧကရာဇ်တာအို စွမ်းအင် အစီအရင်၏ အလယ်သို့ ရောက်ရှိသွားကာ အသက်ဓာတ်စမ်းရေဖြင့် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သူ့ အစစ်အမှန် စွမ်းအင်များကို လက်ကဲ့သို အသုံးပြုကာ ကြက်ဥအရွယ်ခန့် အသက်ဓာတ်စမ်းရေကို သူ့ ငရဲမီးတောက် မီးပြင်းဖိုကြီးထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်တော့သည်။
ဗွက်...
သူ့ အစစ်အမှန်စွမ်းအင်များက တဖြည်းဖြည်း တိုးတက်လာကာ ရွှေဖြူရောင် မြင့်မြတ်မီးလျှံများက ပိုမိုသန့်စင်လာအောင် ကြီးထွားလာပြီး ပိုမို ဖောက်ထွင်း မြင်လာနိုင်သည်။ ထိုအရာကို ယခုအခါ ကောင်းကင်ဘုံကမ္ဘာ၏ 'သန့်စင်ခြင်းမီးလျှံ' ဟုပင် ခေါ်ဆိုနိုင်ပေသည်။
ထိုမီးလျှံ အနည်းငယ်လောက်ကပင် အမာကျောဆုံး သံမဏိကို အရည်ပျော်သွားစေနိုင်သည်။
ကြက်ဥအရွယ် စုဝေးနေသည့် အသက်ဓာတ်စမ်းရေက သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသောအခါ ကိုယ်တွင်းမှ အစိတ်အပိုင်းများစွာ ချက်ချင်း စတင်နိုးထလာသည်ကို ခံစားလိုက်ရပြီး ရှေးဟောင်း ဆင်ရိုင်းအုပ်ကြီး နိုးထလာသကဲ့သို့ပင်။
သူမျှော်လင့်ထားခဲ့သလိုပင် အသက်ဓာတ်စမ်းရေက သာမန်အသက်ဓာတ် အနှစ်သာရများထက် များစွာ အကျိုးရှိပေသည်။
'လောကအုပ်ချုပ်သူ အဆင့် (၅) အစိတ်အပိုင်းတွေ နိုးထလော့... တကယ်လို့ ငါသာ အဆင့် (၅) လောကအုပ်ချုပ်သူဖြစ်လာရင် ကျောင်းတော်မှာ လက်ရင်းကျောင်းသား ဖြစ်လာလိမ့်မယ်... အဲဒါက ငါ့ကို ပိုမို အရေးပါလာစေနိုင်တဲ့အတွက် အကျိုးအများကြီး ဖြစ်လာလိမ့်မယ်... ငါ အဆင့်မြင့်လာရင် တော်ဝင်အိမ်ရှေ့စံ အဖွဲ့တောင် ငါ့ကို တိုက်ရိုက် ပဋိပက္ခ မဖြစ်စေနိုင်တော့ဘူး... အခုချိန်မှာ ငါက ခြိမ်းခြောက်နိုင်လောက်အောင် မသန်မာသေးဘူး... တကယ်လို့ ငါသာ လက်ရင်းကျောင်းသား ဖြစ်သွားရင် အရာရာက ကွဲပြားသွားပြီ... အဆုံးမှာတော့ ငါ ပိုသန်မာလာရမယ်... တကယ်လို့ ငါသာ ဒဏ္ဍာရီအဆင့်ကို ရောက်သွားရင် ပြိုင်ပွဲမှာ ကြီးမားတဲ့ အာရုံဖမ်းစားမှုကို လုပ်နိုင်မှာပဲ... ဒါပေမဲ့ ငါ အချိန်မီပါ့မလား'
'ကံမကောင်းတာက ရွှေရောင်နတ်ကလေးက ငါ့ကို အမြဲ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... ငါ သေချာပေါက် ပြောနိုင်တာတော့ တော်ဝင်အိမ်ရှေ့စံကို စိတ်ပူနေစရာ မလိုတော့ဘူး... နတ်ကလေးရဲ့ တစ်ကွက်ကတောင် မဟာသူတော်စင်တစ်ယောက်ဖြစ်တဲ့ တစ္ဆေအင်ပါယာရာမကို ချေမှုန်းနိုင်သေးတာပဲ... အိုး... တစ္ဆေအင်ပါယာရာမကို ရွှေရောင်နတ်ကလေး ဘာပြောခဲ့တာပါလိမ့်... နတ်ဘုရားအဖွဲ့အစည်း စည်းတံဆိပ်က တစ်ခုခုပဲလား... အဲဒါက ဘာဖြစ်နိုင်မလဲ... သူပြောခဲ့တဲ့ ကွင့်ဒန်းတိုက်ကြီးက ဘာလဲ... ပြီးတော့ ချမ်းသာကြွယ်ဝတိုက်ကြီးကိုလည်း နိမ့်ကျပြီး အားနည်းတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ... ကြည့်ရတာ ကျောင်းတော်ပြန်ရောက်ရင် ငါ ရှာဖွေလေ့လာမှု အချို့ လုပ်တော့မှနဲ့ တူပါတယ်'
သူက ကျင့်ကြံခြင်းကို ပြုလုပ်နေရင်း တစ္ဆေအင်ပါယာရာမနှင့် တွေ့ဆုံခဲ့သည့် အကြောင်းများကို ပြန်လည် သုံးသပ်ရင်း အများကြီး သင်ယူနိုင်ခဲ့သည်။
ကံမကောင်းချင်တော့ နတ်ဘုရား အဖွဲ့အစည်း စည်းတံဆိပ်နှင့် ကွင့်ဒန်းတိုက်ကြီးအကြောင်း မည်သို့မျှ မသိရှိနိုင်ခဲ့ချေ။ သူသိသည်မှာ အစွမ်းထက်သည့် မိစ္ဆာမကောင်းဆိုးဝါး တစ်ကောင်က သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားပါက ရွှေရောင်နတ်ကလေး လှုပ်ရှားလာမည်ဆိုသည့် အချက်တစ်ခုပင်။
'ငါ လောကအုပ်ချုပ်သူ အဆင့် (၅) ကို ချိုးဖောက် တက်လှမ်းနိုင်ရမယ်'
သူက အတွေးအာရုံများကို ပြန်လည် စူးစိုက်လိုက်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ကိုယ်တွင်းရှိ အစိတ်အပိုင်း (၈၁) ခုက အကန့်အသတ်မဲ့ စွမ်းအားများဖြင့် နိုးထလာတော့သည်။
လူခန္ဓာကိုယ်၊ ဆင်ခေါင်းနှင့် အစစ်အမှန် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရား ဝိညာဉ်တော် တစ်ပါး ရန်ချီ၏ ဦးခေါင်းထက်၌ ပေါ်ထွက်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရာက အခန်းကို ဖောက်ထွက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တိမ်ပင်လယ်ထဲသို့ တိုးဝင်သွားသည်။ ထိုအချိန်မှာပင် ထိုအရာက အဆုံးအစမဲ့ သေစေနိုင်သည့် လေပြင်းများထံ ရောက်ရှိသွားတော့သည်။
လေပြင်းများ ကျဆင်းလာသည်နှင့် ထိုအရာက နှာမောင်းကိုမြှောက်ကာ သက်စောင့်စွမ်းအင်များကို စုပ်ယူလိုက်သဖြင့် သူ့အနားရှိ လေပြင်းများက အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
လျှပ်စီးမီးလျှံများ၊ ပြင်းထန်လွန်းသည့် လေပြင်းများနှင့် နတ်ဆိုးများ ပေါ်ထွက်လာပြီး ထိုလူရိပ်ထံ ပြေးဝင်သွားကြ၏။
ဆင်ဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် သတ္တဝါကြီးက ရန်ချီ၏ စိတ်ဝိညာဉ်၌ နေဆန့်စိတ်ဝိညာဉ် အဖြစ် တည်ရှိနေသည်။ ယခုအခါ လောကအုပ်ချုပ်သူ အဆင့် (၅) မှ ထွက်ပေါ်လာသော သက်စောင့်စွမ်းအင် ကပ်ဘေးက ထိုအရာကို မရပ်မနား တိုက်ခိုက်နေသည်။
သို့သော်လည်း ထိုကပ်ဘေးက လူပုံသဏ္ဌာန် အစစ်အမှန်စွမ်းအင်တစ်ခုကိုပင် မတိုက်ခိုက်နိုင်ခဲ့ချေ။ ထိုအရာက (၈) နာရီကြာ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ခြင်း မရှိခဲ့ပေ။ ထိုအစား အစစ်အမှန်စွမ်းအင်များက ကောင်းကင်ဘုံမှ လက်မှုပညာရှင် ပြုလုပ်ထားသည့် ကြွေထည်လက်ရာများ ကဲ့သို့ ပြောင်းလဲသွားတော့သည်။
ထိုအရာက ဆင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် ကြွေနတ်ဘုရားတစ်ပါးပင်။ ၎င်းက အရပ်ရှည်ကာ ဖြောင့်မတ်စွာ ရပ်တန့်နေပြီး စွမ်းအင်စီးကြောင်းများ ဝန်းရံနေသည်။
နောက်ဆုံးတွင် ကပ်ဘေးက ပျောက်ကွယ်သွားတော့၏။
အစစ်အမှန် စွမ်းအင်များက ပြန်လည် ကျဆင်းလာကာ ရန်ချီထံ ပြန်လည် ဝင်ရောက်လာသည်။
ထိုသို့ဖြစ်ချိန်မှာပင် သူ့ခန္ဓာကိုယ်အတွင်းမှ များပြားလှသည့် အစိတ်အပိုင်းများ နိုးထလာခြင်းနှင့် အတူ အစစ်အမှန်စွမ်းအင်များက အမျိုးမျိုးသော သွေးကြောဆုံမှတ်များ၌ အမြစ်တွယ်လာခဲ့ပြီး သူ့အား ယခင်ထက် ပိုမို သန်မာလာစေလေတော့သည်။
အစစ်အမှန်စွမ်းအင်ကို အသုံးမပြုဘဲ လက်သီးဖြင့် ထိုးလိုက်လျှင်ပင် မာကျောသော မြေပြင်ကို နူးညံ့သော တိုဟူးကဲ့သို့ အပေါက် ဖြစ်သွားစေနိုင်သည်။
ထိုအရာက သန့်စင်သော ခန္ဓာကိုယ် ခွန်အားပင် ဖြစ်ပေသည်။
ထို့အပြင် မြေအောက်ရှိ လျှို့ဝှက်ခန်းက သန့်စင်သောသံမဏိဖြင့် ပြုလုပ်ထားလေရာ အစွမ်းထက်သည့် လက်နက်များဖြင့်ပင် မထိုးဖောက်နိုင်ချေ။ ထို့ပြင် ထိုသတ္တုက လူအများ ပခုံးအကျယ်လောက် ထူထဲသည်။
'နောက်ဆုံးတော့ ငါ လောကအုပ်ချုပ်သူ အဆင့် (၅)ကို ရောက်ပြီပဲ... အခုဆို ငါ့ခန္ဓာကိုယ်ထဲမှာ အစစ်အမှန် စွမ်းအင်တွေ ပိုပြီး သိုလှောင်ထားနိုင်ပြီ... ငါ့ရဲ့ အစစ်အမှန်စွမ်းအင်က အရင်ကထက် ပိုနက်ရှိုင်းလာပြီ'
အစစ်အမှန် စွမ်းအင်ရင်းမြစ်များက ခန္ဓာကိုယ်နှင့် ချိတ်ဆက်သွားခဲ့ပြီး ခန္ဓာကိုယ်၏ အခြေခံ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေတော့သည်။
ထိုအရာများက သူ့သွေးကြောဆုံမှတ်များ၌ စွမ်းအင်ပင်လယ် အသစ်များကဲ့သို့ ဖြစ်ပေါ်လာသည်။ ထို့အပြင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိကြကာ တစ်စုံတစ်ယောက်က ကျင့်ကြံသူ့ အစစ်အမှန် စွမ်းအင်အကာအကွယ်ကို ချိုးဖောက်ပြီး တိုက်ခိုက်လာပါက သူတို့ကလည်း အစစ်အမှန် စွမ်းအင်များဖြင့် ပြန်လည် တိုက်ခိုက်ကြပေလိမ့်မည်။
ထိုသည်က အစစ်အမှန် စွမ်းအင်ရင်းမြစ်များ၏ အဓိကအကျိုးကျေးဇူးများမှ တစ်ခုပင်။
'ကောင်းပြီ... အင်မော်တယ်ခြေနင်း ကျောင်းတော်ကို ပြန်ဖို့ အချိန်ရောက်ပြီ'
ရန်ချီက အသက်ဓာတ်စမ်းရေ ဘူးသီးခြောက်ပုလင်းကို သူ့လက်စွပ်အတွင်း ပြန်လည် သိမ်းဆည်းကာ မတ်တတ်ရပ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူ့ကမ္ဘာမြေကြီး ထောင့်လေးထောင့် အဆောင်က ရုတ်တရက် တုန်ခါလာတော့သည်။
***