"အား..."
ပါးရိုက်ချက်သံနှင့်အတူ ခုံရွှီး၏ မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားပြီး စိတ်လှုပ်ရှားနေမှုများလည်း ပျောက်ကွယ်သွား၏။ သူ၏ ဦးနှောက်မှာ ခဏတာ ဝေဝါးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ စူးရှသော နာကျင်မှုက သူသည် ခန္ဓာကိုယ်သစ် ရရှိသွားသော်လည်း ဘေးကင်းရာသို့ မရောက်သေးကြောင်း သတိပေးလိုက်၏။ သူ သံတိုင်ပေါ်တွင် ချည်နှောင်ခံထားရဆဲ ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသည့် အခြေအနေပင် ဖြစ်သည်။
သို့သော် ဤကိစ္စအတွက် သူ လုဖန်ကို မြှူဆွယ်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤအန္တရာယ်မှ လွတ်မြောက်ရန်မှာ သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု သူ ယူဆထားသည်။
ဖက်..ဖက်..
ထိုအချိန်တွင် ဂူချန်က လက်အိတ်စွပ်ထားသော လက်ဖြင့် ခုံရွှီး၏ ဖူးရောင်နေသော ပါးပြင်ကို ပုတ်လိုက်ပြီး အခြားလက်တစ်ဖက်က နားကြပ်ကို ပြင်ရင်း စေတနာအပြည့် ဖြင့်ပြုံး၍ ပြောလိုက်သည်။
"ကဲ... မင်းရဲ့ ပူးကပ်ခြင်း ကလည်း အောင်အောင်မြင်မြင် ပြီးသွားပြီဆိုတော့ ငါတို့ စကားပြောရတာ ပိုလွယ်သွားပြီပေါ့.."
"အခု မင်းကို ငါက လုဖန်လို့ပဲ ခေါ်ရမလား..ဒါမှမဟုတ် ခုံရွှီး လို့ပဲ ခေါ်ရမလား.."
ဤသည်ကို ကြားလျှင် ခုံရွှီးထိတ်လန့်သွား၏ ။ ဤကမ္ဘာ၏ နည်းပညာမှာ ဤမျှ အဆင့်မြင့်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။ သူ ပူးကပ်ပြီးကာစရှိသေး၊ ချက်ချင်း အသိခံလိုက်ရခြင်းလော ။ ထို့ပြင် တစ်စုံတစ်ဦးက စောင့်ကြည့်နေသည်ဟူသော ခံစားချက်မျိုးလည်း သူ မရရှိခဲ့ပေ ။
သူ့အနေဖြင့် အရင်ဘဝက အတွေးအခေါ်များကို ဤကမ္ဘာတွင် အသုံးပြု၍ မရတော့ကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူ ဆက်လက် မဖုံးကွယ်တော့ဘဲ ခါးသီးစွာ ပြုံးလိုက်ပြီး...
"ငါ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ပြန်လည်မွေးဖွားလာတာဆိုတော့ သူ့ရဲ့ အရာအားလုံးကို ဆက်ခံရမှာပဲ..မင်း ငါ့ကို လုဖန်လို့ပဲ ခေါ်နိုင်ပါတယ်..."
ဖြန်း...
ဂူချန်က ပါးကို ဖြတ်ရိုက်လိုက်ပြီး အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
"ငါ့ရှေ့မှာ လာပြီး သောက်ဆရာကြီးစတိုင် ဖမ်းမနေနဲ့ ..မင်းက အခု အကျဉ်းသားပဲ..မင်းရဲ့ အဆင့်အတန်းကို မင်း သိ.."
"ဆက်ပြောစမ်း.."
[ အိမ်ရှင်သည် ကောင်းကင်ပြင်ပမှ နတ်ဆိုးတစ်ဦးကို ၎င်း၏ အဆင့်အတန်းအား သိရှိနားလည်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၁၀၀]
"!!@@##"
လုဖန်က စိတ်ထဲမှ ကြိမ်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ဘာမှမပြရဲ။ သူ စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်...
ဂူချန်က နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ပြန်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်း စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ငါ အကုန်သိတယ်.."
စိတ်လှိုင်းများကတစ်ဆင့် အတွေးအားလုံးကို မဖတ်နိုင်သော်လည်း ယေဘုယျ ရည်ရွယ်ချက်ကိုမူ သိနိုင်သည်။
[ အိမ်ရှင်သည် ကောင်းကင်ပြင်ပမှ နတ်ဆိုးတစ်ဦးကို ဒေသန္တရ ဓလေ့ထုံးစံများနှင့်အညီ နေထိုင်တတ်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]
"..."
လုဖန် ဆွံ့အသွား၏။ သူ ခန္ဓာကိုယ်ကို ပူးကပ်ပြီးကာစရှိသေးပြီး စကားအနည်းငယ်သာ ပြောရသေးသော်လည်း ပါးနှစ်ချက် အရိုက်ခံလိုက်ရလေပြီ ။ အကယ်၍ ဤသို့ဖြစ်မည်မှန်း သိလျှင် မူလဝိညာဉ်ကိုသာ အရင် အရိုက်ခံခိုင်းလိုက်မည်ပင်။
သူက နာကျင်မှုကို အောင့်ထားရင်း လေသံကို အတတ်နိုင်ဆုံး နူးညံ့အောင် လုပ်ကာ ပြောလိုက်သည်။
"ငါ... ငါက တကယ်တော့ ဒီကမ္ဘာက မဟုတ်ဘူး..."
"သြော်.."
ဂူချန်က မျက်ခုံးပင့်လိုက်သည်။
"ဆက်ပြောလေ.."
"ငါ့ရဲ့ ကမ္ဘာမှာတော့ မင်းတို့ဆီကလို နည်းပညာတွေ.. အသက်ရှူကျင့်စဉ်တွေ မရှိဘူး..အဲဒီမှာ စိတ်ဝိညာဉ်ချီကိုပဲ အဆုံးစွန်အထိ တိုးတက်အောင် လုပ်ထားတာ.."
လုဖန်၏ မျက်နှာတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာကာ ဖြည်းဖြည်းချင်း ပြောပြနေသည်။
"ငါက ပါရမီထူးချွန်သူမို့ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံပြီးနောက်မှာ ဝိညာဉ်ဧကရာဇ် အဆင့်ကို ရောက်ခဲ့တယ်.. ဒါပေမဲ့ သိပ်မကြာသေးခင်က ဟင်းလင်းပြင် မုန်တိုင်းတစ်ခုထဲ ရောက်သွားပြီး ပြန်နိုးလာတော့ လုဖန်ဆိုတဲ့ ကောင်လေးရဲ့ စိတ်ထဲကို ရောက်နေတာပဲ.."
"လုဖန်ရဲ့ ကျင့်ကြံမှု မြန်လာတာတွေ.. ထူးခြားတဲ့ အသက်ရှူကျင့်စဉ်တွေက ငါသင်ပေးထားတာ.. ဒါပေမဲ့ ဒီကောင်လေးရဲ့ ပါရမီက ညံ့လွန်းတယ်.. ငါ့ရဲ့ ခန္ဓာကိုယ်သစ်အတွက် သူ့ကို ဘယ်လောက်တောင် စောင့်နေရမလဲ..ငါ့လို ဧကရာဇ်တစ်ယောက်က ငါ့ကံကြမ္မာကို သူတစ်ပါးလက်ထဲမှာ ဘယ်လိုလုပ် ထားနိုင်မှာလဲ.."
"အဲ့ဒါကြောင့် ပူးကပ်ခြင်း ကို ငါ စီစဉ်ခဲ့တာ..."
အဟွတ်.. အဟွတ်..
လုဖန်က သွေးအန်လိုက်ပြီး သူ၏ အရှိန်အဝါမှာ အားနည်းသွား၏။ သူ ဂူချန်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာပြီး...
"သခင်လေးဂူ... လုဖန်ကို စမ်းသပ်ကြည့်တာအရ ငါ့ကမ္ဘာက တိုက်ခိုက်ရေး နည်းစနစ် တွေက မင်းတို့ကမ္ဘာမှာလည်း အလုပ်ဖြစ်တယ်ဆိုတာ ငါ သိတယ်.. ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ငါ မင်းအတွက် အလုပ်လုပ်ပေးမယ်..ငါသိသမျှ နည်းစနစ်တွေကိုလည်း သင်ပေးမယ်.."
လုဖန် ၏ လေသံမှာ အလွန်ပင် စစ်မှန်လှပြီး အသက်ရှင်ရန်အတွက် ဘာမဆို လုပ်မည့်ပုံစံပင် ဖြစ်သည်။
ဂူချန်၏ ခရမ်းရောင် မျက်ဝန်းများ လက်သွားသော်လည်း ထူးခြားမှုကို မတွေ့ရပေ။
' စိတ်ဝိညာဉ်ချီ တိုက်ခိုက်ရေး နည်းစနစ်တွေလား.. ဒါဆို လုဖန် အရင်က သုံးခဲ့တဲ့ ရှစ်ချက်တွဲ ပေါက်ကွဲအား က အဲဒီကမ္ဘာက နည်းစနစ်ပေါ့..'
ကမ်းလှမ်းချက်က ဆွဲဆောင်မှု ရှိသော်လည်း ဂူချန်က ထိုလူကို မယုံသဖြင့် နောက်လိုက်အဖြစ် ခေါ်မထားချင်ပ ။ နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ပြီး ကမ္ဘာတစ်ခု၏ အသန်မာဆုံး ဧကရာဇ် ဖြစ်ခဲ့သူတစ်ဦးက အစကတည်းက သူ၏ အဖိုးတန် အရာအားလုံးကို ထုတ်ပြလိမ့်မည်လော။
"ဟဟ.."
ဂူချန်က လှောင်ပြောင်လိုက်သည်။
"တစ်ခေတ်တစ်ခါက ဧကရာဇ်တစ်ပါးက ငါ့ရဲ့ ခွေးလုပ်ချင်တာပေါ့ ဟုတ်လား.."
လုဖန်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး မျက်တောင်ချလိုက်သည်။
"သခင်လေးဂူ... ကျွန်တော့်မှာ အခု အသက်ရှင်ဖို့ တခြားနည်းလမ်း ရှိသေးလို့လား.."
"အခြေအနေတွေကတော့ တကယ့်ကို ဆွဲဆောင်မှု ရှိပါတယ်.."
ဂူချန်က ခေါင်းညိတ်လိုက်သည်။
လုဖန်က ထိုစကားကို ကြားလိုက်ရချိန်တွင် အလွန် ဝမ်းသာသွား၏။ သို့သော် နောက်တစ်စက္ကန့်မှာပင် ဂူချန်က ယုတ်မာစွာ ပြုံးလိုက်ပြီး...
"ဒါပေမဲ့ ငါ ငြင်းတယ်.."
ဂျွတ်...
သူက သံညှပ်ကို မြှောက်လိုက်ပြီး လုဖန်၏ လက်မအရိုးကို ချိုးပစ်လိုက်သည်။ အရိုးကျိုးသံမှာ အခန်းတွင်း၌ ဟိန်းထွက်သွားတော့သည်။
လုဖန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး ရင်ကွဲမတတ် အော်ဟစ်လိုက်ရသည်။ သူ အတင်း ရုန်းကန်ရင်း အော်လိုက်၏ ။
"ဂူချန်..မင်း မသိတဲ့ ကမ္ဘာသစ်က တိုက်ခိုက်ရေး နည်းစနစ်တွေရဲ့ တန်ဖိုးကို မင်း နားမလည်ဘူးလား အဲဒါတွေက မင်းကို တိုက်ပွဲမှာ အနိုင်ရစေမယ့်အပြင် ကျောင်းအသစ်တွေ ထောင်ပြီး ပိုက်ဆံအများကြီး ရှာနိုင်တယ်နော်.. မင်း ဘာလို့ ဒီလောက်တောင် မစဥ်းစားနိုင် ဖြစ်နေရတာလဲ.."
"အား.."
[ အိမ်ရှင်သည် အခြားကမ္ဘာမှ သူငယ်ချင်းကို ခန္ဓာကိုယ် အကြောလျှော့ပေးကာ ဧည့်ဝတ်ကျေပွန်ခဲ့သည်။ စေတနာတန်ဖိုး +၈၀]
ဂူချန်က ပါးတစ်ချက် ထပ်ရိုက်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။
"မင်း ကိုယ့်နေရာကိုယ်သိ .."
"မင်း အသက်ရှင်ချင်ရင် ငါ ခိုင်းတဲ့အတိုင်း တစ်နေ့ကို နည်းစနစ်တစ်ခုစီ ငါ့ကို ပြောပြရမယ်.. ငါက လူလွှတ်ပြီး အဲဒီ နည်းစနစ်တွေကို စမ်းသပ်ခိုင်းမယ်.. အကယ်၍ အမှားအယွင်း နည်းနည်းလေးပဲ ရှိရင်တောင် မင်းကို သေတာထက် ဆိုးတဲ့ ငရဲကို ငါ ပေးမယ်.."
"မှန်တာပေါ့.. မင်းသာ လိမ်လိမ်မာမာနဲ့ လုပ်ရင် ငါ မင်းကို ပိုကောင်းတဲ့ နေရာနဲ့ အစားအသောက်တွေ ပေးမှာပါ.."
လုဖန်သည် ယခုမှပင် သတိပြန်ဝင်လာသကဲ့သို့ တောင်းပန်လိုက်သည်။
"သခင်လေးဂူ... ကျွန်တော်..."
ဂူချန်က လက်အိတ်ကို ချွတ်လိုက်ပြီး စကားဖြတ်ပြောလိုက်သည်။
"ငါ စိတ်ကျေနပ်တဲ့နေ့ကျမှ မင်းကို ဒီကနေ လွှတ်ပေးမယ်.."
'အိမ်မက်ထဲမှာပဲ မျှော်လင့်နေလိုက်တော့..'
ဂူချန်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူ လက်ဝှေ့ယမ်းပြပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားသည်။
"နောက်ပိုင်းဘာဖြစ်မလဲ ဆိုတာတော့ မင်းရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်.."
ဗုန်း ဟူသော အသံနှင့်အတူ အခန်းတွင်း၌ မှောင်မိုက်ခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ ပြန်လည် ဖုံးလွှမ်းသွားတော့၏ ။ လုဖန်မှာမူ သံတိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျလျက် ကျန်ရစ်ခဲ့သည်။
မှောင်မိုက်သော အခန်းထဲမှ ထွက်လာပြီးနောက် ဂူချန်သည် ခဏမျှ အနားယူကာ ကျင့်ကြံခြင်း အခန်းသို့ ပြန်လာခဲ့သည်။ ယခုအခါ သူ၏ စေတနာတန်ဖိုးများမှာ ပြန်လည် စုဆောင်းမိပြီ ဖြစ်သဖြင့် ကြိုးကြိုးစားစား ကျင့်ကြံရန် အချိန်တန်လေပြီ ။
ဂူချန်က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စနစ်ကို ခေါ်ယူလိုက်သည်။ ထိုအခါ မှိန်ဖျော့ဖျော့ အပြာရောင် စခရင်တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
***