[လက်ရှိအဆင့် - တတိယအဆင့် ၁]
[လက်ရှိ သိုင်းပါရမီ - ခရမ်းရောင် နတ်ဆိုးမျက်လုံး (S-အဆင့်)၊ သတ်ဖြတ်ခြင်းလက်ဝါး (SS-အဆင့်)]
[လက်ရှိ သိုင်းပညာ - နေမင်းစကြာယန်ကျင့်စဉ် (အဆင့်၅ ပြီးပြည့်စုံသောအဆင့်)၊ ကြိုးကြာပျံခြေလှမ်း (ပြီးပြည့်စုံသောအဆင့်)၊ ကြေကွဲဝိညာဉ်လက်ဝါးသိုင်း (ပြီးပြည့်စုံသောအဆင့်)၊ ကောင်းကင်ဓား ရှစ်ကွက် (ပြီးပြည့်စုံသောအဆင့်)...]
[ကံကြမ္မာအဆင့် - အဆင့်နိမ့်..အလယ်ဆင့်]
[လက်ရှိ စေတနာတန်ဖိုး - ၂၈၂၀]
[အကဲဖြတ်ချက် - သင်သည် ခွင့်လွှတ်၍မရသော လူယုတ်မာတစ်ဦး ဖြစ်နေဆဲ ဖြစ်သော်လည်း သူတစ်ပါးကို ကူညီရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ဦးတည်နေသည်]
'အင်း... စေတနာတန်ဖိုး ၂၀၀၀ ကျော်နေပြီ.. အဆင့်မြှင့်ဖို့ လုံလောက်ပြီ..'
ဂူချန် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ အဆင့်မြှင့်ရန် ပြင်လိုက်စဉ်မှာပင် စနစ်မျက်နှာပြင်က ရုတ်တရက် လက်သွားသည်။
[ ဒင်..]
[စနစ် - အိမ်ရှင်၏ ကံကြမ္မာအဆင့် မြင့်တက်လာသဖြင့် ကုသိုလ်သေတ္တာ လုပ်ဆောင်ချက် ပွင့်သွားပါပြီ]
[အိမ်ရှင်သည် စေတနာတန်ဖိုးများကို ကုသိုလ်သေတ္တာထဲတွင် ထည့်သွင်းထားပြီး အတိုးရယူနိုင်ပါသည်။ အပ်နှံမှုပုံစံပေါ်မူတည်၍ အတိုးနှုန်း ကွဲပြားပါလိမ့်မည်]
[မှတ်ချက် - ပုံသေအပ်နှံထားစဉ်ကာလအတွင်း စေတနာတန်ဖိုးများကို ပြန်လည်ထုတ်ယူ၍ မရပါ]
"ဘဏ်လုပ်ဆောင်ချက်ပါ ပါလာတာလား.."
ဂူချန် ဆွံ့အသွား၏ ။ ရက်အနည်းငယ်ကြာတိုင်း အဆင့်မြှင့်နေသော သူ့အတွက် ပုံသေအပ်နှံထားရန် အချိန်မရှိပေ။ ထို့ပြင် ဤတန်ဖိုးများကို အသုံးပြု၍ မိမိကိုယ်ကို အဆင့်မြှင့်ပြီးမှ နောက်ထပ် ကုသိုလ် များ ထပ်လုပ်ကာ တန်ဖိုးများ ရှာဖွေခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ ဤလုပ်ဆောင်ချက်မှာ သူ့အတွက် အသုံးမဝင်လှပေ။
[အိမ်ရှင်သည် စေတနာတန်ဖိုးများကို ကုသိုလ်သေတ္တာထဲသို့ လှူဒါန်းနိုင်သည်။ စေတနာတန်ဖိုး ၁၀၀ လှူဒါန်းတိုင်း ကံကြမ္မာပစ္စည်းတစ်ခုကို ကျပန်းရရှိနိုင်ပါသည်]
'ဒါက ကံစမ်းမဲ ပုံစံမျိုးပေါ့.. '
ဂူချန်က စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ အရင်ဘဝက ကံစမ်းမဲနှိုက်ရင်း ရှုံးနိမ့်ခဲ့ဖူးသဖြင့် ဤဘဝတွင် ထပ်မံ မစွန့်စားလိုတော့ပေ။
【စေတနာတန်ဖိုး ၁၀၀ အသုံးပြုပြီးပါပြီ။ ရရှိသည့်အရာ - ကျေးဇူးတင်ပါသည်..】
【လက်ရှိ စေတနာတန်ဖိုး - ၂၇၂၀】
ဂူချန်၏ မျက်နှာမှာ ရှုံ့တွသွားပြီး စနစ်၏ ကံစမ်းမဲမျက်နှာပြင်ကို လက်ဝှေ့ယမ်းကာ ပိတ်ပစ်လိုက်၏။ ဤသည်က အသုံးမကျသော ကံစမ်းမဲပင် ဖြစ်သည်။ သူ စနစ်ကို အမိန့်ပေးလိုက်သည်။
"စနစ်... အမှတ်တွေ ပေါင်းထည့်လိုက်တော့.."
ဝုန်း....
စေတနာတန်ဖိုး အမြောက်အမြားမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သူ၏ သိုင်းအဆင့်ကော်လံအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ ကြိုတင်ပြင်ဆင်ထားသော ဆေးဖက်ဝင် ပစ္စည်းများကို ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်သွင်းလိုက်၏။ စနစ်၏ အကူအညီကြောင့် ဆေးစွမ်းအင်များ၏ ဘေးထွက်ဆိုးကျိုးကို သူ စိုးရိမ်စရာ မလိုအပ်ချေ။
[ကျင့်ကြံမှု စတင်နေပြီ...]
[စနစ် - သင်၏ ကျင့်ကြံမှု အမြန်နှုန်း မြင့်တက်လာသည်...]
[စေတနာတန်ဖိုး ၁၉၀ အသုံးပြု၍ တတိယအဆင့် ၂သို့ ရောက်ရှိပါပြီ ]
[စေတနာတန်ဖိုး ၄၆၀ အသုံးပြု၍ တတိယအဆင့် ၃ သို့ ရောက်ရှိပါပြီ]
[စေတနာတန်ဖိုး ၁၃၂၀ အသုံးပြု၍ တတိယအဆင့် ၆ သို့ ရောက်ရှိပါပြီ]
ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီများသည် ယခင်ကထက် ပိုမို အားကောင်းလာပြီး ပိုမို ပူပြင်းသော စစ်မှန်သောယန်ချီ အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ပြင်းထန်လွန်းသော ထိုစွမ်းအင်များသည် သူ၏ အတွင်းကလီစာများနှင့် ကြွက်သားများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။
ခန္ဓာကိုယ် ကြံ့ခိုင်မှု နည်းစနစ်များကို အမြန်ဆုံး အဆင့်မြှင့်မှ ဖြစ်မည်ဟု ဂူချန် သိလိုက်၏။ စတုတ္ထအဆင့်သို့ မတက်လှမ်းမီ ခန္ဓာကိုယ်ကို အစွမ်းကုန် ကြံ့ခိုင်အောင် လုပ်ထားရန် လိုအပ်ပေသည်။ စတုတ္ထအဆင့်သို့ ရောက်လျှင် ရွှေခန္ဓာ ဟု ခေါ်သော ကာကွယ်ရေး စွမ်းရည်တစ်ခု ပွင့်လာမည်ဖြစ်ရာ မတက်လှမ်းမီ ခန္ဓာကိုယ် မည်မျှ သန်မာသလဲဆိုသည်အပေါ် မူတည်၍ ထိုရွှေရခန္ဓာ၏ စွမ်းအားမှာ ကွာခြားသွားမည် ဖြစ်သည်။
ဂူချန်သည် အကောင်းဆုံးသော ပြိုင်ဘက်ကင်း ရွှေခန္ဓာ ကို ရရှိရန် ရည်မှန်းထားသည်။
[စေတနာတန်ဖိုး ၁၉၁၀ အသုံးပြု၍ တတိယအဆင့် ၇သို့ ရောက်ရှိပါပြီ]
[ကျန်ရှိသော စေတနာတန်ဖိုး - ၁၆၂]
[ကျန်ရှိသော တန်ဖိုးမှာ ဆက်လက်ကျင့်ကြံရန် မလုံလောက်တော့သဖြင့် ကျင့်ကြံမှုကို ရပ်တန့်မလား]
"ရပ်လိုက်တော့.."
ဂူချန် သက်ပြင်းချလိုက်၏။ တစ်ခါတည်း အဆုံးအထိ အဆင့်မြှင့်၍ မရသေးပေ။ သူ၏ ကြိုးစားအားထုတ်မှု လိုအပ်နေသေးပုံရသည်။
[စနစ် - ကျင့်ကြံမှု ပြီးဆုံးပါပြီ။ ရလဒ်များကို စစ်ဆေးပါ]
ကျင့်ကြံမှု ပြီးဆုံးသွားသည့် ခဏမှာပင် တစ်ကိုယ်လုံး၌ ပူနွေးပြီး ထုံကျဉ်သော ခံစားချက်တစ်ခု ဖုံးလွှမ်းသွားသည်။ သူ၏ အရိုးအဆစ်များ၊ ကလီစာများနှင့် သွေးသားများမှာ မီးထဲတွင် ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။
ယခင်က သူ၏ စစ်မှန်သောချီမှာ စည်းကမ်းမရှိသော လူအုပ်စုနှင့် တူသော်လည်း ယခုအခါတွင်မူ စနစ်တကျ လေ့ကျင့်ထားသော အထူးတပ်ဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေသည်။ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးအလား သိသာလှသည်။
ဂူချန်၏ ခန္ဓာကိုယ်မှာ နီမြန်းလာပြီး ချွေးပေါက်များမှ မြူခိုးများ ထွက်ပေါ်လာသည်။ သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာပင် ထိုအရှိန်ကြောင့် ပုံပျက်သွားသည်။
သူ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီ များဖြင့် ပြည့်နှက်နေသည်။ လက်ဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ချိန်တွင် ဆဲလ်တိုင်း၌ ခွန်အားများ ပြည့်လျှံနေသည်ကို သူ ခံစားလိုက်ရသည်။
အကယ်၍ မုရုံချင်းရွှယ်နှင့်သာ ပြန်လည် တိုက်ခိုက်ရမည်ဆိုပါက သူ၏ အဆင့်ကို ဒုတိယအဆင့်အထိ လျှော့ချထားလျှင်ပင် သူမကို တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်ပေလိမ့်မည်။
ဂူချန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ စေတနာတန်ဖိုးများ ကုန်သွားပြီဖြစ်သော်လည်း နောက်ထပ် ကျောင်းပေါင်းစုံ ခြေစစ်ပွဲများအတွက် နှစ်ရက်ခန့် စောင့်ရဦးမည် ဖြစ်သည်။ အခြားသော ပါရမီရှင်များကို သူ၏ စေတနာများ ဝေမျှနိုင်ရန် စိတ်မရှည်တော့ပေ ။
တစ်ဖက်တွင်မူ... ချင်းဟယ်မြို့ အမှတ် (၁) ဆေးရုံ။
ဆေးရုံကုတင်ပေါ်တွင် ပတ်တီးအပြည့်နှင့် လဲလျောင်းနေသော မုရုံချင်းရွှယ်ကို ကြည့်ရင်း လှပသောအမျိုးသမီးတစ်ဦးက နာကျည်းစွာ ပြောလိုက်သည်။
"ချင်းရွှယ်... ဆရာမ မင်းအတွက် ကလဲ့စားချေပေးမယ်.."
***