ဆေးရုံကုတင်ပေါ်တွင် မုရုံချင်းရွှယ်သည် သူမ၏ဆရာမ စကားကြောင့် စိတ်လှုပ်ရှားသွားသော်လည်း တားဆီးလိုက်၏ ။
" မမယွင်... ကျွန်မရဲ့ အရည်အချင်းက နိမ့်ကျလို့ အဲဒီလူယုတ်မာကို ရှုံးခဲ့တာပါ.."
"သူ ဘာကြောင့်လဲမသိဘူး... ပြီးခဲ့တဲ့ အပတ်ကတင် ပထမအဆင့် အထွက်အထိပ်မှာပဲ ရှိသေးတာ.. အခု တတိယအဆင့် ကို ဒီလောက်မြန်မြန် ဘယ်လိုရောက်သွားတာလဲ မသိဘူး.."
"ပြီးတော့... အဟွတ် အဟွတ်... ဂူမိသားစုဆိုတာ ချင်းဟယ်မြို့ရဲ့ အင်အားအကြီးဆုံး အာဏာရှင်တွေပါ..မမ တစ်ယောက်တည်းဆိုရင် အန္တရာယ်များလွန်းပါတယ်.."
မုရုံးချင်းရွှယ်သည် မူလက ဂူချန်ကို အပြင်းအထန် ရိုက်နှက်ဆုံးမပြီးနောက် လျိုလုံတက္ကသိုလ်၏ အရှိန်အဝါကို အသုံးပြုကာ ဂူမိသားစု၏ လက်စားချေမှုကို တားဆီးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ပထမဆုံးခြေလှမ်းမှာပင် ဤမျှ ပြင်းထန်သော အမှားအယွင်း ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဂူချန်ကို ဆုံးမရမည့်အစား သူမကိုယ်တိုင်သာ အပြင်းအထန် အရိုက်ခံခဲ့ရသည်။
ဂူချန် နောက်ဆုံးတွင် ထုတ်ပြသွားသော စစ်မှန်သောချီ အစအနကို တွေးမိတိုင်း မုရုံချင်းရွှယ်သည် သူမ၏ ဘဝကိုပင် သံသယဝင်လာမိ၏။ သူမ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ရလဒ်များကို ပြိုင်ဘက်က တစ်ပတ်အတွင်း ကျော်ဖြတ်သွားသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
"ဟင်းဟင်း..."
ယွင်ယန်က ထီမထင်ဟန် ရယ်လိုက်ပြီး လက်ကာပြကာ...
"ငါက လျိုလုံတက္ကသိုလ်ရဲ့ အထူးတန်းပြ ဆရာမတစ်ယောက်ပါ.. ကျန်းနန်ပြည်နယ် တစ်ခုလုံးမှာ ငါ့ရဲ့ အဆက်အသွယ်တွေ အများကြီး ရှိတယ်.."
" မင်းက သူ့ကို မယှဉ်နိုင်လို့ ရှုံးခဲ့တာ မှန်ပေမဲ့ အဲဒါကို ခဏဘေးဖယ်ထားလိုက်စမ်း.. သူ့မှာ အမှားမရှိဘူးလို့ မင်း ထင်လား.."
"ဒါက သာမန် ပြိုင်ပွဲ တစ်ခုပဲလေ.. ဒါပေမဲ့ မင်းကို ဒီလောက်အထိ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်တယ်ဆိုတော့ အဲဒီကောင်လေးရဲ့ စိတ်ဓာတ်က ဘယ်လောက်တောင် ယုတ်မာညစ်ပတ် အောက်တန်းကျနေသလဲဆိုတာ သိသာနေတာပဲ.."
ယွင်ယန်သည် မုရုံချင်းရွှယ်၏ နူးညံ့သော လက်ကလေးများကို ဆုပ်ကိုင်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ချင်းရွှယ်.. စိတ်မပူပါနဲ့.. ငါ သူ့ကို အပြစ်ပေးရုံလောက်ပဲ လုပ်မှာပါ.. လျိုလုံတက္ကသိုလ်ရဲ့ အထူးတန်းပြ ဆရာမတစ်ယောက်အနေနဲ့ ငါ့ရဲ့ အဆင့်အတန်းနဲ့ အစွမ်းကို ချင်းဟယ် ဂူမိသားစုက နားလည်ပါလိမ့်မယ်.."
ကျန်းနန်ပြည်နယ်ရှိ ထိပ်တန်း သိုင်းတက္ကသိုလ် သုံးခုအနက် တစ်ခုဖြစ်သော လျိုလုံတက္ကသိုလ်သည် ဆရာအင်အား၊ နောက်ခံနှင့် အရင်းအမြစ်များတွင် အလွန် အထင်ကြီးစရာ ကောင်းလှသည်။ ထို့ကြောင့် သာမန်အင်အားစုများအနေဖြင့် လျိုလုံတက္ကသိုလ်မှ အထူးတန်းပြ ဆရာမတစ်ဦးနှင့် တွေ့ဆုံပါက မျက်နှာသာပေးရစမြဲ ဖြစ်သည်။
"ဟုတ်ကဲ့ပါ.."
မုရုံချင်းရွှယ်သည် သူမ၏ဆရာမ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်ရုံသာ တက်နိုင်တော့သည်။ အမှန်အတိုင်းပြောရလျှင် သူမသည်လည်း ဂူချန် တစ်ပတ်အတွင်း ဤမျှ သန်မာလာခြင်းမှာ မရိုးသားသော နည်းလမ်းတစ်ခုခုကို အသုံးပြုထားခြင်းဖြစ်မည်ဟု ခံစားနေရ၏။
ရက်အနည်းငယ်အကြာ၊ ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌...
သိုင်းပညာ စစ်ဆေးမှု ပုံစံတူ စစ်ဆေးခြင်းကို မနက်ဖြန်တွင် စတင်တော့မည် ဖြစ်သည်။ အစည်းအဝေးတွင် ကျောင်း၏ ဒါရိုက်တာ လီကျဲ နှင့်အတူ ခြေစစ်ပွဲတွင် ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်ခဲ့သော ကျောင်းသားများ တက်ရောက်နေကြသည်။
မုရုံချင်းရွှယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ပါဝင်နိုင်ခြင်း မရှိဘဲ သူမ၏နေရာတွင် လီကျီရန် က အစားထိုး ဝင်ရောက်လာခဲ့သည်။ ထိုသို့ လီကျီရန်ကို ရွေးချယ်ခဲ့ခြင်းမှာ ဂူချန်က သူ့ကို သဘောကျပြီး အလုပ်အကိုင် ကျွမ်းကျင်သည်ဟု ယူဆသောကြောင့်ပင်။
ဂူချန်သည် ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေပြီး သူ၏ ခြေထောက်များကို ရှေ့ရှိ စားပွဲပေါ်သို့ တင်ထား၏။ သူ၏ အမူအရာမှာ အလွန်ပင် မောက်မာလွန်းလှသော်လည်း မည်သူမှ မပြောရဲကြပေ။
ဒါရိုက်တာ လီကျဲက စင်မြင့်ပေါ်သို့ တက်လာပြီး ကျောင်းသားများကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ကာ ...
"သိုင်းပညာ စစ်ဆေးမှု ပုံစံတူကို မနက်ဖြန် စတင်ပါမယ်.. မင်းတို့အတွက် ဒါက တကယ့် လက်တွေ့ တိုက်ပွဲတစ်ခုကို ပထမဆုံးအကြိမ် ဆင်နွှဲရတာ ဖြစ်ပါလိမ့်မယ်.."
"အရင်က မင်းတို့ သားရဲတွေအကြောင်းကို တီဗီမှာပဲ မြင်ဖူးကြလိမ့်မယ်.. တောထဲကိုလည်း မရောက်ဖူးကြဘူး.. ဒါကြောင့် ဒီပုံစံတူ စစ်ဆေးမှုဟာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုမို့ အားလုံးက အလေးအနက်ထားဖို့ မျှော်လင့်ပါတယ်.."
လီကျဲသည် ခလုတ်တစ်ခုကို နှိပ်လိုက်ရာ သူ၏ နောက်ကွယ်ရှိ စခရင်ကြီးပေါ်တွင် နေရာတစ်ခု၏ ဓာတ်ပုံ ပေါ်လာသည်။
"ဒီပုံစံတူ စစ်ဆေးမှုမှာ မင်းတို့က သားရဲတွေကို သတ်ပြီး ရမှတ်တွေ စုဆောင်းရမယ်.. ရမှတ်များလေလေ..ရမယ့် ဆုလာဘ်က ပိုကြီးလေလေပဲ.."
"စစ်ဆေးမှုအတွင်းမှာ တက္ကသိုလ်တွေက ဆရာတွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေက လာပြီး စောင့်ကြည့်နေကြမှာဆိုတော့.. မင်းတို့သာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် .. သူတို့သဘောကျမှုသွားရင် ..တက္ကသိုလ်ဝင်ခွင့်ကို ကြိုပြီးရနိုင်မှာ.."
"ဆရာကြီး... ကျွန်တော်တို့ တခြားလူတွေကိုရော တိုက်ခိုက်လို့ ရမလား.."
ကျောင်းသားတစ်ဦးက မေးလိုက်သည်။
"ရတယ်.."
လီကျဲက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ အဆင့်သတ်မှတ်ချက်ကို မထိခိုက်စေဖို့တော့ လိုတယ်..မင်းတို့ကို အကာအကွယ် လက်စွပ်တွေ ပေးထားလိမ့်မယ်..ဒါပေမဲ့ အဲဒါကို အသုံးပြုလိုက်ရင် မင်းတို့အတွက် စစ်ဆေးမှုက စောစောစီးစီး ပြီးဆုံးသွားမှာ .."
သိုင်းပညာ ထွန်းကားသော ဤကမ္ဘာတွင် သိုင်းပညာရှင်တိုင်း၏ သွေးထဲ၌ တိုက်ခိုက်လိုစိတ်များ ကိန်းအောင်းနေကြသည်။ ထို့ကြောင့် စစ်ဆေးမှုအတွင်း အချင်းချင်း တိုက်ခိုက်ခြင်းကိုလည်း ခွင့်ပြုထားခြင်း ဖြစ်ပေသည်။
ဒါရိုက်တာ လီကျဲသည် နောက်ထပ် ဓာတ်ပုံတစ်ပုံကို ပြောင်းလဲလိုက်၏။ ထိုသည်က သပ်ရပ်သော လူငယ်လေးတစ်ဦး၏ ပုံဖြစ်သည်။
"ဒါကတော့ လင်းထျန်းမြို့ အမှတ် (၁) အထက်တန်းကျောင်းရဲ့ ထိပ်ဆုံးကျောင်းသား အိုးရန်ပုကျန်း ..သူက ဒုတိယအဆင့် အထွက်အထိပ်မှာ ရှိနေပြီး Aအဆင့် သိုင်းပါရမီ ဝိညာဉ်ခြေလှမ်း ကို ပိုင်ဆိုင်ထားတယ်.. သူနဲ့တွေ့ရင် သတိထားကြပါ ..အရမ်း မလောနဲ့.. "
လီကျဲသည် အခြားသော မြို့အသီးသီးမှ ထူးချွန်သည့် ကျောင်းသားများ၏ ဓာတ်ပုံများကို တစ်ခုပြီးတစ်ခု ပြသရင်း မိတ်ဆက်ပေးနေသည်။ ဂူချန်သည်လည်း ထိုသူများကို စိတ်ဝင်တစား ကြည့်နေ၏။
' ငါ့ အကူအညီ လိုအပ်နေတဲ့ သနားစရာ သတ္တဝါလေးတွေ.. '
ဂူချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ကျန်းနန်ပြည်နယ် တစ်ခုလုံးတွင် ဤမျှများပြားသော ပါရမီရှင် များ ရှိနေသည်မှာ သူ့အတွက်တော့ စေတနာတန်ဖိုးများ ရှာဖွေရန် မဟာအခွင့်အရေးကြီးပင် ဖြစ်သည်။
"ကဲ... အားလုံးပဲ ပစ္စည်းတွေကို ပြန်စစ်ဆေးကြပါ.. ငါတို့ အခု ပြည်နယ်မြို့တော်ကို ဘတ်စ်ကားနဲ့ သွားကြမယ်.."
လီကျဲ၏ စကားအဆုံးတွင် အားလုံးက ပစ္စည်းများကို သိမ်းဆည်းကာ ကျောင်းပြင်သို့ ထွက်လာခဲ့ကြသည်။ ကျောင်းသားများ ကျောင်းဂိတ်ဝမှ ထွက်ကာ ကျောင်းမှ စီစဉ်ပေးထားသော ဘတ်စ်ကားပေါ်သို့ တက်ရန် ပြင်နေစဉ်မှာပင် အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။
အားလုံးစိတ်ရှုပ်ထွေးသွားသော်လည်း ထိုအမျိုးသမီးက ဂူချန်၏ ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး ဘစကား မပြောဘဲ ဂူချန်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်လိုက်၏။
သူမက အလွန်လျင်မြန်လှသဖြင့် စတုတ္ထအဆင့် သိုင်းပညာရှင် ဖြစ်သော ဒါရိုက်တာ လီကျဲပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သူ သတိဝင်လာချိန်တွင်မူ ထိုအမျိုးသမီး၏ လက်ဝါးသည် ဂူချန်၏ ပါးပြင်နှင့် ၀.၀၁ စင်တီမီတာမျှသာ ကွာဝေးတော့သည်။
လီကျဲ၏ ရင်ထဲတွင် ဗလောင်ဆူသွားလေသည် ။
'သွားပြီ..'
ဖြန်း...
***