အမျိုးသမီး၏ ရိုက်ချက် ကျရောက်လုနီးနီး အချိန်၌ အရာအားလုံး ရပ်တန့်သွားသကဲ့သို့ပင် ထင်ရလေသည်။ သို့ရာတွင် ထိုရိုက်ချက်၏ ပစ်မှတ်ဖြစ်သော ဂူချန်သည် သူ၏မျက်စိရှေ့မှ လက်ဝါးကို အမူအရာမပျက်သာ ကြည့်နေလေ၏။
သူမ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ဂူချန်သည် သူ၏ ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို အစွမ်းကုန် အသုံးပြုထားလျှင်ပင် သူမ လက်၏ အရိပ်ကိုသာ မသဲမကွဲ မြင်ရသည်။ သူ မည်သို့မှ တုံ့ပြန်ရန် အချိန်မရှိ။ ဤစွမ်းအားသည် စတုတ္ထအဆင့်ကို ကျော်လွန်နေပြီး သူ၏ လက်ရှိအစွမ်းနှင့် ယှဉ်ရန် လုံးဝ မဖြစ်နိုင်ပေ။
သို့သော်လည်း ကိစ္စမရှိချေ။ သူ့တွင်အကူအညီ ရှိ၏။
ချင်းဟယ်မြို့တွင်သာမက ကျန်းနန်ပြည်နယ်တစ်ခုလုံးတွင်ပါ ထိပ်တန်းဝင်သော သိုင်းမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူတစ်ယောက်အနေဖြင့် အစောင့်အရှောက်မပါဘဲ အပြင်ထွက်မည် မဟုတ်ချေ။ နောက်ခံအင်အားကို သုံးပြီး အနိုင်ကျင့်ရခြင်းသည်က သူ အကြိုက်ဆုံး ဖြစ်ချေသည် ။
လက်ဝါးရိုက်ချက်သည် ဂူချန်၏ မျက်နှာကို ထိအံ့ဆဲဆဲတွင် မမြင်ရသော နံရံတစ်ခုကို တိုက်မိသွားသကဲ့သို့ ဖြစ်သွားသည်။ ဂူချန်၏ မျက်နှာရှေ့ရှိ လေထုမှာ ပြင်းထန်သော လှိုင်းလုံးများအလား တုန်ခါသွား၏။
ဝုန်း....
နားကွဲမတတ် အသံကြီးနှင့်အတူ ပြင်းထန်သော တုန်ခါမှုလှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။ ဖုန်မှုန့်များနှင့် အမှိုက်သရိုက်များမှာ လေပေါ်သို့ လွင့်ပျံသွားပြီး ဒါရိုက်တာ လီကျဲနှင့် အခြားကျောင်းသားများမှာ ထိုအရှိန်ကြောင့် နောက်သို့ လွင့်ထွက်သွားကြ၏။
သို့သော်လည်း မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသော ဂူချန်မှာမူ ဘာမှမဖြစ်သကဲ့သို့ လက်ကို ဘောင်းဘီအိတ်ထဲ ထည့်လျက် အေးအေးဆေးဆေး ရပ်နေဆဲပင် ။ သူက ရှေ့တွင် ရှိသောအမျိုးသမီးကို သေလူတစ်ယောက်သဖွယ် ကြည့်နေလေသည်။ အကယ်၍ ဤရိုက်ချက်သာ ထိမှန်သွားပါက သူ သေချင်မှ သေမည် ဖြစ်သော်လည်း အပြင်းအထန် ဒဏ်ရာရကာ အရှက်ကွဲရပေတော့မည်။
ဂူချန်၏ စိတ်ထဲတွင် သူမအတွက် စီရင်ချက် ချမှတ်ပြီးသား ဖြစ်သည်။
"မင်း သေတွင်းတူးလိုက်တာပဲ.."
'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
ယွင်ယန်သည် တုန်ခါနေသော လေထုကို ကြည့်ရင်း ထိတ်လန့်နေသည်။ သူမ မည်မျှပင် စွမ်းအားကို အသုံးပြုပါစေ၊ နောက်ဆုံး ၀.၀၁ စင်တီမီတာကို ကျော်ဖြတ်နိုင်ခြင်း မရှိ။ တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်က ဤမျှ အစွမ်းထက်နေသည်လော ။
နောက်တစ်စက္ကန့်တွင်မူ သူမ အဖြေကို သိလိုက်ရ၏။ သူမ သတိမထားမိခင်မှာပင် နွားခေါင်းမျက်နှာဖုံး စွပ်ထားသော ကိုယ်လုံးကိုယ်ထည် ကြီးမားသည့် လူတစ်ဦးသည် ဂူချန်၏ ဘေးတွင် ပေါ်လာသည်။
ထိုလူက လက်ဝှေ့ယမ်းလိုက်ရုံနှင့် ယွင်ယန် ထိတွေ့နေသော လေနံရံ မှာ ပြင်းထန်စွာ တိုးထွက်လာပြီး သူမကို မီတာ ဒါဇင်ဝက်ခန့် လွင့်ထွက်သွားစေသည်။
'လေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လား..'
ယွင်ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤမျှ ရှားပါးသော သိုင်းပါရမီရှိသူကို ဂူချန်ကို ကာကွယ်ရန် သီးသန့် တာဝန်ပေးထားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဤသို့သော အစွမ်းမျိုးကို လူသားမဟာမိတ်အဖွဲ့အတွက် သားရဲတွေ သတ်တဲ့နေရာမှာ သုံးရမယ့်အစား ဤကဲ့သို့သော လူယုတ်မာအတွက် ခွေးတစ်ကောင်လို အလုပ်အကျွေး ပြုနေရသည်မှာ နှမြောစရာပင်။
သို့သော် သူမ ထပ်မံ မစဉ်းစားနိုင်ခင်မှာပင် လေးလံသော ဖိအားတစ်ခုက သူမ၏ ရင်ဘတ်ကို လာရောက် ဖိနှိပ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ထူးဆန်းစွာ တုန်ခါလာပြီး သူမကို အမှုန့်ဖြစ်အောင် ကြိတ်ချေရန် ဝိုင်းရံလာကြသည်။
'မကောင်းတော့ဘူး..'
ယွင်ယန်သည် ထူးခြားသော ခြေလှမ်းသိုင်းကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဗုန်း...
သူမ ရပ်နေခဲ့သော နေရာ၌ လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဖုန်မှုန့်များမှာ ကျောင်းဂိတ်ဝတွင် လွင့်ပျံသွားသည်။ သူမ ပုန်းကွယ်နေသော်လည်း နွားခေါင်းမျက်နှာဖုံးနှင့် လူက လက်ဝှေ့ယမ်းလိုက်ရုံနှင့် လေထုမှာ ပုံပျက်သွားကာ လူမြင်ကွင်းသို့ သူမ၏ ပုံရိပ်မှာ ပြန်လည်ထွက်ပေါ်လာသည် ။
သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြင်းခေါင်းမျက်နှာဖုံး စွပ်ထားသော လူတစ်ဦးက မြားတစ်စင်းအလား သူမဆီသို့ ပြေးဝင်လာ၏။ ထိုလူ၏ ကြွက်သားများမှာ ဖောင်းကြွနေပြီး သွေးကြောများမှာ အရေပြားအောက်တွင် တီကောင်သဖွယ် တွန့်လိမ်နေသည်။ သူ၏ လက်သီးချက်တွင် တန်ပေါင်းရာချီသော ခွန်အားပါဝင်နေသည်။
ဝှီး.....
ယွင်ယန်သည် မတ်တပ်ရပ်ရန် အချိန်မရသေးမီမှာပင် အလွန် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာသည်။ သူမက ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီစွမ်းအားများကို အမြန်ဆုံး စုစည်းကာ ခရမ်းနုရောင် အကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။
"လူအများနဲ့ အနိုင်ကျင့်တာလား.. သိုင်းသမားကျင့်ဝတ် မရှိလိုက်တာ.."
ယွင်ယန်သည် အားကုန်သုံးကာ ကာကွယ်ရန် ပြင်လိုက်သည်။
မြင်းခေါင်းမျက်နှာဖုံးနှင့် လူမှာမူ ဘာမှပြန်မပြောဘဲ လက်သီးကိုသာ အာရုံစိုက် ထိုးလိုက်သည်။ ပြင်းထန်သော လက်သီးချက်ကြောင့် လေထုမှာ ကွဲအက်သွားပြီး အောက်ခြေရှိ ကျောက်ခဲများမှာ အမှုန့်ဖြစ်သွားရသည်။
ဝုန်း....ခွမ်း...
ခရမ်းနုရောင် အကာအကွယ်မှာ ဖန်သားပြင်အလား ကွဲအက်သွား၏။
"ဟာ..."
ယွင်ယန်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း ပြင်းထန်သော အားလှိုင်းများက သူမ၏ လက်မောင်းများကို ရိုက်ချလိုက်သည်။
ဝုန်း...
မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရမီမှာပင် ယွင်ယန်၏ ကိုယ်လုံးသည် အမြောက်ဆန်အလား နောက်သို့ လွင့်ထွက်သွား၏ ။ သူမက လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများနှင့် တံတိုင်းများကို ဝင်တိုက်ကာ လမ်းကြားတစ်ခုအတွင်းသို့ ပြုတ်ကျသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
သူမ၏ လက်မောင်းကြွက်သားများမှာ စုတ်ပြဲသွားပြီး အရိုးများမှာလည်း ပုံပျက်ပန်းပျက် ကျိုးကြေကုန်သည်။ လမ်းဘေးမီးတိုင်များ၊ ဆိုင်းဘုတ်များနှင့် ကျောက်တိုင်များမှာ သူမ လွင့်ထွက်သွားသော အရှိန်ကြောင့် အကုန်လုံး ကြေမွပျက်စီးသွားလေသည်။
တိုက်ပွဲ၏ ရလဒ်မှာ ပေါ်လွင်သွားပြီ ဖြစ်သည်။ သို့သော် နွားခေါင်းနှင့် မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်နှစ်ဦးမှာ ရှေ့သို့ ဆက်မတိုးတော့ဘဲ ဂူချန်၏ ဘေးတစ်ဖက်တစ်ချက်တွင် ပြန်လည် နေရာယူလိုက်ကြသည်။
"မဆိုးဘူး..ကောင်းတယ်.."
ဂူချန်က ချီးကျူးလိုက်သည်။ သူ၏ အဖေထည့်ပေးလိုက်သော အစောင့်နှစ်ဦးမှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏ ။ တစ်ယောက်က လေကို ထိန်းချုပ်နိုင်ပြီး နောက်တစ်ယောက်က ခန္ဓာကိုယ် ကြံ့ခိုင်မှုတွင် ပြိုက်ဘက်ကင်းသည်။
"သူရဲ့ ခြေလက်တွေကို ချိုးပစ် ..ကျင့်ကြံမှုကို ဖျက်ဆီးပြီး ငါ့ရှေ့ကို ခေါ်လာခဲ့.."
ဂူချန်က အေးစက်စွာ အမိန့်ပေးလိုက်၏။ သူ့အား လာရန်စပါက ကျရှုံးမှု၏ အကျိုးဆက်ကို ထည့်သွင်းစဥ်းစားသင့်ပေသည် ။
ထိုအချိန်တွင် အနောက်မှ ကြည့်နေသော ဒါရိုက်တာ လီကျဲသည် အမျိုးသမီး၏ အဝတ်အစားကို ကြည့်ရင်း ထိတ်လန့်စွာဖြင့် ရှေ့သို့ ပြေးထွက်လာသည်။
"သခင်လေးဂူ... ဒီလူက လျိုလုံတက္ကသိုလ်က ဆရာမထင်တယ် .. အထူးတန်းပြ ဆရာဖြစ်ပုံရတယ်.. ဒါ နည်းနည်းတော့..."
"ထွီ...."
ဂူချန်က အထင်အမြင်သေးစွာဖြင့် တံတွေးထွေးလိုက်ပြီး...
"သူ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး..လျိုလုံတက္ကသိုလ် ကျောင်းအုပ်ကြီး ကိုယ်တိုင်လာရင်တောင် ငါ့ကို လာတားလို့မရဘူး.. "
ပြောပြီးသည်နှင့် သူက အစောင့်နှစ်ဦးကို လက်ဝေ့ယမ်းပြလိုက်သည်။ တစ်ချိန်တည်းမှာပင် လီကျဲကို ကြည့်ကာ သတိပေးလိုက်၏။
"ခင်ဗျားနောက်ထပ် တစ်ခွန်း ထပ်ပြောရင် သူနဲ့အတူ အဖော်လိုက်ရလိမ့်မယ်.."
လီကျဲ ထိတ်လန့်သွားပြီး အနောက်သို့ ချက်ချင်း ပြန်ဆုတ်သွားတော့သည်။
***