သို့သော် အနံ့မှာမူ အနည်းငယ် ညှီစို့စို့နှင့် နံစော်နေသည်။
“သူတော့ တကယ့်ကို ချမ်းသာသွားပြီဟေ့။”
ကယ်ဆယ်ရေးသမားတစ်ဦးက မအောင့်နိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“သိပ်ပြီး တန်ဖိုးမရှိပါဘူး။ ဖားသလိပ်ဝေလငါးဗိုက်ထဲကနေ တိုက်ရိုက်ထုတ်ယူလိုက်တဲ့ အန်ဖက်ကတန်ဖိုးမရှိသလောက်ပါပဲ။”
ပင်လယ်ပြင်သက်ရှိများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
လုပေါင်ကိုယ်တိုင်လည်း ထိုအနံ့ဆိုးကြောင့် စူးစမ်းချင်စိတ် ဖြစ်နေမိသည်။ ကယ်ဆယ်ရေးသမား၏ စကားကို ကြားသောအခါ သူက စပ်စုသည့်လေသံဖြင့်။
“အစ်ကို... အခုလေးတင် ထုတ်ယူထားတဲ့ အန်ဖက်ကရောတန်ဖိုးမရှိဘူးလားဗျ။”
မနှစ်မြို့ဖွယ်ကောင်းသော ထိုအနံ့မှာ သူမှတ်သားထားဖူးသည့် အချက်အလက်များနှင့် တကယ်ပင် ကွာခြားနေပုံရသည်။
“တန်ဖိုးမရှိပါဘူး။ ဝေလငါးအန်ဖက်ဖြစ်ပေါ်လာဖို့ဆိုတာ ရှည်လျားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဝေလငါးဗိုက်ထဲမှာ ဖြစ်တည်လာတာက အသေးအဖွဲဆုံး အဆင့်ပဲ ရှိပါသေးတယ်။ ယေဘုယျအားဖြင့်တော့ ဒါက မစင်တွေနဲ့အတူ စွန့်ထုတ်ခံရတတ်ပြီး အရမ်းကို နံပါတယ်။ ဒါပေမဲ့ သူ့မှာပါတဲ့ အဆီဓာတ်တွေကြောင့် စွန့်ထုတ်ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကြာအောင် ပင်လယ်ရေပေါ်မှာ မျောနေနိုင်ပါတယ်။ ရေစိမ်တာ ကြာလာတဲ့အခါ သူ့ရဲ့အရောင်က လျော့သွားပြီး ညှီနံ့တွေ ပျောက်သွားတတ်တယ်။ အဲဒီနောက်မှာ လေနဲ့ထိတွေ့ပြီး အောက်ဆီဂျင်နဲ့ နေရောင်ခြည်နဲ့ ထိတွေ့တာတွေကို နှစ်အကြာကြီး ခံယူရတယ်။အထဲမှာရှိတဲ့ ဆိုနေတာတွေ အကုန်လုံး ခမ်းခြောက်သွားတဲ့အထိပေါ့။ အဲဒီအခါမှ တကယ့်ကို တန်ဖိုးကြီးမားတဲ့ အန်ဖက်ဖြစ်လာတာပါ။ ဒီဖြစ်စဉ်က ဆယ်စုနှစ်ချီ ရာစုနှစ်ချီအောင်တောင် ကြာနိုင်ပါတယ်။”
ကျန်းဟွိုင်ယွမ် သည် ပင်လယ်ပြင်သက်ရှိများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဝါရင့်တစ်ဦးဖြစ်ပြီး သမုဒ္ဒရာထဲက ရတနာများအကြောင်းကို အသေးစိတ် သိရှိထားသူဖြစ်သည်။ သူ့ကို အံ့အားသင့်စေသည်မှာ လုပေါင်သည် ရေငုပ်ပြီး ဤအန်ဖက်ကို အကောင်းပကတိ မည်သို့သွားယူနိုင်ခဲ့သနည်း ဆိုသည်ပင်။
ကြိုတင်ပြင်ဆင်ထားတာလား။ဒါပေမဲ့ ဒီအကြမ်းထည်က အချောထည်ထက်တောင် ဝယ်ရခက်သေးတယ်လေ။
လုပေါင် ဆွံ့အသွားရသည်။ အကယ်၍ ဝေလငါးဗိုက်ထဲက ချက်ချင်းထုတ်ပြီး သုံးလို့ရမယ်ဆိုရင် ဖားသလိပ်ဝေလငါးတွေ မျိုးတုံးတာ ကြာလှပြီဖြစ်သည်။
“အလကား အပင်ပန်းခံလိုက်ရတာပဲ။”
လုပေါင်စိတ်ပျက်သွားမိသည်
“ဒီအတိုင်းပဲ ဆယ်စုနှစ်အနည်းငယ်လောက် သိမ်းထားလိုက်ပေါ့။ မင်းရဲ့ သား ဒါမှမဟုတ် မြေးကျမှပဲ ရောင်းခိုင်းလိုက်တော့။”
“…
ဆယ်စုနှစ်ကနေ ရာစုနှစ်ချီပြီး စောင့်ရမယ်ဆိုတော့။
“ကျွန်တော် ခရုကပ်ပါးတွေပဲ ပြန်ရှင်းပေးတော့မယ်။”
လုပေါင်သည် လိမ္မာစွာဖြင့် ခရုကပ်ရှင်းသည့်အလုပ်ကိုသာ ပြန်လုပ်တော့သည်။ ဝေလငါးအုပ်စုထဲတွင် ခရုကပ်ကပ်နေသော ကောင်များစွာ ကျန်ရှိနေသေးသဖြင့် ဆက်လက်ရှင်းလင်းရန် လိုအပ်သည်။
တစ်နာရီခန့် ကြာသောအခါ..
လူအများ၏ ဝိုင်းဝန်းကူညီမှုကြောင့် ဝေလငါးများ၏ ကိုယ်ပေါ်မှ ခရုကပ်များ အားလုံးကို ရှင်းလင်းပြီးစီးသွားခဲ့သည်။
“တစ်ကောင် လိုနေပါလား။ ငါ အရင်ဆုံး ရှင်းပေးလိုက်တဲ့ ဝေလငါးကြီး ဘယ်ရောက်သွားတာလဲ။”
ကျန်ခဲ့သည့်နေရာများရှိမရှိ စစ်ဆေးနေစဉ် လုပေါင်က တစ်ကောင် လိုနေသည်ကို သတိထားမိသွားသည်။ အကြီးဆုံးကောင်ကြီး ဖြစ်သည်။
သူသည် ဝေလငါးတစ်ကောင်၏ ဦးခေါင်းပေါ်တွင် မတ်တပ်ရပ်လျက် ဝေ့ဝဲကြည့်သော်လည်း မတွေ့ရချေ။
“ငါ့လိပ်ကြီးကော ဘယ်မှာလဲ။”
လိပ်ကြီးပါ ပျောက်နေသည်ကို လုပေါင် တစ်ပြိုင်နက်တည်း သိလိုက်ရသည်။
“အစာသွားရှာတာ ဖြစ်မှာပါ။ ဝေလငါးအုပ်စုနဲ့ သိပ်ဝေးဝေးတော့ မသွားလောက်ပါဘူး။”
ဝါရင့်ကယ်ဆယ်ရေးသမားတစ်ဦးက ပြုံးလျက် ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်။”
ဝေလငါးတစ်ကောင်သည် တစ်ရက်လျှင် အနည်းဆုံး အစာ တန်ချိန်တစ်ဝက်ခန့် စားရသဖြင့် ၎င်းတို့၏ လိုအပ်ချက်မှာ အလွန်ကြီးမားသည်။
ရုတ်တရက် လုပေါင်သည် ပင်လယ်ပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ခဏမျှ တုံ့ခနဲဖြစ်သွားကာ။
“ဟိုမှာ...”
အခြားသူများလည်းဝိုင်းကြည့်ကြသည်။
ဝေလငါးတစ်ကောင်၏ အော်မြည်သံသည် ပင်လယ်ပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။ ထိုအသံ၏ တုန်ခါမှုကြောင့် လူတိုင်း၏ ဦးခေါင်းများပင် မူးနောက်သွားရသည်။
“ဝုန်းးး”
ပင်လယ်ရေပြင်မှာဖြာထွက်သွားပြီး ဧရာမဖားသလိပ်ဝေလငါးကြီးတစ်ကောင်သည် ရေပေါ်သို့ ရုတ်တရက် ခုန်တက်လာကာ ကိုယ်ကို အားပါးတရ လွှဲလျက် ရေပြင်ပေါ်သို့ ပြန်ကျသွားရာ လှိုင်းလုံးကြီးများ ချက်ချင်း ထသွားတော့သည်။
“ဘုရားရေ... ဧရာမပြည်ကြီးငါးကြီးပါလား။”
“ဝေလငါးကြီးက ဧရာမပြည်ကြီးငါးကို ဖမ်းဖို့ ပင်လယ်ကြမ်းပြင်အထိ ဆင်းသွားတာပဲ။”
“ပြည်ကြီးငါးကြီးက အသက်ရှိသေးတယ်ဟ။”
အံ့ဩတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုခဏချင်း မြင်လိုက်ရသည့် မြင်ကွင်းတွင် ဧရာမပြည်ကြီးငါးကြီးတစ်ကောင်သည် ဝေလငါးကြီး၏ ဦးခေါင်းကို ရစ်ပတ်ထားသည်ကို လူတိုင်း မြင်လိုက်ရသည်။ ၎င်းသည် အလွန်ပင် ကြီးမားလှသည်။
“အူး... အူး”
“ကျွိ... ကျွိ”
ဝေလငါးကြီးသည် လူးလိမ့်လျက် အသံမျိုးစုံ ပြုလုပ်နေသည်။ သို့သော် ထိုအလွန်ကျယ်လောင်သော အသံလှိုင်းများသည် အကာအကွယ်မပါသော သာမန်လူတစ်ယောက်ကို ချက်ချင်း သေစေနိုင်လောက်သည်။
ပင်လယ်ရေများ လှုပ်ခတ်နေသည်။ ဝေလငါးကြီးသည် ရေပေါ်သို့ တစ်ချက်တစ်ချက် ခုန်တက်ပြီး ပြန်ကျလာကာ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်ကို လူတိုင်း ငေးကြည့်နေကြသည်။
“သူက ဧရာမပြည်ကြီးငါးကို ဖမ်းလာတာပဲ။”
လုပေါင် အံ့ဩသွားသည်။ ဧရာမပြည်ကြီးငါး၏ သဘာဝရန်သူမှာ ဖားသလိပ်ဝေလငါး ဖြစ်သည်။ ဤဝေလငါးကြီးသည် ၎င်းကို ဖမ်းရန် ပင်လယ်ကြမ်းပြင်အထိ ဆင်းသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ဤပြည်ကြီးငါးမှာ ကြီးမားလွန်းလှသည်။ ၎င်းသည် ဝေလငါး၏ ဦးခေါင်းကို တင်းကျပ်စွာ ရစ်ပတ်ထားဆဲ ဖြစ်သည်။ ၎င်းသည် အသက်ထွက်လုနီးပါး ဖြစ်နေသော်လည်း အသည်းအသန် ရုန်းကန်နေဆဲပင်။
အဓိကအားဖြင့် ဖားသလိပ်ဝေလငါးများသည် ဤပြည်ကြီးငါးများကိုသာ အဓိက အစာအဖြစ် စားသုံးကြသည်။
Live ကြည့်နေသော သန်းနှင့်ချီသော ပရိသတ်များမှာလည်း ဤတုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် ဆွံ့အကုန်ကြသည်။ ပင်လယ်နက်ထဲတွင် ဤကဲ့သို့သော ဧရာမသတ္တဝါကြီးများ အမှန်တကယ် ရှိနေပါလား။
“ဒါက ပင်လယ်နက်ထဲက မိစ္ဆာပဲ။”
“ဘုရားရေ... ဘယ်လောက်တောင် ကြီးတာလဲ။ကြည့်ရတာ အရမ်းကြောက်စရာကောင်းတယ်။”
“ဝေလငါးကြီး အသက်ရှူကျပ်ပြီး သေသွားနိုင်မလား။”
“ဘာလို့ live က လိုင်းကျလာတာလဲ။လက်ဆောင်တောင် ပေးလို့မရတော့ဘူး။ လူတွေ အရမ်းများနေလို့လား။”
“ဧရာမပြည်ကြီးငါးတွေက ကြောက်စရာကောင်းတဲ့ ပင်လယ်နက် သတ္တဝါတွေပါ။ သူတို့ကို ပြည်ကြီးငါး လို့ ခေါ်ပေမဲ့ တကယ်တော့ သူတို့က ခြေလက်များတဲ့ ခရုမျိုးနွယ်ဝင် တွေပါ။ သူတို့နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီးရှိတယ် သူတို့က သဘောကောင်းတဲ့ သတ္တဝါတွေ မဟုတ်ဘူး။ အခုဟာကတော့ တကယ့်ကို ဧရာမကြီးပဲ။”
“ဝေလငါးကြီးကတော့ မိုက်နေရောပဲ ဒီကောင်ကြီးကို တကယ်ဖမ်းနိုင်တာလား။”
“ဟေ့... streamer ဘာလုပ်မလို့လဲ။ပြည်ကြီးငါးကို သွားချမလို့လား ခရင်းခွကိုင်ထားတိုင်း ပင်လယ်နတ်ဘုရား ဖြစ်မလာဘူးနော်။”
“မိုက်တယ်ဟေးး”
“လိုင်းကျနေတယ်။”
ထိုအချိန်တွင် လိပ်ကြီးက သူ့အနားသို့ ရောက်လာသောအခါမှ လုပေါင်သည် ဝေလငါးကြီးက ဘာကြောင့် ဧရာမပြည်ကြီးငါးကို ရေပေါ်အထိ ဆွဲတင်လာသနည်း ဆိုသည်ကို နားလည်သွားတော့သည်။ ဤရှားပါးသော ဖြစ်ရပ်မှာ ဝေလငါးကြီးက ထိုပြည်ကြီးငါးကို သူ့အား လက်ဆောင်ပေးချင်နေခြင်းကြောင့်ပင်။
၎င်း၏ အကြိုက်ဆုံး အရသာကို သူ့အား ပေးခြင်းဖြစ်သည်။ဒါက ကျေးဇူးဆပ်သည့် နည်းလမ်းပင်။
သူသည် ကယ်ဆယ်ရေးလှေပေါ်မှ တောက်ပနေသော ငွေရောင်မှိန်းအသစ်တစ်လက်ကို ကောက်ကိုင်လိုက်ပြီး ရေထဲသို့ ချက်ချင်း ခုန်ချကာ ရုန်းကန်နေဆဲ ဝေလငါးကြီးထံသို့ ပြေးဝင်သွားတော့သည်။
ဤတစ်ကြိမ်တွင် ဝေလငါးကြီးသည် ပြိုင်ဘက်ကောင်းနှင့် တွေ့နေခြင်းဖြစ်သည်။ ဤပြည်ကြီးငါးကြီးမှာ အမြီးအထိဆိုလျှင် မီတာ ၂၀ ကျော် ရှည်လျားသည်။ ၎င်း၏ အကြီးဆုံး ခြေလက် ၂ ခုမှာ ဝေလငါး၏ ဦးခေါင်းကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး ကျန်ခြေလက်များကမူ ဝေလငါး၏ အသက်ရှူလမ်းကြောင်းနှင့် မျက်လုံးများကို ပိတ်ဆို့ထားသည်။
ဝေလငါးကြီးက ၎င်းကို ကိုက်ခဲကာ အသည်းအသန် ဆွဲဖြဲနေသည်။ သွေးများကြောင့် ပင်လယ်ပြင်မှာ နီရဲနေတော့သည်။
အချို့မှာ ပြည်ကြီးငါး၏ သွေးများဖြစ်ပြီး အချို့မှာ ဝေလငါး၏ သွေးများဖြစ်သည
ပင်လယ်ထဲတွင် လုပေါင်သည် ပင်လယ်ဘုရင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူသည် မှိန်းကို ကိုင်စွဲလျက် လှိုင်းထန်နေသော ရေစီးကြောင်းများကြားမှ အမြန်ဆုံး ပြေးဝင်သွားနိုင်သည်။ နီရဲနေသော ဧရာမပြည်ကြီးငါးကြီးမှာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် လုပေါင်သည် မှိန်းဖြင့် ချက်ချင်း ထိုးစိုက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အားအင်ဖြင့် မှိန်းသည် ပြည်ကြီးငါး၏ ဦးခေါင်းထဲသို့ တိုက်ရိုက် စိုက်ဝင်သွားသည်။ လုပေါင်က ပြင်းထန်စွာ လှည့်ပတ်လိုက်ရာ ပြည်ကြီးငါး၏ ဦးခေါင်းမှာ ချက်ချင်း ပုံပျက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။
၎င်းမှာ အလွန်ပင် မြန်ဆန်လှသည်။ လူတိုင်း သတိမထားမိခင်မှာပင် လုပေါင်သည် မှိန်းကို ပြန်ဆွဲထုတ်ကာ ဤတစ်ကြိမ်တွင် ပြည်ကြီးငါး၏ ဧရာမမျက်လုံးထဲသို့ ထိုးစိုက်လိုက်ပြန်သည်။
တစ်ချက် နှစ်ချက် သုံးချက်... သူသည် အချက်ပေါင်း တစ်ဆယ်ကျော် ဆက်တိုက် ထိုးစိုက်လိုက်သည်။ ပြည်ကြီးငါးကြီးမှာ လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။ ဝေလငါးကို တွယ်ကပ်ထားသော စုပ်ခွက် များမှာ ထိန်းချုပ်မှု အားနည်းသွားသည်။
စုပ်ခွက်များဖြင့် ပြည့်နေသော ခြေလက်များသည် ဧရာမစပါးကြီးမြွေများကဲ့သို့ပင် ဖြစ်ရာ နီရဲနေသော မြင်ကွင်းမှာ မြင်ရသူတိုင်းကို ကြက်သီးထစေသည်။
ပြည်ကြီးငါး သေသွားပြီဖြစ်ကြောင်း သိလိုက်သောအခါ ဝေလငါးကြီးသည် ကိုယ်ကို တစ်ချက်လူးလိုက်သည်။ ပြည်ကြီးငါး၏ ခြေလက်များမှာ ပျော့ခွေသွားပြီး ကွာကျသွားတော့သည်။ ထိန်းချုပ်မှုမရှိတော့သော စုပ်ခွက်များ၏ ဆွဲအားမှာ ဝေလငါး၏ အားအင်ကို မတွန်းလှန်နိုင်တော့ပေ။
လုပေါင်သည် လိပ်ကြီး၏ ကျောပေါ်တွင် မှိန်းကိုကိုင်လျက် မတ်တပ်ရပ်နေသည်ကို မြင်သောအခါ ဝေလငါးကြီးသည် ၎င်း၏ ဧရာမဦးခေါင်းကို ချက်ချင်း တိုးပေးလိုက်ပြီး အကြိမ်ကြိမ် ခေါင်းမော့ပြကာ အချက်ပြနေသည်။
“မင်းစားဖို့ ယူလာတာ စားလိုက်ပါ။”
“ဒါက လတ်လတ်ဆတ်ဆတ်ပဲ မြင်လား။လှုပ်တောင် လှုပ်နေသေးတယ်။ ငါ အပင်ပန်းခံပြီး ဖမ်းလာတာနော်။”
ဝေလငါးကြီးသည် သူအပင်ပန်းခံ ဖမ်းလာသော အစာကို လုပေါင်၏ ပါးစပ်ထဲသို့ အတင်းထည့်ပေးရန် အစွမ်းကုန် ကြိုးစားနေတော့သည်။
***