ဧရာမပြည်ကြီးငါးကြီးသည် ယခုထိလှုပ်ရှားနေဆဲ ဖြစ်သည်။
ကြွက်သားများ၏ အကြောအရုံကြောင့် ရှေ့နောက်တွန့်လိမ်ကာ ရစ်ခွေနေဆဲဖြစ်သော ဧရာမပြည်ကြီးငါး၏ ခြေလက်များကို ကြည့်ပြီး လုပေါင်က ခပ်ပြုံးပြုံးဖြင့်။
“မင်းပဲစားပါ မင်းပဲစားပါ ငါကအစိမ်းစားလို့မရဘူးလေ။ကျေးဇူးပါပဲ။”
တကယ့်ကို ချစ်ဖို့ကောင်းတဲ့ ကောင်ကြီးပါလား။ သူဝင်ကူလိုက်ရသည်မှာလည်း ကံကောင်းသည်ဟု ဆိုရမည်ဖြစ်၏။သို့မဟုတ်ပါက ဝေလငါးကြီးအနေဖြင့် ဤပြည်ကြီးငါးကို သတ်နိုင်မည်ဖြစ်သော်လည်း ဤအခြေအနေမျိုးတွင် အချိန်အတော်ကြာ ပေးမှသာသတ်နိုင်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤပြည်ကြီးငါးမှာအလွန် ကြီးမားလွန်းလှသောကြောင့်ဖြစ်သည်။
ဝေလငါးကြီးသည် ၎င်း၏ဦးခေါင်းကြီးဖြင့် အတင်းတိုးဝှေ့ကာ စားရန် ဇွတ်အတင်း အချက်ပြနေသော်လည်း လုပေါင်မှာမူ တကယ်မစားနိုင်ချေ။ ဤမျှကြီးမားသော အရာကြီးကို သူဘယ်လိုလုပ် စားနိုင်မည်နည်း။တစ်နှစ်လုံး ထိုင်စားလျှင်တောင် ကုန်နိုင်မည်မဟုတ်ပေ။
“ကြည့်ပါဦး သူ့ရဲ့ အကြီးဆုံးစုပ်ခွက်က ငါ့ခေါင်းလောက်နီးနီး ရှိတာကို။ ငါဘယ်လိုစားရမှာလဲ။”
လုပေါင်သည် ဝေလငါးကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး ဝေလငါးကိုယ်ပေါ်တွင် ကပ်တွယ်နေဆဲဖြစ်သော စုပ်ခွက်ကြီးများကို တစ်ခုချင်းစီ ခွာထုတ်ပေးလိုက်သည်။
ဧရာမပြည်ကြီးငါးကို အမဲလိုက်ရသည်မှာ မလွယ်ကူလှပေ။ ဝေလငါးကြီး၏ ကိုယ်ပေါ်တွင် နီရဲနေသော အပေါက်များစွာ ကျန်ရစ်ခဲ့သည်။ ပြင်းထန်သော စုပ်အားကြောင့် ကျောပေါ်ရှိ သွေးများမှာ ပင်လယ်ထဲသို့ စီးကျနေသည်။
သို့သော် ဝေလငါးကြီးကဲ့သို့ ဧရာမသတ္တဝါကြီးအတွက်မူ ဤဒဏ်ရာများသည် လုံးဝ လျစ်လျူရှုထားနိုင်သော အရာများသာ ဖြစ်သည်။
Live ကြည့်နေသော ပရိသတ်များမှာတော့ အံသြနေကြသည်။
ဤဝေလငါးကြီးသည် လုပေါင်ကို ကျေးဇူးဆပ်ရန်အတွက်သာ ဤပြည်ကြီးငါးကို အမဲလိုက်ခဲ့ခြင်းလော။
“အား... ချစ်ဖို့ကောင်းလိုက်တဲ့ ဝေလငါးလေးပဲ။”
“ဒါက အရွယ်ရောက်ပြီးသား ဖားသလိပ်ဝေလငါးကြီးလေ။ ဒီလောက်ကြီးတဲ့ ကလေးကို မင်းကဘယ်မှာ မြင်ဖူးလို့လဲ...”
“မြန်မြန်... နှစ်ကိုက်လောက်တော့ ကိုက်ပြလိုက်ပါလား။ဝေလငါးလေး ဝမ်းမနည်းအောင်လို့ မြန်မြန်ကိုက်လိုက်။”
“ဒီလောက်ကြီးတဲ့ ဝေလငါးကြီးက ချွဲပြနေတာ ရတနာနတ်ဘုရားတောင် ကြွေနေပြီထင်တယ် ဟားဟားဟား။ မြန်မြန်စားလိုက်ပါ။သူ့ကို စိတ်မကောင်းမဖြစ်စေနဲ့ ဟားဟားဟား။”
“စားလိုက်ရင် ငါတို့ ရတနာမြေပုံ တွေ ချက်ချင်း လက်ဆောင်ပေးမယ်။”
“စား စား”
ဤဝေလငါးကြီးသည် လုပေါင်ကို မျက်နှာလုပ်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ ၎င်း၏ အကောင်းဆုံးအရာကို ပေးအပ်နေပြီး ချွဲရမည်ကိုပင် သိကာ ဦးခေါင်းကြီးဖြင့် အတင်းတိုးဝှေ့နေသည်။
Live Chat တွင်လည်း လုပေါင်အား ချက်ချင်း နှစ်ကိုက်ခန့် ကိုက်ပြရန် တိုက်တွန်းသော မှတ်ချက်များဖြင့် ပြည့်နှက်နေပြီး လက်ဆောင်များမှာလည်း screen တစ်ခုလုံး ပျံနှံ့နေသည်။
“မင်းခေါင်းစားအောင် စဉ်းစားရင်တောင် ငါတကယ်လိုချင်တာက ဒီပြည်ကြီးငါးမဟုတ်ဘဲ မင်းလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက စွန့်ပစ်ခဲ့တဲ့ အန်ဖက်တွေဆိုတာ မှန်းမိမှာတောင်မဟုတ်ဘူး...”
လုပေါင်၏ မျက်နှာမှာ အနေရခက်မှုများဖြင့် ပြည့်နေသည်။ .
“ကလေးလေးရေ.. ငါ့ကို မင်းရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က အန်ဖက်တွေပဲ ပေးလို့ရမလား။”
အဓိကမှာ ဖားသလိပ်ဝေလငါး၏ အန်ဖက်ထဲတွင် တွေ့ရသော ဖားသလိပ်ကျောက်ကသာ တန်ဖိုးအရှိဆုံး ဖြစ်သည်။ သူသည် ဤပြည်ကြီးငါးကြီးကို တကယ်ပင် မကြိုက်ပေ။
“အူး...”
ဝေလငါးကြီးမှာ စိတ်ပူလာပြီး ကျယ်လောင်သော အော်သံတစ်ခုကို ပြုလုပ်လိုက်သည်။
အသံက နားထောင်ကောင်းသော်လည်း အသံလှိုင်းနှုန်း က မြင့်လွန်းလှသည်။
ကံကောင်းသည်မှာ ၎င်းသည် သာမန်အော်ဟစ်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း သတင်းကြား၍ အပျော်စီးလှေများဖြင့် ရောက်လာကြသော ကယ်ဆယ်ရေးသမားများ စိတ်ဝင်စားသူများနှင့် ခရီးသွားအချို့မှာ ပြည်ကြီးငါးကြီးကို ကြည့်ရန် အနားသို့ ချဉ်းကပ်လာစဉ် ထိုအသံကြောင့် နားကို အုပ်ထားလိုက်ကြရသည်။
သာမန်လူများမှာ ဝေလငါး၏ အော်သံကို တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။
Live ကြည့်နေသူများမှာမူ အနည်းဆုံးတော့ screen ခြားနေသဖြင့် ထိုမိုးချိန်းသံကဲ့သို့သော အသံလှိုင်းဒဏ်ကို မခံစားရပေ။
“ကဲ... ဒါဆိုလည်း ငါ နည်းနည်းလောက် တော့စားပြပါ့မယ်။”
လုပေါင် ခဏစဉ်းစားပြီးနောက် ပြည်ကြီးငါး၏ သေးငယ်သော ခြေလက်တစ်ခု၏ ထိပ်ဖျားပိုင်းကို ကိုင်လိုက်သည်။ ပြည်ကြီးငါး သေနေပြီဖြစ်သော်လည်း ထိုခြေလက်မှာ လူးလိမ့်နေဆဲဖြစ်ရာ ကြည့်ရသည်မှာ အနည်းငယ် ရွံစရာကောင်းနေသည်။
သူကိုယ်တိုင်ပဲ တစ်ကိုက်လောက် ကိုက်ပြလိုက်တော့မည်။
Live Chat တွင်အမိုက်စားပဲ ဟူသော စာသားများ ပြည့်သွားပြီး အခြားဝေလငါးများပင် ဝိုင်းအုံလာကာ ဦးခေါင်းကြီးများကို တိုးထွက်၍ ဝိုင်းကြည့်နေကြသည်မှာ တကယ့်ကို ပွဲကြည့်ပရိသတ်တစ်စုကဲ့သို့ပင်။
ပင်လယ်ပြင်သက်ရှိများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကျန်းဟွိုင်ယွမ်က အလျင်အမြန် လှမ်းအော်ပြောသည် ။
“ဧရာမပြည်ကြီးငါးရဲ့ အသားက ချဉ်စုတ်စုတ် အရသာရှိပြီး စားလို့မကောင်းပါဘူး။ဒါပေမဲ့ ဧရာမပြည်ကြီးငါးကိုရောင်းရင် ပိုက်ဆံအများကြီး ရနိုင်ပါတယ်။ ဒါက မီတာ ၂၀ လောက်ရှိတဲ့ အကြီးဆုံး ပြည်ကြီးငါး ဖြစ်ရမယ်။ ပင်လယ်ပြတိုက်တွေ ဒါမှမဟုတ် ငါးပြတိုက်တွေက ဒါကိုရဖို့ ဈေးကြီးပေးပြီး ဝယ်ချင်ကြလိမ့်မယ်။”
“ဒါက ဘယ်လောက်လောက်နဲ့ ရောင်းလို့ရနိုင်လဲ။”
လုပေါင် အံ့ဩသွားသည်။ ဒီအကောင်ကြီးက တကယ်ပဲ ပိုက်ဆံနဲ့ ရောင်းလို့ရတာလား။
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။သူ၏ ဝိုင်ချက်စက်ရုံ ဘေးကနေရာကို ငါးပြတိုက် ဆောက်လို့ရသည်။ထို့နောက် ဧရာမပြည်ကြီးငါးများ ပင်လယ်နက်ထဲက မိစ္ဆာတွေ စတာတွေကို ဖမ်းပြီး ပြသထားနိုင်သည်။ ထိုသို့ဆိုလျှင် သူ ချမ်းသာသွားမည် မဟုတ်ပါလား။
“ဒါကို သတ်မှတ်ထားတဲ့ ဈေးနှုန်းတော့ မရှိသေးပါဘူး။ဒါပေမဲ့ အနည်းဆုံးတော့သိန်းဂဏန်း လောက်တော့တန်မယ်လို့ ခန့်မှန်းရပါတယ်။ဒီထက်လည်း ပိုနိုင်ပါသေးတယ်။”
လုပေါင်ကအကောင်းတိုင်းရှိနေသော ပြည်ကြီးငါးကြီးကို ကိုက်စားတော့မည်ကို မြင်သောအခါ ကျန်းဟွိုင်ယွမ်က အလောတကြီး လှမ်းပြောလိုက်ခြင်းဖြစ်သည်။ ဧရာမပြည်ကြီးငါး၏နမူနာများမှာ အလွန်ရှားပါးပြီး ဤမျှကြီးမားသော အကောင်မျိုးကို ယခင်က တစ်ခါမျှ မရရှိဖူးသေးပေ။
ငွေသောင်းနဲ့ချီ သိန်းဂဏန်း ဆိုသော်လုပေါင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
၎င်းသည် အသင့်အတင့်ပိုက်ဆံပမာဏတစ်ခု ဖြစ်သော်လည်း သူသည် စိတ်ကြီးဝင်နေသူ ဖြစ်နေခဲ့သည်။ ထိုပမာဏမှာ အချိန်အကုန်ခံရလောက်အောင် မတန်ဟု သူယူဆသည်။ သူသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး။
“ထားလိုက်ပါတော့။ ဝေလငါးကြီးအတွက် ဒါကို ဖမ်းရတာ မလွယ်ဘူးလေ။ သူ့ရဲ့သားကောင်က သူစားဖို့ပဲ ဖြစ်သင့်ပါတယ်။ ဒါ့အပြင် ငါ့ရဲ့ သန်းနဲ့ချီတဲ့ ပရိတ်သက်တွေကလည်း ငါစားပြတာကို စောင့်နေကြတာ။ ငါမစားလို့ ဝေလငါးကြီး စိတ်ပျက်သွားရင် မကောင်းဘူးလေ။”
နောင်မှသာ ဝိုင်ချက်စက်ရုံနားရှိနေရာလွတ်ကို လျှို့ဝှက်ဆန်းပြားသော ပင်လယ်သတ္တဝါများ ပြပွဲအဖြစ် ပြုပြင်လိုက်မည်။ ထို့နောက် လက်မှတ်တစ်စောင်ကို ၈၈၈ ယွမ်နှုန်းဖြင့် ရောင်းချကာ ထူးဆန်းသောသတ္တဝါများဖြင့် ဖြည့်ထားမည်ဆိုလျှင် နာမည်ကြီးမည်မှာ သေချာသည်။
ဧရာမပြည်ကြီးငါးတွေအတွက်ကတော့ သူကိုယ်တိုင် ပင်လယ်နက်ထဲ ဆင်းဖမ်းလိုက်လျှင် ရသည်။ ရေအောက် မီတာ ရာဂဏန်းဆိုသည်မှာ သူ့အတွက် မခက်ခဲလှပေ။
ကျန်းဟွိုင်ယွမ်သည် သူ၏မျက်နှာကြွက်သားများ တွန့်သွားသည်ဟု ခံစားလိုက်ရသည်။
“Streamerတွေ အားလုံးက ဒီလောက်တောင် ချမ်းသာနေကြတာလား။ဒီလောက် ပိုက်ဆံပမာဏကို ဂရုမစိုက်ကြတော့တာလား။”
Live Chat တွင်မူ ပရိတ်သက်များကို အလေထားခြင်းဟူသော စကားလုံးများဖြင့် ပြည့်နှက်သွားတော့သည်။ဒါဟာမိသားစုတစ်ခုပဲဖြစ်လေသည်။သူ့မိသားစုကို ပျော်ရွှင်စေဖို့အတွက် ငွေသောင်းချီတန်တာကို စွန့်လွှတ်၍ အစိမ်းလိုက်တောင် ကိုက်ပြရဲသည်။လေးစားစရာကောင်းလှ၏။
ထို့ကြောင့် လက်ဆောင်များမှာ ကောင်းပင်ပေါ်တတ်မလိုscreen ပေါ်တွင် ပျံနှံ့လာသည်။
“မိသားစုအတွက်ပဲလက်ဆောင်လေးနည်းနည်းပါးပါး ပေးတာ ဘာဆန်းလို့လဲ။”
စသောခေါင်းစဉ်များနှင့်ဖြစ်၏။
ဝေလငါးကြီးနှင့် လိပ်ကြီးတို့၏ စောင့်ကြည့်မှုအောက်တွင် လုပေါင်သည် တွန့်လိမ်နေဆဲဖြစ်သော ခြေလက်ကို ကြည့်ကာ ချက်ချင်းပင် တစ်ကိုက် ကိုက်လိုက်ပြီးဝါးစားပြလိုက်တော့သည်။
၎င်းသည် မာကျောသော်လည်း သူ၏ ထက်မြက်သော သွားများအောက်တွင် အသားတစ်စကို ဖဲ့ယူနိုင်ခဲ့သည်။ နှစ်ချက် သုံးချက်ခန့် ဝါးပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်းပင် စိမ်းဖန့်သွားတော့သည်။
“တကယ့်ကို ရွံစရာကောင်းလိုက်တာ...”
၎င်းမှာ အလွန်ပင် အရသာဆိုးလှသည်။ ရာဘာပြားကို ဝါးနေရသလိုမျိုးဖြစ်ပြီး ညှီစို့စို့ အနံ့ဆိုးလည်း ပါဝင်သည်။ ပင်လယ်နက်ထဲက သတ္တဝါတွေက အရသာမရှိပုံရသည်။
အနားရှိ လူများမှာမူ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ ဧရာမပြည်ကြီးငါးရဲ့ အသားက အဲဒီလောက်တောင် နုတာလား။ကြောက်စရာကောင်းသော ကိုက်ခံအားရှိသည့် ဝေလငါးကြီးတောင်မှ ၎င်း၏ ခြေလက်များကို ကိုက်မဖြတ်နိုင်ဘူးလေ။
ပင်လယ်ပြင်နှင့် တစ်နှစ်ပတ်လုံး ထိတွေ့နေရသော ဤလူများသည် ဤမျှကြီးမားသော ဧရာမပြည်ကြီးငါး၏ အသားမှာ မည်မျှ မာကျောကြောင်း ကောင်းစွာ သိကြသည်။ ငါးမန်းတစ်ကောင်တောင်မှ ဒါကို ဆွဲဖြဲဖို့ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
ကျန်းဟွိုင်ယွမ်သည် လုပေါင်ကို သတိပေးချင်နေသေးသော်လည်း သူသိထားသော အသိပညာများနှင့် လက်တွေ့မှာ ကွဲပြားနေသဖြင့် ခဏမျှ ဘာပြောရမှန်း မသိဖြစ်နေသည်။
ထိုအချိန်မှာပင်Ocean Live Streamပလက်ဖောင်းသည်လည်း ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ဆာဗာများမှာ ပျက်ကျမည် ဖြစ်သည်။
ထို့အပြင် အခြေအနေမှာ ဤအတိုင်း ဆက်သွားနေလျှင် ocean Live stream အနေဖြင့် ဤမျှကြီးမားသော လူဦးရေကို ထိန်းထားနိုင်မည်မဟုတ်ပေ။ ဆာဗာ ပျက်ကျခြင်းမှာ ရှောင်လွှဲ၍မရနိုင်တော့ပေ။
“သူဌေး... ကျွန်တော်တို့ သတ်မှတ်ချက်ကို ကျော်လွန်သွားပါပြီ။ ရတနာနတ်ဘုရား တစ်ယောက်တည်းရဲ့ live ကတင် ကျွန်တော်တို့ လက်ခံနိုင်တဲ့ အကန့်အသတ်ကို ကျော်သွားပြီ။ သူ့ရဲ့ live မှာ တကယ်ကြည့်နေတဲ့သူ ၅ သန်း ရှိနေပါတယ်...။”
နည်းပညာဒါရိုက်တာမှာ ချွေးပြန်နေပြီး လေးလံထိုင်းမှိုင်းနေသော ဆာဗာ များကို ကြည့်ကာ ထိတ်လန့်နေမိသည်။ ၅ သန်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ဤအတိုင်း ဆက်သွားလျှင် ချက်ချင်း ပျက်ကျတော့မည်တကယ့်အသုံးပြုသူ ၅ သန်း။ အတိတ်ကာလက နာမည်အကြီးဆုံး live များတွင်ပင် တကယ့်အသုံးပြုသူမှာ အများဆုံး သိန်းဂဏန်းခန့်သာ ရှိခဲ့သည်။ လူကြည့်နှုန်းမှာ သန်းနှင့်ချီ ပြနေသော်လည်း ၎င်းတို့မှာ အချက်အလက်အတုများသာ ဖြစ်ကြသည်။
သို့သော် ယခုမူ...
***