“ဒါက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”
ရွှီဖန်၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်လာပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ပြင်းထန်သော သံသယစိတ်များ ပြည့်နှက်နေတော့သည်။
အနာဂတ်ပုံရိပ်များအရ သူ မည်သို့သော ဝှက်ဖဲကိုပင် ထုတ်သုံးပါစေ ရှောင်ပင်း၏ ဟာကွက်
ပေါင်းများစွာကို မည်မျှပင် ထိုးထွင်းသိမြင်ပါစေ နောက်ဆုံးရလဒ်မှာမူ သူ သေဆုံးရမည်သာ ဖြစ်နေသည်။ ၎င်းမှာ မရေမတွက်နိုင်သော လမ်းခွဲများစွာ ဖြာထွက်နေသော်လည်း အဆုံးသတ်တွင်မူ လမ်းကြောင်းတစ်ခုတည်းဆီသို့သာ ပြန်လည်စုဆုံသွားပြီး သူ၏အနာဂတ်ကို ပြိုလဲပျက်စီးစေသကဲ့သို့ပင်။
“အရင်ဆုံး ထွက်သွားမှဖြစ်မယ်”
ရွှီဖန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ချိုင့်ဝှမ်းအတွင်းမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။
ငါသာ ထွက်ပြေးမယ်ဆိုရင်ရော….
သူ၏မျက်လုံးများမှာ ဟိုဒီသို့ အလျင်အမြန် လှုပ်ရှားနေပြီး အခြားသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်ကာ တွက်ချက်ပုံဖော်ကြည့်ပြန်သည်။
တစ်ခဏချင်းမှာပင် သူ၏ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ကမ္ဘာငယ်အတွင်းရှိ သင့်တော်သော ပုန်းအောင်းရာနေရာများသို့ ရောက်ရှိသွားခဲ့သည်။ ဤကြီးမားလှသော ဘေးဒုက္ခမှ သူ ရှောင်ရှားနိုင်ခြင်း ရှိမရှိကို သိရန် ကြိုးစားနေခြင်းပင်။
...
နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်သည်။
ကမ္ဘာငယ်အတွင်းရှိ အချိန်မှာ တတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ကာ ကျယ်ပြောလှသော တိမ်တိုက်ရေကန်၏ အောက်ခြေတွင် ရွှီဖန်သည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်နှာမှာ အလွန်ပင် မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေတော့သည်။
“ကျရှုံးနေတုန်းပဲ”
ရွှီဖန်သည် အသက်ပြင်းပြင်းရှူကာ ရေကန်အောက်ခြေမှ တစ်လှမ်းချင်း လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ဤတစ်ရက်အတွင်းမှာပင် သူသည် ကမ္ဘာငယ်တစ်ခုလုံးရှိ နေရာအနှံ့သို့ ပြေးလွှားခဲ့ပြီး ချန်ကျီရှင်း၏ရန်မှ လွတ်ကင်းမည့် ပုန်းအောင်းရာနေရာကို ရှာဖွေခဲ့သည်။
သို့သော်လည်း သူ မည်သို့ပင် ပုန်းအောင်းပါစေ မည်သို့ပင် တွက်ချက်ပါစေ အဆုံးသတ်မှာတော့ အတူတူပင်။ ချန်ကျီရှင်းသည် သူ ပုန်းအောင်းနေသည့်နေရာကို ရှာတွေ့သွားပြီး သူ့ကို ရက်ရက်စက်စက် အဆုံးစီရင်သွားမည်သာ။
ဤအချက်က ရွှီဖန်၏ နှလုံးသားကို အမှောင်ထုထဲသို့ လုံးဝ ကျဆင်းသွားစေခဲ့သည်။
ဗွမ်း... ဗွမ်း
ရေမျက်နှာပြင်မှာ ပွင့်ထွက်သွားပြီး ရေတိုင်လုံးကြီးတစ်ခုမှာ ရွှီဖန်၏ ခြေထောက်အောက်မှ အလိုအလျောက် ပင့်တင်ပေးလိုက်ကာ သူ့ကို တိမ်တိုက်ရေကန်အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။
ရေကန်ဘေးသို့ ရောက်ရှိသွားချိန်တွင်မူ သူ မသိလိုက်ဘဲနှင့် အနီရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုမှာ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေပြီး အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ဟန် ရှိသည်။
ရှောင်ပင်း ရောက်လာပြီ။
“မင်းရဲ့ သင်္ချိုင်းကုန်းကို မင်း ရွေးပြီးပြီလား”
ချန်ကျီရှင်းက ရွှီဖန်ကို အသာအယာကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ရွှီဖန်သည် ချန်ကျီရှင်းကို စိုက်ကြည့်နေမိပြီး သူ၏မျက်နှာမှာ အလွန်အမင်း တင်းမာလာခဲ့သည်။ သူ၏မျက်ဝန်းထဲတွင် အနာဂတ်ပုံရိပ်များမှာ အဆက်မပြတ် ပြိုလဲပျက်စီးနေပြီး သူ့ရှေ့မှ မြင်ကွင်းမှာ လုံးဝ မှောင်အတိ ကျသွားခဲ့ပြီ ဖြစ်သည်။
သူ၏ဘဝမှာ ဤနေရာတွင် အဆုံးသတ်တော့မည်ဟု ကြေညာချက် ထွက်ပေါ်လာသကဲ့သို့ပင် ဤခံစားချက်မှာ သေဒဏ်ကျခံထားရသော အကျဉ်းသားတစ်ဦးကဲ့သို့ သူ မည်သို့သေမည်ကို အတိအကျ သိနေသော်လည်း ဘာတစ်ခုမှ မပြောင်းလဲနိုင်သည့် ခံစားချက်မျိုးပင်။ အလွန်အမင်း စိတ်ပျက်အားငယ်စရာ ကောင်းလှသည်။
“ရှောင်ပင်းလား ဒါမှမဟုတ် မင်းကို ချန်ကျီရှင်းလို့ ခေါ်ရမလား”
ရွှီဖန်၏ အသံမှာ အက်ကွဲနေပြီး သူ၏မျက်လုံးများတွင်လည်း သွေးကြောများ ယှက်သန်းနေတော့သည်။ ဤသည်မှာ သူတို့နှစ်ဦး၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သော်လည်း ဤတွေ့ဆုံမှုတစ်ခုတည်းနှင့်ပင် သူ၏နှလုံးသားထဲတွင် အန္တရာယ်ရှိကြောင်း အချက်ပေးသံများမှာ အဆက်မပြတ် မြည်ဟည်းနေတော့သည်။
သူသည် များပြားလှသော အနာဂတ်ပုံရိပ်များမှတစ်ဆင့် ဤစစ်မှန်သောတပည့်၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို တွက်ချက်၍ သိရှိသွားခဲ့ခြင်းပင်။
ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး... ချန်ကျီရှင်း
“ဝိညာဉ်ကျောက်တုံးတွင်းလေးတစ်ခုရယ် တန်ဖိုးမရှိတဲ့ လူ့အသက်အနည်းငယ်ရယ်အတွက်နဲ့... မင်းက ဇီဝေချန်မိသားစုကနေ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအထိ တကူးတကလာပြီး ငါ့ကိုသတ်ဖို့ ဒီလောက်တောင် အကွက်ကျကျ စီစဉ်ခဲ့တာလား”
ရွှီဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ၏မျက်နှာတွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။ သူ အားလုံးကို နားလည်သွားပြီ အရာအားလုံးကို သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဤချန်ကျီရှင်းသည် အစေခံတစ်ဦးအသွင်ဖြင့် ဂိုဏ်းထဲသို့ ခိုးဝင်လာခဲ့ပြီးနောက် ပါရမီများကို ထုတ်ဖော်ပြသကာ စစ်မှန်သောတပည့်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် ထိုသူသည် ကမ္ဘာငယ်တစ်ခုကို သူ၏အလိုဆန္ဒအရ ထုတ်ပေးခဲ့ပြီး ၎င်းကို အသုံးချကာ သူ့ကို ထောင်ချောက်ထဲသို့ ဆွဲခေါ်ခဲ့ခြင်းပင်။
အရာရာတိုင်း... အရာရာတိုင်းက မြက်တောထဲက မြွေတစ်ကောင်လို၊ မိုင်ပေါင်းထောင်ချီအောင် လျှို့ဝှက်စွာ ပုန်းလျှိုး၍ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
နောက်ဆုံးတွင်မူ ကြိုတင်ခင်းကျင်းထားသည့် နိမိတ်ဖတ်ချက်များအားလုံးမှာ ယခုအချိန်တွင် ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး သူ၏အနာဂတ်ကို သူကိုယ်တိုင် သိရှိနေပါလျက်နှင့်ပင် အနည်းငယ်မျှ ရုန်းထွက်၍မရနိုင်အောင် ဖြစ်နေရသည်။
ဤကမ္ဘာငယ်မှာ ကံထူးမှုများ ရရှိမည့်နေရာ မဟုတ်ပေ။ သေချာသည်မှာမူ ဤသည်မှာ ချန်ကျီရှင်းက သူ့အတွက် ကြိုတင်ပြင်ဆင်ထားသည့် သင်္ချိုင်းကုန်းနှင့် အကျဉ်းထောင်သာ ဖြစ်ပေလိမ့်မည်။ သူ သဘောပေါက်သွားချိန်တွင်မူ ရုန်းထွက်၍မရတော့သော ရွှံ့ညွန်အိုင်အတွင်းသို့ အတော်လေး နက်နက်ရှိုင်းရှိုင်း ကျရောက်နေခဲ့ပြီ ဖြစ်သည်။
“ချန်ကျီရှင်း... မင်းရဲ့ တွက်ချက်မှုတွေက အရမ်းနက်နဲပြီး မင်းရဲ့ နည်းလမ်းတွေကလည်း အရမ်းရက်စက်တာပဲ”
အရာအားလုံးကို နားလည်သွားပြီးနောက် ရွှီဖန်၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤချန်ကျီရှင်းသည် အနာဂတ်ကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိသော်လည်း အလွန်နက်နဲသော တွက်ချက်မှုများဖြင့် ခြေလှမ်းတိုင်းကို ကြိုတင်ခန့်မှန်းထားခဲ့ခြင်းပင်။
ရွှီဖန် နောက်ထပ် စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် သူ၏မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး နောက်သို့ မီတာတစ်ရာခန့် အမြန်ဆုံး ဆုတ်ခွာလိုက်သည်။
ဖောက်...
သူ အခုလေးတင် ရပ်နေခဲ့သည့် နေရာတွင် စင်ကြယ်ကြည်လင်လှသော ပန်းပွင့်ချပ်တစ်ခုမှာ ရုတ်တရက် ပွင့်အာလာခဲ့သည်။
ဝူး... ဝူး... ဝူး...
မရေမတွက်နိုင်သော လွင့်ပျံပန်းဓားစွမ်းအင် များမှာ ထိုနေရာမှ တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
“ဒါက အနာဂတ်ကို ကြိုတင်တွက်ချက်နိုင်တဲ့ စွမ်းအားလား”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ အခုလေးတင် သူထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မှာ မည်သည့်အငွေ့အသက်မျှ မပြဘဲ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်။ သို့သော်လည်း ရွှီဖန်က ယင်းကို တိုက်ရိုက် ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် ချန်ကျီရှင်း၏ လက်ငါးချောင်းမှာ လေထဲတွင် တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သကဲ့သို့ လှုပ်ရှားသွားပြီး
“ဒါဆိုရင်ကော... ဘယ်လိုလဲ” ဟု ပြောလိုက်သည်။
ခဏချင်းမှာပင် အဆုံးမဲ့လှသော လွင့်ပျံပန်းဓားဆန္ဒ များမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံကာ ရွှီဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ များပြားလှသော ဓားဆန္ဒများမှာ ရွှီဖန်၏ ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ချက်ချင်းပင် ပိတ်ဆို့လိုက်သည်။
“ချန်ကျီရှင်း”
ရွှီဖန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် အနာဂတ်ပုံရိပ်များ အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။ သူသည် ထိုပုံရိပ်များကို အသုံးချကာ သူ၏ကိုယ်ခန္ဓာကို အလွန်ခက်ခဲသော ပုံစံမျိုးစုံဖြင့် လိမ်ယှက်ရှောင်တိမ်းရင်း ပြေးဝင်လာသော ဓားစွမ်းအင်များကြားမှ ရုန်းထွက်နေခဲ့သည်။
“သေစမ်း”
ရွှီဖန်သည် ချန်ကျီရှင်းထံသို့ ခုန်အုပ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အပ်တစ်ချောင်းကဲ့သို့ စုစည်းကာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ သို့သော် ထိုအပ်မှာ ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်ထဲသို့ မကျရောက်နိုင်သေးမီမှာပင်
ဘုန်း...
ကြီးမားလှပြီး ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော စိတ်ဝိညာဉ်စွမ်းအား များမှာ ချန်ကျီရှင်းထံမှ ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး ကြီးမားသော မြစ်ကြီးတစ်စင်းကဲ့သို့ ရွှီဖန်၏ စိတ်ဝိညာဉ်အပ်ကို အမှုန့်ပြုပစ်လိုက်တော့သည်။ ထို့နောက် ၎င်းသည် ရွှီဖန်၏ အသိစိတ်ပင်လယ်ဆီသို့ ဆက်လက် ဖိနှိပ်ကျဆင်းလာခဲ့သည်။
ဖျတ်...
ရွှီဖန်၏ လက်ညှိုးရှိ ဝိညာဉ်ကာကွယ်ရေးလက်စွပ်မှာ ရွှေရောင်အလင်းများ လက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကြီးကို ရွှီဖန်၏ အသိစိတ်ပင်လယ်
ပြင်ပတွင်ပင် ဟန့်တားကာ ပိတ်ဆို့လိုက်သည်။
“အော်... မင်းရဲ့ အသိစိတ်ပင်လယ်ကို ကာကွယ်ပေးနိုင်တဲ့ ဓမ္မရတနာတစ်ခု ရှိနေတာကိုး"
ချန်ကျီရှင်းသည် ရွှီဖန်၏ လက်ချောင်းမှ လက်စွပ်ကို စိုက်ကြည့်ရင်း သူ၏မျက်ဝန်းများထဲတွင် စဉ်းစားဆင်ခြင်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ထို့နောက်တွင်မူ…
ဒုန်း
ခြေလှမ်းတစ်ချက် ပြင်လိုက်ရုံဖြင့် ချန်ကျီရှင်းသည် မြေကျုံ့အတတ်ကို အသုံးပြုကာ ကိုက်တစ်ရာအကွာအဝေးကို လက်မအနည်းငယ်ခန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
“မင်းရဲ့ ဟောကိန်းထုတ်နိုင်စွမ်းက ငါ့ရဲ့ သတ်ဖြတ်နိုင်တဲ့ အရှိန်ထက် ပိုမြန်သလားဆိုတာ ကြည့်ရသေးတာပေါ့”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် ရွှီဖန်၏ နောက်ကျောသို့ ရောက်ရှိသွားပြီး သူ၏လက်ထဲတွင် သံချေးတက်နေသော အပြာရောင်ငှက်စိမ်းဓားကို ကိုင်ဆောင်ထားသည်။ ဓားဦးဖျားသည် လျင်မြန်စွာ လည်ပတ်နေပြီး ရွှီဖန်၏ နောက်ကျောမှတစ်ဆင့် နှလုံးသားဆီသို့ ဦးတည်ကာ ထိုးစိုက်လိုက်တော့သည်။
“တောက်...”
ရွှီဖန်၏ မျက်နှာ ပျက်ယွင်းသွားသည်။ ဓားဦးဖျား ပြေးဝင်လာမည်ကို သူ ကြိုတင်မြင်နေရသော်လည်း ချန်ကျီရှင်း၏ အရှိန်အဟုန်မှာ အလွန်ပြင်းထန်လှသဖြင့် ကြိုသိနေသော်လည်း ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ ရွှီဖန်သည် သူ၏ကျင့်ကြံမှုကို အစွမ်းကုန်မြှင့်တင်ကာ နှလုံးသားကို မထိမှန်စေရန် ကိုယ်ကို ဘေးသို့ အတင်းလွှဲလိုက်ရသည်။
ဖျတ်…
တရစပ်လည်ပတ်နေသော ဓားဦးဖျားသည် ရွှီဖန်၏ ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။
ဖြတ်….
ရွှီဖန်၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။
“အား”
ရွှီဖန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဘေးသို့ ထပ်မံခုန်ရှောင်လိုက်ပြန်သည်။ သူ အခုလေးတင် ရပ်နေခဲ့သည့် နေရာသို့ ဓားချက်တစ်ခုက စောင်း၍ ထပ်မံရောက်ရှိလာပြန်ရာ လေဟာနယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
ရွှီဖန်သည် ကိုက်ရာပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားပြီး အမောတကော အသက်ရှူရင်း ရပ်တန့်လိုက်ရသည်။ လက်မောင်းပြတ်သွားသည့် သူ၏ဘယ်ဘက်ပုခုံးနေရာတွင်မူ မြွေငယ်လေးများကဲ့သို့သော မရေမတွက်နိုင်သည့် ဓားစွမ်းအင်များက သူ၏အသားစများကို တရစပ် ကိုက်ခဲဖျက်ဆီးနေသဖြင့် လက်မောင်းပြန်လည်ပေါက်ဖွားရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
“ချန်ကျီရှင်း... ငါတို့ကြားမှာ ဒီလောက်ကြီးမားတဲ့ ရန်ငြိုးမရှိပါဘူး။ မင်းတို့ ချန်မိသားစု ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် ငါ ပြန်လျော်ပေးနိုင်ပါတယ်။ ငါ့ကို အသေသတ်ဖို့အထိ တကယ်ပဲ လိုအပ်လို့လား”
ရွှီဖန်က အော်ဟစ်ပြောဆို လိုက်သည်။
“မင်းရဲ့ အသက်နဲ့ ပြန်လျော်လိုက်”
ချန်ကျီရှင်းသည် နောက်ထပ် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဓားအလင်းတန်းမှာ နှစ်ခု၊ သုံးခုမှသည် ရာနှင့်ချီသော အရေအတွက်အထိ ကွဲထွက်သွားပြီး ရွှီဖန်ထံသို့ သိမ်းကျုံးကျဆင်းလာတော့သည်။
“ဒီကောင်စုတ်...”
ရွှီဖန်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး အနာဂတ်ကို အသည်းအသန် တွက်ချက်ကာ ပုံဖော်နေမိသည်။ သူ၏မျက်ဝန်းထဲတွင် ထိုဓားအလင်းတန်းများ၏ ထိုးနှက်
ဖျက်ဆီးခြင်းကို ခံနေရသည့် ကိုယ့်ကိုကိုယ် မြင်ကွင်းပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ထိုပုံရိပ်များအားလုံး ပြိုလဲသွားပြီး ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်တော့သည်။ ရွှီဖန်သည် အနာဂတ်ပုံရိပ်ထဲကအတိုင်း အမြန်ဆုံး ရှောင်တိမ်းလိုက်သော်လည်း….
ဖျတ်
ဓားသွားတစ်လက်မှာ အသားထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားသည့် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ရွှီဖန်၏ ညာဘက်ခြေထောက်တစ်ခုလုံး ပြတ်တောက်သွားပြီး သွေးများမှာလည်း ရူးသွပ်စွာ ပန်းထွက်လာတော့သည်။ ဓားစွမ်းအင်အမျှင်တန်းများမှာ ပြတ်သွားသော ညာဘက်ခြေထောက်နေရာကို ဝိုင်းအုံကိုက်ခဲနေကြသဖြင့် ပြန်လည်ကုသရန် မဖြစ်နိုင်တော့ပေ။
ရွှီဖန်သည် နာကျင်စွာ အော်ဟစ်လိုက်ရင်း သူ၏မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ၏ မျက်နှာအမူအရာမှာ ယခုအခါ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့ပြီ ဖြစ်သည်။
ဤတိုက်ကွက်များမှာ ချန်ကျီရှင်းအတွက်မူ ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြသရုံမျှသာ ရှိသေးသည်။
ရွှီဖန်အနေဖြင့် ဤတိုက်ကွက်များကို ရှောင်တိမ်းနိုင်ခဲ့ခြင်းမှာပင် မရေမတွက်နိုင်သော အနာဂတ်ဟောကိန်းများ၏ ကျေးဇူးကြောင့် ရရှိလာသည့် အံ့ဖွယ်ရလဒ်တစ်ခုပင်။
သို့သော် တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ သူ၏အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး နောက်ဆုံးတွင် မည်မျှပင် အကောင်းဆုံးရလဒ်ကို တွက်ချက်နိုင်ပါစေ အသက်ရှင်သန်ရန် လမ်းစမရှိသည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့မည် ဖြစ်သည်။
"ချန်ကျီရှင်း... ငါ့ကို အသက်ချမ်းသာပေးဖို့ မင်း ဘာလိုချင်သလဲ ပြောစမ်းပါ"
ရွှီဖန်သည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်မိသည်။
"မင်း အခုထိ နားမလည်သေးဘူးလား။ မင်းရဲ့ စွမ်းရည်က ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ မင်းကို မသတ်ဘဲနဲ့ ငါ ဘယ်လိုလုပ် စိတ်အေးလက်အေး ကျင့်ကြံနိုင်မှာလဲ"
ချန်ကျီရှင်းသည် သူ၏ နက်မှောင်သော ဆံနွယ်များ လွင့်မျောနေစဉ်မှာပင် ဓားချက်နှစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဖျတ်... ဖျတ်
ရွှီဖန်၏ ညာဘက်လက်မောင်းနှင့် ဘယ်ဘက်ခြေထောက်တို့မှာ ထပ်မံ၍ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြန်သည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ရွှီဖန်၏ နဖူးတွင် ချွေးစက်များ ထူထပ်စွာ ကျလာတော့သည်။ သူ၏မျက်နှာမှာ ပို၍ ပြာနှမ်းလာသော်လည်း မျက်ဝန်းများထဲတွင်မူ နက်ရှိုင်းသော ထိတ်လန့်မှုများ ပေါ်လွင်နေ၏။
"မင်း... မင်းက ငါ့ရဲ့ စွမ်းရည်အကြောင်းကို သိနေတာလား"
ရွှီဖန်သည် ချန်ကျီရှင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး သူ၏ သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့သွားတော့သည်။ ဤသည်မှာ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။
ငါ ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့တဲ့ အကြောင်းအရာကို သူက ဘယ်လို သိသွားတာလဲ။
"ချန်... ချန်ကျီရှင်း မင်း ငါ့စွမ်းရည်အကြောင်း သိတယ်ဆိုရင် ဒါက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာလည်း မင်း နားလည်မှာပါ။ ငါ့ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင် မင်းအတွက် ငါ အများကြီး လုပ်ပေးနိုင်ပါတယ်..."
ရွှီဖန် စကားပြောနေစဉ်မှာပင် သူ၏ မျက်နှာတွင် အလွန်အမင်း ကြောက်လန့်တုန်လှုပ်မှုများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"မလုပ်နဲ့"
သူ တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး ရင်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။
"ရလဒ်ကို သိနေရက်နဲ့ ဘာလို့ အတင်းရုန်းကန်နေဦးမှာလဲ"
ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ကမ္ဘာကြီးကို ပွေ့ဖက်လိုက်သကဲ့သို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ကြီးမားလှသော ဆွဲငင်အားတစ်ခုက ချန်ကျီရှင်းကို မြှောက်တင်လိုက်ပြီး ကောင်းကင်ယံထက်သို့ ပို့ဆောင်ပေးလိုက်၏။ ပြင်းထန်သော လေပြင်းများက ချန်ကျီရှင်း၏ အနီရောင်ဝတ်ရုံနှင့် မှင်ကဲ့သို့ နက်မှောင်သော ဆံနွယ်များကို တဖျတ်ဖျတ် လွင့်ခါစေနေသည်။
ယခုအခါတွင် သူသည် ရွှီဖန်၏ စွမ်းရည်များကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ နယ်ပယ်တူတွင် အလွန်အစွမ်းထက်ပြီး အောင်ပွဲရမည့်အမှတ်ကို ရှာတွေ့ရန် အကြိမ်ကြိမ် တွက်ချက်ပုံဖော်နိုင်သည်။ သို့သော်လည်း လုံးဝဥဿုံ သာလွန်သော အင်အား၏ရှေ့တွင်မူ ယင်းက အချည်းနှီးသာ။
နောက်တစ်စက္ကူန့်တွင် နျူကလီးယားဗုံးတစ်လုံး သု့ကို လာရောက်ထိမှန်တော့မည်ကို သိနေသော်လည်း မည်သို့မျှ တွက်ချက်ပုံဖော်ပါစေ အသက်ရှင်ရန် လမ်းစမရှိသကဲ့သို့ပင်။
လေထုထဲတွင် ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး စကားတစ်လုံးချင်းကို တိကျပြတ်သားစွာ ရွတ်ဆို လိုက်သည်။
"အနန္တစကြဝဠာ ဆွဲငင်ခြင်းအတတ်"
ဘုန်း….
ကမ္ဘာငယ်တစ်ခုလုံး၏ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။ မြက်ခင်းပြင်များမှာ လန်ထွက်ကုန်ကြ၏။ မြင့်မားလှသော သစ်ပင်ကြီးများမှာ အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။ ဧရာမ ကျောက်စိမ်းတုံးကြီးများမှာ မြေပြင်မှ ကြွတက်လာပြီး နှစ်ပေါင်းများစွာ ဖိအားကြောင့် ဖြစ်ပေါ်နေသော ကျင်းကြီးများကို ချန်ရစ်ခဲ့ကြသည်။
ချန်ကျီရှင်း၏ အမြင်အာရုံအတွင်းရှိ အရာဝတ္ထုမှန်သမျှမှာ ဆွဲငင်ခြင်းခံရပြီး ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တက်လှမ်းသွားကြတော့သည်။
နောက်တစ်ခဏတွင် အရာအားလုံးမှာ လေထုထဲ၌ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ပေါင်ငါးသန်းခန့်ရှိသော ဖိအားအောက်တွင် ဦးခေါင်းခွံခန့်ရှိသော နက်မှောင်သည့် စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒုန်း….
ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ပင် ထိုနက်မှောင်သော စက်လုံးကြီးမှာ ပင်လယ်ပြင်ထဲသို့ ထိုးဆင်းသွားသကဲ့သို့ ပေပေါင်းသောင်းချီမြင့်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ စက်လုံးကြီးသည် ကောင်းကင်ယံမှ ရွှီဖန်ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ရွှီဖန်သည် ခေါင်းကို အတင်းမော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် ထိုဆွဲငင်အားစက်လုံးကြီးမှာ ပို၍ ကြီးမားလာနေသည်။
***