ချက်ချင်းဆိုသလိုပင် တစ်တောင်လုံးရှိ တံခါးရင်ပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ တောင်ဘက်တောင်ထိပ်မှ မရေမတွက်နိုင်သော တပည့်များမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ၏။
ရွှီဖန် တစ်ယောက်တည်းက လူတိုင်းရဲ့ ကံထူးမှုတွေကို လက်ဝါးကြီးအုပ် သိမ်းပိုက်သွားတာ ဟုတ်လား။ ဟား... ဒါကတော့ တကယ်ကို ချဲ့ကားလွန်းတယ်။ သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေဦးတော့... တစ်လောကလုံးရဲ့ ကံတရားကို တစ်ယောက်တည်း ဝါးမြိုပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ။
အကယ်၍ တာအိုမျိုးစေ့တပည့် သုံးဦးစလုံးက တစ်ပြိုင်နက်တည်း ထွက်မပြောလျှင် သူတို့ လုံးဝ ယုံကြည်ကြမည်မဟုတ်ပေ။
ရှူး...
ဝဲဂယက်ထဲမှ နောက်ထပ် လူတစ်ယောက် ထွက်လာပြန်သည်။
“စီနီယာအစ်ကို ဝမ်တုန်း ထွက်လာပြီ”
“စီနီယာအစ်ကို ဝမ်တုန်းက တာအိုမျိုးစေ့ လေးယောက်ထဲမှာ အသန်မာဆုံးပဲ။ သူ့ရဲ့ကျင့်ကြံမှုက နတ်ဘုရားခရီးသွားနယ်ပယ် အထွတ်အထိပ်တောင် ရောက်နေပြီ။ သူလည်း ရွှီဖန်ရဲ့ လုယက်တာကို ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်”
“သွားကြစို့ စီနီယာအစ်ကို ဝမ်တုန်းကို အတွင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ သွားမေးရအောင်”
ခဏချင်းမှာပင် တပည့်တစ်အုပ်စုမှာ ဝမ်တုန်းထံသို့ ဝိုင်းအုံသွားကြပြီး အတွင်း၌ ဘာဖြစ်ခဲ့သည်ကို သိလိုစိတ်ပြင်းပြစွာ မေးမြန်းကြတော့သည်။ ဝမ်တုန်းမှာမူ ထိုစကားကို ကြားသောအခါ နားမလည်နိုင်ဟန်ဖြင့် “ရွှီဖန် ငါ ကမ္ဘာငယ်ထဲမှာ သူ့ကို တစ်ခါမှ မမြင်မိပါဘူး"
ပြောပြီးသည်နှင့် ဝမ်တုန်းမှာ အခြားသူများကို ဂရုမစိုက်တော့ဘဲ ဘေးသို့ တစ်ယောက်တည်း လျှောက်သွားသည်။ လူတိုင်းမှာ စိတ်ပျက်သွားကြပြီး ဝဲဂယက်ဝင်ပေါက်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်ကြပြန်သည်။
စင်မြင့်ထက်တွင်မူ အကြီးအကဲ ဖူလုံ၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ သူ၏တပည့် ရွှီဖန်သည် ကမ္ဘာငယ်တစ်ခုလုံးကို တစ်ယောက်တည်း သိမ်းကျုံးအောင်နိုင်ခဲ့သည်ဆိုလျှင် ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်မျိုးမှာ နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းပေလိမ့်မည်။
နောက်တစ်ခဏတွင် ဝဲဂယက်ထဲမှ မေပယ်ရွက်ကဲ့သို့ နီရဲသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်ပေါ်လာသည်။ လူတိုင်းက ချန်ကျီရှင်းကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ကြသော်လည်း သူ၏နောက်ကွယ်မှ ဝဲဂယက်ဆီသို့သာ ဆက်လက် စောင့်ကြည့်နေကြဆဲပင်။
သို့သော်လည်း သူတို့ စောင့်ရင်းစောင့်ရင်းနှင့် ဝဲဂယက်ကြီး ပျောက်ကွယ်သွားသည်အထိ ရွှီဖန်၏ ပုံရိပ်မှာ ပေါ်မလာခဲ့ပေ။
“ဟင် ရွှီဖန် ဘယ်မှာလဲ”
ခဏချင်းမှာပင် တပည့်အားလုံး မှင်သက်သွားကြပြီး တစ်ဦးကိုတစ်ဦး နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ရွှီဖန် ဘယ်ရောက်သွားတာလဲ။ ကမ္ဘာငယ်ရဲ့ လမ်းကြောင်းကလည်း ပိတ်သွားပြီ။ ဒါပေမဲ့ သူ့ကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။
စင်မြင့်ထက်တွင်မူ မုယွဲ့မေနှင့် အကြီးအကဲ လေးဦးတို့သည်လည်း မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ဤကမ္ဘာငယ်၏ စည်းမျဉ်းများကို ကောင်းစွာ သိရှိကြ၏။ အကယ်၍ အတွင်း၌ အသက်ရှင်နေသော သတ္တဝါ ရှိနေသေးလျှင် မည်သို့ပင်ဖြစ်စေ ကမ္ဘာငယ်ထဲမှ အတင်းအဓမ္မ မောင်းထုတ်ခံရမည်သာ ဖြစ်သည်။
“ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”
ထိုခဏမှာပင် လူတိုင်း၏ အကြည့်များမှာ နောက်ဆုံးမှ ထွက်လာသူ မေပယ်ရွက်ကဲ့သို့ နီရဲသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချန်ကျီရှင်း ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြတော့သည်။
ရုတ်တရက်ဆိုသလိုပင် တောင်တံခါးရင်ပြင်တစ်ခုလုံး ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုမျိုး ဝုန်းဒိုင်းကြဲ လှုပ်ခတ်သွားတော့သည်။
တောင်ဘက်တောင်ထိပ်တစ်ခုလုံး ဆယ်မိနစ်ခန့်မျှ သေလုအောင် တိတ်ဆိတ်သွားပြီးနောက်တွင်မှ မယုံကြည်နိုင်စရာ အော်ဟစ်သံများ လွှမ်းမိုးသွားခဲ့သည်။
“ဘာ... ဘာပြောတယ်”
“ရွှီဖန်က... မတော်တဆ အသတ်ခံလိုက်ရတာ ဟုတ်လား”
“ဟူး ရွှီဖန်က နတ်ဘုရားခရီးသွားနယ်ပယ်အဆင့်မြင့်ပိုင်းမှာ ရှိတာလေ။ ကမ္ဘာငယ်တစ်ခုလုံးကို တစ်ယောက်တည်း သိမ်းကျုံးနိုင်တဲ့သူက ဘယ်လိုလုပ် မတော်တဆ အသတ်ခံလိုက်ရမှာလဲ”
တပည့်အားလုံးမှာ ကြက်ဥတစ်လုံး ငုံထားရသလိုမျိုး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကမ္ဘာငယ်အတွင်း ပြိုင်ပွဲဝင်ခဲ့ကြသော တပည့်များမှာမူ ပို၍ပင် အံ့သြတုန်လှုပ်သွားကြ၏။ ရွှီဖန်နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် သူ၏အစွမ်းကို သူတို့အသိဆုံး ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားခရီးသွားနယ်ပယ်အတွင်း သူတို့ မြင်ဖူးသမျှ အစွမ်းထက်ဆုံးသူဟုပင် ဆိုနိုင်သည်။
ထိုကဲ့သို့သောသူက ရှောင်ပင်း၏ လက်ချက်ဖြင့် ဒီအတိုင်းကြီး သေသွားရသည်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
စင်မြင့်မြင့်ထက်တွင်မူ အကြီးအကဲ ဖူလုံမှာ သူ၏မုတ်ဆိတ်ကို ပွတ်သပ်နေရင်းမှပင် လက်များ တောင့်တင်းသွားပြီး ဆွံ့အသွားခဲ့သည်။
“စစ်မှန်သောတပည့်ရှောင်... မင်း... မင်း တကယ်ပဲ သေချာလို့လား။ သူက မင်းရဲ့လက်ချက်နဲ့ မတော်တဆ သေသွားတာလား”
ထိုအချိန်မှာပင် ယွီထျန်းရှန်း၊ လော့ချုံးနှင့် အခြားတပည့်များကလည်း မနေနိုင်ဘဲ ဝင်ပြောကြသည်
“စီနီယာအစ်ကိုရှောင်... ရွှီဖန်က စက်ဆုပ်စရာကောင်းတာ မှန်ပေမဲ့ သူ့အစွမ်းကတော့ အထင်အရှားပါပဲ။ သူက ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ အသတ်ခံလိုက်ရတာလဲ”
“ဟုတ်ပါတယ် စီနီယာအစ်ကို။ ကျွန်တော်တို့က အစ်ကို့အစွမ်းကို သံသယရှိလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မှတ်မိသလောက်ဆိုရင် စီနီယာအစ်ကိုက ကြည်လင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်လား နတ်ဘုရားခရီးသွားနယ်ပယ်က ရွှီဖန်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”
ချန်ကျီရှင်းက ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင်...
“အကယ်၍ စီနီယာအစ်ကိုရှောင်သာ လက်မနှေးခဲ့ဘူးဆိုရင် ကျွန်တော်လည်း သူ့ရဲ့တိုက်
ကွက်တစ်ကွက်တည်းနဲ့တင် အသက်ပျောက်သွားနိုင်တယ်။ ရွှီဖန်အကြောင်းတော့ ပြောမနေနဲ့တော့"
လေးနက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ လူအုပ်ကြီးထဲမှ ဝမ်တုန်းက ရှေ့သို့ တိုးထွက်လာပြီး ချန်ကျီရှင်းကို အလွန်လေးစားသော အမူအရာဖြင့် ဦးညွှတ်လိုက်ကာ ရိုးသားဖြောင့်မတ်သော နှလုံးသားဖြင့် ပြောလိုက်သည်။
“တပည့် ဝမ်တုန်း...စီနီယာအစ်ကိုရှောင်ရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ အကယ်၍ စီနီယာအစ်ကိုရှောင်ရဲ့ နောက်ဆုံး သတိပေးဆုံးမမှုသာ မရှိခဲ့ရင် ကျွန်တော့်ရဲ့ တာအိုနှလုံးသားတစ်ခုလုံး ပျက်စီးသွားလောက်ပါပြီ"
ဤစကားမှာ အင်အားပြင်း ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။
တောင်တံခါးရင်ပြင်တစ်ခုလုံးရှိ မရေမတွက်နိုင်သော တပည့်များမှာ နားထဲတွင် တစီစီ မြည်သွားပြီး ဝမ်တုန်းနှင့် ချန်ကျီရှင်းတို့ကို ဆွံ့အစွာဖြင့် ကြည့်နေကြတော့သည်။
စစ်မှန်သောတပည့်များ၏အောက်၌ အင်အားအကြီးမားဆုံးဟု လူသိများသော တာအိုမျိုးစေ့ ဝမ်တုန်းသည် မူလက လစ်လပ်နေသော စစ်မှန်သောတပည့်နေရာကို မလွဲမသွေ ရရှိလိမ့်မည်ဟု လူအများက ယုံကြည်ခဲ့ကြသည်။ သို့သော် မထင်မှတ်ဘဲ ရှောင်ပင်း ပေါ်ထွက်လာပြီး အစေခံဘဝမှ စစ်မှန်သောတပည့်အဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားခဲ့ရာ ဝမ်တုန်းအနေဖြင့် စိတ်နာကြည်းမှုများ ရှိနေလိမ့်မည်ကို ရင်ပြင်ရှိလူတိုင်း သိရှိနားလည်ထားကြသည်။
သို့သော်လည်း ယခုမြင်ကွင်းအရ ကမ္ဘာငယ်အတွင်း၌ ဝမ်တုန်းနှင့် ရှောင်ပင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဝမ်တုန်းဘက်မှ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်မှာ ထင်ရှားလှသည်။ သို့မဟုတ်ပါက တာအိုနှလုံးသား ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်ဟူသော စကားမျိုး ပေါ်ထွက်လာစရာ အကြောင်းမရှိပေ။ ဝမ်တုန်းပင် ရှုံးနိမ့်ခဲ့ရသည်ဆိုလျှင် ရွှီဖန်သည် ရှောင်ပင်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်ဟူသော အချက်မှာ ပို၍ပင် ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
"အကြီးအကဲ ဖူလုံ... ညီလေးရွှီက အကြီးအကဲရဲ့ တပည့်တစ်ဦး ဖြစ်ခဲ့တာပါ။ ကျွန်တော် သူ့ကို မတော်တဆ သတ်မိသွားတာပါ။ တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ အကြီးအကဲအနေနဲ့ ကျွန်တော့်အပေါ် စိတ်မဆိုးလောက်ဘူး မဟုတ်လား"
ချန်ကျီရှင်းသည် စင်မြင့်မြင့်ထက်ရှိ အကြီးအကဲ ဖူလုံကို ကြည့်ကာ အန္တရာယ်ကင်းလှသော အိမ်နီးချင်းကောင်လေးတစ်ဦးကဲ့သို့ ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။ ထိုခဏ၌ပင်…
ဘုန်း…
မြေကမ္ဘာကို တုန်ဟည်းသွားစေသည့် ကြောက်မက်ဖွယ်ကောင်းလှသော စိတ်ဝိညာဉ်
အသိစိတ်များသည် ချန်ကျီရှင်းထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ တောင်တံခါးရင်ပြင်တစ်ခုလုံးကို ရိုက်ခတ်လွှမ်းမိုးသွားသည်။ ထိုစိတ်ဝိညာဉ်စွမ်းအင်အောက်တွင် ရင်ပြင်ရှိ တပည့်ပေါင်းများစွာတို့သည် ကမ္ဘာကြီးပြိုပျက်ကာ ကောင်းကင်နှင့်
မြေကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သောင်းကျန်းနေသော ပင်လယ်ပြင်အလယ်ရှိ လှေငယ်လေးတစ်စင်းကဲ့သို့ ဝါးမျိုခြင်းခံရတော့မည့်အလား ထိတ်လန့်သွားကြရသည်။
ရင်ပြင်ရှိ တပည့်အပေါင်းတို့သည် ချန်ကျီရှင်းကို မော့ကြည့်လိုက်ကြရာ သူတို့၏မျက်ဝန်းများတွင် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေတော့သည်။ စစ်မှန်သောတပည့် ရှောင်ပင်းတွင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအား ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
စင်မြင့်ပေါ်ရှိ အကြီးအကဲ ဖူလုံမှာလည်း ရွှီဖန်သေဆုံးမှုကြောင့် မျက်နှာပျက်ယွင်းနေခဲ့သော်လည်း ချန်ကျီရှင်း၏ စွမ်းအားကို မြင်တွေ့လိုက်ရသည့်အခါ မျက်ဝန်းများတွင် အရောင်တောက်သွားပြီး "ဒီလောက်တောင် အစွမ်းထက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်လား" ဟု အံ့သြတကြီး ရေရွတ်မိသည်။ ထိုစွမ်းအင်သည် နတ်ဘုရားခရီးသွားနယ်ပယ်၏ အငွေ့အသက်မျှသာ ရှိသေးသော်လည်း ပြင်းထန်မှုနှင့် ပမာဏအရ စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
"အကြီးအကဲ ဖူလုံ... ရွှီဖန် သေဆုံးသွားတဲ့ကိစ္စအတွက် ကျွန်တော့်ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး မဟုတ်လား"
ချန်ကျီရှင်းက ထပ်မံမေးလိုက်သည်။
အကြီးအကဲ ဖူလုံ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တောင်ထိပ်သခင် မုယွဲ့မေက လက်ကို ဝှေ့ယမ်းလျက် "တော်တော့... ပင်းအာ ပြောပြီးပြီပဲ။ ရွှီဖန်က အရင်တိုက်ခိုက်ခဲ့လို့ ပင်းအာက ကိုယ့်ကိုကိုယ် ကာကွယ်ရင်း မတော်တဆ သတ်မိသွားတာပါ။ ဒါကြောင့် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်။ ဒါက ရွှီဖန်ရဲ့ ကံမကောင်းမှု၊ သူ့ဘဝရဲ့ ဘေးဒုက္ခတစ်ခုလို့ပဲ မှတ်ယူလိုက်ကြပါတော့" ဟု အေးဆေးစွာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် မုယွဲ့မေသည် ချန်ကျီရှင်းကို ကြည့်ကာ ကြည်လင်သော မျက်ဝန်းများဖြင့် "ပင်းအာ... မင်းက ငါထင်ထားတာထက်တောင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် အစွမ်းထက်လာတာပဲ" ဟု ကြင်နာမြတ်နိုးစွာဖြင့် ချီးကျူးစကား ပြောလိုက်သည်။
တောင်ထိပ်သခင်မ မုယွဲ့မေအတွက်မူ ရှောင်ပင်းသည် တောင်ဘက်တောင်ထိပ်၏ အနာဂတ်
အနှစ်သာရကို နောင်နှစ်ပေါင်း ထောင်ချီတိုင်အောင် ထမ်းပိုးထားနိုင်မည့် ထူးချွန်
ပြောင်မြောက်သော ပါရမီရှင်တစ်ဦးပင်။
ရွှီဖန်လို သေပြီးသားလူတစ်ယောက်အတွက်နဲ့ ငါတို့ရဲ့ ရှောင်ပင်းကို အပြစ်ပေးဖို့ လိုအပ်ပါ့မလား။ ရှောင်ပင်းမှာက အနာဂတ်ရှိသေးတယ်။ သူ့ရဲ့ ပါရမီက ငါတို့ဂိုဏ်းအတွက် အားကိုးရမယ့်အရာပဲ။ သေပြီးသားလူအတွက်နဲ့ ရှင်သန်နေတဲ့ ပါရမီရှင်ကို အဆုံးရှုံးခံရမှာလား။ ဒါက တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ။
အကြီးအကဲ ဖူလုံသည် ဤအခြေအနေကို မြင်တွေ့ရသောအခါ ခါးသက်စွာ ပြုံးလျက် ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ရှေ့မှောက်ရှိ ရှောင်ပင်းသည် မုယွဲ့မေအတွက် တောင်ဘက်တောင်ထိပ်၏ အမွေအနှစ်ကို ဆက်ခံမည့် အဖိုးမဖြတ်နိုင်သော မျှော်လင့်ချက်ရတနာ ဖြစ်နေသည်မှာ အထင်အရှားပင်။ ထိုမျှ အဖိုးတန်လှသော တပည့်မျိုးကို လက်ထဲတွင် ကိုင်ထားလျှင်ပင် ပြုတ်ကျမည် စိုးရိမ်ရသလို အနားတွင် ထားလျှင်လည်း ပျောက်ကွယ်သွားမည်ကိုပင် ပူပန်နေရသည့် အခြေအနေမျိုး ဖြစ်နေသည်။ ထိုသို့သော ရှောင်ပင်းကို အပြစ်ပေးရန်ဆိုသည်မှာ အကြီးအကဲ လေးဦးစလုံး စုပေါင်းတောင်းဆိုလျှင်ပင် ဖြစ်နိုင်ခြေမရှိသည့် ကိစ္စရပ်ပင်။
ရင်ပြင်ထက်၌ လွှမ်းမိုးနေသော ပြင်းထန်လှသည့် စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ရုပ်သိမ်းသွားသည့်အခါမှသာ တောင်ဘက်တောင်ထိပ်မှ တပည့်အပေါင်းတို့သည် အိပ်မက်မှ နိုးထလာသကဲ့သို့ သတိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့၏ အကြည့်များသည် ချန်ကျီရှင်းထံသို့ ကျရောက်သွားပြီး သံသယနှင့် အထင်သေးမှုများအစား အားကျအတုယူမှုနှင့် အားကိုးလိုစိတ်များဖြင့် အစားထိုးဝင်ရောက်သွားတော့သည်။
ချန်ကျီရှင်း၏ ပြောင်မြောက်လှသော ပါရမီနှင့် အစွမ်းသတ္တိတို့ကြောင့် တောင်ဘက်
တောင်ထိပ်သည် မလွဲမသွေ အဆင့်အတန်း မြင့်မားလာလိမ့်မည်ဟု သူတို့က ယုံကြည်သွားကြခြင်းပင်။
"ဒီတစ်ခေါက် တောင်ထိပ်နှစ်ခုကြားက မဟာပြိုင်ပွဲမှာ ရှောင်ပင်းက ငါတို့တောင်ဘက်တောင်ထိပ်ကို ဦးဆောင်ပြီး မြောက်ဘက်တောင်ထိပ်ကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ယူနှိမ်နင်းနိုင်လိမ့်မယ်လို့ မင်းတို့ ထင်လား"
တပည့်တစ်ဦးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်ရာ အခြားတပည့်များ၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။
လွန်ခဲ့သော ရာစုနှစ်တစ်ခုနီးပါးခန့်ကပင် တောင်ထိပ်နှစ်ခု ပြိုင်ပွဲတိုင်း၌ မြောက်ဘက်တောင်ထိပ်ကသာ အနိုင်ရလေ့ရှိသဖြင့် တောင်ဘက်တောင်ထိပ်သည် အမြဲတစေ လှောင်ပြောင်သရော်မှုများကို ခံစားခဲ့ရသည်။ ထို့ကြောင့် တောင်ဘက်တောင်ထိပ်တပည့်တိုင်း၏ ရင်ထဲ၌ မကျေနပ်မှုများ ကိန်းအောင်းနေသော်လည်း မြောက်ဘက်တောင်ထိပ်၏ အင်အားမှာ အမှန်တကယ်ပင် ကြီးမားလှသဖြင့် မတတ်သာဘဲ ငုံ့ခံနေခဲ့ရခြင်းပင်။
ယခုအခါ စိတ်ဝိညာဉ်စွမ်းအားလမ်းစဉ်၌ အနှိုင်းမဲ့ထူးချွန်ပြီး တောင်ဘက်တောင်ထိပ်ကို အောင်မြင်မှုဆီသို့ ဦးဆောင်နိုင်မည့် ပုဂ္ဂိုလ်ကို သူတို့ တွေ့ရှိခဲ့ပြီဟု ယုံကြည်လိုက်ကြသည်။ ချန်ကျီရှင်းသည် သူတို့ မျှော်လင့်တောင့်တနေသည့် တောင်ဘက်တောင်ထိပ်၏ အလံကို ကိုင်စွဲမည့် အကောင်းဆုံးကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။
ထိုစဉ် တာအိုမျိုးစေ့တပည့် လော့ချုံးက "စီနီယာအစ်ကိုရှောင်ရဲ့ အစွမ်းကိုတော့ သံသယမရှိပါဘူး။ ဒါပေမဲ့ မေးစရာတစ်ခုတော့ ရှိနေပါတယ်။ ရွှီဖန်မှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဝိညာဉ်ကာကွယ်ရေးလက်စွပ်ရှိနေတာကို အစ်ကိုက ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ပြီး သူ့ကို သတ်နိုင်ခဲ့တာလဲ" ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
ချန်ကျီရှင်းက ပြုံးလျက် "သူ့မှာ အဲဒီလက်စွပ်ရှိနေလို့ အစပိုင်းမှာ ကျွန်တော်လည်း တော်တော်လေး ထိတ်လန့်သွားခဲ့တာပါ။ ကံကောင်းတာက တောင်ဘက်တောင်ထိပ်ကို မရောက်ခင်ကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ်အချို့ကို ကျွန်တော် လေ့ကျင့်ထားခဲ့မိတယ်။ အမှန်အတိုင်းပြောရရင် ရွှီဖန်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဒီလောက်အထိ အစွမ်းထက်နေပြီး သူ့ရဲ့ ရုပ်ခန္ဓာက ဒီလောက်အထိ အားနည်းနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ အဲဒါကြောင့် လက်လွန်သွားပြီး သူ့ကို သတ်မိသွားတာပါ" ဟု ရှင်းပြလိုက်သည်။
လော့ချုံးသည်လည်း စိတ်ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူများသည် ရုပ်ခန္ဓာပိုင်း၌ အားနည်းတတ်သည်ကို သိရှိထားသဖြင့် ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ပေ။
"ကဲ... ဒီနေ့ကိစ္စကို ဒီမှာတင် အဆုံးသတ်ကြစို့"
ထိုသို့ပြောကာ စင်မြင့်ထက်မှ မုယွဲ့မေသည် မတ်တတ်ရပ်လျက် ချန်ကျီရှင်းကို ပြုံး၍ ကြည့်လိုက်ပြီး "ပင်းအာ... သွားကြရအောင် ငါတို့ အိမ်ပြန်ကြစို့" ဟု ကြင်နာစွာ ပြောလိုက်သည်။
***