တောင်ထိပ်သခင်မ မုယွဲ့မေ၏ နောက်သို့ ချန်ကျီရှင်း လိုက်ပါသွားပြီးနောက်တွင် တောင်ဘက်တောင်ထိပ်၏ တောင်တံခါးရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေတော့သည်။
ရှောင်ပင်း၏ ဗီဇပါရမီနှင့် အစွမ်းသတ္တိတို့နှင့်ပတ်သက်သော သတင်းများသည် ဒီရေလှိုင်းပမာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။ တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက်တွင်မူ ချန်ကျီရှင်းသည် သူ၏ နေ့စဉ်ကျင့်ကြံခြင်းလုပ်ငန်းစဉ်များကိုသာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်။
နေဝန်းသည် ထွက်ပေါ်လာလိုက် လွန်မြောက်သွားလိုက်နှင့် ကြယ်တာရာတို့သည်လည်း ကောင်းကင်ယံ၌ နေရာရွှေ့ပြောင်းနေကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လတာအချိန်ကာလသည် လက်ဖျစ်တစ်ချက်တီးသကဲ့သို့ ကုန်လွန်သွားခဲ့သည်။
အေးစက်လှသော ဆောင်းလေသည် ရုတ်တရက်ဆိုသလို စူးရှလာကာ အသားကို အပ်နှင့်ထိုးသကဲ့သို့ နာကျင်စေသည်။ အချိန်တစ်ခုသို့ ရောက်သောအခါ ရာသီဥတုသည် ဆောင်းရာသီသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ပွပွအိအိရှိလှသော နှင်းပွင့်ကြီးများသည် မိုးမခပန်းပွင့်ဖတ်များကဲ့သို့ ကောင်းကင်ယံမှ လွင့်ပျံကျဆင်းလာကာ ဆီးနှင်းလိုက်ကာကြီးတစ်ခုကို ရက်လုပ်နေသကဲ့သို့ရှိပြီး အဝေးရှိ တောင်တန်းကြီးများကိုလည်း ဖြူဖွေးလှသည့် တောရိုင်းမြေပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တောင်တန်းများကြားရှိ စီးဆင်းနေသော စမ်းရေအိုင်ကလေးသည်လည်း ဖြူဖွေးသည့် ပိုးထည်ကော်ဇောကြီးအလား တိတ်ဆိတ်စွာ တည်ရှိနေသည်။ တောင်ဘက်တောင်ထိပ်ရှိ တပည့်တို့သည် အအေးနှင့် အပူကို လျစ်လျူရှုနိုင်ကြသော်လည်း အလေ့အထအရ အပေါ်ထပ်အင်္ကျီများကို ဝတ်ဆင်ထားကြသည်။
ချန်ကျီရှင်းသည် ညိုနက်ရောင်ရှိသော သားမွေးဦးထုပ်ကို ဆောင်းထားပြီး အဖြူရောင်မင့်သားမွေးဝတ်ရုံကို လဲလှယ်ဝတ်ဆင်လျက် တောင်ထိပ်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။ မိုးမခပွင့်ဖတ်များကဲ့သို့ ကျဆင်းလာသော နှင်းပွင့်များကို သူ၏ကိုယ်ပေါ်၊ ပုခုံးပေါ်နှင့် မျက်တောင်များပေါ်၌ ကျဆင်းခွင့်ပြုထားရာ ကြည့်ရသည်မှာ နှင်းရုပ်ကလေးတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။
“သုံးလကျော်သွားပြီပဲ"
ချန်ကျီရှင်းသည် ယန်ကျိုးဘက်သို့ လှမ်းကြည့်ရင်း ရုတ်တရက် စိတ်မကောင်းသလို ခံစားလိုက်ရသည်။ အချိန်ကို တွက်ချက်ကြည့်လျှင် သူသည် ဇီဝေချန်မိသားစုမှ ထွက်ခွာလာပြီး ဤကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ ရောက်ရှိနေသည်မှာ သုံးလကျော်ရှိပြီ ဖြစ်သည်။
သူပြောခဲ့သည့်အတိုင်း ဤသည်မှာ ချန်ကျီရှင်းအတွက် ဇီဝေတောင်ကုန်းပေါ်၌ ဆောင်းရာသီကို မဖြတ်သန်းရသည့် ပထမဆုံးအကြိမ်ပင်။ နှစ်စဉ် ဤအချိန်မျိုးတွင် ပိလော့သည် လင်အန်းမြို့သို့သွားကာ နှစ်သစ်ကူးအတွက် လိုအပ်သည်များကို အများအပြား ဝယ်ယူလေ့ရှိပြီး အိမ်တိုင်း၊ ပြာသာဒ်တိုင်း၌ အနီရောင်မီးအိမ်တန်းကြီးများကို ချိတ်ဆွဲကာ တောင်တံခါးဝ၌ ဖူဟူသော စာလုံးကို ပြောင်းပြန်ကပ်လေ့ရှိသည်။ အေးစက်ပြီး လူသူကင်းမဲ့လှသော တတိယတောင်ထိပ်လေးကို ပိလော့က သက်ဝင်လှုပ်ရှားအောင် ပြင်ဆင်ပေးလေ့ရှိသည်။
အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်လျှင် အေးစက်သော ဆောင်းလေထဲရှိ နှင်းပွင့်ရနံ့များ၊ ဗျောက်အိုးဖောက်သံများ၊ ကန်စွန်းဥဖုတ်နံ့များ၊ ထန်ဟူလူ၏ ချိုချဉ်အရသာနှင့် ချန်ကျီရှင်း နှစ်ပေါင်းများစွာ စားသုံးခဲ့သော ဝက်သားနပ်၏ ပူပူနွေးနွေးအရသာတို့ကို ခံစားရသလိုပင်။
“ဒီနှစ်တော့ ပိလော့တစ်ယောက်တည်း ဘယ်လိုများ ဖြတ်သန်းနေမလဲ မသိဘူး"
ချန်ကျီရှင်းသည် ခေါင်းကို ခါယမ်းကာ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး သူ၏ကိုယ်တွင်းရှိ စင်ကြယ်ပြီး ပြင်းထန်လှသော စစ်မှန်သောအနှစ်သာရစွမ်းအင်ကို ခံစားကြည့်လိုက်သည်။ ဗီဇတာအိုခန္ဓာကိုယ်၏ အစွမ်းကြောင့် နှစ်လအတွင်းမှာပင် သူ၏ကျင့်ကြံမှုသည် စစ်မှန်သောကိုယ်ပိုင် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ သင့်တော်သော မဟာတာအိုမျိုးစေ့ကို ရွေးချယ်ပြီး ကောင်းကင်နှင့်မြေကြီးဆိုင်ရာ ဓမ္မရုပ်သွင်ကို တည်ဆောက်နိုင်ပါက စစ်မှန်သောကိုယ်ပိုင် တတိယနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
သူ၏ကျင့်ကြံမှုအပြင် အခြားသော လေ့ကျင့်မှုများသည်လည်း လျင်မြန်စွာ တိုးတက်နေသည်။ မုယွဲ့မေပေးအပ်ထားသော အမာခံကျင့်စဉ်မှာ တတိယအဆင့် စိတ်ကူးယဉ်လှည့်စားခြင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ချန်ကျီရှင်းသည် ဤအမာခံကျင့်စဉ်ကို စတုတ္ထအဆင့် ပုံဖျက်ထိန်းချုပ်ခြင်းအထိ ကျင့်ကြံပြီးမှသာ တာအိုမျိုးစေ့ကို စုစည်းကာ တတိယအဆင့်သို့ တက်လှမ်းရန် စီစဉ်ထားသည်။
တစ်ချိန်တည်းမှာပင် တူကူးနီနှင့် ဟွာလင်းဟောင်တို့သည် အခါအားလျော်စွာ နတ်ဘုရားဆွဲငင်အားကျောက်တုံးများကို ပေးပို့နေကြသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ချန်ကျီရှင်း၏ ဆွဲငင်အားကျောက်တုံးများ ရရှိနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါတွင် သူ၏ ဆွဲငင်အားစွမ်းအင်မှာ ပိဿာချိန် သန်းနှင့်ချီသော အင်အားသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့သော ဆွဲငင်အားစွမ်းအင် ပေါက်ကွဲမှုအောက်တွင် မှတ်တမ်းတင်ထိုက်သော အင်အားစုတစ်ခု ဖြစ်ထွန်းနေပြီဖြစ်သော်လည်း ချန်ကျီရှင်းအတွက် တစ်ခုတည်းသော နောင်တမှာ နွားနတ်ဆိုး ကြယ်တာရာပြောင်းလဲခြင်း ကျမ်းစာ၏ တိုးတက်မှုနှုန်းပင်။
သုံးလတာကာလအတွင်း သူ၏ ကြယ်တာရာသွေးကြောမှတ်များမှာ ၅၁၀ မှ ၅၁၂ သို့သာ တိုးတက်ခဲ့သည်။ ထို့ကြောင့် ချန်ကျီရှင်းသည် သူနှင့်ကိုက်ညီမည့် ထိပ်တန်းအဆင့် ရုပ်ခန္ဓာကျင့်စဉ်တစ်ခုကို ရရှိရန် ပိုမိုပြင်းပြစွာ တောင့်တမိတော့သည်။ မဟုတ်ပါက ဤနွားနတ်ဆိုးကျင့်စဉ်မှာ ရှေ့ဆက်ရန် ခက်ခဲပေလိမ့်မည်။
တစ်ဖက်တွင်လည်း ချန်ကျီရှင်းသည် သူ၏သရုပ်ဆောင်မှုကို ဟန်ချက်ညီစေရန်အတွက် ကမ္ဘာငယ်လေးအတွင်းမှ ရရှိခဲ့သော ကံထူးမှုများကြောင့် ဖြစ်သည်ဟု အကြောင်းပြကာ တောင်ထိပ်သခင်မ မုယွဲ့မေ၏ရှေ့မှောက်၌ သူ၏ကျင့်ကြံမှုအဆင့်ကို နတ်ဘုရားခရီးသွား တတိယနယ်ပယ်အဖြစ် ထုတ်ဖော်ပြသခဲ့သည်။ ဤသည်ကို မြင်တွေ့ရသော မုယွဲ့မေမှာ အတိုင်းထက်အလွန် ဝမ်းမြောက်သွားရပြီး ချန်ကျီရှင်းအား စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်သို့ မည်သို့ကူညီတက်လှမ်းပေးရမည်ကို ကြိုတင်စီစဉ်နေတော့သည်။
ထို့ပြင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးသည်လည်း တင်းမာမှုများ မြင့်တက်နေသည်။ နောက်ထပ် တစ်လအကြာတွင် တောင်ဘက်တောင်ထိပ်နှင့် မြောက်ဘက်တောင်ထိပ်တို့၏ မဟာပြိုင်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ တပည့်အပေါင်းတို့သည် အချိန်နှင့်တစ်ပြေးညီ တံခါးပိတ်ကျင့်ကြံခြင်းများကို စတင်နေကြပြီဖြစ်သည်။ လီရန်သည်လည်း ဆယ်ငါးရက်ကြာ တံခါးပိတ်ကျင့်ကြံကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် အရှေ့ဘက်နက်ရှိုင်းသောဒေသတစ်ခုလုံးသည် ပုဂ္ဂိုလ်တစ်ဦးကြောင့် ဆူညံပွက်လောရိုက်သွားခဲ့ရသည်။ ၎င်းမှာ ချင်းပြည်နယ်မုမိသားစုမှ မုဟယ်တုန်းပင်။
သူသည် ထိုက်ချူးသန့်စင်ရာနယ်မြေ၏ ထိပ်တန်းပါရမီရှင်၊ မွေးရာပါ မိစ္ဆာမျက်ဝန်းပိုင်ရှင် နိုင်းအင်းရှန်းပက်တနာဖြစ်သူ ကောင်းကင်ဘုန်းရောင်ဝါ သန့်စင်သောသားတော်ကို အနိုင်ယူနိုင်ခဲ့ခြင်းပင်။
ဤတိုက်ပွဲသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီးနောက် မုဟယ်တုန်းသည် ဗောဓိပင်အောက်၌ တရားထိုင်ကာ ကျင့်ကြံခဲ့သည်။ သုံးရက်အကြာတွင် ကောင်းကင်ယံ၌ ထူးခြားသော နိမိတ်များ ပေါ်ထွက်လာပြီး ပေပေါင်းသောင်းချီသော ကောင်းကင်ပြင်ကြီးမှာ တောက်လောင်နေသော မီးလျှံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မုဟယ်တုန်း ကျင့်ကြံခြင်းမှ ပြန်လည်
ထွက်ပေါ်လာသည့်အခါ ကောင်းကင်လောင်ကျွမ်းခြင်း ဓမ္မရုပ်သွင်သည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
သူ၏ပတ်လည်၌ ၁၂ ရောင်ခြည် မီးလျှံကြာပန်း ကိုးပွင့်မှာ အလိုအလျောက် ဖြစ်ပေါ်လာပြီး သူ့ကို ကောင်းကင်ယံထက်သို့ ပင့်ဆောင်သွားခဲ့ရာ လောကီမီးတောက်အပေါင်းကို အုပ်စိုးလျက် လူ့လောကကို ငုံ့ကြည့်နေသော မီးလျှံဧကရာဇ်တစ်ပါးအလား ထင်မှတ်ရသည်။ သူသည် အရွယ်ရောက်သည့် အချိန်ကာလ၌ပင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ချိုးဖျက်၍ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။ ဤမျှလျင်မြန်သော တိုးတက်မှုနှုန်းမှာ အရှေ့ဘက်ဒေသတစ်ခုလုံး၌ ပြိုင်ဘက်ကင်းလှသည်။
ထို့တင်မကသေးဘဲ မုဟယ်တုန်းသည် တောင်တန်းတစ်သိန်း၏ အသည်းနှလုံးဆီသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကာ နတ်ဘုရားခရီးသွား တတိယအဆင့် နှင်းမိစ္ဆာဘုရင်ကို နှိမ်နင်း၍ နတ်ဘုရားမီးတောက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်မြင်မှုများက မုဟယ်တုန်းကို ခေတ်ပြိုင်ပါရမီရှင်များထဲ၌ ထိပ်ဆုံးသို့ တွန်းပို့ပေးလိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင်... ချင်းပြည်နယ်ရှိ ပြည်နယ်မြို့တော်၌ နက်မှောင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောပြင်၌ ဓားရှည်အနက်တစ်လက်ကို စလွယ်သိုင်းလွယ်ထားကာ ပြတ်သားသည့် အမူအရာရှိသည့် လူငယ်တစ်ဦးသည် ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ဦးတည်ကာ လျှောက်လှမ်းလာနေတော့သည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ကို ထောက်လှမ်းရေး၊ စီးပွားရေးနှင့် အခြားသော ဝန်ဆောင်မှုအမျိုးမျိုးကို စုစည်းထားသည့် အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်သည်။ အကယ်၍ လိုအပ်သော ဝိညာဉ်ကျောက်တုံးများကိုသာ ပေးချေနိုင်ပါက ဤအဖွဲ့အစည်းသည် မည်သည့်ခက်ခဲသော လုပ်ငန်းတာဝန်ကိုမဆို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိသည်။
နက်မှောင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်သည် မျှော်စင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူအပေါင်း၏ အကြည့်တို့သည် သူ၏ထံသို့ စုပြုံကျရောက်သွားကြတော့သည်။
“သူက... မုမိသားစုရဲ့ မျိုးဆက်သစ် မုဟယ်တုန်း မဟုတ်လား”
“မုဟယ်တုန်း ရောက်လာပြီဟေ့”
“ဟူး မုဟယ်တုန်းက တောင်တန်းတစ်သိန်းရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ပြန်ရောက်လာပြီပေါ့လေ”
ခဏချင်းမှာပင် တစ်မျှော်စင်လုံး ဆူညံပွက်လောရိုက်သွားတော့သည်။ မျှော်စင်ကို ကြီးကြပ်ရသော ဝမ်းဗိုက်စူစူနှင့် အုပ်ချုပ်ရေးမှူးသည်လည်း ပြုံးရွှင်သော မျက်နှာထားဖြင့် ချက်ချင်းပင် ထွက်၍ ကြိုဆို သည်။
“ပါရမီရှင်မု... ကျွန်တော်တို့ရဲ့ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ကို ဘယ်ကိစ္စများအတွက် ကြွရောက်လာတာပါလဲ”
ဂုန်း….
မုဟယ်တုန်းသည် လက်သီးဆုပ်ခန့်ရှိသော ကြည်လင်သည့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ တင်လိုက်ပြီး တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်မှာ
“ငါ့အတွက် စိန်ခေါ်စာတစ်စောင် ပေးပို့ပေးစေချင်တယ်။ နွေဦးရာသီ ရောက်တာနဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နတ်သမီးလီရန်နဲ့ ငါ ချိန်းဆိုထားတဲ့ တိုက်ပွဲအချိန် ရောက်ပြီ။ ငါကိုယ်တိုင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို သွားပြီး ချိန်းဆိုချက်အတိုင်း တိုက်ခိုက်မယ်။ နတ်သမီးလီရန်အနေနဲ့ ဒီတိုက်ပွဲကနေ ရှောင်မပြေးဖို့ မျှော်လင့်တယ်။ တကယ်လို့ အခြားသော တပည့်တွေကပါ ဝင်ရောက်တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ငါ မုဟယ်တုန်းက အားလုံးကို လက်ခံဖို့ အသင့်ပဲ”
စကားအဆုံး၌ မုဟယ်တုန်းသည် တုံ့ဆိုင်းမနေဘဲ မျှော်စင်အတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ စည်ကားလှသော လူအုပ်ကြားကို ဖြတ်သန်းသွားစဉ် လူအများက သူ့ကို အားကျအတုယူသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြကုန်၏။ မုဟယ်တုန်း စတင်ကြီးပြင်းခဲ့ရာ ချင်းပြည်နယ်တွင် သူ၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ပျံသန်းစ လင်းယုန်ငယ်လေးဟာ အခုတော့ ကောင်းကင်ယံထက်မှာ ကခုန်နိုင်ပြီပဲ။ မီးလျှံတွေဟာ လေကိုစီးပြီး ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာကြီးကို လွှမ်းမိုးတော့မယ်။ ဟယ်တုန်းအာ... မင်းကို တစ်လောကလုံးက အသိအမှတ်ပြုရမယ့် အချိန်ရောက်ပြီ”
ကြင်နာပြီး ယုံကြည်မှုအပြည့်ရှိသော အမျိုးသမီးအသံတစ်ခုက မုဟယ်တုန်း၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။
“ဆရာ... ဆရာမရှိရင် ကျွန်တော် ဒီအဆင့်အထိ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး”
မုဟယ်တုန်းက ပြုံးလျက် ပြန်လည်ပြောဆို လိုက်သည်။
ထိုစဉ် မီးခိုးရောင် ပတ်တီးများဖြင့် တစ်ကိုယ်လုံးကို ပတ်ထားပြီး မျက်လုံးတစ်ဖက်သာ ပေါ်နေသော ပုံရိပ်တစ်ခုသည် မုဟယ်တုန်း၏ နောက်၌ ပေါ်ထွက်လာသည်။
“ပြီးတော့ အစ်ကိုပုဖု... အဲဒီနေ့က အစ်ကိုသာ ကိုယ့်ကိုယ်ကိုယ် စတေးပြီး တာအိုဆရာကို တားမပေးခဲ့ရင် ကျွန်တော် ဒီနေ့အထိ ချောချောမောမော ရောက်လာနိုင်မှာ မဟုတ်ဘူး”
မုဟယ်တုန်းက ထိုပတ်တီးစီးထားသူကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
ပတ်တီးစီးထားသူသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး “ငါတို့က တစ်ခါညီအစ်ကိုဆိုရင် ထာဝရညီအစ်ကိုတွေပဲလေ။ ဒါတွေကို ပြောနေဖို့ မလိုပါဘူး” ဟု အေးဆေးစွာ ပြန်လည်တုံ့ပြန်သည်။
“မှန်တာပေါ့”
မုဟယ်တုန်းက သိနားလည်စွာ ပြုံးလိုက်ပြီးနောက် “အစ်ကိုယွမ်... အခု ကျွန်တော် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်ပြီဆိုတော့ အစ်ကိုလည်း မကြာခင် ရောက်လာတော့မှာပါ။ မမေ့ပါနဲ့... ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ကိစ္စတွေ ပြီးတာနဲ့ ဇီဝေချန်မိသားစုဆီကနေ တရားမျှတမှု ပြန်တောင်းရဦးမယ်”
ဇီဝေချန်မိသားစုအကြောင်းကို ပြောလိုက်သည်နှင့် မုဟယ်တုန်း၏ အေးချမ်းနေသော မျက်နှာမှာ ချက်ချင်းပင် အေးစက်ခက်ထန်သွားတော့သည်။ လွန်ခဲ့သော တစ်ဆယ့်နှစ်နှစ်ခန့်က သူ၏ဖခင်မှာ လင်အန်းမြို့သို့ ရောက်ရှိသွားခဲ့ရုံမျှဖြင့် ဇီဝေချန်မိသားစု၏ တတိယတောင်ထိပ်သခင်ချန်ထျန်းလျန်၏ လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။
ဖခင်အရင်းကို သတ်ဖြတ်ခဲ့သည့် ဤရန်ကြွေးမှာ မည်သို့မျှ ဖြေဖျောက်၍ မရနိုင်သော အမုန်းတရားပင်။
မကြာသေးမီကလည်း ဇီဝေချန်မိသားစုသည် အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ မုမိသားစုပိုင် စီးပွားရေးလုပ်ငန်းများနှင့် မဟာမိတ်မိသားစုများကိုပါ အမြစ်ပြတ်ချေမှုန်းခဲ့သည်။ မုမိသားစု၏ ဆွေမျိုးသားချင်း အများအပြားလည်း ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အကယ်၍ ဆေးဘုရင်ချိုင့်ဝှမ်းမှ ပုဂ္ဂိုလ်ကျော်တစ်ဦးက အချိန်မီ ကယ်တင်ခြင်းမပြုခဲ့ပါက မုဟယ်တုန်းကိုယ်တိုင်ပင် အသက်ပျောက်သွားနိုင်သည့် အခြေအနေဖြစ်သည်။
ဤမျှ နက်ရှိုင်းလှသော သွေးကြွေးကို ပြန်လည်ကောက်ယူရမည်သာ ဖြစ်သည်။
"ငါ မုဟယ်တုန်းက သူတစ်ပါးကို အရင်ရန်စတတ်သူမဟုတ်ဘူး။ ဒါပေမဲ့ မိသားစုကသာ ဒီလျှို့ဝှက်ချက်တွေကို မပြောပြခဲ့ရင် ဇီဝေချန်မိသားစု ဘယ်လောက်တောင် ရိုင်းစိုင်းစော်ကားနေသလဲဆိုတာ ငါ သိမှာမဟုတ်ဘူး"
"သူတော်ကိုယ်တော် သူနှောင့်ကိုယ်နှောင့်ပဲ ဇီဝေချန်မိသားစုကိုတော့ တစ်နေ့နေ့မှာ ငါ အမြစ်ပြတ် ရှင်းပစ်ရမယ်"
နက်မှောင်သော ဝတ်ရုံနှင့် လူငယ်သည် ပြတ်သားလှသော မျက်ဝန်းများဖြင့် လေးနက်စွာ ပြောလိုက်သည်။ သူ၏ဘေးရှိ ပတ်တီးစီးထားသော ပုံရိပ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် အက်ရှရှအသံဖြင့် မေးလိုက်သည်။
"ဟယ်တုန်း... တကယ်လို့ မင်းရဲ့မိသားစုက မင်းကို လိမ်ညာထားတာဆိုရင်ကော တကယ်တမ်း ပဋိပက္ခတွေကို မုမိသားစုက အရင်စခဲ့တာဖြစ်ပြီး ချန်မိသားစုက ပြန်လည်တုံ့ပြန်ရုံသက်သက်ပဲ ဆိုရင်ကော... မုမိသားစုမှာ တရားမျှတမှုမရှိဘူးဆိုရင် မင်း ဘာလုပ်မလဲ တရားမျှတမှုကို ဦးစားပေးမလား သံယောဇဉ်ကို ဦးစားပေးမလား"
"ဒါ... ဒါက မဖြစ်နိုင်တာ ငါ့မိသားစုက ငါ့ကို ဘာလို့ လိမ်ရမှာလဲ"
မုဟယ်တုန်းသည် ဤစကားကြောင့် အနည်းငယ် ကြောင်အသွားသည်။ ဤကဲ့သို့သော ဖြစ်နိုင်ခြေမျိုးကို သူ တစ်ခါမျှ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။
"ဒါပေမဲ့... တရားမျှတမှုနဲ့ သံယောဇဉ်လား"
မုဟယ်တုန်းသည် ခေါင်းကို ငုံ့လိုက်ပြီး သူ၏မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။
"သဘာဝကျကျပဲ... ငါက တရားမျှတမှုထက် သံယောဇဉ်ကိုပဲ ရွေးချယ်မိမှာပါ။ ဘာလို့လဲဆိုတော့ တကယ်တမ်း အရေးကြုံလာတဲ့အခါ တရားမျှတမှုက ငါ့ကို လာကယ်မှာမဟုတ်ဘူး။ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ ဆွေမျိုးသားချင်းတွေကပဲ ငါ့အတွက် အသက်စွန့် တိုက်ပွဲဝင်ပေးကြမှာမို့လို့ပဲ"
"ဒါကြောင့် ဒါက တစ်ကိုယ်ကောင်းဆန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့အမြင်မှာတော့ သံယောဇဉ်က တရားမျှတမှုထက် ပိုအရေးကြီးတယ်"
ပတ်တီးစီးထားသူသည် ဤစကားကို ကြားသောအခါ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသာအယာ ပြုံးလျက် ပြောလိုက်သည်။
"အင်း... ဒါကြောင့် ဟယ်တုန်း မင်း ပိုပြီး အစွမ်းထက်အောင် ကြိုးစားရမယ်။ မင်းကို ဘာမှ အထိခိုက်မခံပါနဲ့။ အကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ငါ အရမ်းနာကျင်ရလိမ့်မယ်"
မုဟယ်တုန်းသည် ဤစကားကြောင့် အားရပါးရ ရယ်မောလိုက်ပြီး "ဟာဟား... စိတ်မပူပါနဲ့ မင်းကို ငါ ဘယ်တော့မှ အထိခိုက်မခံစေရဘူး"
"ကောင်းပြီ"
အဆုံးစွန်သော ဆီးနှင်းများကြားတွင် ထိုလူငယ်နှစ်ဦးသည် ဘေးချင်းယှဉ်လျက် ထွက်ခွာသွားကြတော့သည်။
ကျန်းကျိုးရှိ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ တောင်ဘက်တောင်ထိပ်၌
"စစ်မှန်သောတပည့်ရှောင်... တောင်ထိပ်သခင်က ခေါ်နေပါတယ်ခင်ဗျာ"
သတင်းပေးပို့ရသော တောင်ဘက်တောင်ထိပ်တပည့်တစ်ဦးသည် တရားထိုင်နေသော ပုံရိပ်အနားသို့ ချဉ်းကပ်ကာ ရိုသေစွာ လျှောက်ထားလိုက်သည်။
ချန်ကျီရှင်းသည် သူ၏ကိုယ်ပေါ်ရှိ နှင်းများကို ခါချလျက် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် တောင်ထိပ်ရှိ ခန်းမဆောင်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
ခန်းမဆောင်အတွင်း၌ မည်သည့်အချိန်ကတည်းက စတင်ထားသည်မသိရသော ကြေးမီးဖိုတစ်ခုမှာ တောက်လောင်နေသည်။ မီးဖိုအတွင်းရှိ မီးလျှံများမှာ တဖျတ်ဖျတ်နှင့် လှုပ်ရှားနေပြီး ခန်းမဆောင်တစ်ခုလုံးကို နွေးထွေးစေသည်။ တောင်ထိပ်သခင်မ မုယွဲ့မေသည် အနက်ရောင် တာအိုဝတ်ရုံကျပ်ကျပ်ကို ဝတ်ဆင်လျက် ဖျာကြမ်းပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသည်။
ရင်းနှီးပြီးသား ခြေသံကို ကြားလိုက်ရသည့်အခါ မုယွဲ့မေသည် ဆောင်းဦးရာသီကဲ့သို့ လှပလှသော သူမ၏ မျက်ဝန်းအစုံကို ဖွင့်ကြည့်လိုက်ပြီး အသာအယာ ပြုံးလျက် ပြောလိုက်သည်။
"ပင်းအာ... မင်းရဲ့ ဇာတိအရပ်မှာ ဆောင်းရာသီရောက်ရင် ဝမ်တွန်စားတဲ့ ဓလေ့ရှိတယ်လို့ ငါကြားမိတယ်။ ဒီဝမ်တွန်တွေကို ငါ့လူတွေက တောင်အောက်က ဖုန်းပေါ်မြို့အထိ သွားဝယ်ပေးထားတာ။ အရသာက ဘယ်လိုရှိလဲဆိုတာ မြည်းစမ်းကြည့်ပါဦး"
***