တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် မကြာသေးမီက သိုင်းသမားများ၏ စိတ်ဓာတ်များ အလွန် တက်ကြွနေခဲ့သည်။ သိုင်းသမားများအတွက် မူဝါဒသစ်အကြောင်း ဆွေးနွေးနေကြသည်ကို နေရာတိုင်းတွင် ကြားနေရသည်။
သိုင်းသမားများအတွက် မူဝါဒသစ်သည် ခေတ်သစ်တစ်ခု၏ ကန့်လန့်ကာကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ သိုင်းသမားများ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ သဘာဝကျကျပင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားများလည်း ထိုနည်းတူပင်။ မူဝါဒသစ်ကို အကောင်အထည်ဖော်လိုက်သည်နှင့် သူတို့၏ လူမှုအဆင့်အတန်း၊ သက်သာချောင်ချိရေး စသည်တို့သည် ဘက်စုံ တိုးတက်လာမည်ဖြစ်ကြောင်း သူတို့ကောင်းကောင်း သိထားကြသည်။
အထူးသဖြင့် သိုင်းသမားများကြားတွင် ပျံ့နှံ့နေသော နာမည်တစ်ခု ရှိသည်။ ထိုသည်မှာ လင်းဖုန်းပင် ဖြစ်သည်။
လင်းဖုန်းက ကျောက်တုံးမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သောကြောင့် သိုင်းသမားများအတွက် မူဝါဒသစ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
လင်းဖုန်းနဲ့ ပတ်သက်လို့ကတော့... သူတို့ရဲ့ စစ်သေနာပတိချုပ်သစ် နာမည်ကလည်း လင်းဖုန်းပဲ မဟုတ်ဘူးလား။
အချို့လူများက သတင်းအချက်အလက်များကို ကောင်းစွာ သိရှိကြပြီး နောက်ဆုံးရ သတင်းများကို လျင်မြန်စွာ ရရှိခဲ့ကြသည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လင်းဖုန်းသည် ကျောက်တုံးမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သော လင်းဖုန်း အစစ်အမှန်ပင် ဖြစ်သည်။ ဤအချိန်တွင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားများ အားလုံးသည် လင်းဖုန်းအပေါ် လေးစားမှု အဆင့်သစ်တစ်ခု ရှိလာပြီး ရိုသေမှု အရိပ်အယောင်တစ်ခုပင် ရှိလာခဲ့သည်။
တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်လာကတည်းက လင်းဖုန်းသည် အလွန် အေးအေးဆေးဆေးနေခဲ့သည်။ အချို့က လင်းဖုန်း ဘာမှမလုပ်ဘူးဟုပင် ထင်ခဲ့ကြသော်လည်း သိုင်းသမားများအတွက် မူဝါဒသစ်သည် လင်းဖုန်းနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း သိလိုက်ရသောအခါ လင်းဖုန်း ဘာမှမလုပ်ဘူးဟု မည်သူကမျှ မထင်ကြတော့ဘဲ လင်းဖုန်းကို မလေးမစားလုပ်ရန် မည်သူကမျှ မဝံ့ရဲကြတော့ပေ။ အကြောင်းမှာ ထိုသို့မလေးမစားပြုမူလျှင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားများ အားလုံး၏ ရန်လိုခြင်း ခံရနိုင်သောကြောင့်ပင်။
ဘာမှမလုပ်ဘဲနှင့်ပင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လင်းဖုန်း၏ ဂုဏ်သိက္ခာမှာ မကြုံစဖူး အဆင့်တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ယခင် စစ်သေနာပတိချုပ် ကျိုးယွင်ပင်လျှင် ယခု တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လင်းဖုန်းလောက် ဂုဏ်သတင်းမကြီးမားခဲ့ပေ။
လုဝေ့နှင့် အခြားသော သာလွန်လူသား ကျွမ်းကျင်သူများ စုဝေးနေကြသည်။ သူတို့သည်လည်း သိုင်းသမားများအတွက် မူဝါဒသစ်အကြောင်း စကားဖောင်ဖွဲ့နေခဲ့ကြသည်။ သို့သော်လည်း လင်းဖုန်း၏ ဒဏ္ဍာရီလာ စွမ်းဆောင်ချက်များအကြောင်းကို ပိုမို ဆွေးနွေးဖြစ်ကြသည်။
သူတို့အားလုံးသည် သာလွန်လူသား ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် သူတို့၏ သတင်းအချက်အလက် ရင်းမြစ်များမှာ သဘာဝကျကျပင် သာမန် သိုင်းသမားများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့ကြောင့် နဂါးကျောက်တုံးမြို့တွင် ဝက်အူရစ်ပိုးကောင်နတ်ဆိုး အကောင် ၃၀ ကို နှိမ်နင်းခဲ့ပြီး လူသားသူရဲကောင်း တံဆိပ်ကို ရရှိခဲ့သည့် လင်းဖုန်း၏ သတင်းကို သူတို့ သိထားသည်မှာ ကြာပြီ ဖြစ်သည်။
ထို့နောက် သူနှင့် သေခြင်းရှင်ခြင်းကို အတူတကွဖြတ်ကျော်ခဲ့ကြသော သူငယ်ချင်းအတွက် ကျောက်တုံးမြို့တွင် သူ မည်သို့ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သည်ကို သူတို့ သိရှိခဲ့ရသည်။ ထိုအခါမှသာ သူတို့၏ စစ်သေနာပတိချုပ်သစ်သည် အရာများစွာကို ကြုံတွေ့ခဲ့ရပြီး ထိုအရာတိုင်းမှာ ကမ္ဘာမြေကို တုန်လှုပ်စေသော အဖြစ်အပျက်များ ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
"လုဝေ့... စစ်သေနာပတိချုပ်က ဒီလောက် ဩဇာလွှမ်းမိုးနိုင်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဲဒါက လူသားသူရဲကောင်း တံဆိပ်လေ။ အဲဒါကို ရဖို့ ငါ အိပ်မက်တောင် မမက်ရဲဘူး".
"ဟားဟား... နဂါးကျောက်တုံးမြို့က ငါတို့ စစ်သေနာပတိချုပ်ရဲ့ ဗီဒီယိုကို ကြည့်လိုက်။ သူက တကယ်ကို အစွမ်းထက်လွန်းတယ်။ နတ်ဆိုးအကောင် ၃၀ ကို သူ တစ်ယောက်တည်း နှိမ်နင်းနိုင်ခဲ့တာကွ။ ဒါက အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ယောက်နဲ့တောင် မတူဘူးလား".
"စစ်သေနာပတိချုပ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါတို့ မသိပေမဲ့ သူ့မှာ အလားအလာ ဘယ်လောက်ရှိလဲဆိုတာကို လူတိုင်း သိကြမယ်လို့ ငါ ယုံကြည်တယ်။ အနာဂတ်မှာ စစ်သေနာပတိချုပ်က နတ်ဘုရားနယ်ပယ်ကို ရောက်သွားရင်တောင် အံ့ဩစရာ မဟုတ်ဘူးပဲ"
"ငါတို့ရဲ့ စစ်သေနာပတိချုပ်က နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးလေးကတင် ရင်ခုန်စရာ ကောင်းနေပြီ".
တပ်ရင်းမှူး ၂၁ ယောက်စလုံးသည် လင်းဖုန်းအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ လွန်ခဲ့သည့် တစ်လက မှုန်မှိုင်းနေမှုများ အားလုံး လွင့်စင်ပျောက်ကွယ်သွားသည်။
လုဝေ့လည်း ကြည့်ရင်း ခေါင်းတစ်ညိတ်ညိတ် လုပ်နေမိသည်။ သူ တကယ်ကို ပျော်ရွှင်နေသည်။ လုဝေ့သည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်လာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ကျိုးယွင်ထက်ပင် စောကာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို သူ့အိမ်အဖြစ် မှတ်ယူခဲ့သည်။
ကျိုးယွင်သည် အတော်လေး အစွန်းရောက်သူ တစ်ဦး ဖြစ်သည်။ လုဝေ့သည် ထိုကဲ့သို့ အလောင်းအစားကြီးသော ကျိုးယွင်၏ ဆုံးဖြတ်ချက်ကို လက်တွေ့တွင် သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် သူ့ဆုံးဖြတ်ချက်မှာ အလွန်မှန်ကန်ကြောင်း နောက်ဆုံးတိုက်ပွဲက သက်သေပင်။ ကျိုးယွင် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတစ်ခုလုံးလည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအချိန်မှစ၍ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတစ်ခုလုံး အမှောင်ထုထဲ ကျရောက်သွားသကဲ့သို့ ရှေ့ဆက်စရာ လမ်းစပျောက်နေခဲ့ရသည်။ ယခုလက်ရှိကဲ့သို့ သာမန်သိုင်းသမားများနှင့် သာလွန်လူသား ကျွမ်းကျင်သူများအားလုံး အမှန်တကယ် စိတ်လှုပ်ရှားနေကြသည်ကို မမြင်တွေ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
လုဝေ့သည် ဤတက်ကြွသော လေထုကို မြင်ရသဖြင့် ရင်ထဲမှ ဝမ်းသာပီတိဖြစ်နေသည်။ ပြီးတော့ ဒီအရာတွေ အားလုံးအတွက် အဓိကမြစ်ဖျားခံရာက ဘယ်သူလဲ။ ဤအရာများ အားလုံးကို လင်းဖုန်း ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း လုဝေ့ ကောင်းကောင်းသိထားသည်။
ထို့ကြောင့် ဤရှုထောင့်မှ ကြည့်လျှင်ပင် လင်းဖုန်းသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်လာပြီးနောက် လက်တွေ့တွင် ဘာမှ မလုပ်ခဲ့သော်လည်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ယူဆောင်လာခဲ့သော စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများအတွက် သူ အလွန်ကျေးဇူးတင်မိသည်။
သို့သော် မပျော်ရွှင်သော သူများ ရှိနေသေးသည်။
ချန်ရွှယ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး "ရှင်တို့အားလုံး အစ်ကိုကျိုးအတွက် လက်စားချေဖို့ မေ့သွားကြပြီလို့ ကျွန်မထင်တယ်။ အဲဒီလင်းဖုန်းက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ သူက အိမ်ထဲမှာပဲ ပုန်းနေနိုင်တာ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ရောက်လာတာ ဒီလောက်တောင်ကြာနေပြီ။ သူ သင်းခွေချပ်သားရဲတွေကို အမဲလိုက်ဖို့ တစ်ကြိမ်လေးများ ထွက်သွားဖူးလို့လား"
"ချန်ရွှယ်... မင်း လွန်သွားပြီကွ"
အခြားသော သာလွန်လူသား ကျွမ်းကျင်သူများ မျက်နှာပျက်သွားပြီး သူတို့၏ အသံများတွင်လည်း ဒေါသအရိပ်အယောင် ခပ်ရေးရေး ပါနေသည်။
ချန်ရွှယ်၏ ပြဿနာကို သူတို့ထဲမှ ဘယ်သူက မသိဘဲ နေမည်နည်း။ ကျိုးယွင်အတွက် လက်စားချေရန် စွဲလမ်းမှုကြောင့် ချန်ရွှယ်သည် အရူးတစ်ပိုင်း ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း သူတို့ သိထားကြသည်။ သို့သော် စစ်သေနာပတိချုပ်သစ်က ကျိုးယွင်နှင့် ဘာမှမဆိုင်ပေ။ (သူမနဲ့ ခင်ဗျားတို့လိုပဲ သူက ဘာလို့ ကျိုးယွင်အတွက် လက်စားချေပေးရမှာလဲ။
ထို့အပြင် ဤသာလွန်လူသား ကျွမ်းကျင်သူများ ထုတ်မပြောသော ကိစ္စတချို့လည်း ရှိသေးသည်။ အကယ်၍ ကျိုးယွင်သာ တုံးတိုက်တိုက်ကျားကိုက်ကိုက်ဆိုသည့်အတိုင်း မဆင်မခြင် မလုပ်ဘဲ ထိုသင်းခွေချပ်သားရဲများကို ဝိုင်းဝန်းတိုက်ခိုက်ရန် သင်းခွေချပ်သားရဲများ၏ အသိုက်ထဲသို့ တရကြမ်း အင်အားသုံး ဝင်ရောက်ရန် မကြိုးစားခဲ့ပါက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသည် ဤမျှ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရမည် မဟုတ်ပေ။
ထိုအခြေအနေကို ချန်ရွှယ်ကိုယ်တိုင် မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်သောကြောင့် သူတို့ ရေငုံနှုတ်ပိတ်ကာ ဘာမှမပြောခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခု ချန်ရွှယ်သည် ပိုမို လွန်ကျူးလာကာ ကိုယ့်မျက်ချေးကိုယ်မမြင် သူများမျက်ချေးကိုယ်မြင်ဖြစ်လာသဖြင့် သာလွန်လူသား ကျွမ်းကျင်သူများလည်း မကျေမနပ် ဖြစ်လာသည်။
"ငါ လွန်သွားတယ်လား. ကောင်းတယ်... ကောင်းတယ်... တော်တော့်ကို ကောင်းတယ်။ ရှင်တို့က အစ်ကိုကျိုးအတွက် လက်စားချေဖို့ကို တကယ် မေ့သွားကြပြီ ထင်တယ်။ ဟမ့်... ရှင်တို့တွေ သူ့အတွက် လက်စားမချေပေးရင် ကျွန်မကိုယ်တိုင် လုပ်မယ်"
ထိုသို့ပြောပြီးနောက် ချန်ရွှယ် ရုတ်တရက် လှည့်ကာ လေ့ကျင့်ရေးခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
"ချန်ရွှယ်... အမိန့်ကို မင်း မေ့သွားပြီလား။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းက သိုင်းသမားတွေ အားလုံး ခွင့်ပြုချက်မရှိဘဲ အခြေစိုက်စခန်းကနေ ထွက်သွားခွင့် မရှိဘူး။ သင်းခွေချပ်သားရဲတွေကို သတ်ဖို့ဆိုတာကတော့ ဝေလာဝေးပဲ"
လုဝေ့ မတ်တတ်ရပ်လာပြီး ချန်ရွှယ်ကို ကျယ်လောင်စွာ မကြိမ်းမောင်းဘဲ မနေနိုင်တော့ပေ။ သူသည် ထိုအမိန့်ကိုပေးခဲ့သူ ဖြစ်သည်။ ထိုအမိန်ကိုကြည့်ရသည်မှာ အနည်းငယ် သူရဲဘောကြောင်သလို ထင်ရသည်။ သူတို့သည် ဤနေရာတွင် သင်းခွေချပ်သားရဲများကို တားဆီးရန် ရောက်နေကြသော်လည်း သားရဲများအနား မကပ်ရဲကြပေ။
သို့သော် လက်တွေ့တွင် ဤအမိန့်မှာ လက်ရှိအခြေအနေအရ အလွန်လိုအပ်သည်။ သင်းခွေချပ်သားရဲများသည် အုပ်စုလိုက် နေထိုင်ကြသည်။ သင်းခွေချပ်သားရဲ တစ်ကောင် သေဆုံးသွားသည်နှင့် သင်းခွေချပ်သားရဲ အုပ်စုတစ်စု ချက်ချင်း အုံခဲလာမည် ဖြစ်သည်။
တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသည် ကြီးမားသော ဆုံးရှုံးမှုများကို အခုလေးတင် ခံစားခဲ့ရပြီး ပြန်လည် နာလန်ထူလာရန် အလှမ်းဝေးနေသေးသည်။ လက်ရှိအချိန်တွင် သူတို့ သတိထားကာ အနားယူအားမွေးနေရန်သာ တတ်နိုင်သည်။ ထိုသင်းခွေချပ်သားရဲများကို သူတို့ လုံးဝ သွားမစရဲပေ။
လက်ရှိအချိန်တွင် ထိုသားရဲများကို ရန်စရဲသည်မှာ သတ္တိရှိခြင်းမဟုတ်ပေ။ မိုက်ရူးရဲဆန်ခြင်းသာ။ သေသေချာချာ ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ သားရဲများကိုတိုက်ခိုက်ခြင်းမှာ အဓိပ္ပာယ်မဲ့ သေကြောင်းကြံစည်မှုသာ ဖြစ်လိမ့်မည်။
ချန်ရွှယ် တစ်ဒင်္ဂမျှ ရပ်တန့်သွားသည်။ သူမ နောက်လှည့်ပြီး လုဝေ့ကို အေးစက်စွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ ဘာမှမပြောတော့ဘဲ ပြတ်ပြတ်သားသား ထွက်သွားတော့သည်။
လုဝေ့ ရင်ထဲမှ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ ချန်ရွှယ်၏ လက်ရှိပုံစံအရ သူမသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် အမှန်တကယ် ဆက်နေ၍ မရနိုင်တော့ပေ။ သို့မဟုတ်လျှင် အနှေးနှင့်အမြန်ဆိုသလို အမှားအယွင်းတစ်ခုခု ဖြစ်သွားလိမ့်မည်။ ချန်ရွှယ်ကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ ပြောင်းရွှေ့ပေးရန် လင်းဖုန်းကို တောင်းဆိုဖို့ အချိန်တစ်ခု ရှာရမည့်ပုံပင်။
လုဝေ့သည် ချန်ရွှယ်၏ စိတ်သဘောထားကို ကောင်းကောင်း သိပေသည်။ ချန်ရွှယ် ခွင့်ပြုချက်မရှိဘဲ အခြေစိုက်စခန်းမှ ထွက်သွားမည်ကို သူ အမှန်တကယ် ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူသည် နောက်သုံးရက်အတွက် ချန်ရွှယ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ချန်ရွှယ်သည် ဒေါသအလျောက် ပြောလိုက်ခြင်း ဖြစ်ပုံရပြီး အခြေစိုက်စခန်းမှ ထွက်မသွားခဲ့ပေ။ ဤသည်က လုဝေ့အတွက် စိတ်သက်သာရာ ရစေသည်။
"ဖိသိပ်စမ်း"
လျှို့ဝှက်ခန်းထဲတွင် လင်းဖုန်းသည် ရုတ်တရက် သူ၏ စိတ်အသိဖြင့် ကြယ်တာရာစွမ်းအား အားလုံးကို လှုပ်ရှားစေလိုက်သည်။
ကြယ်တာရာစွမ်းအားကို ကျစ်လျစ်စေရန်အတွက် ၎င်းတို့အားလုံးကို အတူတကွ ဖိသိပ်ရမည် ဖြစ်သည်။ အကြောင်းမှာ ကြယ်တာရာစွမ်းအားကို ပုံသေ အခြေအနေတစ်ခုသို့ အပြည့်အဝ ဖိသိပ်ရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်. လူတစ်ဦးတွင် ခွန်အား မည်မျှပင် ရှိပါစေ ကြယ်တာရာစွမ်းအားကို ဖိသိပ်ပြီးနောက် ထိုစွမ်းအားသည် မူလအခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားမည်သာ ဖြစ်သည်။
ထို့ကြောင့် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို မလှည့်ပတ်မီနှင့် ကြယ်စွမ်းအားကို ကြယ်တာရာစွမ်းအားအဖြစ် မပြောင်းလဲမီ ကြယ်တာရာစွမ်းအား အားလုံးကို အတူတကွ ဖိသိပ်ရမည် ဖြစ်သည်။ ထိုသို့မှသာ အဆင့်တက်ခြင်းကို ပြီးမြောက်နိုင်ပေလိမ့်မည်။
သို့မဟုတ်ပါက ကြယ်တာရာစွမ်းအားကို တစ်ကြိမ်လျှင် အမျှင်တန်း တစ်ခုစီ ဖိသိပ်နေရန် မဖြစ်နိုင်ပေ။ ဖိအား ကင်းစင်သွားသည်နှင့် ကြယ်တာရာစွမ်းအားသည် မူလအခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်သာ ဖြစ်သည်။ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ မတက်လှမ်းနိုင်မီ ကြယ်တာရာစွမ်းအား အသစ်များကို စုစည်းရန်နှင့် သူ့ခန္ဓာကိုယ် ကန့်သတ်ချက်ကို ချိုးဖျက်ရန်အတွက် ကြယ်တာရာစွမ်းအား အားလုံးကို ဖိသိပ်ထားသည့် အချိန်ကို အမိအရဆုတ်ကိုင်နိုင်ရမည် ဖြစ်သည်။
ဤသည်မှာလည်း အသွင်ပြောင်းနယ်ပယ် သိုင်းသမား အများအပြားအတွက် အဆင့်တက်ရန် အလွန် ခက်ခဲရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုစာကို ဖိသိပ်ရန်မှာ အပြောသာလွယ်၍ တကယ့်လက်တွေ့တွင် မလွယ်ကူပေ။
သာမန် သိုင်းသမားများအတွက်ပင် မလွယ်ကူပါက လင်းဖုန်းအတွက်ဆိုလျှင်မူ ပို၍ပင် ခက်ခဲပေသည်။ သာမန် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်တွင် ကြယ်တာရာစွမ်းအားမျှင်အကန့်အသတ် ၉၉ ခုအထိသာ ရှိပြီး လင်းဖုန်း၏ ခန္ဓာကိုယ်တွင်မူ ကြယ်တာရာစွမ်းအားမျှင်အကန့်အသတ် ၅၂၃ခုအထိ ရှိသည်။ ထိုအရေအတွက်မှာ သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦး၏ ငါးဆနီးပါးပင်။
အကယ်၍ လင်းဖုန်း အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းလိုပါက သူ့ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၅၂၃ ခုစလုံးကို အမှားအယွင်းမရှိ ချက်ချင်း ဖိသိပ်ရပေမည်။ ထိုကိစ္စမှာ လင်းဖုန်းအတွက်လည်း ခက်ခဲသော စိန်ခေါ်မှုတစ်ခုပင်။
ရှုထောင့်တစ်ခုမှ ကြည့်လျှင် လင်းဖုန်း၏ အဆင့်တက်ရန် ခက်ခဲမှုမှာ အခြားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် အမှန်တကယ်ပင် ငါးဆထက်မက ပိုများနေပေသည်။
***