ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၃ ခုလုံးကို တစ်ကြိမ်တည်း ဖိသိပ်ဖို့ လင်းဖုန်း ဘယ်လောက်တောင် အစွမ်းထက်ဖို့ လိုမလဲ။ လင်းဖုန်း၏ စိတ်ဆန္ဒက အတိုင်းအတာတစ်ခုအထိ ခိုင်မာနေလျှင်ပင် ထိုကိစ္စအပေါ်တွင် လုံးဝဥဿုံ ယုံကြည်မှုရှိရန် မဖြစ်နိုင်ချေ။ သူ အစွမ်းကုန် ကြိုးစားရန်သာ တတ်နိုင်သည်။
"ဖိသိပ်စမ်း"
လင်းဖုန်းသည် စိတ်အစဥ်ကို စုစည်းကာ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၃ ခုလုံး ရုတ်တရက် တောက်လောင်သွားသည်။
ဝုန်း...
လင်းဖုန်း၏ စိတ်အသိ ရုတ်တရက် တုန်ခါသွားသလို ခံစားလိုက်ရသည်။ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၃ ခုလုံးကို ဖိသိပ်နေရခြင်းဖြစ်သည်။ ထိုကြောင့် ပြန်ကန်ထွက်လာမည့်အားက မည်မျှထိပင် ကြောက်မက်ဖွယ်ကောင်းလိမ့်နည်း။
ထိုမျှအထိ များပြားလှသောကြယ်တာရာစွမ်းအားက အသွေးအသားနှင့် အရာအားလုံးကို အလုံးစုံဖျက်ဆီးနိုင်စွမ်းရှိလောက်အောင် အစွမ်းထက်ပေသည်။ အကယ်၍ ကြယ်တာရာစွမ်းအားများ ပြန်ကန်ထွက်လာမည်ဆိုလျှင် ထိုသည်က ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၃ ခုစလုံး ပေါက်ကွဲထွက်လာမှုပင် ဖြစ်ကပလိမ့်မည်။ လင်းဖုန်း၏ခန္ဓာကိုယ်လည်း ချက်ချင်းပင် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားလောက်ပေသည်။
သူ ပေါ့ဆခဲ့သည်။ လင်းဖုန်း တကယ်ကို ပေါ့ဆခဲ့သည်။ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၂၃ ခုကို ဖိသိပ်ရန် ခက်ခဲသော်လည်း သူ ကျရှုံးသွားလျှင်ပင် ကိစ္စမရှိဟု မူလက သူထင်ခဲ့သည်။ အလွန်ဆုံး နောက်တစ်ကြိမ် ထပ်ကြိုးစားရုံသာ။
သို့သော် ယခုမူ ကိစ္စရပ်များမှာ ထင်သလောက် မရိုးရှင်းကြောင်း သူ သိလိုက်ရပြီ ဖြစ်သည်။ ကြယ်တာရာစွမ်းအားမျှင် ၅၂၃ ခုသာ ပြန်ကန်ထွက်လာပါက ထိုစွမ်းအားမှာ မည်မျှထိပင် ကြောက်စရာကောင်းလိုက်မည်နည်း။ စွမ်းအားမျှင် ၉၉ ခုပင်လျှင် တန်ချိန် ၄၀၀ ရှိသော ခွန်အားကို ထုတ်လွှတ်နိုင်သည်။ အကယ်၍ ၅၂၃ ခုစလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာပါက အကျိုးဆက်မှာ အလုံးစုံပျက်စီးခြင်းသာ ရှိတော့မည်။
ထိုအဖြစ်သည် ခန္ဓာကိုယ်အတွင်းပိုင်းမှ အပြင်ဘက်သို့ တန်ချိန် ၂၀၀၀ ကျော်ရှိသော ခွန်အားများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် လင်းဖုန်းတစ်ယောက် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပေလိမ့်မည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းပိုင်းမှ တန်ချိန် ၂၀၀၀ ရှိသော ခွန်အားများ ပေါက်ကွဲထွက်လာမှုကို သူ၏ မသေမျိုး အစွမ်းသတ္တိက ခုခံနိုင်ပါ့မလားဆိုသည်ကိုလည်း လင်းဖုန်း မသေချာပေ။
အကယ်၍ သူ တောင့်မခံနိုင်ပါက သေခြင်းတရားကို စောင့်မျှော်နေရုံသာ ရှိတော့သည်။
လင်းဖုန်း၏ မျက်နှာမှာ ပြာနှမ်းနေပြီး နဖူးတွင်လည်း ချွေးအေးများ စို့နေသည်။ ဤတစ်ကြိမ်တွင် သူ တကယ်ကို ပေါ့ဆသွားခဲ့သည်။ မိမိကိုယ်ကိုယ် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် နှိုင်းယှဉ်ခဲ့မိခြင်းမှာ သူ၏ အကြီးမားဆုံး အမှားပင်။ အခြားအသွင်ပြောင်းနယ်ပယ်သိုင်းသမားများအတွက် စွမ်းအားမျှင် ၉၉ ခု ပြန်ကန်ထွက်လာခြင်းမှာ ဘာမှ အရေးမကြီးသော်လည်း လင်းဖုန်းမှာမူ စွမ်းအားမျှင် ၅၂၃ ခု၏ ပြန်ကန်အားကို လောင်းကြေးမထပ်ရဲပေ။
"တောင့်ခံထားစမ်း... ငါ သေချာပေါက် တောင့်ခံရမယ်"
လင်းဖုန်း ဘာမှ မတတ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် သူသည် မိမိကိုယ်ကိုယ် သေတွင်းထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားသည်။ ဤဖိသိပ်မှုမှာ လုံးဝ မလွယ်ကူသလို ဒုတိယအခွင့်အရေးလည်း ရှိမနေပေ။ သူ အောင်မြင်မှသာ ဖြစ်မည်။
ကြယ်တာရာစွမ်းအားမျှင် ၅၂၃ ခုမှာ ဆံခြည်မျှင်ထက်ပင် သေးငယ်လှသည်။ လင်းဖုန်း၏ စိတ်အသိအောက်တွင် ထိုစွမ်းအားမျှင်များ စတင်ကျစ်လျစ်သိပ်သည်းလာသည်။
သို့သော် ကြယ်တာရာစွမ်းအား၏ ပြန်ကန်အားမှာလည်း အလွန် အစွမ်းထက်လှသည်။ ထိုပြန်ကန်အားများက လင်းဖုန်း၏ စိတ်အသိကို လှိုင်းလုံးကြီးများသဖွယ် အကြိမ်ကြိမ် ရိုက်ခတ်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ စိတ်အသိမှာ ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာနေသဖြင့် ထိုလှိုင်းလုံးများကို အမှားအယွင်းမရှိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။
လင်းဖုန်း သွားကို တင်းတင်းကြိတ်ထားလိုက်သည်။ တဖြည်းဖြည်းနှင့် ကြယ်တာရာစွမ်းအားမျှင် ၅၂၃ ခုမှာ တဖြည်းဖြည်း ပိုမိုသေးငယ်လာသည်ကို သူ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပြန်ကန်အားမှာလည်း ပိုမိုအားကောင်းလာသည်။ လင်းဖုန်း အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် လင်းဖုန်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို ချက်ချင်း လှည့်ပတ်လိုက်သည်။ များပြားလှသော ကြယ်စွမ်းအားများမှာ ကြယ်တာရာဝဲဂယက်ကျင့်စဉ်၏ ဆွဲဆောင်မှုကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုးစီးဝင်လာသည်။
လင်းဖုန်း၏ စိတ်ထဲတွင် မိုးကြိုးပစ်သံကဲ့သို့သော အသံတစ်သံ မြည်ဟည်းသွားသည်။ တစ်ချိန်တည်းမှာပင် ၅၂၄ ခုမြောက်သော ကြယ်တာရာစွမ်းအားမျှင်လေး စတင် ဖြစ်ပေါ်လာတော့သည်။ ၅၂၄ ခုမြောက် စွမ်းအားမျှင် ပေါ်လာသည်နှင့် ကြယ်တာရာဝဲဂယက်ကျင့်စဉ်မှာ ပို၍ပင် ပြင်းထန်လာသည်။ လင်းဖုန်း၏ ပတ်ဝန်းကျင်တွင် ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ပေါ်လာပြီး စကြဝဠာမှ ကျဆင်းလာသော ကြယ်စွမ်းအားများကို အသည်းအသန်အရူးအမူး စုပ်ယူနေတော့သည်။
ထိုအခြေအနေတွင် လင်းဖုန်း အလွန်အံ့ဩစရာကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အကန့်အသတ်ကို အမှန်တကယ်ပင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ ၅၂၄ ခုမြောက် စွမ်းအားမျှင် ပေါ်ပေါက်လာမှုနှင့်အတူ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။
စွမ်းအားသစ်များမှာ အလွန်များပြားလှပြီး အရေအတွက်မှာလည်း အဆမတန် တိုးပွားလာသည်။
စွမ်းအားမျှင် ၁၀၀... ၂၀၀... ၃၀၀...
ခဏတာအတွင်းမှာပင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် များပြားလှသော ကြယ်တာရာစွမ်းအားများ ပေါ်ထွက်လာသည်။ ထိုအရှိန်မှာ လင်းဖုန်း ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည်။ သို့သော် လင်းဖုန်း အလွန်အမင်း အံ့ဩမနေပေ။ ဤသည်မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦးသည် ဒုတိယအဆင့်သို့ တက်လှမ်းသည့်အခါ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ အဆမတန် တိုးပွားလာလေ့ရှိသည်။
ထိုအခြေအနေသည် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို ဆက်လက် လှည့်ပတ်စေကာ ကြယ်စွမ်းအားများကိုသာ အဆက်မပြတ် စုပ်ယူနေစေလိုက်သည်။ သူသည် ကြယ်တာရာစွမ်းအားများကို တတ်နိုင်သမျှ များများ စုစည်းရန်သာ အာရုံစိုက်ထားပြီး တခြားမည်သည့်အရာမျှ ဝင်ရောက်နှောင့်ယှက်ခွင့် မပြုပေ။
၅၂၄ ခုမြောက်သော ကြယ်တာရာစွမ်းအားမျှင်ကို စတင် စုစည်းနိုင်ခဲ့သည့် အချိန်မှစ၍ လင်းဖုန်း အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး တရားဝင် ဖြစ်လာလေပြီ။
...
"ဘာ... ခေါင်းဆောင်ချန်ရွှယ် ပျောက်နေတာလား"
လုဝေ့၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ ချန်ရွှယ် စိတ်လိုက်မာန်ပါ လုပ်မည်ကို သူ စိုးရိမ်နေသဖြင့် ဤကာလအတွင်း သူမကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ အစပိုင်းတွင် ချန်ရွှယ်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိသဖြင့် လုဝေ့ အနည်းငယ် စိတ်အေးသွားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ယနေ့ သူမအကြောင်း မေးမြန်းကြည့်သောအခါ ချန်ရွှယ်မှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။
လုဝေ့ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အခြေစိုက်စခန်း၏ စောင့်ကြည့်ရေးကင်မရာများကို ချက်ချင်း စစ်ဆေးခိုင်းလိုက်ရာ ချန်ရွှယ်သည် မနေ့ကတည်းက အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့ကြောင်း တွေ့လိုက်ရသည်။ ကင်းစောင့်များက သူမကို ထွက်ခွာခွင့် မပြုသော်လည်း ချန်ရွှယ်သည် တပ်ရင်းမှူးတစ်ဦးဖြစ်သလို သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။ အကယ်၍ သူမကသာ ထွက်သွားရန် ဇွတ်အတင်း ကြိုးစားပါက မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
"ဒါကို ဘာလို့ ငါ့ကို ချက်ချင်း သတင်းမပို့ကြတာလဲကွ"
လုဝေ့က အခြေစိုက်စခန်း ကင်းစောင့်များကို အေးစက်သော မျက်နှာဖြင့် ပြင်းပြင်းထန်ထန် ဒေါသတကြီး မေးမြန်းလိုက်သည်။
"ခေါင်းဆောင်လု... ခင်ဗျားက စစ်သေနာပတိချုပ် မဟုတ်တော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို သတင်းမပို့ဘဲ စစ်သေနာပတိချုပ်သစ်ဆီပဲ သတင်းပို့ဖို့ ခင်ဗျားကိုယ်တိုင် ပြောထားတာ မဟုတ်လား။ ကျွန်တော်တို့ စစ်သေနာပတိချုပ်ဆီကို သတင်းပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျင့်ကြံနေတာနဲ့ အလုပ်ရှုပ်နေလို့ ကျွန်တော်တို့ကို ဂရုမစိုက်ခဲ့ဘူးဗျ"
လုဝေ့ သတိရလိုက်သည်။ အာဏာချင်း ပဋိပက္ခမဖြစ်စေရန်နှင့် စစ်မှန်သော စေတနာဖြင့် အခြေစိုက်စခန်း၏ အာဏာအားလုံးကို လင်းဖုန်းထံသို့ သူ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း ရောက်လာကတည်းက သူသည် အာဏာကို လုံးဝ လက်ဝယ်မထားခဲ့ပေ။
ထို့ကြောင့် ချန်ရွှယ် ခွင့်ပြုချက်မရှိဘဲ ထွက်သွားသည့်အခါ ကင်းစောင့်များက သူ့ကို သတင်းမပို့ခဲ့ခြင်း ဖြစ်သည်။ လင်းဖုန်းကမူ ကျင့်ကြံနေသဖြင့် ထိုကိစ္စကို ဂရုမစိုက်နိုင်ခဲ့ပေ။ လင်းဖုန်း၏ ကိုယ်ရံတော်များကပင် ဤကိစ္စကို လင်းဖုန်းထံ သတင်းပို့ရန် မစဉ်းစားခဲ့ကြခြင်း ဖြစ်နိုင်သည်ဟု လုဝေ့ သံသယဝင်မိသည်။
"ခေါင်းဆောင်ချန်ရွှယ်ကို သေသေချာချာ စောင့်ကြည့်ထားစမ်း။ ဘာပဲဖြစ်ဖြစ် ငါ့ကို ချက်ချင်း အကြောင်းကြား"
လုဝေ့၏ စိတ်အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ ချန်ရွှယ်၏ မဆင်မခြင် လုပ်ရပ်ကို သူ အပြစ်တင်မိသလို သူမ၏ ဘေးကင်းရေးအတွက်လည်း စိုးရိမ်နေမိသည်။
ထို့ကြောင့် လုဝေ့သည် ချန်ရွှယ်၏ ဆက်သွယ်ရေးစက်ကို ချက်ချင်း ခေါ်ဆိုလိုက်သော်လည်း သူမက စက်ပိတ်ထားကြောင်းသာ သိလိုက်ရသည်။
ဤသည်က လုဝေ့ကို ပို၍ပင် စိုးရိမ်လာစေသည်။
"ခေါင်းဆောင်လု... ခေါင်းဆောင်ချန်ရွှယ် ပြန်ရောက်လာပါပြီ"
ရုတ်တရက် ကင်းစောင့်တစ်ဦးက လုဝေ့ထံ သတင်းပို့လာသည်။
"ပြန်ရောက်လာပြီလား"
လုဝေ့ တစ်ဒင်္ဂမျှ ကြောင်သွားပြီးမှ သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ၏ မျက်နှာမှာမူ အတော်လေး အေးစက်နေဆဲပင်။ သူချက်ချင်းပင် အမိန်ပေးလိုက်သည်။
"ဘယ်မှာလဲ... ငါ့ကို ခေါ်သွားစမ်း"
မကြာမီတွင် လုဝေ့သည် အခြေစိုက်စခန်း၏ အဝင်ဝတွင် ချန်ရွှယ်ကို တွေ့လိုက်ရသည်။
ချန်ရွှယ်မှာ ဘာဒဏ်ရာမှ ရရှိထားခြင်း မရှိသော်လည်း သူမ၏ ပုခုံးပေါ်တွင် ကြီးမားလှသော သင်းခွေချပ်သားရဲတစ်ကောင်ကို ထမ်းလာသည်။
လုဝေ့သည် သင်းခွေချပ်သားရဲများနှင့် အလွန် ရင်းနှီးလှသည်။ ကျောက်တုံးများကဲ့သို့ မာကျောသော အရေပြား၊ ချွန်ထက်သော နှာခေါင်းနှင့် လက်သည်းများ...
သားရဲ၏ အမြီးမှာ ပြတ်တောက်နေပြီး နှလုံးသားရှိရာ ရင်ဘတ်တွင်လည်း သေစေနိုင်သော ဒဏ်ရာကြီးတစ်ခု ရှိနေသည်။
ထိုသားရဲမှာ သာမန်သင်းခွေချပ်သားရဲ မဟုတ်ပေ။ နတ်ဆိုးတစ်ကောင်ပင် ဖြစ်သည်။
"ချန်ရွှယ်... မင်း ဘာလုပ်နေတာလဲ"
လုဝေ့သည် ချန်ရွှယ်၏ ရှေ့သို့ အပြေးအလွှား သွားကာ သူမ သတ်လာသော သင်းခွေချပ်သားရဲကို ကြည့်လိုက်သည်။ ဒါက နတ်ဆိုးတစ်ကောင်လေ။ သာမန် သင်းခွေချပ်သားရဲတစ်ကောင် သေသွားတာက ဘာမှ မဟုတ်ပေမဲ့ နတ်ဆိုးတစ်ကောင် သေသွားရင်တော့ နောက်ထပ် သင်းခွေချပ်သားရဲတွေ ဘယ်လောက်တောင် ရူးသွပ်ကုန်မလဲဆိုတာ ဘုရားပဲ သိလိမ့်မည်။
ချန်ရွှယ်၏ မဆင်မခြင်လုပ်ရပ်သည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတစ်ခုလုံးကို ဘေးဒုက္ခထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်နေပေပြီ။
***