တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ ကွင်းပြင်ကျယ်ထဲတွင် ကြီးမားလှသော သင်းခွေချပ်သားရဲ အလောင်းကြီး ရုတ်တရက် ရောက်ရှိလာမှုက အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားကို ဆွဲဆောင်သွားခဲ့သည်။
"ဒါ သင်းခွေချပ်သားရဲ အလောင်း မဟုတ်လား။ ကြည့်ရတာ သာမန် သင်းခွေချပ်သားရဲနဲ့တော့ မတူဘူးနော်"
"သာမန် မဟုတ်တာ သေချာတာပေါ့။ ဒီလောက်ကြီးမားတဲ့ သာမန်သင်းခွေချပ်သားရဲကို မင်း တွေ့ဖူးလို့လား။ ငါ့အထင်တော့ ဒါ နတ်ဆိုးတစ်ကောင်ပဲ"
"ဘာ... နတ်ဆိုးလား။ အခြေစိုက်စခန်းက သင်းခွေချပ်သားရဲတွေကို သွားမစဖို့နဲ့ အမဲမလိုက်ဖို့ အမိန့်ထုတ်ထားတာ မဟုတ်ဘူးလား"
"ငါကြားတာတော့ ခေါင်းဆောင်ချန်ရွှယ်ကိုယ်တိုင် သွားသတ်လာတာတဲ့..."
သိုင်းသမားများကြားတွင် ဝေဖန်ဆွေးနွေးမှုများ ပျံ့နှံ့နေသည်။ သင်းခွေချပ်သားရဲ အလောင်းတစ်ခု၊ ထိုမျှမက မိစ္ဆာတစ်ကောင် ဖြစ်နေခြင်းကပင် အာရုံစိုက်စရာ ဖြစ်နေပြီဖြစ်ရာ ချန်ရွှယ်နှင့် ပတ်သက်နေသည်ဆိုသော အချက်က ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
ချန်ရွှယ်သည် အခြေစိုက်စခန်းတွင် စစ်လိုလားသူ တစ်ဦးဖြစ်ပြီး ထိုကိစ္စတွင် အတော်လေး အရူးအမူးဖြစ်နေသူ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ လူအများစုက ချန်ရွှယ်၏ အယူအဆကို သဘောမတူကြသော်လည်း သူမနောက်သို့ လိုက်လိုသူ အချို့လည်း ရှိနေပေသည်။
ထို့ကြောင့် ချန်ရွှယ်သည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် ဩဇာအာဏာ အတိုင်းအတာတစ်ခုအထိ ရှိနေဆဲပင်။
အမှန်တကယ်တော့ သာမန်သိုင်းသမားများသာမက သာလွန်လူသား ကျွမ်းကျင်သူ အများအပြားသည်လည်း ချန်ရွှယ်၏ လုပ်ရပ်ကြောင့် ရောက်ရှိလာကြသည်။ သူတို့အားလုံး မျက်မှောင်ကြုတ်နေကြသည်။ ချန်ရွှယ် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
သူမသည် ဤမျှအထိ လူသိရှင်ကြား ဖြစ်အောင် လုပ်ပြနေခြင်းမှာ ယခင်က လုဝေ့ ထုတ်ပြန်ထားသော အမိန့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်။ ယခုအခါ စစ်သေနာပတိချုပ်သစ် ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုအမိန့်ကို ပယ်ဖျက်ခြင်း မရှိသေးသရွေ့ ချန်ရွှယ်၏ လုပ်ရပ်မှာ အခြေစိုက်စခန်း၏ အမိန့်ကို ဖီဆန်နေခြင်းသာ ဖြစ်သည်။
အကျိုးဆက်မှာ အလွန်ပင် ကြီးမားနိုင်ပေသည်။
ချန်ရွှယ်သည် သင်းခွေချပ်သားရဲ အလောင်းပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို ပြောလိုက်သည်။
"တချို့လူတွေက သင်းခွေချပ်သားရဲတွေက အရမ်းအစွမ်းထက်တယ်၊ ကျွန်မတို့ သူတို့ကို မနိုင်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အခု ဒီအလောင်းကို ကြည့်လိုက်စမ်းပါ။ ဒါက သင်းခွေချပ်သားရဲပဲ၊ နတ်ဆိုးတစ်ကောင်လည်း ဖြစ်တယ်။ ဒီကောင်က တအားအစွမ်းထက်နေလို့လား။ ကျွန်မ ဒီကောင့်ကို သတ်ခဲ့ပြီးပြီ။ သင်းခွေချပ်သားရဲတွေက ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာမို့လဲ"
"တချို့လူတွေကတော့ အရင်တစ်ခါ ရှုံးနိမ့်မှုကို ကြောက်ပြီး ငါတို့ သင်းခွေချပ်သားရဲတွေကို မနိုင်တော့ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက သင်းခွေချပ်သားရဲတွေဘက်ကလည်း အကျအဆုံး များခဲ့တာပဲ မဟုတ်လား။ ငါတို့သာ ပိုကြိုးစားပြီး သူတို့ကို ပိုသတ်နိုင်မယ်ဆိုရင် ဒီသင်းခွေချပ်သားရဲတွေကို အမြစ်ပြတ်အောင် တိုက်နိုင်မှာပဲ။ ဒါက ငါတို့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ အဓိကရည်ရွယ်ချက်ပဲ မဟုတ်ဘူးလား"
"စစ်သေနာပတိချုပ် ကျိုးယွင်က ဒီပန်းတိုင်အတွက်ပဲ ကျွန်မတို့ကို သင်းခွေချပ်သားရဲတွေရဲ့ အသိုက်ထဲအထိ ခေါ်သွားခဲ့တာ။ ကျွန်မတို့ အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ။ အားလုံးပဲ... သင်းခွေချပ်သားရဲတွေကို မကြောက်ကြပါနဲ့။ သူတို့က ကြောက်စရာ မဟုတ်ပါဘူး"
ချန်ရွှယ်၏ ကျယ်လောင်သော လှုံ့ဆော်မှုကြောင့် သိုင်းသမားအများအပြား၏ စိတ်ဓာတ်များ ခဏတာ မြင့်တက်လာသည်။ တဖြည်းဖြည်းနှင့် ချန်ရွှယ်ကို ထောက်ခံသူများ ပေါ်ထွက်လာသည်။
"ချန်ရွှယ်... မင်း ဘာလုပ်နေတာလဲ"
ရုတ်တရက် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံထဲတွင် အောင့်အည်းထားသော ဒေါသများ ပါဝင်နေသည်။
ထိာအသံရှင်မှာ လုဝေ့ပင် ဖြစ်သည်။ သူ့ဘေးတွင်မူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်သစ် လင်းဖုန်း ပါလာသည်။
တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားမှာ လင်းဖုန်း၏ အမည်ကို ကြားဖူးနားဝ ရှိနေကြပြီ ဖြစ်သည်။ သိုင်းသမားများအတွက် မူဝါဒသစ် ပေါ်ပေါက်လာခြင်းမှာ လင်းဖုန်းနှင့် နီးကပ်စွာ ဆက်စပ်နေသည်။
သို့သော် လင်းဖုန်းသည် အခြေစိုက်စခန်းသို့ ရောက်လာပြီးနောက် ပထမဆုံး သုံးရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သည်မှအပ ကျန်အချိန်များကို ကျင့်ကြံရင်းသာ ကုန်ဆုံးစေခဲ့သည်။ အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားမှာ လင်းဖုန်းကို တစ်ခါမျှပင် မမြင်ဖူးကြပေ။
ယခုအချိန်တွင် လင်းဖုန်း ပေါ်လာခြင်းဖြစ်ရာ လူအများအပြားကို စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။
လုဝေ့မှာမူ ဒေါသထွက်နေသည်။ သူသည် သင်းခွေချပ်သားရဲ အလောင်းရှေ့သို့ ရောက်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"ချန်ရွှယ်... မင်း ရူးနေလား။ ချက်ချင်း ဆင်းလာခဲ့စမ်း"
ချန်ရွှယ်၏ စကားများမှာ အခြေစိုက်စခန်း၏ အမိန့်များကို လုံးဝ ဆန့်ကျင်နေခြင်း ဖြစ်သည်။
လင်းဖုန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ အစပိုင်းတွင် ချန်ရွှယ်၏ အခြေအနေကို သူ အနည်းငယ် စာနာမိခဲ့သော်လည်း ယခုမူ သူ စိတ်မရှည်တော့ပေ။ လုဝေ့၏ အကြံပြုချက်ကိုပင် သူ စဉ်းစားနေမိသည်။ ချန်ရွှယ်ကို တကယ်ပဲ ပြောင်းရွှေ့ပေးသင့်သလား။
ချန်ရွှယ်သည် လုဝေ့ကို တစ်ချက်ကြည့်ပြီးနောက် လင်းဖုန်းထံသို့ အကြည့်ကို လွှဲလိုက်သည်။ သူမက အေးစက်စက် ပြောလိုက်သည်။
"စစ်သေနာပတိချုပ်... နောက်ဆုံးတော့ ရှင် အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ရှင် သင်းခွေချပ်သားရဲတွေကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား။ အမှန်တော့ သူတို့က ရှင်ထင်သလောက် ကြောက်စရာ မကောင်းပါဘူး။ ကြည့်စမ်း... ကျွန်မ ဒီသားရဲတစ်ကောင်ကို အလွယ်တကူ သတ်ခဲ့တာပဲလေ"
လင်းဖုန်းက ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်ရွှယ်က ဆက်ပြောသည်။
"စစ်သေနာပတိချုပ်... ကျွန်မတို့ အခုအချိန်မှာ သင်းခွေချပ်သားရဲတွေကို အခွင့်ကောင်းယူပြီး တိုက်သင့်တယ်လို့ ထင်ပါတယ်။ အရင်တစ်ခါက ကျွန်မတို့ဘက်က အကျအဆုံး များခဲ့ပေမဲ့ သင်းခွေချပ်သားရဲတွေဘက်ကလည်း အကျအဆုံး များခဲ့တာပဲ။ ကျွန်မတို့သာ အစပျိုးပြီး တိုက်ခိုက်မယ်ဆိုရင် သင်းခွေချပ်သားရဲတွေရဲ့ အသိုက်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ သေချာပါတယ်"
လူတိုင်း လင်းဖုန်းကို ကြည့်လိုက်ကြသည်။ လုဝေ့မှာ အလွန် စိုးရိမ်နေသော်လည်း လင်းဖုန်းဘက်မှ ဘာမှ မပြောသေးသရွေ့ သူ အောင့်အည်းနေရုံသာ တတ်နိုင်သည်။
လင်းဖုန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက ပထမဆုံးအကြိမ်အဖြစ် မေးခွန်းထုတ်လိုက်သည်။
"ခေါင်းဆောင်ချန်ရွှယ်... မင်းက အစပျိုးပြီး တိုက်ခိုက်ဖို့ တိုက်တွန်းနေတာပဲ။ သင်းခွေချပ်သားရဲတွေရဲ့ အရေအတွက် အတိအကျကို မင်းသိလား။ သူတို့အသိုက်ထဲမှာ နတ်ဆိုးဘယ်နှကောင် ရှိလဲ။ တကယ်လို့ အသိုက်ထဲက နတ်ဆိုးဗိုလ်ချုပ်က ထပ်ပြီး တိုက်ခိုက်လာရင်ရော။ ဒီအချက်တွေကို မင်း ထည့်စဉ်းစားထားလား"
လင်းဖုန်း၏ ပြတ်သားပြီး ဆက်တိုက်ထွက်ပေါ်လာသော မေးခွန်းများကြောင့် ချန်ရွှယ်၏ အကြည့်များမှာ အနည်းငယ် ပျာယာခတ်သွားသည်။
"အဲဒီ နတ်ဆိုးဗိုလ်ချုပ်က အရင်တစ်ခါက ဒဏ်ရာရသွားတာလေ၊ သူ အပြင်ထွက်လာရဲမှာ မဟုတ်ဘူး။ ပြီးတော့ သင်းခွေချပ်သားရဲတွေ အများကြီး ရှိနေရင်ရော ဘာဖြစ်လဲ။ ကျွန်မတို့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ သိုင်းသမားတွေ အများကြီး ရှိနေတာပဲ။ ကျွန်မတို့က ဘာလို့ အဲဒီသားရဲတွေကို ကြောက်နေရမှာလဲ။ အသိုက်ထဲမှာ နတ်ဆိုးဘယ်နှကောင် ရှိလဲဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ အရင်တစ်ခါက အစ်ကိုကျိုးက သိုင်းသမားတွေကို အသိုက်ထဲအထိ ခေါ်သွားပြီး အဲဒီနတ်ဆိုးတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပြီးပြီ။ ဒီတစ်ခါ ကျွန်မတို့မှာ အခွင့်အရေးကောင်း ရှိနေတယ်။ ကျန်နေတဲ့ သင်းခွေချပ်သားရဲတွေကို ကျွန်မတို့ သေချာပေါက် တစ်ခါတည်းနဲ့ အမြစ်ဖြတ်နိုင်မှာပဲ"
လင်းဖုန်း၏ အကြည့်များ အေးစက်သွားသည်။ ဤမိန်းမမှာ တကယ်ပင် ရူးသွပ်နေပြီဟု သူ ခံစားလိုက်ရသည်။
"ဒါပေမဲ့ အရင်တစ်ခါက ကျိုးယွင် ရှုံးနိမ့်ခဲ့တာပဲ"
"မဟုတ်ဘူး... အစ်ကိုကျိုး ရှုံးခဲ့တယ်လို့ ဘယ်သူပြောလဲ။ အစ်ကိုကျိုးက သင်းခွေချပ်သားရဲတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တာ။ သူက ငါတို့အတွက် အခွင့်အရေး ဖန်တီးပေးခဲ့တာပါ။ ရှင်တို့အားလုံးကသာ သတ္တိကြောင်ပြီး သူရဲဘောကြောင်နေကြတာ။ ရှင်တို့ မသွားရင် ကျွန်မကိုယ်တိုင် သွားမယ်"
ကျိုးယွင် ရှုံးနိမ့်ခဲ့သည်ဟူသော လင်းဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ချန်ရွှယ်မှာ ချက်ချင်းပင် ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများပင်လျှင် မတည်မငြိမ် ဖြစ်လာခဲ့သည်။
ရှူး...
ရုတ်တရက် မည်သူမျှ သေသေချာချာ မမြင်လိုက်မီမှာပင် ပုံရိပ်တစ်ခုက ချန်ရွှယ်၏ ရှေ့သို့ ရုတ်ချည်း ရောက်ရှိလာသည်။ ထိုပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်လှသည်။
ဖြောင်း...
ကြည်လင်သော အသံတစ်ခုမှာ လူတိုင်း၏ နားထဲသို့ ရုတ်ချည်း ပဲ့တင်ထပ်သွားသည်။
သိုင်းသမား အများအပြား သေသေချာချာ ကြည့်လိုက်သောအခါ ထိုအရိပ်မှာ လင်းဖုန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လက်ဖဝါးကို ဆန့်ထုတ်ကာ ချန်ရွှယ်၏ ပါးကို ပြင်းထန်စွာ ရိုက်လိုက်ခြင်း ဖြစ်သည်။ တစ်ခဏအတွင်း လူတိုင်းမှာ မှင်သက်သွားပြီး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
"ရှင်..."
ချန်ရွှယ်သည်လည်း မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသည်။ သူမ လူပုံအလယ်တွင် ပါးရိုက်ခံလိုက်ရသည်၊း။ ထို့ပြင် စစ်သေနာပတိချုပ်သစ်ဆီမှ ဖြစ်သည်။ သူမမျက်လုံးထဲတွင် သတ္တိကြောင်ပြီး သူရဲဘောကြောင်သည်ဟု ထင်ထားသော လင်းဖုန်းက သူမကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။
ဒါက အကြီးမားဆုံး အရှက်ခွဲမှုပင်။
ဝုန်း...
ချန်ရွှယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ယခုအချိန်တွင် သူမ လုံးဝ စိတ်လွတ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုစလုံး ပေါက်ကွဲထွက်လာပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရူးသွပ်သွားတော့သည်။
"ရှင်က ကျွန်မကို ရိုက်ရအောင် ဘာအခွင့်အရေး ရှိလို့လဲ။ အစ်ကိုကျိုးတောင် ကျွန်မကို မရိုက်ရက်ခဲ့ဘူး။ ရှင်က ဘာမို့လို့ ကျွန်မကို ရိုက်ရတာလဲ"
နောက်ထပ် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုကို ထုတ်လွှတ်ထားသော ချန်ရွှယ်မှာ ကြောင်အသွားသည်။
သူမ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်ပြီ။ ထိုသည်မှာ နောက်ထပ် ပါးရိုက်ချက် တစ်ချက်ပင်။ သူမခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုစလုံး ထုတ်ဖော်အသုံးပြုထားသော်လည်း လင်းဖုန်း၏ ရှေ့တွင်မူ အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။ လင်းဖုန်း၏ လက်ဖဝါးမှာ ကြယ်တာရာစွမ်းအားများကို ဖြတ်ကျော်ကာ သူမ၏ ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
တစ်ဒင်္ဂအတွင်း အခြေစိုက်စခန်းရှိ သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြသည်။ သူတို့မျက်စိရှေ့မှ အဖြစ်အပျက်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
လင်းဖုန်းက ချန်ရွှယ့်ပါးကို နှစ်ချက်ဆက်တိုက် ရိုက်လိုက်တာလား။
***