ဝုန်း
တောင်နက်ကြီးအတွင်းမှ ပြင်းထန်လှသော တုန်ခါမှုကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
လီယန်ချူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ကျောက်ခဲများ လွင့်စင်ကာ သဲဖုန်များ တထောင်းထောင်း ထလာသည်။
သူ၏ ကိုယ်ထည်မှာ ထိတ်လန့်စရာကောင်းသော ခွန်အားများ ပိုင်ဆိုင်ထားသဖြင့် လေထုထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရုံဖြင့် လေလှိုင်းများ ပေါက်ကွဲသွားရသည်။
ပေါက်ကွဲမှု အရှိန်အဟုန်လှိုင်းများမှာ တစ်ခုပြီးတစ်ခု ထပ်ဆင့်သွားကာ မှိုပွင့်ကြီးသဏ္ဌာန် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။
လူအသွင်ဆောင်ကာ အခြေအနေကြည့်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဖိုးကြီးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးပင် မကျန်တော့ချေ။
ဤခန္ဓာကိုယ် ခွန်အားမှာ တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်ပါလား။
လူငယ်ဓားသမား၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော့အေးစက်သွားသည်။
သူသည် ဓားကျင့်ကြံသူတစ်ဦးအဖြစ် အမြဲတမ်း ဂုဏ်ယူခဲ့သူ ဖြစ်သည်။
လက်ထဲမှာ ဓားတစ်လက်ရှိရုံဖြင့် လောကရှိ မိစ္ဆာအပေါင်းကို သုတ်သင်နိုင်သည်ဟူသော ဓားဆန္ဒ မျိုး ရှိထားသူလည်း ဖြစ်သည်။
သတ်ဖြတ်ခြင်းဖြင့် တရားကို သက်သေထူရသည့် လမ်းစဉ်ကို လိုက်သူဖြစ်ရာ သူ၏ တိုက်ကွက်များမှာလည်း ပြတ်သားပြီး ညှာတာမှု လုံးဝမရှိပေ။
သို့သော် ယခုအခါတွင်မူ သူ၏ ဓားနှလုံးသား မှာ အက်ကွဲပျက်စီးသွားသလို ခံစားလိုက်ရသည်။
ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ ခန္ဓာကိုယ် ခွန်အားမျိုးကို ငါ့ဓားက တကယ်ပဲ ဖြတ်တောက်နိုင်ပါ့မလား။
လီယန်ချူသည် ထိုလူငယ်ဓားသမားကို စဉ်းစားရန် အချိန်အများကြီး မပေးခဲ့ပေ။
လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် သတ်ဖြတ်ခြင်းဓားသိုင်းကို ကျင့်ကြံထားသည့် ထိုလူငယ်မှာ အသက်ပျောက်သွားရတော့သည်။
သွေးချီများမှာ ပြင်းထန်လှပြီး ဖြစ်ပေါ်လာသည့် ပုံရိပ်မှာလည်း ထိတ်လန့်စရာပင်
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တစ်ခါမှ မကြုံဖူးသည့် ဘေးအန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထွက်ကာ ကျောပြင်မှ ကြွက်သားများမှာလည်း တောင့်တင်း ထုံကျင်သွားရသည်။
သူတို့သည် လီယန်ချူ၏ အကြည့်ကိုပင် ရင်မဆိုင်ရဲကြတော့ပေ။
ကောင်းကင်နှင့် မြေကြီးမှာ အနီရောင်များ လွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ထိုကျင့်ကြံသူများကို လွှမ်းမိုးထားသည်။
နေရာတိုင်းတွင် ပူလောင်လှသော အနီရောင်သွေးအလင်းတန်းများ ရှိနေပြီး လေထုမှာလည်း သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော သွေးချီများကြောင့် ပွက်ပွက်ဆူနေသကဲ့သို့ပင်။
ဤမျှ ပြင်းထန်လှသော သက်စောင့်အားမာန်နှင့် မီးဖိုကြီးကဲ့သို့ ပူပြင်းလှသော သွေးချီများမှာ လောကရှိ အရာအားလုံးကို လောင်ကျွမ်းစေနိုင်စွမ်း ရှိသည်။
လီယန်ချူ၏ စိတ်ဝိညာဉ်နန်းဆောင် အတွင်း၌ ကုသိုလ်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေသလို၊ ခရမ်းရွှေရောင် အရှိန်အဝါများနှင့် နတ်ဘုရားရဲ့ဂါထာတော် သူ့ကို ကာကွယ်ထားသည်။
ထို့ကြောင့် သူသည် ဆင်ခြင်တုံတရား မပျောက်ကွယ်ဘဲ ဤမျှကြီးမားလှသော သွေးချီများကို ထိန်းချုပ်မောင်းနှင်နိုင်ခြင်း ဖြစ်သည်။
ဝုန်း ဝုန်း
ပေါက်ကွဲသံများမှာ တောင်တောအတွင်း၌ မပြတ်တမ်း ပဲ့တင်ထပ်နေသည်။
မိစ္ဆာအတတ်ကို ကျင့်ကြံသူများ၊ လူသားစားသည့် မိစ္ဆာဆိုးများ၊ ယုတ်မာလှသော ဝိညာဉ်ဆိုးများမှာ အကုန်လုံး အသတ်ခံလိုက်ရတော့သည်။
လီယန်ချူသည် အရှိန်အဝါကြည့် အတတ်ပညာကို အသုံးပြုကာ ရန်ငြိုး များ ဝန်းရံနေသည့် မိစ္ဆာအတတ်ကို လိုက်စားသူများကိုသာ ရွေးချယ်သတ်ဖြတ်နေခြင်း ဖြစ်သည်။
သို့သော် အပြင်လူများ အမြင်တွင်မူ ခန္ဓာကိုယ်ခွန်အား ကြီးမားလှပြီး သွေးချီများ တဟုန်းဟုန်း တောက်လောင်နေသည့် ထိုတာအိုဆရာ လူငယ်က ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်နေခြင်းဟုသာ မြင်ကြသည်။
ရက်စက်သည်၊ အေးစက်သည်၊ ညှာတာမှု လုံးဝမရှိပေ
အရာအားလုံး ငြိမ်သက်သွားသည့်အခါတွင်မူ...
ပတ်ဝန်းကျင်၌ အခြေအနေကြည့်နေကြသည့် တရားသောလမ်းမှ ကျင့်ကြံသူများနှင့် ကျင့်ကြံသူ မိသားစုများမှ ပါရမီရှင်များသာ အသက်ရှင် ကျန်ရစ်တော့သည်။
ကျန်ရှိသမျှသော မိစ္ဆာကောင်များ၊ ဝိညာဉ်ဆိုးများနှင့် ယုတ်မာသူများမှာမူ အကုန်လုံး သေဆုံးသွားကြလေပြီ။
လီယန်ချူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်မှတ်များမှာလည်း နောက်ဆုံးတွင် သိန်းသန်း ဂဏန်းအဆင့်သို့ ရောက်ရှိသွားတော့သည်။
ဤသူများမှာ အခွင့်အရေး လာလုသည့် မိစ္ဆာများ မဟုတ်ဘဲ၊ လီယန်ချူအတွက် အိမ်တိုင်ရာရောက် လာပို့ပေးသည့် အတွေ့အကြုံ လက်ဆောင်ထုပ်များသာ ဖြစ်နေတော့သည်။
လီယန်ချူသည် ယန်ဝိညာဥ် အဆင့်သို့ မရောက်သေးသော်လည်း၊ သူ၏ ခန္ဓာကိုယ် ကိုယ်ထည်မှာမူ သွေးချီဓာတ်ဆေးလုံး၏ အကူအညီနှင့် ယခင်က ရှိထားသည့် ခိုင်မာလှသော အခြေခံအုတ်မြစ်တို့ ပေါင်းစပ်ကာ တတိယအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ကုသိုလ်မှတ် သိန်းသန်းချီ၍ သူ့ကိုယ်မှာ ကပ်ပါလာပြီး၊ သူ၏ ဝိညာဉ်အတွင်းပိုင်း၌ တောက်ပလှသော ကုသိုလ်ရွှေရောင် အလင်းတန်းများက လွှမ်းခြုံထားကာ တရဟော စီးဆင်းနေတော့သည်။
ဝေမြို့၊ ချင်းယွန်းကျောင်း
လီယန်ချူသည် ကျွေ့ဟွာကို ခေါ်ဆောင်ကာ ဤနေရာသို့ ပြန်ရောက်လာခဲ့သည်။
ယခုတစ်ခေါက် အဆင့်တက်လှမ်းမှုမှ ရရှိသည့် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှသည်။
သူ၏ ခန္ဓာကိုယ် ခွန်အားမှာ အတိုင်းထက်အလွန် ကြီးမားနေသော်လည်း ချင်းယွန်းကျောင်းသို့ ပြန်ရောက်သည့် အချိန်တွင်မူ ၎င်းတို့ကို အကုန်အစင် ထိန်းချုပ်နိုင်သွားပြီဖြစ်ရာ အပြင်ပန်းကြည့်လျှင် သာမန်လူတစ်ယောက်နှင့် ဘာမှ မခြားနားတော့ပေ။
သို့သော် ယနေ့ ဝေမြို့ တောင်နက်ကြီးအတွင်း၌ ဖြစ်ပွားခဲ့သော ကိစ္စမှာ ကျင့်ကြံသူလောကအတွင်း ဟိုးလေးတကျော် ဖြစ်သွားရသည်။
မိစ္ဆာကျင့်ကြံသူများနှင့် လူသားစား မိစ္ဆာများစွာမှာ အသတ်ခံလိုက်ရသည်။
၎င်းတို့မှာ နာမည်ကျော် မိစ္ဆာများဖြစ်စေ၊ ပုန်းအောင်းနေသည့် ဝိညာဉ်ဆိုးများဖြစ်စေ၊ အားလုံးတွင် တူညီသော အချက်တစ်ခု ရှိသည်။
၎င်းမှာ တိုက်ရည်ခိုက်ရည် အလွန်ကောင်းခြင်း ပင် ဖြစ်သည်။
မဟာယာနဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှ ကျွမ်းကျင်သူများပင်လျှင် ထိုသူများကို လွယ်လွယ်ကူကူ ရင်ဆိုင်ရန် ဝန်လေးကြသည်။
သို့သော် ယနေ့တွင်မူ ဝေမြို့ပြင်မှ တောင်နက်ကြီးအတွင်း၌ အကုန်လုံး သေဆုံးသွားခဲ့ကြရသည်။
ကြောင်ကြီးတစ်ကောင် ခေါ်လာသည့် တာအိုဆရာ လူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် တစ်ဖက်သတ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဝေမြို့နယ်မြေအတွင်း၌ ယန်ဝိညာဥ် အဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ဦး ရှိနေသည်ဟူသော သတင်းမှာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။
လီယန်ချူကတော့ ကျောင်းတော်အတွင်း၌ အေးအေးဆေးဆေး ရှိနေပြီး မည်သည့် အနှောင့်အယှက်မှ မခံရပေ။
ထိုချင်းယွန်းကျောင်း ပျက်လေးမှာ တကယ့်ကိုပင် ကြီးမားလှသော အတတ်ပညာတစ်ခုဖြင့် ကောင်းကင်ဘုံ၏ စောင့်ကြည့်မှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ အလွန်ပင် တိတ်ဆိတ်အေးချမ်းလှသော နေရာလေး ဖြစ်နေသည်။
သူသည် မိမိကိုယ်ပေါ်ရှိ ကုသိုလ်မှတ် များကို စစ်ဆေးလိုက်သည်။
၁,၀၃၅,၆၀၀ (တစ်သန်း သုံးသောင်း ငါးထောင် ခြောက်ရာ )
ယခင်တုန်းက...
ကုသိုလ် သုံးသောင်းရရုံနှင့်ပင် လီယန်ချူမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ ဘဝရဲ့ ထိပ်ဆုံးကို ရောက်ပြီဟု ထင်ခဲ့မိသည်။
ယခုအခါတွင်မူ ထိုသုံးသောင်းဆိုသည်မှာ အကြွေစေ့လောက်သာ ရှိတော့သည်။
ဟူး... ချမ်းသာတဲ့သူတွေရဲ့ သောကကို ငါ နည်းနည်း နားလည်လာပြီပဲ လို့ လီယန်ချူက စိတ်ထဲက ရေရွတ်လိုက်မိသည်။
ကျွေ့ဟွာ၏ ယနေ့ ရဲရဲဝံ့ဝံ့ စွမ်းဆောင်ချက်များအတွက်လည်း လီယန်ချူက ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူမ၏ စွမ်းဆောင်ရည်မှာ သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
သူသည် ကျင်းကွမ်းကျောင်း မှ ရရှိခဲ့သည့် ဗောဓိဆေးလုံး ကို ထုတ်ယူကာ ကျွေ့ဟွာကို ပေးလိုက်သည်။
ဤကဲ့သို့သော နတ်ဆေးလုံးမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် အထူးအာနိသင် ရှိသည်။
မိစ္ဆာမျိုးနွယ်စုများ၏ တိုက်ခိုက်မှုမှာ မိမိ၏ ကိုယ်ထည် ကြံ့ခိုင်မှုအပေါ် အခြေခံရသည်ဖြစ်ရာ သူမအတွက် အလွန်ပင် သင့်တော်လှပေသည်။
"ဒါက ငါ နတ်ဘုရားနယ်မြေထဲကနေ ရလာတဲ့ နတ်ဆေးပဲ၊ နင် ဒီတစ်ခါ တော်တော်လေး အားစိုက်ခဲ့တာမို့ ငါ အကုန်လုံး နင့်ကို ပေးလိုက်မယ် " ဟုလိမ်ပြောလိုက်သည်။
"နင့်မှာ အသိစိတ် ရှိသားပဲ"
လို့ ကျွေ့ဟွာက ပြန်ပြောသည်။
သူမ ကြည့်ရသည်မှာ ထိုစကားကို အတော်လေး သဘောကျသွားပုံရသည်။
လိမ္မော်ရောင် ကြောင်လေးသည် လှပသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
သူမ ဗောဓိဆေးလုံးကို သုံးစွဲရန် ပြင်ဆင်နေချိန်တွင် လီယန်ချူမှာမူ ကျောင်းတော်အတွင်း၌ တရားထိုင်နေရင်း ယခုကဲ့သို့ များပြားလှသော ကုသိုလ်မှတ်များဖြင့် မိမိလက်ထဲရှိ နတ်လက်နက်အချို့ကို ဆက်လက်၍ စွမ်းအားမြှင့် ရန် ပြင်ဆင်လိုက်သည်။
ပထမဦးဆုံးမှာ ကျန့်ကျောင်းဓား ပင် ဖြစ်သည်။
သူသည် မိမိဦးနှောက်အတွင်းရှိ မဟာတာအို၏ အသံကို ပုံဖော်လိုက်ပြီး...
"အဆင့်မြှင့်တင်စေ "
ကျန့်ကျောင်းဓားပေါ်တွင် နတ်အလင်းတန်းများ ပေါ်လာပြီး ဓားကိုယ်ထည် တစ်လျှောက်လုံးတွင် မပြတ်တမ်း လှည့်ပတ်နေတော့သည်။
အလွန်ပင် လှပလွန်းလှသည်။
ယခုတစ်ကြိမ် စွမ်းအားမြှင့်သည့် အချိန်မှာ ယခင် အကြိမ်များထက် ပိုမို ကြာမြင့်နေသည်။
အရာအားလုံး ပြီးဆုံးသွားသည့် အခါတွင်မူ...
ကျန့်ကျောင်းဓားဆီမှ ကြည်လင်ပြတ်သားလှသော ဓားဟိန်းသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားတော့သည်။
ဓားအလင်းတန်းတစ်ခုမှာ အိမ်ခေါင်မိုးကို ဖောက်ထွက်ကာ ပျံတက်သွားပြီး ချင်းယွန်းကျောင်း အထက်တွင် ဝဲပျံနေတော့သည်။
ကောင်းကင်နှင့် မြေကြီးမှာလည်း အရောင်အသွေး ပြောင်းလဲသွားပြီး မိုးတိမ်များမှာ တလိမ့်လိမ့် တက်လာသည်။
တိမ်ပင်လယ်အတွင်း၌ မိုးကြိုးလျှပ်စီးများသာမက မီးတောက်မီးလျှံများပါ ထွက်ပေါ်လာတော့သည်။
"ဟာ... သွားပြီ၊ အိမ်ခေါင်မိုး ပေါက်သွားပြီ "
လီယန်ချူက အလန့်တကြား အော်လိုက်မိသည်။
သူ နေလာသည့် တစ်လျှောက်လုံး ဘာမှမဖြစ်ခဲ့သည့် ထိုကျောင်းတော်လေးမှာ ယခုအခါတွင်မူ အဆင့်မြင့်လိုက်သည့် ကျန့်ကျောင်းဓားကြောင့် အိမ်ခေါင်မိုး ပေါက်သွားရပြီ မဟုတ်ပါလား။
"ဒါက ကမ္ဘာကျော် နတ်ဘုရားလက်နက် ပေါ်ထွန်းလာတာလား "
"ဘယ်လောက်တောင် ပြင်းထန်လှတဲ့ အရှိန်အဝါလဲ"
ဝေမြို့အတွင်း ပုန်းအောင်းနေသည့် ကျင့်ကြံသူများမှာ ကောင်းကင်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်မိကြသည်။
အမည်မသိသည့် ဤမြို့လေးမှာ ဘာကြောင့် ဤမျှ ထိတ်လန့်စရာကောင်းသော နတ်လက်နက် ရှိနေရသနည်း ထိုထူးခြားဖြစ်စဉ်မှာ ဝေမြို့တစ်မြို့လုံး၏ ကောင်းကင်ယံကို လွှမ်းခြုံထားသဖြင့် ထိုနတ်အလင်းတန်းမှာ ချင်းယွန်းကျောင်းမှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မည်သူမျှ သတိမပြုမိကြချေ။
ဝေမြို့သူ ဝေမြို့သားများမှာလည်း ကောင်းကင်ကို အံ့ဩတကြီး ကြည့်နေကြသည်။
"မိုးရွာတော့မှာလား "
"အကြောင်းအရင်း မရှိဘဲ ဘာလို့ မိုးတွေ ချုန်းနေရတာလဲ "
သာမန်အရပ်သားများမှာမူ ကမ္ဘာကျော် နတ်လက်နက်ဆိုသည်ကို မသိကြသလို၊ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားဖြစ်စဉ်များကိုလည်း နားမလည်ကြပေ။
သူတို့ သိသည်မှာ မကြာသေးမီက ဝေမြို့၏ ရာသီဥတုမှာ အလွန်ပင် ဖောက်ပြန်နေပြီး ခဏခဏ မိုးချုန်းနေခြင်းသာ ဖြစ်သည်။
အထူးသဖြင့် မိုးမရွာဘဲ မိုးချုန်းနေခြင်း ဖြစ်သည်။
ခဏခဏ ဆိုသလို ဝုန်းဝုန်း ဆိုသည့် အသံကြီးများမှာ နားကွဲလုမတတ် ထွက်ပေါ်နေတတ်သည်။
တစ်ခါတစ်ရံတွင် ပေါက်ကွဲသံကြီးများနှင့်ပင် တူနေတတ်သည်။
အစပိုင်းတွင် သူတို့ ထိတ်လန့်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့်ပင် နေသားကျသွားတော့သည်။
ရာသီဥတု ထူးဆန်းနေခြင်းမှာ ထိတ်လန့်စရာ ကိစ္စမဟုတ်တော့ချေ။
ဤသည်မှာပင် အဆင့်အတန်း မတူညီမှုကြောင့် ဖြစ်ပေါ်လာသည့် ကွာခြားချက် ဖြစ်သည်။
ကျွမ်းကျင်သူများက အတွင်းသဘောကို ကြည့်ကြပြီး၊ သာမန်လူများကတော့ အပြင်ပန်း ဆူညံမှုကိုသာ ကြည့်ကြသည်ပေါ့။
"ဓား... လာစေ"
လီယန်ချူ၏ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
ကျန့်ကျောင်းဓားမှာ ချက်ချင်းပင် နတ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံမှ ပျံသန်းလာပြီး လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာသည်။
ထိတ်လန့်စရာကောင်းသော မိုးတိမ်များ ကွယ်ပျောက်သွားသလို၊ ဆူညံလှသော အသံကြီးများလည်း ပျောက်ကွယ်သွားတော့သည်။
"ဒီရက်ပိုင်း ရာသီဥတုက အမြဲတမ်း ဒီလိုပဲဗျ၊ ဧည့်သည်လည်း မကြောက်ပါနဲ့၊ ဒါက ကျနော်တို့ ဝေမြို့ရဲ့ ထူးခြားချက်လို့ပဲ သဘောထားလိုက်ပါ"
ထိုက်ဖင် တည်းခိုခန်းအတွင်း၌ စားပွဲထိုးလေးက ဗိုက်ပူပူနှင့် ကိုယ်တော်တစ်ပါးကို ပြောလိုက်ခြင်းဖြစ်သည်။
ဗိုက်ပူကိုယ်တော်မှာ ထိုစကားကို ကြားသောအခါ ပါးစပ်များ တွန့်သွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
ဘာ ရာသီဥတု ပြောင်းလဲတာလဲကွ၊ ဒါက ကမ္ဘာကျော် နတ်ဘုရားလက်နက် ပေါ်ထွန်းလာတာဟေ့ လို့ သူ စိတ်ထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်မိတော့သည်။
***