ဒါပေမယ့် ဒီနေ့တော့ အားချိုးက သူ့အတွက် လှဲစရာ ကုလားထိုင်တစ်လုံး ဝယ်မယ်ဆိုတာကြောင့် မမေးလို့ မရတော့ပေ။ သူလည်း နေပူထဲ ထွက်ချင်ပါသည်။ နှစ်ဝက်တစ်ခုလုံး မှောင်မိုက်တဲ့အခန်းထဲမှာ နေခဲ့ရတာကြောင့် သူတကယ်ကို အသက်ရှူကျပ်နေခဲ့သည်။ အရင်က သူစိတ်မဝင်စားပေမယ့် အခု နေပူဆာလှုံချင်မိသည်၊ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူတွေကို မြင်ချင်ပြီး အားချိုးပြောတဲ့ အိမ်က ဘယ်လိုပုံစံလဲဆိုတာ သိချင်သည်။
“ဘာဖြစ်လို့လဲ”
အားချိုး အံ့အားသင့်သွားပြီး သူ့ခါးကို ဆက်နှိပ်ပေးနေသည်။ သူမကအမြန် ပြော၏။
“လောက်ပါတယ်။ ကျွန်မ နန်းတော်မှာ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာကြာပြီပဲလေ၊ သေချာပေါက် ကျွန်မမှာ စုဆောင်းငွေတွေရှိတယ်။ ပြီးတော့ သခင်မသွမ့်ကလည်း ကျွန်မအတွက် ငွေနည်းနည်း ပေးထားခဲ့တယ်၊ လေးငါးနှစ်စာလောက်တော့ လုံလောက်တယ်။ အဲဒါကို စိတ်မပူနဲ့။”
“အင်း။”
ကျုံးမင်းဝေက ပြန်ဖြေပြီး ထပ်စကားမပြောတော့ပေ။ ရေနွေးကြမ်းက အေးသွားတာကြောင့် အားချိုးက ရေနွေးခွက်ကို အသစ်ဖြည့်ပြီး ဗန်းပေါ်တင်လိုက်သည်။ ကျုံးမင်းဝေက မွှေးကြိုင်လွန်းနေသော လက်ဖက်ရည်ကို သောက်လိုက်သည်။
လိမ်းဆေးဖြင့် နှိပ်နယ်ပေးပြီးနောက် အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သည်။ အားချိုး အခန်းထဲပြန်ဝင်ကာ ပိုက်ဆံအိတ်ကိုဖွင့်၍ ပြန်လှန်စစ်ကြည့်လိုက်သည်။ သုံးဆယ့်နှစ်ယွမ်၊ အားချိုးက သက်ပြင်းချလိုက်ပြီး ပိုက်ဆံအိတ်ကို ခေါင်းအုံးအောက်မှာ ထည့်လိုက်သည်။
အိမ်ကို ပြုပြင်ရမည်၊ အမိုးဆောက်ရမည်ဖြစ်ပြီး နင်းဂုတ၏ ဆောင်းရာသီသည် အလွန်ရှည်ကြာတတ်တာကြောင့် ဆောင်းအခါတွင် နှင်းတွေက တောင်ကြီးကို လအတော်ကြာ ဖုံးလွှမ်းနေမှာဖြစ်ကာ စားစရာတွေ၊ ငါးနဲ့ အသားတွေကို သိုလှောင်ထားရမည်။ ဆေးတွေလည်း ဝယ်ထားရဦးမည်။ ကျုံးမင်းဝေ၏ ခန္ဓာကိုယ်သည် ဤကဲ့သို့ ဆေးဝါးမျိုးနှင့် မလုံလောက်သေးပေ။ မိုးရာသီအတွက်လဲ ဆေးဝါးအစုံ ပြင်ဆင်ထားရလိမ့်မည်။ ကျုံးမင်းဝေသည် အဝတ်ထူထူပင်မရှိသေးပေ၊ စကားမစပ်၊ မွေ့ယာနှစ်ခုဝယ်ရဦးမည်။
ပိုက်ဆံဆိုတာ နေရာတိုင်းမှာ လိုအပ်နေတာတော့ အမှန်ပင်။ အားချိုးက ကောက်ရိုးဖျာပေါ် လှည့်ပြီး တိတ်တိတ်လေး အော်ဟစ်နေမိသည်။
အဖွားချန်၊ အဖွားချန်၊ အဖွား ကျွန်မအတွက် အလုပ်အမြန်ရှာပေးမှဖြစ်မယ်နော်။
မနက်စာစားပြီးနောက် အားချိုးသည် တောင်ပေါ်မှဆင်းခဲ့သည်။ ဒီတစ်ခါတော့ ဝါးခြင်းတောင်း မသယ်ခဲ့ပေ၊ သူမသည် လှဲသည့်ထိုင်ခုံဝယ်ရန် စျေးသို့သွားဖို့ စီစဉ်ခဲ့သည်။ ဝယ်နိုင်ရင် သူမဘာသာ အပေါ်ထိ တိုက်ရိုက်ပြန်သယ်သွားရမည်ဖြစ်တာကြောင့် သူမနှင့်အတူ ဝါးခြင်းတောင်းယူရန် အဆင်မပြေပေ။ ပိုက်ဆံအကြောင်း တွေးလိုက်ရုံနဲ့ အားချိုးရဲ့ နှလုံးသားက မသာယာတော့ချေ။ သူမ အဖွားချန်တို့ကို မတွေ့ခင် နှလုံးသားထဲမှာ ထပ်ခါထပ်ခါ ဆုတောင်းနေမိသည်။
ကျီရှန်းကျောင်းအရောက်မှာ အားချိုးက အရှိန်လျှော့ပြီး အထဲကို ကြည့်လိုက်သည်။ အဖွားချန် ရှိလားဟု အထဲကိုဝင်ပြီး မေးချင်နေခဲ့သော်လည်း အားနာစရာကောင်းလှသည်။ မနေ့က အကူအညီပေးပြီးတာကို ဒီနေ့ပဲ ထပ်ပြီး အကူအညီလာတောင်းပြန်သည်။
ဈေးထဲမှာ လက်သမားဆိုင်ကို ရှာတွေ့တဲ့အချိန် နောက်ဆုံးအကြိမ်က မဝင်ရဲခဲ့သော်လည်း ဒီတစ်ခါ အားချိုး ဝင်လာခဲ့သည် ။
အားချိုးက ပတ်ကြည့်ရင်း သူမ လိုချင်တဲ့ပုံစံကို မမြင်တာကြောင့်
“ဟိုဟာ နေရောင်အောက်မှာ လှဲမှီလို့ရတဲ့ ထိုင်ခုံမျိုးလေ၊ သက်ကြီးရွယ်အိုတွေ အသုံးများတယ်။”
ဆိုင်ရှင်က အမြန် အားချိုးကို သူနဲ့အတူ ထောင့်ကိုခေါ်သွားပြီး ပြုံးပြလိုက်သည်။
“ကောင်မလေး တိုက်ဆိုင်လို့ ဒီနေ့ရောက်လာတာ။ ဆိုင်မှာ ဒီကုလားထိုင်မျိုးက တစ်လုံးပဲ ကျန်တော့တယ်။ နောက်မှ ရောက်လာရင် မင်းလက်ဗလာနဲ့ပြန်သွားရတော့မလို့။”
အားချိုးသည် သင့်လျော်သောအရွယ်အစား၊ လှပသောဒီဇိုင်းဖြင့် စိတ်ကျေနပ်စရာကောင်းသော ကုလားထိုင်ကို ကြည့်လိုက်သည်။ အခု သူမ ထိုင်ကြည့်ပြီး နှစ်ကြိမ်လှုပ်ဖို့ ကြိုးစားလိုက်သည်။ ခုံက တော်တော်ကျယ်ပြီး သူမ ခန္ဓာကိုယ်အရွယ်အစား နှစ်ယောက်ထိုင်ရန် လုံလောက်သည်။ ကျုံးမင်းဝေ၏ ခန္ဓာကိုယ် အရွယ်အစားကို တွေးတောရင်း အားချိုးသည် ပို၍ ကျေနပ်လာသည်။ တစ်ချိန်တည်းမှာပင် ဆိုင်ရှင်ကို ခေါင်းစောင်းပြီး မေးလိုက်သည်။
“ထိုင်ခုံရဲ့ နောက်ကျောကိုရော ချလို့ရလား၊ အကြာကြီးထိုင်ပြီးရင် ညောင်းလာနေမှာပေါ့”
“မိန်းကလေး ကြည့်၊ ကုလားထိုင်ရဲ့နောက်ဘက်မှာ ယန္တရားတစ်ခုရှိတယ်။ အဲဒါကို လှည့်လိုက်ရင် ထိုင်ခုံရဲ့ နောက်ကျောကို ချလို့ရတယ်။ လွယ်လွယ်လေး။”
ဆိုင်ရှင်က ပြောသည့်အတိုင်း လှည့်လိုက်ရာ ကုလားထိုင်၏ နောက်ကျောက ဖြည်းညှင်းစွာ ကျဆင်းလာသည်။ ဆိုင်ရှင်က ကုလားထိုင်ရဲ့နောက်ကျောကို ပွတ်သပ်ပြီး အားချိုးအား ပြောသည်။
***