ငယ်ငယ်တုန်းကတော့ ဒီနေ့ကို အရမ်းမုန်းခဲ့သည်။ သူ ဘုရားကျောင်းသို့ သွားရခြင်းကို မုန်းတီးသည်။ “သေခြင်းတရား” ကို ထပ်ခါထပ်ခါရွတ်ဆိုနေတဲ့ ကိုယ်တော်ကြီးတွေအား သူမုန်းတီးခဲ့သည်။ အနောက်ဆောင်မိဖုရားများ၏ အော်ဟစ်ငိုကြွေးသံများကို မုန်းတီးကာ မက်မွန်ပန်းတွေကိုလဲ မုန်းတီးသည်။
ဒီနေ့က သူ့မွေးနေ့ပင်။
ဒါပေမဲ့ ဘာလို့ ဒီလိုနည်းလမ်းနဲ့ပဲ အမြဲဖြတ်သန်းနေရတာလဲ။
စင်မြင့်ပေါ်ရှိ ကမ္မည်းတိုင်က သူ့အမေရဲ့ အောက်မေ့ဖွယ်ဆိုတာ သူသိပါတယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ။ သူ့ကို ဘဝသစ် ပေးခဲ့တဲ့ သူ့အမေဆုံးပါးသွားတယ်ဆိုတာကို ဘာကြောင့် ထပ်ခါထပ်ခါ သတိပေးနေရတာလဲ။
ဒါမျိုးဖြစ်ရပ်ကို သူမလိုချင်သော်လည်း မရွေးချယ်နိုင်ခဲ့ပေ။
တကယ် သူ့အပြစ်ဟုတ်ရဲ့လား။
ဒါမှမဟုတ် သူက တကယ်ကို ခွင့်လွှတ်လို့ မရနိုင်တဲ့သူလား။ ငါ့အမေအစား ငါကပဲ တစ်သက်လုံး ပျော်ပျော်ကြီး င်္သဂြိုဟ်ခံခဲ့သင့်လား။
သူသည် တော်ဝင်စာကြည့်ခန်းတွင် ဒေါသတကြီး ကျုံးဇီဟန်နှင့် အကြီးအကျယ် စကားများခဲ့ရာ အကျိုးဆက်အားဖြင့် သူသည် ဘိုးဘေးကမ္မည်းတိုင်များရှေ့တွင် စည်းကမ်းချက်များကို ထိုင်ကူးရန် အပြစ်ပေးခံခဲ့ရသည်။ တစ်လလုံးလုံး ကူးရေးပြီး ဘိုးဘေးပူဇော်ခန့်မှ ထွက်လာသောအခါ ကိုယ်အလေးချိန် အတော်ကျကာ ပိန်လှီသွားခဲ့သည်။
ဒီနေရာက အဘယ်မှာ အမြင့်မြတ်ဆုံးနန်းတော်ဖြစ်မည်နည်း။ အသေအချာပင် တော်ဝင်မိသားစုကို အပြစ်ဒဏ်ခတ်ဖို့ ရှေးဘိုးဘွားတွေ တည်ထောင်ထားတဲ့ နေရာဖြစ်သည်။ တော်ဝင်မိသားစုနဲ့ အရာရှိမှူးမတ်တွေ ဘယ်လောက်ပဲ အာဏာရှိနေပါစေ၊ အရှင်မင်းကြီး၏ အမိန့်တစ်ခုနဲ့ပင် ဒီနေရာက ပြစ်ဒဏ်ပေးတဲ့ အကျဉ်းထောင်ထက် ပိုကြောက်စရာကောင်းသည်။
ထို့နောက် အသက်ဆယ့်နှစ်နှစ်အရွယ်တွင်၊ ကျုံးမင်းဝေသည် ဘိုးဘေးခန်းမတွင် အပြစ်ပေးခံရသော ကျိုးမင်းဆက်၏ ပထမဆုံးအိမ်ရှေ့စံ ဖြစ်လာခဲ့သည်။
နန်းတော်မှထွက်လာပြီးနောက် ကျုံးမင်းဝေသည် ရင့်ကျက်လာခဲ့ပြီး တစ်ချိန်တုန်းက မဆင်မခြင် ဒေါသထွက်ခဲ့တဲ့ လူငယ်လေးလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား မြို့တော်တွင်းရှိ အအေးစက် အတည်ငြိမ်ဆုံး အိမ်ရှေ့စံဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ ဇူလိုင် ၇ ရက်တိုင်းတွင် သူ လုံးဝအိပ်မပျော်တတ်တော့ပေ၊ သူသည် စာကြည့်ခန်းတွင် တစ်ယောက်တည်းထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်သော ပန်းခြံအား တစ်ညတာလုံး ကြည့်နေမည်ဖြစ်သည်။ လက တောက်ပပြီး ကြယ်လေးတွေလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေနိုင်သည်၊ ဒါမှမဟုတ် တိမ်တွေထူနေတတ်သည် မဟုတ်ရင်လဲ လေကအေးပြီး မိုးရွာနေတာလည်း ဖြစ်နိုင်သေးသည်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ပါချေ။
နတ်ရွာစံဧကရီ၏ ယဇ်ပူဇော်ပွဲတွင် သူသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးပြင်းလာခဲ့သည်။ ကမ္မည်းတိုင်ရှေ့မှာ ဒူးထောက်နေတဲ့ သူ့ခန္ဓာကိုယ်က သူ့ကလေးဘဝတုန်းကပုံစံနဲ့ မတူတော့ဘဲ ထင်းရှူးပင်ကဲ့သို့ဖြောင့်မတ်နေခဲ့သည်။ ဘုရားစာများနဲ့ မိဖုရားတွေရဲ့ အော်ငိုသံကို ကြားရချိန်မှာလဲ အရင်ကလို အရမ်းမငြီးငွေ့တော့ချေ။
မယ်တော်ကြီးသည် သူ့ကို ရင့်ကျက်လာပြီဟူ၍ ချီးမွမ်းခဲ့တုန်းက သူက ပြုံးသာပြုံးခဲ့ကာ စကားမပြောခဲ့ပေ။
ယခင်နှစ်များကဆို ဘုရားကျောင်း၏ အေးစက်သောကြမ်းပြင်ကြွေပြားပေါ်တွင် ဒူးထောက်ရမည့်အချိန်ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ သူသည် ဆိတ်ငြိမ်ပြီး အဆင်းရဲဆုံး နေရာတွင် လှဲချလျက် ရှိနေသည်။ သူသည် ဒီနေ့တွင် လေဖြတ်နေပြီး ဤကဲ့သို့ ကျဉ်းမြောင်းသော အိမ်တွင် နေထိုင်နေရသော်လည်း တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်ကာ ပေါ့ပါးနေခဲ့သည်။
မိုးလင်းတော့ ရေငတ်လာတာကြောင့် နှုတ်ခမ်းတွေကို ကိုက်လိုက်တဲ့အခါ ခြေသံတွေ ကြားလိုက်ရသည်။ ပေါ့ပါးသောခြေသံကို သူနားထောင်ပြီး နှုတ်ခမ်းများက အလိုအလျောက် ပင့်တက်လာသည်။
အားချိုးက ဗန်းတစ်ခုနှင့် ဝင်လာသည်။ ဗန်းထဲမှာ ပန်းကန်လုံးနှစ်လုံးရှိကာ အနံ့က အတော်လေးမွှေးပေသည်။
ကျုံးမင်းဝေသည် ဟင်းရည်ပန်းကန်နှစ်လုံးကို စိုက်ကြည့်နေသည်။ ဗိုက်ထဲတွင် စတင်မြည်ဟီးလာသော်လည်း အားချိုးက သူ့အတွက် အရင်ဆုံး လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလာသည်။
အားချိုးသည် အစာမစားမီ ရေနွေးသောက်ခိုင်းတာက သူ့အတွက် စည်းကမ်းချက်တစ်ခုဖြစ်သည်။ သူသည် အမြဲလှဲနေတာကြောင့် အစာစုပုံလွယ်ကာ အစာခြေနှေးသည်။ အားချိုး သူ့ဗိုက်ကို ရက်အတော်ကြာ နှိပ်နယ်ပေးပြီးနောက်တွင် သူ့အတွက် ထိုသို့သော စည်းကမ်းကို ချမှတ်ခဲ့သည်။
ကျုံးမင်းဝေသည် အမြန် ရေနွေးနှစ်ခွက် သုံးခွက်သောက်လိုက်သည်။ သူသည် သောက်ပြီးတာနဲ့ တန်းပြီး ပန်းကန်လုံးနှစ်လုံးကို ကြည့်လိုက်သည်။ အတိတ်မှ ဂုဏ်ကျက်သရေရှိသော အမျိုးသား၏ ပုံရိပ်ကပျောက်ကွယ်သွားသလိုပင်။
အားချိုးက သူဗိုက်ဆာနေပြီဆိုတာ သိတာကြောင့် ပန်းကန်လုံးကို အပြုံးဖြင့်ဖွင့်လိုက်ရာ ခေါက်ဆွဲပန်းကန်က ကျုံးမင်းဝေရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ကျုံးမင်းဝေသည် အဖြူရောင် အငွေ့များထောင်းနေသော ခေါက်ဆွဲကို စိုက်ကြည့်နေသည်။ ခေါက်ဆွဲပေါ်တွင် လိမ္မော်ရောင် မုန်လာဥနီကို တင်ထားပြီး အစိမ်းရောင်ကြက်သွန်မြိတ်များကို ဘေး၌ ညင်သာစွာ ပုံထားသည်။
***