“နောက်ကျောက နာနေသေးလား။”
အားချိုးက လက်ချောင်းကို အပေါ်သို့ ရွှေ့ပြီး မနေ့က ကျုံးမင်းဝေ လဲကျခဲ့သော နေရာကို ညင်သာစွာ နှိပ်ရင်း မေးသည်။
“ဒီမှာ နာသေးလား။”
“မနာတော့ဘူး။ မနေ့က မင်း ရေခဲကပ်ပေးခဲ့တာမဟုတ်လား”
ကျုံးမင်းဝေက ပြောရင်း ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ကာ မဝံ့မရဲဖြင့် ပြောလိုက်သည်။
“နောက်တစ်ခါ ငါ့ကို ထပ်ထူပေးကြည့်လိုက်ပါလား။ ဒီနေ့က မနေ့ကထက် ပိုသက်သာလာတယ် ထင်တယ်။”
“အိုကေ…။”
အားချိုးက ဖြေလိုက်သော်လည်း ရုတ်တရက် သူမ၏ခန္ဓာကိုယ် တောင့်သွားပြီး မျက်လုံးပြူးကာ ရပ်နေမိသည်။ ခဏကြာမှ ဂရုတစိုက် ပြန်ထိုင်လိုက်ပြီး မျက်နှာနီရဲစွာဖြင့် ကျုံးမင်းဝေကို ပြောလိုက်သည်။
“ဒီနေ့တော့ မထူပေးနိုင်ဘူး….။ ရက်အနည်းငယ်ကြာရင် ရှင့်ကို ကုတင်ပေါ်က ဆင်းဖို့ ကူညီပေးမယ်။”
ကျုံးမင်းဝေက အားချိုးကို အံ့ဩတကြီး ကြည့်လိုက်သည်။ ပုံမှန်တိုင်းဆိုလျှင် အားချိုးသည် သူ့ကို ကုတင်ပေါ်မှ ဆင်းရန် ကူညီရာတွင် အလွန်တက်ကြွနေပြီး နေရောင်ထဲ ထွက်အနားယူရန်အတွက် လည်း စည်းစည်းလုံးလုံး အားပေးလေ့ရှိသော်လည်း ယနေ့မှာ တကယ့်ကို ထူးဆန်းနေသည်။
“ဘာဖြစ်တာလဲ။ မင်း အဆင်ပြေရဲ့လား။”
ကျုံးမင်းဝေက တိုးညင်းစွာ မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်မမှာ ဘာဖြစ်စရာရှိလို့လဲ။”
အားချိုးက ရယ်လိုက်ကာ ကျုံးမင်းဝေကို ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဘွားချန်က ကျွန်မအတွက် အလုပ်လက်ခံပေးထားတယ်။ ဟီး။ ကျွန်မ တောင်အောက်ကနေ အလုပ်ရလာခဲ့တာ။ အဘွားချန်က တကယ့်ကို ကောင်းတယ်။ ပင်ပန်းမှုမရှိဘဲ ငွေရတဲ့ အလုပ်ကို လက်ခံပေးထားတာ။ တစ်ယောက်ယောက်အတွက် အပိုင်းလေးပိုင်း ပန်းထိုးပေးရင် တစ်ပြားရမယ်။ နန်းတော်ထဲမှာ ငွေရှာတာထက် အများကြီး လွယ်တယ်။”
ကျုံးမင်းဝေက အားချိုး၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း ရောထွေးနေသော ခံစားချက်များ ဖြင့် ပြောလိုက်သည်။
သူမ၏ အဆင်မပြေသော လမ်းလျှောက်ပုံကို ကြည့်ရင်း ကျုံးမင်းဝေ မျက်မှောင်ကြုတ်မိသည်။
ဒီမိန်းကလေးက ဒီလိုထူးဆန်းတဲ့ လမ်းလျှောက်ပုံကို ဘယ်သူ့ဆီကနေ သင်လာခဲ့တာပါလိမ့်။ ခြေဖနှောင့်နှစ်ဖက်က ဘဲခြေဖဝါးလို ဖြစ်နေပြီး ဗိုက်ကို ချုံ့ကာ ခန္ဓာကိုယ်ကို ထောင်ထားသည်။
ကျုံးမင်းဝေက သူ့ကိုယ်သူ ရွံရှာနေစဉ် အားချိုးက အပ်ချုပ်ခြင်းတောင်းကို ပျော်ရွှင်စွာ ကိုင်ကာ ဝင်လာပြီး ခြင်းကို ကုတင်ဘေးတွင် အဖိုးတန်ပစ္စည်းသဖွယ် ချထား၍ ကျုံးမင်းဝေကို အကုန်ပြောပြနေသည်။
“ဒီအထည်ကို ကြည့်အုံး။ တော်တော်ကောင်းတယ်။ ပိုးသားနဲ့လုပ်ထားတာ။ သွမ့်အမျိုးသမီးက ပိုးသားဝတ်ဖူးတယ်လေ။ ဒီချည်ကလည်း အရည်အသွေးမြင့် ပိုးချည်ပဲ။ နန်းတော်ထဲကလောက်တော့ မကောင်းပေမယ့် မဆိုးဘူး ပြောရမယ်။”
“ကြည့်အုံး ဒါက ပန်းထိုးအပ်။ ရှင် တစ်ခါမှ မမြင်ဖူးဘူးမဟုတ်လား။”
ကျုံးမင်းဝေက အားချိုး၏လက်ထဲမှ ငွေရောင်ပန်းထိုးအပ်ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
သူ မြင်ဖူးသည်။ အကြိမ်များစွာ မြင်ဖူးသည်။ တင်း၏ အကြိုက်ဆုံးမှာ ပန်းထိုးခြင်းဖြစ်ပြီး သူမ၏ ပန်းထိုးအပ်များကို ဘယ်သောအခါမှ မချခဲ့ပေ။ သူသည် နောက်ဖေးသို့ မကြာခဏ မသွားခဲ့သော်လည်း သွားလိုက်သည့်အချိန်တိုင်း နွေးထွေးသော တဲအိမ်၊ အိပ်ခန်း သို့မဟုတ် ဘေးဆောင်ထဲတွင် ပန်းထိုးအပိုင်းတစ်ဝက်ပါသော အပ်ချုပ်ခြင်းတောင်းကို အမြဲမြင်ရပြီး တစ်ခါတစ်ရံ ထိုပန်းထိုးအပ်များကိုလည်း တွေ့ရတတ်သည်။
ကျုံးမင်းဝေက မင်္ဂလာပွဲပြီးခါစတွင် တင်းကို မေးဖူးသည်။
တင်းက မသိမသာ ပြုံးကာ သူမ၏ သေးသွယ်သော လက်များဖြင့် ပန်းထိုးအပ်ကို ကိုင်ရင်း တစ်ချက်ချင်း ဂရုတစိုက် ထိုးနေသည်။
“ကျွန်မအမေက ကျွန်မကို ပန်းထိုးသင်ပေးတုန်းက မပျော်ခဲ့ဘူး။ ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အမေက ပြောတယ်။ အခုတော့ ပျင်းဖို့ကောင်းတယ် ထင်ရပေမယ့် အိမ်ထောင်ပြုပြီးရင် ဒါက စိတ်ဝင်စားဖို့ကောင်းလာမယ်တဲ့လေ။ တကယ်ပဲ အမေပြောတာ မှန်ပါတယ်။ မဟုတ်ရင် အချိန်တွေကို ဘယ်လိုဖြတ်သန်းရမှာလဲ။”
ထိုစကားကို ကြားလိုက်ချိန်တွင် ကျုံးမင်းဝေသည် ချက်ချင်း ထွက်သွားခဲ့သည်။
တင်းက ဘာကို ဆိုလိုတာလဲ။ သူမနှင့်အတူ အချိန်မပေးနိုင်သဖြင့် အထီးကျန်မှုကို ဖြေဖျောက်ရန် အတွက် ပန်းထိုးနေရသောကြောင့် သူ့ကို အပြစ်တင်နေတာလား။
သူသည် အရှေ့နန်းဆောင်၏ ဂုဏ်သိက္ခာရှိသော မင်းသားဖြစ်ပြီး အနာဂတ် မဟာကျိုးမင်းဆက်၏ ဘုရင်ဖြစ်လာမည့်သူ ဖြစ်သည်။
သူသည် တင်းကို စိတ်ထဲတွင် မကောင်းသူဟု အပြစ်တင်ခဲ့ပြီး လပေါင်းများစွာ တင်း၏အခန်းသို့ မဝင်ခဲ့ပေ။ တင်းမှာ အလွန်သီလရှိပြီး သည်းခံနိုင်သူဖြစ်ကာ သူ မည်သည့် မိန်းမပျိုကို ကြည့်လျှင်ပင် သူမသည် ထိုမိန်းမပျိုကို အိမ်ထဲသို့ ချက်ချင်းခေါ်ယူပေးရန် အလျင်အမြန် ဆောင်ရွက်ပေးသည် အထိ သည်းခံပေးခဲ့သည်။ မိဖုရားကြီးကပင် တင်းကို ရှားပါးသော သီလရှိသူဟု ချီးကျူးခဲ့သည်။
***