ဖျာလဲပြီးသည်နှင့် အားချိုးသည် ရေဆူရန် အိုးတည်ပြီး ချက်ပြုတ်ရန် အလုပ်များနေလေသည်။ ယနေ့တွင် သူမသည် ဟင်းချိုတစ်ခွက် ချက်ဖြစ်ခဲ့သည်။ အိုးထဲရှိ ဟင်းဖတ်လေးများကို မွှေနေစဉ် တစ်ယောက်ယောက်ကို ရှာပြီး အပူပေးခုတင်တစ်ခု ဆောက်ခိုင်းရမည်ဟု စိတ်ထဲ၌ တွေးမိသည်။ ယခုလောလောဆယ်တွင်မူ ကျုံးမင်းဝေအတွက် ဖျာအသစ်လဲပေးရမည်။ သူ၏ ခြေထောက်များ မတရား အေးစက်နေသည်ကို သူမ သတိပြုမိခဲ့သည်။ ဤသို့ အေးခဲသွားလျှင် မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်းဟု စိုးရိမ်မိသည်။
သို့သော် အပူပေးခုတင်ဆောက်ရန် ငွေလိုအပ်ပေသည်။ အားချိုးသည် သူ၏ ပိုက်ဆံအိတ်ထဲ၌ ငွေမရှိတော့သည်ကို တွေးမိလိုက်သောအခါ စိတ်ထဲ၌ မသက်မသာ ဖြစ်သွားသည်။ သို့သော်လည်း သူမပြီးစီးထားပြီဖြစ်သော ပန်းထိုးစများကို ပြန်စဉ်းစားမိသည်နှင့် စိတ်ထဲ၌ အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရပြန်သည်။
ဘာကို ကြောက်နေရမှာလဲ။
သူမတွင် လက်မှုပညာရှိသည်။ ငွေရှာနိုင်သည်။ ကျုံးမင်းဝေကို ကျွေးမွေးနိုင်ရုံသာမက တင့်တောင်းတင့်တယ်ပါ ထားနိုင်သေးသည်။
ထိုအချိန်၌ အားချိုးသည် ဟင်းချိုပန်းကန်ကြီး နှစ်လုံးကို ယူပြီး အခန်းထဲသို့ ရဲဝင့်စွာ ဝင်လာခဲ့သည်။
“ခဏနေ ဆင်းလာပြီး ထပ်ကြိုးစားခိုင်းမယ်လေ။ ဒီနေ့တော့ ကျွန်မတို့ လှုပ်ကုလားထိုင်ပေါ် ကြိုးစားထိုင်ကြည့်ကြမယ်”
အားချိုးက ကျုံးမင်းဝေကို ထမင်းပန်းကန်ပေးရင်း ပြောလိုက်သည်။
ကျုံးမင်းဝေက ခေါင်းညိတ်ပြသည်။
“အင်း၊ ဒီနေ့တော့ ငါ သေချာပေါက် လုပ်နိုင်မှာပါ။”
မနေ့က ကျုံးမင်းဝေသည် အပြင်ခန်းထိ သွားနိုင်ပြီး အပြင်ရောက်လုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် အားချိုးက သူ့ကို ထပ်မကူညီနိုင်တော့သဖြင့် အခန်းထဲ ပြန်လာခဲ့ရသည်။ သို့သော်လည်း ကျုံးမင်းဝေနှင့် အားချိုးတို့ ပို၍ ယုံကြည်မှုရှိလာသည်က သိသာထင်ရှားလှသည်။
“အရမ်းကောင်းတာပဲ။ နေရောင်ခံဖို့ အပြင်ထွက်ရမယ်။ အခု အေးလာတော့မှာ နောက်ပိုင်းကျရင် ရှင့်ကို အပြင်မထွက်ခိုင်းတော့ဘူး”
သူ မေးပြီး ခေါင်းမော့ကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ အိပ်ရာသည် ပြတင်းပေါက်နှင့် အလွန်ဝေးနေသဖြင့် တောက်ပသော ဖြူဖွေးဖွေး ကောင်းကင်မှလွဲ၍ ဘာမှ မမြင်ရချေ။
“အင်း၊ ကျွန်မ နန်းတွင်းမှာ နေခဲ့တုန်းကတော့ နင်းဂုတက တစ်နှစ်ပတ်လုံး မတရား အေးစက်တယ်လို့ ကြားဖူးတယ်။ ဘယ်လိုမျိုး တစ်နှစ်ပတ်လုံး အဲ့လောက်အေးစက်သလဲတော့ မသိဘူး။ ဒါပေမယ့် အခုတော့ ကျွန်မလည်း နေသားကျနေပါပြီ”
“အရင်နှစ်တွေတုန်းက ဒီအချိန်ဆို ပေကျင်းမှာ ရေခဲတုံးစားဖို့ မျှော်လင့်နေခဲ့တာ။ ဒါပေမယ့် အခုကြည့်အုံး၊ ဆောင်းဦးရာသီတောင် ရောက်လာပြီ။”
ကျုံးမင်းဝေ၏ မျက်လုံးများသည် အားချိုး၏ ဝတ်ရုံလေးပေါ်သို့ ကျရောက်သွားသည်။ လျှော်ဖွပ်ဒဏ်ကြောင့် အရောင်မှိန်ဖျော့ဖျော့ဖြစ်နေသော အင်္ကျီစုတ်လေးကို ကြည့်ရင်း စိတ်ထဲ၌ မသက်မသာ ဖြစ်သွားသည်။ သို့သော် ထိုအချိန်၌ ဘာမျှ မပြောဘဲ ခေါင်းငုံ့ကာ ဟင်းချိုကိုပဲ ဆက်စားနေလိုက်သည်။ မသက်မသာဖြစ်နေလျှင် မနက်ခင်း၌ အိပ်ပျော်ဖို့ ခက်ခဲလှသည်။ ကျုံးမင်းဝေ ဗိုက်ဆာနေမည်ကို စိုးရိမ်မိသဖြင့် အားချိုးက ခေါက်ဆွဲဟင်းချိုကို လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ရက်ပေါင်းများစွာ စားဖြစ်နေတော့သည်။
“အောက်နားလေး နည်းနည်းဆင်း။ နောက်ထပ် အောက်ကို နည်းနည်းလေး”
ဒီထက် အောက်မဆင်းနိုင်တော့ပေ။ တကယ်ကို ထပ်ပြီး အောက်ကို မဆင်းနိုင်တော့ချေ။
“ဟုတ်တယ်၊ အဲဒီနားလေးပဲ။ အားထည့်လေလေ နေရာအနှံ့ အောင့်လာတယ်”
“ဟစ်” ဟု ကျုံးမင်းဝေက မျက်မှောင်ကြုတ်ပြီး ပြောသည်။ အလွန်သက်တောင့်သက်သာဖြစ်လို့လား၊ အလွန်အောင့်နေလို့လားတော့ မသိရချေ။ တစ်ချက်တစ်ချက်တော့ တိုးတိုးလေး ညည်းသံလေးထွက်လာတတ်သည်။
ထိုညည်းသံလေးများကြားမှာ အားချိုး၏ မျက်နှာသည် ပို၍ ရဲတက်လာသည်။
အားချိုးသည် ထူးဆန်းသလို ခံစားလိုက်ရသည်။ ယခင်တုန်းက ကျုံးမင်းဝေကို အဝတ်မပါဘဲ မြင်ခဲ့ရပြီး ခြေသည်းလက်သည်းမှ ဦးခေါင်းအထိ ကြည့်ဖူးခဲ့သော်လည်း ဘာမျှ မခံစားခဲ့ရချေ။ သို့သော် ထိုနေ့မှစ၍ အားချိုးသည် သူ့ကိုယ်သူ တစ်မျိုးဖြစ်နေသလို ခံစားလာရသည်။ ကျုံးမင်းဝေကို မျက်နှာချင်းဆိုင် မကြည့်ရဲတော့သကဲ့သို့ ကျုံးမင်းဝေ၏ အသံကိုလည်း မကြားရဲတော့ပေ။ သူမတွင် ထူးဆန်းသော ရောဂါတစ်ခု ခံစားနေရသည့်နှယ် ထင်မိသည်။ အလွန်ထူးဆန်းသော ရောဂါတစ်ခုပင်။
“ဆက်မညည်းပါနဲ့တော့။ ယောကျာ်းကြီးတစ်ယောက်က အမြဲ ဒီလိုမျိူး........”
အားချိုးက မနေနိုင်တော့ဘဲ တိုးတိုးလေး ရေရွတ်ပြောလိုက်သည်။
ထိုအခါ၌ ညည်းညူသံသည် ရုတ်တရက် ပျောက်သွားပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ တစ်ယောက်နှင့်တစ်ယောက်၏ အသက်ရှူသံများမှလွဲ၍ အားချိုးသည် ဘာသံမျှ ထပ်မကြားရတော့ချေ။
***