“အဝတ်အစားအသစ်တွေကို ဘာလို့သွားဝယ်ရမှာလဲ။ ကျွန်မက တစ်နေ့လုံး အပြင်မှ မထွက်ဘဲ။ အိမ်မှာပဲ တစ်ချိန်လုံး နေနေတာလေ။ ဒီလောက်ထိ လှပအောင် ဝတ်စားဆင်ယင်ဖို့ လိုလို့လား” ။
အားချိုးက ထိုသို့ မထင်ပေ။
“ဒါဆို ငါကရော အပြင်ထွက်နေလို့လား”။
ကျုံးမင်းဝေက အားချိုးကြောင့် စိတ်တိုလုဆဲဆဲဖြစ်ပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့ကို ဘာလို့ သပ်သပ်ရပ်ရပ် ဝတ်စားစေချင်နေတာလဲ”
“ကျွန်မ ကြည့်မှာပေါ့”
အားချိုးက တိုးတိုးလေး ပြောလိုက်သည်။ သူမ ကျုံးမင်းဝေ၏ အဖြူရောင်မျက်ဝန်းကို ကြည့်မိသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် တိတ်ဆိတ်သွားပြီး ခေါင်းကို ငုံ့ကာ သူ၏ မန်ဒရင်း ဘဲရိုင်းကို ဆက်လက် ပန်းထိုးနေလိုက်သည်။
သို့သော်လည်း ကျုံးမင်းဝေနှင့်အတူ အချိန်ကြာမြင့်စွာ နေထိုင်လာပြီးနောက် အားချိုးက ကျုံးမင်းဝေသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး တစ်ချိန်လုံး ငေးကြည့်နေသည်ကို သိသည်။ ကျုံးမင်းဝေသည် အမှန်တကယ် စိတ်သဘောထား မကြီးရှာပေ။ မီးပွားကဲ့သို့ပင် အလျင်အမြန် စိတ်တိုတတ်ပြီး မြန်မြန် ပြန်ငြိမ်းသွားတတ်သည်။ ဥပမာအားဖြင့်ဆိုလျှင် ယနေ့ပင် ဖြစ်သည်။
ကျုံးမင်းဝေက အားချိုးကို အော်ဟောက်ပြီးနောက် သူကိုယ်တိုင်လည်း ငြီးငွေ့လာတာကို ခံစားမိလာသည်။ အသက် ၃၀ အရွယ် ယောက်ျားကြီးတစ်ယောက်က ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်၏ စားပွဲကို တစ်နေ့လုံး ငေးကြည့်နေသည်မှာ တကယ် ရှက်စရာကောင်းသည်ဟု ပြောရမည် ဖြစ်သည်။ ကျုံးမင်းဝေက လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်သည်။ မျက်မှောင်ကြုတ်ထားသည့်သူ့ မျက်နှာက ချက်ချင်း ပြေလျော့သွားခဲ့သည်။
အားချိုး ပြုလုပ်ထားသည့် ရေနွေးကြမ်းမှာ ယခင်ကထက် အရသာ ပိုကောင်းလာသည်။ အရသာ လုံးဝမရှိသည့် ကြွေခွက်ကြီး ဖြစ်နေသော်လည်း ရေနွေးကြမ်း ထဲတွင် မြက်ပြာ အနည်းငယ် ပါနေသေးသောကြောင့် စံပယ်ပန်းရနံ့ ရေနွေးကြမ်း ၏ မွှေးရနံ့က ထင်ရှားစွာ ထွက်ပေါ်လာသည်။ ကျုံးမင်းဝေက နောက်ထပ် နှစ်ငုံ ထပ်သောက်လိုက်သည်။ သူ အားချိုးကို ချီးကျူးရင်း ပြောလိုက်သည်။
“ဒီနေ့ ရေနွေးကြမ်းက ကောင်းလိုက်တာ”
“တကယ်လား”
သူမက ကျုံးမင်းဝေမှာ ရေနွေးကြမ်း ကြိုက်နှစ်သက်သူ တစ်ဦး ဆိုတာကို သိသဖြင့် ထုံးစံအတိုင်း ရေနွေးကြမ်း ကောင်းကောင်း ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသော်လည်း သူမမှာ ဤကိစ္စနှင့် ပတ်သက်ပြီး အဘယ်မှာ အတွေ့အကြုံ ရှိမည်နည်း။ သင်ယူချင်လျှင်တောင် သင်ကြားပေးမည့်သူကို ရှာမတွေ့နိုင်ပေ။ အစပိုင်းမှာ သူမ လုပ်သည့် ရေနွေးကြမ်း ပေါ်တွင် ဆီနံ့အနည်းငယ် ထွက်လာတတ်ပြီး ကျုံးမင်းဝေ ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပေ။ သူမက အချိန်ကြာမြင့်စွာ အမှားအမှန် ရှာဖွေခဲ့ပြီး ယခုမှာမူ ရေနွေးကြမ်း ကို ကောင်းကောင်း ပြုလုပ်နိုင်လေပြီ။
ကျုံးမင်းဝေက ခေါင်းညိတ်ပြီး ခွက်ကို သူမဆီ ပေးလိုက်သည်။
အားချိုးက အတူ မှီလိုက်ပြီး ကျုံးမင်းဝေ၏ လက်ဖက်ရည်ခွက်ကို ယူကာ နှစ်ငုံ သောက်လိုက်ပြီးမှ ခေါင်းထောင်လိုက်သည်။ အားချိုးက မျက်နှာမှာ အနည်းငယ် ရှက်ရွံ့ဟန် ပါလာပြီး သူမက စိုစွတ်နေသည့် နှုတ်ခမ်းတွေကို သုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“တကယ်တော့ ... ကျွန်မလည်း ရှင့်လိုပဲ နှစ်ငုံ သောက်လိုက်တာပဲ။ ဒါပေမဲ့ ကောင်းတယ် မကောင်းဘူးဆိုတာမျိုး မခွဲခြားတတ်သေးဘူး...”
ကျုံးမင်းဝေက သူမ၏ ချစ်စဖွယ် အမူအရာကို ကြည့်ပြီး သည်းမခံနိုင်တော့ဘဲ သူမခေါင်းထိပ်မှာရှိ ဆံပင်စုလေးကို လက်လှမ်းပြီး ပွတ်သပ်လိုက်မိသည်။
“မလုပ်နဲ့ ... မထိပါနဲ့။ ခဏကြာရင် ပြန်ပျက်သွားလိမ့်မယ်”
အားချိုးက ရှက်ကိုးရှက်ကန်း မျက်နှာလေးဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“ခေါင်းစည်းကြိုးက အမြဲတမ်း လျော့နေတာ။ ကောင်းကောင်း မစည်းတတ်ဘူး”
ကျုံးမင်းဝေက ဘာမှ ပြောမနေတော့ဘဲ အားချိုး၏ လက်ထဲမှ ပန်းထိုးအပ်ချည်ကို ယူပြီး အပ်ချည်ဘောင်ထဲ ထည့်လိုက်သည်။ ထို့နောက် အပ်ချည်ခြင်းတောင်းကို သူ့ခြေထောက်နားမှာ ထားလိုက်လေသည်။ အားချိုးက မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြစ်နေခဲ့သည်။ ကျိုးမင်းဝေ၏ ကြီးမားသော လက်ဖြင့် သူမခေါင်းနောက်ဘက်ကို အောက်သို့ ဆွဲချလိုက်ရာ အားချိုး၏ မျက်နှာမှာ ကျုံးမင်းဝေ၏ ပေါင်ပေါ်သို့ ရောက်သွားတော့သည်။ ထို့နောက် သူမက ကျုံးမင်းဝေမှာ သူမ၏ ခေါင်းစည်းကြိုးအား ဖြည်ပေးနေသည်ကို ခံစားလိုက်ရသည်။
ကျုံးမင်းဝေ၊ ဒါ.... ဒါက ...။
သူမရဲ့ ဆံပင်ကို စည်းပေးနေတာလား။
ကျုံးမင်းဝေ ဘာလုပ်နေသည်ဆိုတာကို သဘောပေါက်သွားသည့်အခါ အားချိုးက အော်လိုက်မိမတတ် ဖြစ်သွားသော်လည်း ကံကောင်းစွာပဲ သူမကိုယ်သူမ ထိန်းချုပ်လိုက်နိုင်သည်။ သို့သော်လည်း သူမက အမြဲတမ်း အဓိပ္ပါယ်မရှိတာတွေကိုသာ လုပ်တတ်သည့် မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် သူမ၏ မျက်လုံးများက ရုတ်တရက် စိုစွတ်လာသည်။ ယခု သူမက မော့ကြည့်စရာ မလိုတော့ပေ။ ဘာဖြစ်လို့လဲဆိုတော့ သူမက ကျုံးမင်းဝေ၏ ပေါင်ပေါ်မှာ လှဲနေခြင်းကြောင့် ဖြစ်သည်။ သူမ ငိုလိုက်ရင် သူ သိသွားမှာလား။ တကယ်လို့ ... အကယ်၍များ ...
အား။
အခု သူမက ကျုံးမင်းဝေရဲ့ ပေါင်ပေါ်မှာ လှဲနေတာ။
မဟုတ်ဘူး ကျုံးမင်းဝေက သူမကို သူ့သဘောအတိုင်း လှဲခိုင်းခဲ့တာ။
ကျုံးမင်းဝေက ခေါင်းစည်းကြိုး အနီရောင်ကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို သူ၏ လက်ကြီးဖြင့် မကျွမ်းကျင်စွာ ဆုပ်ကိုင်လိုက်သည်။ အမှန်တွင် အားချိုးမှာ မနေ့ကမှ ခေါင်းလျှော်ခဲ့ခြင်းပေ။ သို့သော်လည်း သူမ ကောင်းကောင်း အိပ်မပျော်သောကြောင့် အိပ်ရာထသောအခါ ခေါင်းစမှ ခြေဆုံးအထိ လူးလိမ့်နေတော့သည်။ ပုံမှန်အားဖြင့် သူမဆံပင်မှာ ချောချောမွေ့မွေ့ မရှိပေ။ သူမက တစ်နေ့လုံး အလုပ်ရှုပ်နေသဖြင့် အာရုဏ်မတက်မီ ထပြီး လှုပ်ရှားနေရသောကြောင့် အဘယ်မှာ ဆံပင် ဖြီးချိန်ရမည်နည်း။ ထို့ကြောင့် သူမသည် ယခုကဲ့သို့ ဆံပင်ရှုပ်ပွလေးနှင့် တစ်နေ့လုံး လျှောက်သွားနေခြင်း ဖြစ်သည်။
ကျုံးမင်းဝေက သူ့လက်ချောင်းတွေကို အသုံးပြုပြီး အားချိုး၏ ဆံပင်များကို ဆွဲဖွလိုက်သည်။ ဤသည်မှာ အမျိုးသမီးတစ်ဦး၏ ဆံပင်ကို ပထမဆုံးအကြိမ် ဂရုတစိုက် ကြည့်ရှုမိခြင်း ဖြစ်သည်။ အားချိုး၏ ဆံပင်က နူးညံ့ပြီး ပျော့ပြောင်းကာ အနည်းငယ် ဝါညစ်ရောင်သန်းပြီး တစ်ကိုယ်လုံးက အရမ်း နူးညံ့သိမ်မွေ့သည်ဟု ထင်ရသည်။ သို့သော် ဆံပင်များမှာ အလွန် ရှုပ်ထွေးနေလေသည်။ ကျုံးမင်းဝေက စိတ်ရှည်ရှည်ဖြင့် ဆံပင် အရှုပ်အထွေးများကို တဖြည်းဖြည်း ဖြည်ပေးနေလိုက်သည်။ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခုပင်။
***