နှစ်ပေါင်းတစ်သိန်းတဲ့လား။ တိုက်တန်ဧရာမမိစ္ဆာက အချိန်အဘိုးအိုပေါ်မလာသည်မှာ နှစ်ပေါင်းတစ်သိန်းခန့်ရှိပြီဟုပြောလိုက်သည်ကိုကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏နှလုံး သားမှာနစ်မြုပ်သွားခဲ့လေသည်။ ဤသည်ကိုကြည့်ရသည်မှာ အချိန်အဘိုးအိုကိုရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။
ဤကျယ်ပြောလှသောကမ္ဘာကြီးတွင် လူတစ်ဦးကိုရှာဖွေခြင်းမှာ ပင်လယ်ထဲတွင် အပ်ရှာသ လိုမျိုးခက်ခဲလှပေသည်။ တစ်နည်းအားဖြင့် သူသည်နောက်ထပ် ၁၀ နှစ်အကြာတွင် ကံကြမ္မာနတ် ဘုရားနန်းတော်နောက်တစ်ကြိမ်ပွင့်သည့်အချိန်အထိ စောင့်ရမည်ဖြစ်ပြီး ထိုအချိန်ကျမှနတ်ဘုရားမ နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ကံကြမ္မာနတ်ဘုရားကျမ်းကို ရှာဖွေရတော့မည်ပေါ့။
၁၀ နှစ်။ သူ၏အတွက် ၁၀ နှစ်ဆိုသည်မှာ အလွန်တရာကြာရှည်လှပေသည်။ ၁၀ နှစ်ဆိုလျှင် အရာအားလုံးက ပြောင်းလဲသွားနိုင်လေသည်။
တိုက်တန်ဧရာမမိစ္ဆာက ရန်ရှောက်ထျန်းကိုကြည့်ကာ တစ်စုံတစ်ခုကိုပြောရန် တွန့်ဆုတ် နေပုံရလေသည်။
“တစ်ခုခုရှိရင် ပြောလိုက်လေ” ဟု ရန်ရှောက်ထျန်းက ဤသည်ကိုမြင်သောအခါ ပြောလိုက်လေသည်။
“ထုန်းထျန်းနတ်ဘုရားဂိုဏ်းက မနေ့ကအဆိပ်အရိပ်ဂိုဏ်းကိုဖျက်ဆီးလိုက်ပြီ” ဟု တိုက်တန်ဧရာမမိစ္ဆာက ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရန်ရှောက်ထျန်းမှာ ချက်ချင်းပင်အကြီး အကျယ်ဒေါသထွက်သွားခဲ့လေသည်၊ သူ၏လက်သီးများကိုတင်းတင်းဆုပ်ထားပြီး အေးစက်သော အသံဖြင့်။
“အဆိပ်အရိပ်ဂိုဏ်းက တပည့်ပေါင်းသိန်းနဲ့ချီအားလုံးသေသွားကြတာလား” ဟု မေးလိုက် သည်။
တိုက်တန်ဧရာမမိစ္ဆာက ခေါင်းငြိမ့်ပြပြီး။
“အဲဒီ လီလဲ့ဆိုတဲ့ကောင်လေးလည်းသေသွားခဲ့ပြီ၊ အလွန်တရာကိုရက်ရက်စက်စက်ကို အသတ်ခံလိုက်ရတာပါ။ သူ့ရဲ့ခေါင်းကို လူပုံအလယ်မှာဖြတ်လိုက်ကြပြီး သူ့ရဲ့ခြေလက်တွေကို လည်းဖြတ်တောက်လိုက်ကြတယ်” ဟု ပြောလိုက်သည်။ ထို့ကြောင့် အဆိပ်အရိပ်ဂိုဏ်း၏ဂိုဏ်း ချုပ်လီလဲ့မှာ ကိုယ်လက်အင်္ဂါ မစုံလင်ဘဲသေဆုံးသွားခဲ့ရခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ဒေါသမှာ ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့လေသည်၊ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။
“အဲဒါ ဘယ်သူလဲ”
“နေလစိန့်ဘုရင်ရဲ့အမိန့်ပဲ၊ ဒါပေမဲ့လီလဲ့ရဲ့ခေါင်းကိုကိုယ်တိုင် ဖြတ်ခဲ့တာကတော့ လျန်ကန်း ပဲ” ဟု တိုက်တန်ဧရာမမိစ္ဆာက ထပ်မံပြောလိုက်သည်။
“လျန်ကန်းက အဲဒီ ချန်ယွမ်ရဲ့ ဆရာပဲ”
ရန်ရှောက်ထျန်း၏မျက်လုံးများမှာ အေးစက်သွားခဲ့လေသည်၊ သို့ဆိုလျှင်လျန်ကန်းမှာ ကျောက်ရုန်၏တပည့်ပေါ့။ တိုက်တန်ဧရာမမိစ္ဆာကလေးနက်သောအသံဖြင့်။
“ကျောက်ရုန်က ဓားအသိ ၁၅မျိုးကိုအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပြီလို့ကြားရတယ်” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်း၏နှလုံးသားမှာနစ်မြုပ်သွားခဲ့လေသည်။ ကျောက်ရုန်က ဓားအသိ ၁၅ မျိုးကို ဤမျှအထိ လျင်မြန်စွာကျင့်ကြံနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“မင်းရဲ့ အမြင်အရဆိုရင် ကျောက်ရုန်ကဘယ်လောက်အထိအစွမ်းထက်လဲ” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာက စဉ်းစားရင်း။
“အလွန်တရာကိုအစွမ်းထက်တာပါ” ဟု ပြောလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာမှာ မိစ္ဆာပေါင်းသောင်းခြောက်ထောင်၏နတ်ဘုရား၊ မိစ္ဆာများ၏ မိစ္ဆာ ဖြစ်ပြီး သူ၏အစွမ်းဖြင့် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ပညာရှင်အားလုံးကို ငုံ့ကြည့်နိုင်သူ ဖြစ်လေသည်။ လူအနည်းငယ်သာ သူ၏မျက်စိထဲသို့ဝင်လေသည်၊ ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ရှိနေသော ဓားနတ်ဘုရားအများအပြားပင်လျှင် သူ၏မျက်စိထဲသို့မဝင်ကြပေ။ သို့သော် ယခုမူ သူသည် ‘အလွန်တရာ အစွမ်းထက်တယ်’ ဟု နှစ်ကြိမ် ဆက်တိုက်ပြောလိုက်ခြင်း ဖြစ်လေသည်။ ကျောက်ရုန်၏အစွမ်းမှာမည်မျှအထိ ရှိမည်ကို ခန့်မှန်းနိုင်လေသည်။
ထို့နောက်တွင် တိုက်တန်ဧရာမမိစ္ဆာက ဆက်ပြောလိုက်ပြန်သည်။
“ဒီတစ်ခါ ကူလွန်ဓားသိုင်းပြိုင်ပွဲမှာ ကျောက်ရုန်ကပထမရနိုင်ခြေ အများကြီးရှိတယ်”
“ကူလွန်ဓားသိုင်းပြိုင်ပွဲဟုတ်လား” ဟု ရန်ရှောက်ထျန်း၏ လက်ထဲမှ ဝိုင်ခွက်မှာ ရပ်တန့်သွားခဲ့လေသည်။ သူ ကူလွန်ဓားသိုင်းပြိုင်ပွဲအကြောင်းကိုသိလေသည်။ ဝမ်ကျန့်တိုက်ကြီး ပေါ်တွင် နှစ်ပေါင်းခြောက်ထောင်လျှင် တစ်ကြိမ်ကူလွန်ဓားသိုင်းပြိုင်ပွဲကို ကျင်းပလေ့ရှိလေသည်။ ထိုအချိန်ကျလျှင် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ မရေမတွက်နိုင်သော ဓားသိုင်းပညာရှင်အားလုံး ကူလွန်တောင်ပေါ်သို့စုစည်းရောက်ရှိလာကြမည်ဖြစ်ပြီး ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက် အတွက်ဓားသိုင်းချင်း ပြိုင်ဆိုင်ကြမည်ဖြစ်လေသည်။
ကူလွန်ဓားသိုင်းပြိုင်ပွဲမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိအကြီးကျယ်ဆုံးသော ပွဲလမ်းသဘင် ဖြစ်လေသည်။ ကူလွန်ဓားသိုင်းပြိုင်ပွဲတိုင်းတွင် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိဓားနတ်ဘုရား အားလုံးနီး ပါး တက်ရောက်ကြလေသည်။
သူ၏ဆရာ၊ နတ်ဘုရားအရှင်သခင် ဘိုးဘေးဟုန်ဖုန်းမှာပြီးခဲ့သောပြိုင်ပွဲ၏ ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်ဖြစ်ခဲ့လေသည်။ ယခု နောက်ထပ်တစ်နှစ်ကြာလျှင် နှစ်ပေါင်း ခြောက်ထောင်ပြည့်တော့မည်ဖြစ်ရာ နောက်ထပ်တစ်နှစ်အကြာတွင် နောက်တစ်ကြိမ်ကူလွန်ဓား သိုင်းပြိုင်ပွဲကို ကျင်းပတော့မည်ဖြစ်လေသည်။
“ပထမနေရာပေါ့” ဟု ရန်ရှောက်ထျန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“အကယ်၍နတ်ဘုရားအရှင်သခင်ဘိုးဘေးဟုန်ဖုန်းက ဒီတစ်ခါမှာပေါ်မလာဘူးဆိုရင် ကျောက်ရုန်ကကူလွန်ဓားသိုင်းပြိုင်ပွဲမှာ ပထမနေရာကိုရနိုင်ခြေအများကြီးရှိပါတယ်” ဟု ပြော လိုက်သည်။
တစ်နည်းအားဖြင့်ဆိုပါက နောက်တစ်နှစ်အကြာကူလွန်ဓားသိုင်းပြိုင်ပွဲတွင် ကျောက်ရုန် သာ ပထမနေရာကို ရရှိသွားခဲ့မည်ဆိုပါက သူသည် ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ဖြစ်လာမည်ဖြစ်ပြီး သူ၏ဆရာနတ်ဘုရားအရှင်သခင် ဘိုးဘေးဟုန်ဖုန်း၏နေရာကို အစားထိုး သွားမည်ဖြစ်လေသည်။
ကျောက်ရုန်မှာ လက်ရှိတွင်ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ ယာယီဂိုဏ်းချုပ်ဖြစ်နေ လေ သည်၊ အကယ်၍သူသာဓားနတ်ဘုရားဆင့်သတ်မှတ်ချက်တွင်နံပါတ်တစ်ဖြစ်လာပြီး နံပါတ်တစ် ဓားနတ်ဘုရားဖြစ်လာမည်ဆိုပါက သူ၏ဂုဏ်သတင်းမှာ အံ့ဩဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိ သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ရန်ရှောက်ထျန်းအနေဖြင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းကိုပြန်လည်ထိန်း ချုပ်ရန်မှာ ပို၍ပင်ခက်ခဲသွားပေလိမ့်မည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ အေးစက်သွားခဲ့လေသည်၊ ထို့ကြောင့် သူသည် ဤကူလွန်ဓားသိုင်းပြိုင်ပွဲသို့ ဘယ်လိုပဲဖြစ်ဖြစ်သွားရမည်ဖြစ်လေသည်။ ဤတစ်နှစ်အတွင်း သူသည် သူ၏အစွမ်းကိုမြှင့်တင်ရန်အတွက် ပိုမိုပြင်းထန်စွာကျင့်ကြံရမည်ဖြစ်လေသည်။
ထိုမတိုင်မီတွင် သူသည်အနည်းဆုံးကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ၁၅ ခုကို စုစည်းပြီး ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်ကိုကျင့်ကြံရမည်ဖြစ်လေသည်။ သေချာပေါက်စိန့်အဆင့်သို့ရောက်ရှိ နိုင်မည်ဆိုပါက ပို၍ပင်ကောင်းမွန်ပေလိမ့်မည်။
သို့သော်လည်းအကယ်၍ သူသာထိုအချိန်တွင် ကူလွန်တောင်ပေါ်သို့တက်ရောက်ခဲ့မည်ဆို ပါက ကျောက်ရုန်နှင့်သေချာပေါက်ရင်ဆိုင်ရမည်ဖြစ်လေသည်။ သူ၏ဘေးတွင်ရှိသော အင်အားမှာ အလွန်တရာအားနည်းနေသေးလေသည်၊ တိုက်တန်ဧရာမမိစ္ဆာတစ်ဦးတည်းနှင့်တင် မလုံလောက် သေးပေ။
ရန်ရှောက်ထျန်းမှာ ဝိုင်သောက်ရန်စိတ်မပါတော့သဖြင့် ကျင့်ကြံရန်အတွက်နန်းတော် အတွင်းသို့ ပြန်ဝင်ခဲ့လေသည်။ သူသည်အချိန်သဲပွင့်များကိုသန့်စင်ရန်မလောသေးဘဲ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကျောက်တုံးကိုထုတ်ယူလိုက်ပြီး သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကို ပိုမိုခိုင်မာ စေရန်အတွက် ၎င်း၏စွမ်းအားများကို စတင်စုပ်ယူလိုက်လေသည်။
ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကျောက်တုံး၏စွမ်းအားများမှာ သူ၏နတ်ဘုရားပင် လယ်ကမ္ဘာအတွင်းသို့ ကောင်းကင်ယံမှရွှေရောင်မိုးရေများအလား ဆက်တိုက်စီးဝင်လာခဲ့လေ သည်။
သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ ချက်ချင်းပင်တောက်ပလာခဲ့လေသည်။
ခြောက်သွေ့နေသောမြေကြီးအလား သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကျောက်တုံး၏စွမ်းအားများကို အငမ်းမရစုပ်ယူနေခဲ့လေသည်၊ စုပ်ယူလေ လေ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ ပိုမိုတောက်ပလာပြီး ပိုမိုခိုင်မာလာလေလေဖြစ်လေသည်။
ဤရက်များအတွင်း ကောင်းကင်ကံကြမ္မာကျောက်တုံးအမြောက်အမြား၏ စွမ်းအားများကို ဝါးမြိုပြီးနောက် သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ အလွန်တရာတည်ငြိမ်နေပြီဖြစ်သော်လည်း ယခုအခါကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံး၏သန့်စင်မှုအောက်တွင် ၎င်းမှာပို၍ပင် ခိုင်မာလာခဲ့လေသည်။
မူလက သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ မြေကြီး၏အရောင်ကဲ့သို့သော မြေဝါရောင် ဖြစ်နေသော်လည်း ယခုမူအရောင်မှာပိုမိုတောက်ပလာပြီး ရွှေဝါရောင်ဘက်သို့ပြောင်းလဲလာခဲ့ လေသည်။ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံး၏စွမ်းအားမှာ ကောင်းကင်ကံကြမ္မာ ကျောက်တုံးနှင့်နှိုင်းယှဉ်၍မရအောင်သာလွန်လှပေသည်။
ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးတစ်တုံးကိုသန့်စင်ပြီးနောက် ရန်ရှောက် ထျန်းမှာ သူ၏နတ်ဘုရားပင်လယ်မှာ လုံးဝကြည်လင်သွားသလိုခံစားလိုက်ရလေသည်။ သူသည် ဒုတိယမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးကိုထုတ်ယူပြီး ဆက်လက်စုပ် ယူလိုက်လေသည်။
ဒုတိယမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးကို သန့်စင်ပြီးသောအခါ နှစ်သစ်ကူးအကြိုညသို့ရောက်ရှိလာခဲ့လေပြီ။ ရန်ရှောက်ထျန်းမှာအပြင်သို့ထွက်လာခဲ့ပြီး တိုက်တန် ဧရာမမိစ္ဆာနှင့်အတူ မီးဖိုဘေးတွင်ဝိုင်သောက်ရင်းအသားကင်စားလိုက်ကြလေသည်။
ဤလူသန်ကြီးနှစ်ဦးမှာမီးဖိုဘေးတွင်နှစ်သစ်ကူးအကြိုညကို ဖြတ်သန်းလိုက်ကြခြင်း ဖြစ်လေသည်။ တိုက်တန်ဧရာမမိစ္ဆာကပြုံးလျက်။
“အရင်နှစ်တွေက ကျွန်တော်မျိုးကအမြဲတမ်းတစ်ယောက်တည်းပါ၊ ဒီနှစ်မှာတော့ နောက် ဆုံးမှာ တစ်ယောက်တည်းမဟုတ်တော့ဘူးပေါ့” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ပြုံးလိုက်လေသည်။ ညဉ့်နက်သည်အထိ သူတို့ဖြတ်သန်းပြီးနောက် ရန်ရှောက်ထျန်းမှာ ကျင့်ကြံရန်အတွက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ကျောက်တုံးများကို ဆက်လက်ဝါးမြိုရန် နန်းတော်အတွင်းသို့ ပြန်ဝင်ခဲ့လေသည်။
ရန်ရှောက်ထျန်းသည် သတ္တမမြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ကျောက်တုံးကို စုပ်ယူပြီးသောအခါ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ လုံးဝရွှေဝါရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့လေသည်။
ဒသမမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးကို စုပ်ယူပြီးသောအခါ နတ်ဘုရားပင်လယ်ကမ္ဘာမှာ ရောင်စုံအဆင့်သို့စတင်ပြောင်းလဲလာခဲ့လေသည်။ တစ်ဆယ့်နှစ်တုံး မြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ကျောက်တုံးကိုစုပ်ယူပြီးသောအခါ နတ်ဘုရားပင်လယ် ကမ္ဘာမှာရောင်စုံအလင်းတန်းများဖြာထွက်နေပြီး ၎င်း၏ခိုင်မာမှုမှာအံ့ဩဖွယ်ကောင်းသော အဆင့် သို့ ရောက်ရှိသွားခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းမှာမျက်မှောင်ကြုတ်လိုက်မိလေသည်။
ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုစုပ်ယူပြီးနောက် သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ အံ့ဩဖွယ်ကောင်းသောအပြောင်းအလဲများဖြစ်ပေါ်ခဲ့သော်လည်း ၎င်းမှာ လုံးဝဥဿုံပြောင်းလဲသွားခြင်းမရှိသေးပေ။ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ၁၅ ခုကို တောင့်ခံရန်မဆိုထားနှင့်၊ ၁၄ ခုမြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုပင် တောင့်ခံနိုင်ရန် မသေချာသေးပေ။
အလွန်ဆုံးရှိလျှင် ၁၃ ခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုသာ တောင့်ခံနိုင် ပေလိမ့်မည်။ ထိုသို့တောင့်ခံနိုင်ခြင်းမှာလည်းမနည်းတောင့်ခံရခြင်းဖြစ်လေသည်။ ‘မနည်း’ ဆိုသည်မှာအန္တရာယ်ရှိနေသေးသည်ဟုဆိုလိုခြင်းဖြစ်လေသည်။
သူသည် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးများကို ထပ်မံရှာဖွေရန်နည်းလမ်း ရှာရဦးမည် ထင်ရလေသည်။
ရန်ရှောက်ထျန်းမှာ အားကိုးရာမဲ့စွာသက်ပြင်းချလိုက်မိလေသည်။ သို့သော်လည်း သူသည် ဒသမမြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ဘေးဒုက္ခကိုခေါ်ယူရန်မလောသေးဘဲ သူ၏ထာဝရ နတ်ဘုရားခန္ဓာကိုယ်ကိုမြှင့်တင်ရန်အတွက် အချိန်သဲပွင့်များကိုအရင်ဆုံး သန့်စင်လိုက်လေသည်။
ယခုတစ်ကြိမ်တွင် သူသည်အချိန်သဲပွင့်သုံးအုပ်ရရှိခဲ့သဖြင့် သူ၏ထာဝရနတ်ဘုရား ခန္ဓာ ကိုယ်ကိုအတိုင်းအဆတစ်ခုအထိမြှင့်တင်ရန်လုံလောက်လေသည်။ သူသည် ပထမဆုံးအချိန်သဲပွင့် အုပ်စုကို ထုတ်ယူလိုက်ပြီး သူ၏ကျင့်စဉ်ကိုလည်ပတ်ကာ သန့်စင်ခြင်းကိုစတင်လိုက်လေသည်။
အချိန်သဲပွင့်များမှာ ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားခဲ့ပြီး အလင်းစက်လေးများ အဖြစ်ပြောင်းလဲသွားကာ ရန်ရှောက်ထျန်း၏ထာဝရနတ်ဘုရားခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် စီးဝင်သွားခဲ့ပြီး ထာဝရနတ်ဘုရားခန္ဓာကိုယ်၏အချိန်စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့လေ သည်။ ရန်ရှောက်ထျန်းမှာ တင်ပလ္လင်ခွေထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှ အချိန်အလင်းတန်းများ ထွက်ပေါ်နေခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှအချိန်အလင်းတန်းမှာ ပိုမိုပြင်းထန်လာခဲ့လေသည်။
တစ်ဆယ်ရက်အကြာတွင် ရန်ရှောက်ထျန်းမှာအချိန်သဲပွင့်သုံးအုပ်စလုံးကို လုံးဝသန့်စင်ပြီး စီးသွားခဲ့လေသည်။ အချိန်သဲပွင့်သုံးအုပ်ကိုသန့်စင်ပြီးနောက် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်၏ အချိန်စွမ်းအားမှာ နှစ်ဆခန့်မြင့်တက်လာခဲ့ပြီး အောင်မြင်မှုအသေးစားအဆင့်သို့ ရောက်ရှိရန် အလွန်တရာနီးကပ်သွားခဲ့လေပြီ။
သူသည် အောင်မြင်မှုအသေးစားအဆင့်သို့ရောက်ရန် လက်တစ်ကမ်းအကွာသာ လိုတော့ လေသည်။ ဤလက်တစ်ကမ်းအကွာလေးကပင်ရန်ရှောက်ထျန်းအား စကားမပြောနိုင်အောင် ဖြစ်စေခဲ့လေတော့သည်။
***