ရန်ရှောက်ထျန်း နန်းတော်အတွင်းမှထွက်လာသောအခါ ကောင်းကင်ယံမှာလင်းထိန်နေပြီး နေရောင်ခြည်မှာ တောက်ပနေခဲ့လေသည်။ သို့သော်လည်းမိစ္ဆာလိုဏ်ဂူမှာတိတ်ဆိတ်နေပြီး တိုက်တန်ဧရာမမိစ္ဆာ၏ အရိပ်အယောင်ကိုမတွေ့ရပေ။
ရန်ရှောက်ထျန်း ထူးဆန်းသလို ခံစားနေရစဉ်မှာပင် ကောင်းကင်ယံမှပုံရိပ်တစ်ခု ရုတ်တရက် ဆင်းသက်လာခဲ့လေသည်၊ ၎င်းမှာတိုက်တန်ဧရာမမိစ္ဆာပင်ဖြစ်လေသည်။ တိုက်တန်ဧရာမမိစ္ဆာမှာ တစ်ကိုယ်လုံးသွေးများစိုရွှဲလျက်ပြေးဝင်လာခဲ့လေသည်။ သို့သော်ထိုသွေးများမှာ သူ၏သွေးများ မဟုတ်ဘဲ အခြားသူများ၏သွေးများဖြစ်လေသည်။
“ဂိုဏ်းချုပ်... အနက်ရှိုင်းဆုံးမိစ္ဆာဂိုဏ်းနဲ့ မြေသိုဏ်းဗုဒ္ဓဂိုဏ်းကပညာရှင်အမြောက်အမြား ဒီဘက်ကို အရှိန်အဟုန်နဲ့လာနေကြပါတယ်။ အနက်ရှိုင်းဆုံးမိစ္ဆာအရှင်သခင်နဲ့ မြေသိုဏ်းဗုဒ္ဓအရှင် တို့ကိုယ်တိုင်တောင်ပါလာကြတာပါ။ ဒီနေရာကဘေးမကင်းတော့ဘူး၊ ကျွန်တော်မျိုးတို့ အရင်ဆုံး ထွက်သွားကြတာ ပိုကောင်းပါလိမ့်မယ်” ဟု တိုက်တန်ဧရာမမိစ္ဆာက ပြောလိုက်သည်။
အနက်ရှိုင်းဆုံးမိစ္ဆာအရှင်သခင်။
မြေသိုဏ်းဗုဒ္ဓအရှင်။
နှစ်ဦးစလုံးမှာ အမြင့်မြတ်ဆုံးပညာရှင်များဖြစ်ကြလေသည်။ တစ်ဦးချင်းတိုက်ခိုက်မည်ဆို ပါက တိုက်တန်ဧရာမမိစ္ဆာမှာသူတို့နှစ်ဦးစလုံးထက်ပိုမိုသန်မာသော်လည်း လက်နှစ်ဖက်မှာ လက်လေးဖက်ကိုမယှဉ်နိုင်ပေ။
“အနက်ရှိုင်းဆုံးမိစ္ဆာဂိုဏ်းနဲ့ မြေသိုဏ်းဗုဒ္ဓဂိုဏ်းက ဒီနေရာကို ရှာတွေ့သွားကြပြီလား” ဟု ရန်ရှောက်ထျန်း၏ မျက်နှာမှာမှောင်မိုက်သွားခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာက ခေါင်းခါပြလိုက်ပြီး။
“မတွေ့သေးပါဘူး၊ ဒါပေမဲ့သူတို့ကပတ်ဝန်းကျင်က တောင်တန်းကြီးတွေကို ပိတ်ဆို့ထား ပြီးတော့ ဒီဘက်ကိုတဖြည်းဖြည်းရှာဖွေလာနေကြတာပါ။ ဒီနေရာကိုရှာတွေ့ဖို့ကတော့ အနှေးနဲ့ အမြန်ပါပဲ။ ကျွန်တော်မျိုး တစ်သုတ်တော့သတ်ထားခဲ့ပြီးပြီ”
ရန်ရှောက်ထျန်း ခေါင်းငြိမ့်ပြလိုက်လေသည်။ ယခုလောလောဆယ်တွင် သူတို့အနေဖြင့် ထွက်ခွာရန်သာရှိတော့သည်။ တကယ်တမ်းတွင်လည်း သူသည်ဝူရှင်းဆေးနတ်ဘုရားကို ရှာဖွေရန် ထွက်ခွာဖို့ စီစဉ်ထားပြီးသားဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းကအနက်ရှိုင်းဆုံး သူ၏တွင်းနက်ဟင်းလင်းပြင်သ င်္ဘောကို ထုတ်ယူလိုက်လေသည်။
“စစ်မှန်သောနတ်ဘုရားအဆင့်သင်္ဘောပါလား”
တိုက်တန်ဧရာမမိစ္ဆာမှာ သင်္ဘောကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့လေသည်။
“တက်ကြစမ်း”
သူတို့နှစ်ဦးမှာ သင်္ဘောအတွင်းသို့ပျံသန်းဝင်ရောက်လိုက်ကြလေသည်။ သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာမှာ ရန်ရှောက်ထျန်းကစိန့်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုတ်ယူကာ သင်္ဘောကို စွမ်းအားမြှင့်တင်ရန် အသုံးပြုလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
တိုက်တန်ဧရာမမိစ္ဆာမှာ ဤသည်ကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားသလို နှမြောတသ လည်းဖြစ်သွားခဲ့လေသည်။ သူ၏ဂိုဏ်းချုပ်ကသင်္ဘောမောင်းနှင်ရန်အတွက် စိန့်အဆင့်ဝိညာဉ် ကျောက်တုံးကို အမှန်တကယ်အသုံးပြုနေခြင်းဖြစ်သည်တကား။ ဤသည်မှာစည်းစိမ်ကို အလဟ သဖြုန်းတီးပစ်ခြင်းပင်ဖြစ်လေသည်။ စိန့်အဆင့်ဝိညာဉ်ကျောက်တုံးများမှာ အလွန်တရာရှားပါးလှ ကြောင်းသိထားရမည်ဖြစ်လေသည်၊ သူပင်လျှင်တစ်ခုရရန်ခက်ခဲလှသော်လည်း သူတို့၏ဂိုဏ်း ချုပ်ကမူ သင်္ဘောမောင်းနှင်ရန်အသုံးပြုနေလေသည်။
“ဝူရှင်းဆေးနတ်ဘုရားရဲ့ မိစ္ဆာလိုဏ်ဂူကဒီကနေဝေးလား” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာက သတိပြန်ဝင်လာပြီး။
“ဂိုဏ်းချုပ်ရဲ့ သင်္ဘောကအခုအရှိန်အတိုင်းဆိုရင်နောက်ထပ် ၁၀ ရက်လောက်တော့ကြာဦး မှာပါ” ဟု ပြောလိုက်သည်။
၁၀ရက်ကြာဦးမည်ဟုကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး နောက် အခြားသောစိန့်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ခုကိုထပ်မံထုတ်ယူလိုက်ကာ စိန့်အဆင့် ဝိညာဉ်ကျောက်တုံးနှစ်ခုဖြင့် သင်္ဘောကိုတစ်ပြိုင်နက်တည်း စွမ်းအားမြှင့်တင်လိုက်လေသည်။
အကယ်၍ စိန့်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ခုကိုတစ်ပြိုင်နက်တည်း အသုံးပြုမည်ဆိုပါက အရှိန်မှာ ပိုမိုမြန်ဆန်လာပေလိမ့်မည်။ ရန်ရှောက်ထျန်းက နောက်ထပ်စိန့်အဆင့် ဝိညာဉ်ကျောက် တုံးတစ်ခုကိုထုတ်ယူလိုက်သည်ကိုမြင်သောအခါ တိုက်တန်ဧရာမမိစ္ဆာမှာမှင်တက်သွားပြီး အကြီး အကျယ် နှမြောတသဖြစ်စွာဖြင့်။
“ဂိုဏ်းချုပ်... ဒါက အရမ်းကို ဖြုန်းတီးရာ မကျလွန်းဘူးလား” ဟု ပြောလိုက်သည်။
ဒါက ဖြုန်းတီးရုံတင်မကတော့ပေ။ သို့သော်လည်း ရန်ရှောက်ထျန်းကမူ ဂရုမစိုက်ဘဲ။
“ကိစ္စမရှိပါဘူး၊ ငါ့ဆီမှာ စိန့်အဆင့်ဝိညာဉ်ကျောက်တုံးတွေအများကြီး ရှိပါသေးတယ်၊ ဒါ့အပြင် ဒီစိန့်အဆင့် ဝိညာဉ်ကျောက်တုံးတွေက အလကားရထားတာလေ” ဟု ပြောလိုက်သည်။
အလကားရထားတာလား။
တိုက်တန်ဧရာမမိစ္ဆာက တံတွေးတစ်ချက် မြိုချလိုက်ပြီး။
“ဒါဆို... ဂိုဏ်းချုပ်က ဘယ်သူ့ဆီကနေ ရခဲ့တာလဲလို့ မေးလို့ရမလား” ဟု မေးလိုက်သည်။ အကယ်၍ များများစားစားကျန်ရှိနေဦးမည်ဆိုပါက သူလည်းသွားယူချင်နေမိခြင်းဖြစ်လေသည်။
“ဧကရာဇ် ယွင်ထျန်းဆီကလေ” ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
“ဧ... ဧကရာဇ်ယွင်ထျန်း”
တိုက်တန်ဧရာမမိစ္ဆာမှာ ချွေးစေးများထွက်လာပြီး ဘာမှထပ်မပြောရဲတော့ပေ။
သူသည် မိစ္ဆာပေါင်းသောင်းခြောက်ထောင်၏နတ်ဘုရား၊ မိစ္ဆာများကြားမှ မိစ္ဆာဟု ကျော်ကြားသော်လည်း သမိုင်းတစ်လျှောက်ပင်လယ်ရပ်ခြားမှ အကြီးမြတ်ဆုံးသော နတ်ဘုရား ဧကရာဇ်ဖြစ်သည့် ဧကရာဇ်ယွင်ထျန်းနှင့်ရင်ဆိုင်ရမည်ဆိုလျှင် သူသည်အားနည်းသူတစ်ဦးသာ ဖြစ်လေသည်။
ဧကရာဇ်ယွင်ထျန်းမှာ မသေနိုင်သောသေမင်းနတ်ဘုရားထက်ပင်ပိုမိုကြောက်စရာ ကောင်း သော တည်ရှိမှုမျိုးဖြစ်ကြောင်း သိထားရမည်ဖြစ်လေသည်။
စိန့်အဆင့် ဝိညာဉ်ကျောက်တုံးနှစ်ခု၏ ပြင်းထန်သောအရှိန်အဟုန်အောက်တွင် အနက်ရှိုင်း ဆုံး ဟင်းလင်းပြင်သင်္ဘောမှာအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဝူရှင်းချိုင့်ဝှမ်းဆီသို့ ဆက်တိုက်ပျံသန်းသွားခဲ့လေသည်။ လမ်းခရီးတွင်ရန်ရှောက်ထျန်းမှာ အနားမနေဘဲကောင်းကင် ဧကရာဇ်ဆေးလုံးများကိုမြိုချကာ ကျင့်ကြံနေခဲ့လေသည်။
ယခုအခါ သူသည်တစ်ဆယ့်သုံးခုမြောက်ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကို တောင့်ခံရန် အနည်းငယ်ခက်ခဲနေဆဲဖြစ်လေရာ သူ၏နတ်ဘုရားပင်လယ်စစ်မှန်သောချီစွမ်းအားကို ဆက်လက် မြှင့်တင်ရမည်ဖြစ်လေသည်။
ပထမဆုံးအနေဖြင့် သူသည် ဧကရာဇ်အဆင့်ဒသမအလွှာအထွတ်အထိပ်သို့ ဖောက်ထွက် ရမည်ဖြစ်လေသည်။ သူသာဧကရာဇ်အဆင့်ဒသမအလွှာအထွတ်အထိပ်သို့ ဖောက်ထွက်နိုင်ခဲ့ မည်ဆိုပါက သူ၏နတ်ဘုရားပင်လယ်စစ်မှန်သောချီစွမ်းအားမှာ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ တစ်ဆယ့်သုံးခုကို တောင့်ခံနိုင်မည်ဖြစ်လေသည်။
ခြောက်သွေ့လှသော တောင်တန်းကြီးတစ်ခုကိုဖြတ်သန်းသွားစဉ် ရန်ရှောက်ထျန်းက ရုတ်တရက်ရပ်လိုက်လေသည်။ တိုက်တန်ဧရာမမိစ္ဆာကထူးဆန်းသလို ခံစားနေရစဉ်မှာပင် ရန်ရှောက်ထျန်းက စကားပြောလိုက်သည်။
“ငါ ဒီနေရာမှာကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကိုဖိတ်ခေါ်ပြီး ကမ္ဘာဦးမူလကောင်းကင် ကံကြမ္မာတွေကိုတောင့်ခံချင်တယ်။ ငါကောင်းကင်ကံကြမ္မာတွေကိုတောင့်ခံပြီးမှ ခရီးဆက်ကြ တာပေါ့”
တစ်ဆယ့်သုံးခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုတောင့်ခံရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း သူသည် တစ်ဆယ့်နှစ်ခုအထိကိုမူ တောင့်ခံနိုင်ပြီ ဖြစ်လေသည်။ ထို့ကြောင့် သူသည် ဤတစ်ကြိမ်တွင်ဒသမ၊ တစ်ဆယ့်တစ်နှင့် တစ်ဆယ့်နှစ်ခုမြောက်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခ များကို တစ်ခါတည်း ဖိတ်ခေါ်ရန် စီစဉ်လိုက်ခြင်း ဖြစ်လေသည်။
“ဂိုဏ်းချုပ်က စတုတ္ထမြောက်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကို ဖိတ်ခေါ်ချင်တာလား” ဟု တိုက်တန်ဧရာမမိစ္ဆာက အံ့အားသင့်စွာဖြင့်အော်ဟစ်လိုက်လေသည်။
တိုက်တန်ဧရာမမိစ္ဆာမှာ ရန်ရှောက်ထျန်းက နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုနှင့် ကမ္ဘာဦး မူလကောင်းကင်ကံကြမ္မာသုံးခုဖြင့် အချိန်ကျောက်တိုင်ကိုအသက်သွင်းခဲ့သည်ဟုသာ ကြားထား ခဲ့ခြင်း ဖြစ်လေသည်။ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ လူတိုင်းကဲ့သို့ပင် သူသည်လည်း ရန်ရှောက်ထျန်းတွင် ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ သုံးခုသာရှိသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြလိုက်ပြီးနောက် တိုက်တန်ဧရာမမိစ္ဆာ၏ ဇဝေဇဝါဖြစ်နေသော အကြည့်များကြားတွင် သူ၏နတ်ဘုရားပင်လယ် စစ်မှန်သောချီစွမ်းအားများကိုအသက်သွင်းလိုက် ကာ အထက်ရှိကမ္ဘာဦးမူလအတားအဆီးကို စတင်တိုက်ခိုက်လိုက်လေတော့သည်။ မကြာမီမှာပင် သူသည် အထက်ရှိကမ္ဘာဦးမူလ အတားအဆီးကို လုံးဝချေမှုန်းပစ်လိုက်လေသည်။
အထက်တွင် မိုးကြိုးတိမ်တိုက်များမှာ ချက်ချင်းစုစည်းလာခဲ့ပြီး ပြန့်နှံ့သွားကာ သောင်းကျန်း လာခဲ့လေသည်၊ ကြောက်မက်ဖွယ်ကောင်းသောကမ္ဘာဦးမူလဘေးဒုက္ခမိုးကြိုးများ၏ စွမ်းအားမှာ လည်း အံ့ဩဖွယ်ကောင်းသောအရှိန်အဟုန်ဖြင့် အဆက်မပြတ်အားကောင်းလာခဲ့လေသည်။ အဆက်မပြတ် စုစည်းလာသော ကမ္ဘာဦးမူလဘေးဒုက္ခမိုးကြိုးများ၏စွမ်းအားကို ခံစားလိုက်ရသော အခါ တိုက်တန်ဧရာမမိစ္ဆာ၏ မျက်လုံးများပင်ကျဉ်းမြောင်းသွားခဲ့လေသည်။
“ဘုန်း...”
ရုတ်တရက် ပထမဆုံးအလွှာဖြစ်သော ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးမှာ ကျဆင်း လာခဲ့လေသည်။ ၎င်း၏အရှိန်နှင့်စွမ်းအားမှာ တိုက်တန်ဧရာမမိစ္ဆာတစ်သက်တွင် တစ်ခါမျှမမြင်ဖူး ခဲ့သောအရာမျိုးဖြစ်လေသည်။ ယခင်ကသူသည်နတ်ဘုရားအဆင့်သို့ ဖောက်ထွက်စဉ်ကကြုံတွေ့ ခဲ့ရသောနတ်ဘုရားဘေးဒုက္ခမိုးကြိုးပင်လျှင် ဤမျှအထိမမြန်ဆန်သလို ဤမျှအထိလည်းစွမ်းအား မကြီးမားခဲ့ပေ။
တိုက်တန်ဧရာမမိစ္ဆာမှာ စိုးရိမ်စိတ်ဖြင့်ရင်တုန်သွားခဲ့လေသည်။ သူသည် ရန်ရှောက်ထျန်း ဤအရာကိုကျော်ဖြတ်နိုင်ပါ့မလားဟု စိုးရိမ်နေမိခြင်းဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးကို စိန့်အဆင့်ဒသမအလွှာ အထွတ်အထိပ်ရှိ ပညာရှင်အများအပြားပင် တောင့်ခံရန်ခက်ခဲပေလိမ့်မည်။
တိုက်တန်ဧရာမမိစ္ဆာ စိုးရိမ်နေစဉ်မှာပင် ရန်ရှောက်ထျန်းကရုတ်တရက် အထက်သို့ ပျံတက် သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင်နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခု ပျံထွက်လာခဲ့ပြီး သူတို့၏ စွမ်းအားများကို အသက်သွင်းလိုက်ကာ သူ၏လက်သီးများဖြင့်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုး ကြိုးကို တိုက်ရိုက်ထိုးနှက်လိုက်လေသည်။
“ဝုန်း...”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အံ့ဩဖွယ်ကောင်းသော ချီလှိုင်းများမှာ ပြန့်နှံ့သွားခဲ့လေသည်။ ရန်ရှောက်ထျန်းမှာမြေပြင်ပေါ်သို့ လွင့်ကျသွားခဲ့ပြီး ပြင်းထန် လှသော ရိုက်ခတ်မှုကြောင့် မြေပြင်မှာလည်းပေါက်ကွဲသွားခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာမှာ သောင်းကျန်းနေသော ချီလှိုင်းများကို ဂရုမစိုက်ဘဲ နတ်ဘုရားအဆင့် ရွှေအမြုတေနှစ်ခုကိုသာ ထိတ်လန့်တကြား စိုက်ကြည့်နေမိလေသည်။ သူသည် ရန်ရှောက်ထျန်းတွင် နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုရှိကြောင်းသိထားသော်လည်း ဒဏ္ဍာရီထဲတွင်သာ ရှိသော နတ်ဘုရားအဆင့်ရွှေအမြုတေနှစ်ခုကို သူ၏မျက်စိရှေ့တွင်မြင်တွေ့လိုက်ရသောအခါ သူ၏နှလုံး သားအတွင်းမှ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။
“ဟင်း...”
ဤအချိန်တွင် ဒုတိယမြောက်အလွှာဖြစ်သောကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုးမှာ ထပ်မံကျဆင်းလာခဲ့ပြန်လေသည်။ အခြေအနေကိုရင်းနှီးနေပြီဖြစ်သော ရန်ရှောက်ထျန်းက ကောင်းကင်ယံသို့ ထပ်မံပျံတက်သွားခဲ့ပြန်လေသည်။ သူသည် သူ၏ကမ္ဘာဦးမူလကောင်းကင် ကံကြမ္မာကိုမခေါ်ယူသေးဘဲ သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုသာ အသက်သွင်းလိုက် လေသည်။
ချက်ချင်းဆိုသလိုပင် သူ၏တစ်ကိုယ်လုံးမှပြင်းထန်သောအချိန်အလင်းတန်းများ ပေါက်ကွဲ ထွက်လာခဲ့လေသည်။ သူသည်သူ၏လက်သီးများကိုထုတ်သုံးလိုက်လေသည်။ နတ်ဘုရားအဆင့် ရွှေအမြုတေနှစ်ခုနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့မှ အချိန်စွမ်းအားများမှာသူ၏လက်သီးများမှ တစ်ဆင့်ဟိန်းဟောက်ထွက်ပေါ်လာခဲ့လေသည်။
“အချိန်... ထာဝရ... ဒါကကောင်းကင်နဲ့မြေကြီးရဲ့ အရှင်သခင်ဖြစ်တဲ့ ထာဝရနတ်ဘုရား ခန္ဓာကိုယ်ပဲ”
တိုက်တန်ဧရာမမိစ္ဆာမှာ ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှထွက်ပေါ်နေသော အချိန်အလင်း တန်းများကို ကြည့်ရင်း မှင်တက်စွာဖြင့်ရေရွတ်လိုက်လေသည်။
ရန်ရှောက်ထျန်းမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားခဲ့ပြန်လေသည်။
ဆက်လက်ပြီး တတိယမြောက်အလွှာဖြစ်သောကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခမိုးကြိုး ကျဆင်းလာခဲ့လေသည်။ ရန်ရှောက်ထျန်းကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။ ဤတစ်ကြိမ် တွင်မူ သူသည်သူ၏ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကို ခေါ်ယူလိုက်လေသည်။
တစ်ခုပြီးတစ်ခုသော ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာများမှာ အဆက်မပြတ် ပျံထွက်လာ ခဲ့ကြလေသည်။ စုစုပေါင်းကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုးခုမှာ ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ် ပတ်လည်တွင်ရစ်ပတ်နေခဲ့ပြီး သောင်းကျန်းလှသောကမ္ဘာဦးမူလစွမ်းအားများမှာ အဆုံးမဲ့သော ကမ္ဘာဦးချီစွမ်းအား ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ကမ္ဘာဦးချီစွမ်းအားလှိုင်းများမှာ တိုက်တန်ဧရာမမိစ္ဆာ၏စိတ်အာရုံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေခဲ့လေသည်။
“ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ ကိုးခုပါလား”
တိုက်တန်ဧရာမမိစ္ဆာမှာ ထိတ်လန့်တကြားအသက်ရှူမှားသွားခဲ့လေသည်။ အကယ်၍ သူ နောက်ထပ်တစ်ခုသာ ထပ်ပြီးတောင့်ခံနိုင်မည်ဆိုလျှင် ဆယ်ခုဖြစ်သွားတော့မည် မဟုတ်ပါလော။
ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ ဆယ်ခု။
ဒါက နတ်ဘုရားကိုသတ်မယ့်အရှိန်အဟုန်လား။ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ တစ်ခု တည်းမှာပင် ကိုးထပ်မြောက်ကောင်းကင်ကံကြမ္မာတစ်ဆယ့်လေးခုထက် ပိုမိုသန်မာလှပေရာ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ဆယ်ခုဆိုလျှင်မည်မျှအထိသန်မာမည်နည်း။ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ ဆယ်ခုဆိုလျှင် စိန့်အဆင့်ဒသမအလွှာအထွတ်အထိပ်မဆိုထားနှင့်၊ သာမန် စစ်မှန်သောနတ်ဘုရား ပထမအဆင့်ရှိပညာရှင်ပင်လျှင် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ဆယ်ခု ၏ စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။
***