“နတ်ဘုရားသတ်ခြင်း”
တိုက်တန်ဧရာမမိစ္ဆာမှာ ထိုအကြောင်းကိုတွေးလိုက်မိရုံဖြင့် တုန်ယင်သွားခဲ့လေသည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးကနတ်ဘုရားတစ်ပါးကိုသတ်ရန် ကျင့်ကြံနေခြင်းဖြစ် သည်တကား။ ဒါကမည်မျှအထိတုန်လှုပ်စရာကောင်းသောအရာဖြစ်သနည်း။ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးက နတ်ဘုရားတစ်ပါးကိုမည်သို့သတ်နိုင်မည်နည်းဆိုသည်ကို ယုံကြည်ရန် ခက်ခဲလှသော်လည်း ရန်ရှောက်ထျန်း၏ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကို မြင်လိုက်ရသောအခါ တိုက်တန်ဧရာမမိစ္ဆာမှာ ဤကဲ့သို့သော အတွေးမျိုးမဝင်ဘဲမနေနိုင်တော့ပေ။
ထို့နောက်တွင် စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမမြောက်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခများ ကျရောက် လာခဲ့လေသည်။ သတ္တမမြောက်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကျရောက်လာသောအခါ ရန်ရှောက် ထျန်းမှာ အမြင့်မြတ်ဆုံးဘုရင်နဂါးနက်ရွှေမီးလျှံဝိညာဉ်ကိုခေါ်ယူလိုက်ပြီး အနက်ရှိုင်းဆုံးအရှင် သခင် ဝိညာဉ်ကွင်းကိုထုတ်လွှတ်လိုက်လေသည်။
အမြင့်မြတ်ဆုံးဘုရင် နဂါးနက်ရွှေမီးလျှံဝိညာဉ်ထံမှ အတိုင်းအဆမဲ့သော မှောင်မိုက်မှုများ ပေါက်ကွဲထွက်လာပြီး အနက်ရှိုင်းဆုံးအရှင်သခင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရှိုင်း ဆုံးစွမ်းအားများက ကောင်းကင်နှင့်မြေကြီးကိုဖုံးလွှမ်းသွားသောအခါ တိုက်တန်ဧရာမမိစ္ဆာမှာ ထိတ်လန့်တကြား နောက်သို့ဆုတ်လိုက်ရလေသည်။
“အနက်ရှိုင်းဆုံး အရှင်သခင်လား။ ဒါက အနက်ရှိုင်းဆုံး အရှင်သခင်ဝိညာဉ်ကွင်းပဲ”
သူတို့၏ဂိုဏ်းချုပ်က အနက်ရှိုင်းဆုံးအရှင်သခင် ဝိညာဉ်ကွင်းကို အမှန်တကယ်ပိုင်ဆိုင်ထား ခြင်းဖြစ်သည်တကား။ လွန်ခဲ့သောရက်များအတွင်း သူသည်ရန်ရှောက်ထျန်း ၏နောက် သို့ လိုက်ပါခဲ့သော်လည်း သူ၏နှလုံးသားအတွင်း၌မကျေနပ်မှုအချို့ရှိနေသေးလေသည်။ ယခုမူသူ၏ နှလုံးသားအတွင်းရှိ မကျေနပ်မှုများမှာလုံးဝပျောက်ကွယ်သွားခဲ့လေပြီ။ တစ်စက်ကလေးမျှပင် ကျန်ရှိမနေတော့ပေ။ သူ၏နှလုံးသားထဲတွင်ရိုသေလေးစားမှုနှင့် ကိုးကွယ်ယုံကြည်မှုများသာကျန်ရှိ တော့သည်။
ဒသမမြောက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကျရောက်လာသောအခါ ရန်ရှောက်ထျန်းမှာ သူ၏အမြင့်မြတ်ဆုံးဘုရင်လိပ်နက်ဝိညာဉ်ကို ခေါ်ယူလိုက်ပြီး ပင်လယ်နက်မိစ္ဆာဝေလငါးဝိညာဉ် ကွင်းကို ထုတ်လွှတ်လိုက်ရလေသည်။ တိုက်တန်ဧရာမမိစ္ဆာမှာအမြင့်မြတ်ဆုံးဘုရင် လိပ်နက် ဝိညာဉ်နှင့် ပင်လယ်နက်မိစ္ဆာဝေလငါးဝိညာဉ်ကွင်းကိုကြည့်ရင်း သူ၏ဘဝတွင်ပထမဆုံးအကြိမ် အဖြစ် ကြောက်လန့်လွန်းသဖြင့် ဆီးပင်မထိန်းနိုင်တော့သလို ခံစားလိုက်ရလေသည်။
ယခင်က သူသည် အမြဲတမ်းမိမိကိုယ်ကိုယ်အနှိုင်းမဲ့သူဟု ပြောဆိုခဲ့သော်လည်း ယခုအခိုက် အတန့်တွင်မူ အစစ်အမှန်အနှိုင်းမဲ့ခြင်းဟူသည်မှာ မည်သို့ရှိကြောင်းကို သူ အမှန်တကယ်နားလည် သွားခဲ့လေပြီ။
နောက်ဆုံးတွင် ရန်ရှောက်ထျန်းသည် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခဆယ်ခုကို ချေမှုန်းပစ် လိုက်နိုင်ခဲ့လေသည်။ ဆယ်ခုမြောက်ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာမှာသူ၏နတ်ဘုရားပင် လယ်အတွင်း၌ အောင်မြင်စွာစုစည်းသွားခဲ့လေပြီ။ ဆယ်ခုမြောက်ကမ္ဘာဦးမူလ ကံကြမ္မာဘေး ဒုက္ခ၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူ၏ဒဏ်ရာမှာမူမပြင်းထန်ဘဲ အနည်း ငယ်သာ ထိခိုက်ခဲ့လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းမှာ လှုပ်ရှားနိုင်ဆဲဖြစ်လေသည်။ သူသည် ခြောက်ထပ်မြောက် ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေကိုထုတ်ယူလိုက်ပြီး ဘေးဒုက္ခနှစ်မျိုးပါသော ဟဲဗန်အဆင့် ပြန်လည်ဝင်စားခြင်းဆေးလုံးနှင့်ရောစပ်ကာ မြိုချလိုက်လေသည်။ တိုက်တန်ဧရာမမိစ္ဆာမှာ ရန်ရှောက်ထျန်း ထုတ်ယူလိုက်သော ပြန်လည်ဝင်စားခြင်းဆေးလုံးတွင် ဘေးဒုက္ခအရှိန်အဝါများ ရှိနေရုံသာမက ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ဘေးဒုက္ခပုံရိပ်နှစ်ခုရှိနေသည်ကို မြင်လိုက်ရသဖြင့် အကြီးအကျယ်အံ့အားသင့်သွားခဲ့လေသည်။
ခြောက်ထပ်မြောက် ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေနှင့် ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့် ပြန်လည်ဝင်စားခြင်းဆေးလုံးကိုမြိုချပြီးနောက် ရန်ရှောက်ထျန်း၏ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့ပြီး သူသည်အားအင်များပြန်လည်ပြည့်ဝလာခဲ့လေသည်။ ထို့ကြောင့် သူသည် သူ၏နတ်ဘုရားပင်လယ် စစ်မှန်သောချီစွမ်းအားကို အသက်သွင်းလိုက်ပြီး ကောင်းကင်ယံရှိ ကမ္ဘာဦးမူလ ကမ္ဘာ့အတားအဆီးကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်လေသည်။
ဤသည်က တစ်ဆယ့်တစ်ခုမြောက်ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်လေသည်။ ကောင်းကင်ယံတွင် ကမ္ဘာဦးမူလကံကြမ္မာမိုးကြိုးတိမ်တိုက်များ ထပ်မံစုစည်းလာ သည်ကိုမြင်သောအခါ တိုက်တန်ဧရာမမိစ္ဆာ၏စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွားတော့သည်။ ခေတ္တမျှကြာပြီးနောက် ရန်ရှောက်ထျန်းမှာ တစ်ဆယ့်တစ်ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာ ဘေးဒုက္ခ ကို အောင်မြင်စွာထပ်မံကျော်ဖြတ်နိုင်ခဲ့လေသည်။
တစ်ဆယ့်တစ်ခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာအောင်မြင်စွာ စုစည်းသွား ခဲ့လေ ပြီ။ ခဏမျှအနားယူပြီးနောက် သူသည်ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည်ဝင်စားခြင်းဆေးလုံးကို ထပ်မံမြိုချလိုက်လေသည်။ သူ၏ဒဏ်ရာများလုံးဝပြန်လည်သက်သာသွားသောအခါ သူသည် တစ်ဆယ့်နှစ်ခုမြောက် ကမ္ဘာဦးမူလကံကြမ္မာဘေးဒုက္ခကို ထပ်မံဖိတ်ခေါ်လိုက်ပြန်လေသည်။
တိုက်တန်ဧရာမမိစ္ဆာမှာ ဆွံ့အသွားခဲ့လေပြီ။ နောက်ဆုံးတွင် ရန်ရှောက်ထျန်းမှာ တစ်ဆယ့်နှစ်ခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကို အောင်မြင်စွာစုစည်းနိုင်ခဲ့လေသည်။ တစ်ဆယ့်နှစ်ခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ အောင်မြင်စွာစုစည်းသွားသောအခါ ရန်ရှောက်ထျန်းက နောက်ဆုံးတွင်ရပ်တန့်လိုက်လေသည်။
ယခုအခါ သူသည် တစ်ဆယ့်သုံးခုမြောက် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကို တောင့်ခံ နိုင်ပြီဖြစ်သော်လည်း ဘေးကင်းစေရန်အတွက် သူသည်ဧကရာဇ်အဆင့်ဒသမအလွှာ အထွတ် အထိပ်သို့ရောက်ရှိပြီးမှသာတောင့်ခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။ ရန်ရှောက်ထျန်းသည် ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည်ဝင်စားခြင်းဆေးလုံးကိုမြိုချလိုက်ရာ သူ၏ဒဏ်ရာများမှာ သိသိသာ သာသက်သာသွားခဲ့ပြီး ထိုအခါမှသာသူနှင့်တိုက်တန်ဧရာမမိစ္ဆာတို့မှာ ဝူရှင်းချိုင့်ဝှမ်းဆီသို့ ခရီးဆက် ခဲ့ကြလေသည်။
ပျံသန်းနေသော သင်္ဘောပေါ်တွင်တိုက်တန်ဧရာမမိစ္ဆာက ရန်ရှောက်ထျန်းကိုကြည့်သော အကြည့်များမှာပြောင်းလဲသွားခဲ့လေပြီ။ သို့သော်လည်းရန်ရှောက်ထျန်းမှာ ဤကဲ့သို့သော အကြည့်မျိုးကို ကျင့်သားရနေပြီ ဖြစ်လေသည်။ ယခင်က မိုးကြိုးပြာနဂါးစပါးအုံးမြွေ၊ ရေခဲမီးလျှံ မီးတောက်ချီလင်နှင့် အခြားသူများသည်လည်း ထိုကဲ့သို့ပင် ဖြစ်ခဲ့ကြလေသည်။
သူ၏ဒဏ်ရာများ လုံးဝမသက်သာသေးသဖြင့် ရန်ရှောက်ထျန်းမှာ သင်္ဘောပေါ်တွင် ဘေးဒုက္ခမိုးကြိုးရေနှင့် ပြန်လည်ဝင်စားခြင်းဆေးလုံးများကို ဆက်လက်မြိုချကာကျင့်ကြံနေခဲ့လေ သည်။ နောက်ဆုံးတွင်ဝူရှင်းချိုင့်ဝှမ်းသို့ မရောက်ရှိမီ တစ်ရက်အလိုတွင် သူ၏ဒဏ်ရာများမှာ လုံးဝ ပြန်လည်သက်သာသွားခဲ့လေသည်။
“ဂိုဏ်းချုပ်... ဝူရှင်းချိုင့်ဝှမ်းက ဟိုးရှေ့တင်ပါပဲ”
တိုက်တန်ဧရာမမိစ္ဆာက အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်လေသည်။ ရန်ရှောက်ထျန်း ကြည့်လိုက်ရာ ရှေ့ရှိမြူနှင်းများဖုံးလွှမ်းနေသောတောင်တန်းများကြားတွင် ကြီးမားလှသော ချိုင့်ဝှမ်းကြီးတစ်ခုကို မထင်မရှားမြင်တွေ့လိုက်ရလေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာလိုဏ်ဂူနှင့်နှိုင်းယှဉ်လျှင် ဤဝူရှင်းချိုင့်ဝှမ်းမှာနေရောင်ခြည် အောက်တွင်ပိုမိုလှပနေခဲ့လေသည်။ ရန်ရှောက်ထျန်းသင်္ဘောကိုသိမ်းဆည်းလိုက်ပြီး တိုက်တန်ဧရာ မမိစ္ဆာနှင့်အတူ ဝူရှင်းချိုင့်ဝှမ်းဆီသို့ပျံသန်းသွားခဲ့လေသည်။ ခဏအကြာတွင် သူတို့သည်တောအုပ် တစ်ခု၏ရှေ့သို့ရောက်ရှိလာခဲ့ကြလေသည်။
ဤတောအုပ်ကို ဖြတ်ကျော်ပြီးသည်နှင့် ဝူရှင်းချိုင့်ဝှမ်းသို့ ရောက်ရှိမည်ဖြစ်လေသည်။
တောအုပ်မှာ အရောင်အသွေးစုံလင်လှသော အဆိပ်မြူနှင်းများဖြင့်ဖုံးလွှမ်းနေလေသည်။
ဤအရောင်အသွေးစုံလင်သော အဆိပ်မြူနှင်းများမှာ အလွန်တရာအဆိပ်ပြင်းလှသော ခုနစ်ရောင်ခြယ်အဆိပ်ဖြစ်လေသည်။ ရန်ရှောက်ထျန်းနှင့် တိုက်တန်ဧရာမမိစ္ဆာတို့မှာ တုံ့ဆိုင်းမနေဘဲ တောအုပ်အတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့ကြလေသည်။
ခုနစ်ရောင်ခြယ်အဆိပ်မြူနှင်းများမှာ ရန်ရှောက်ထျန်း၏ကိုယ်ပေါ်သို့ ကျရောက်လာသော် လည်း ရန်ရှောက်ထျန်း၏အချိန်စွမ်းအားကြောင့် ၎င်းတို့အားလုံးမှာ အချိန်ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူတို့နှစ်ဦးမှာတောအုပ်ကို အလွယ်တကူဖြတ်ကျော်လိုက်ကြပြီး ဝူရှင်းချိုင့်ဝှမ်း၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။
ဝူရှင်းချိုင့်ဝှမ်း၏ရှေ့တွင် စိမ်းလန်းစိုပြေလှသောမြက်ခင်းပြင်ကြီးတစ်ခု ရှိနေလေသည်။ ဤအခိုက်အတန့်တွင် ပညာရှင်အုပ်စုတစ်စု စုဝေးနေကြသည်ကိုတွေ့ရလေသည်၊ သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့မှာအမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ်နိုင်ငံမှ မုမိသားစုဝင် ပညာရှင်များ ဖြစ်ကြပေလိမ့်မည်။
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ်နိုင်ငံမှ မုမိသားစုမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ရှေးအကျ ဆုံးသောသူကောင်းမျိုးနွယ်စုများထဲမှတစ်ခုဖြစ်လေသည်။ သူတို့၏ အဆင့်အတန်းမှာ ဝမ်ကျန့်တိုက် ကြီးပေါ်ရှိ ဖန့်မိသားစုနှင့်ရှန်းမိသားစုတို့နှင့်တန်းတူဖြစ်လေသည်။
မုမိသားစုမှ ပညာရှင်များသည်လည်း ဝူရှင်းဆေးနတ်ဘုရားနှင့်တွေ့ဆုံရန် လာရောက် ကြခြင်း ဖြစ်ပုံရလေသည်။
ဤအချိန်တွင် ချိုင့်ဝှမ်းအတွင်းမှ ဝတ်ရုံရှည်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်ထွက်လာခဲ့လေသည်။ သူက လူအုပ်ကြီးကို ကြည့်လိုက်ပြီး။
“မင်းတို့ထဲက ဘယ်သူက ငါ့ဆရာနဲ့ တွေ့ချင်တာလဲ” ဟု မေးလိုက်သည်။
မုမိသားစုမှ ပညာရှင်တစ်ဦးကအမြန်ရှေ့သို့တိုးလာပြီး လက်ဖဝါးချင်းယှက်ကာ ဂါရဝပြု လျက်။
“ကျွန်တော်က မုမိသားစုရဲ့မိသားစုခေါင်းဆောင်မုယီပါ၊ စီနီယာဝူရှင်းနဲ့တွေ့ဆုံခွင့်တောင်း ခံချင်လို့ပါ။ ကျွန်တော်ထူးဆန်းတဲ့မီးတောက်ကိုလည်းယူဆောင်လာခဲ့ပါတယ်” ဟု ပြောလိုက် သည်။
စကားပြောပြီးနောက် သူသည်ထူးဆန်းသောမီးတောက်ကိုထုတ်လွှတ်လိုက်ရာ ပတ်ဝန်း ကျင်မှာ သိသိသာသာလင်းထိန်သွားခဲ့လေသည်။
မုမိသားစုခေါင်းဆောင်ယူဆောင်လာသော ထူးဆန်းသောမီးတောက်မှာ အဆင့် ၂၀၀ ကျော် တွင်ရှိသော နှလုံးသားဝါးမြိုမီးလျှံမီးတောက်ဖြစ်လေသည်။
“ကျွန်တော်က ရန်ရှောက်ထျန်းပါ၊ စီနီယာဝူရှင်းနဲ့ တွေ့ချင်လို့ပါ”
ရန်ရှောက်ထျန်းလည်း ရှေ့သို့တိုးလာပြီးကြယ်တာရာမီးလျှံမီးတောက်ကိုခေါ်ယူလိုက် လေ သည်။ ချက်ချင်းဆိုသလိုပင်ထိုနေရာတစ်ခုလုံး ကြယ်အလင်းတန်းများဖြင့်ပြည့်နှက်သွားခဲ့ပြီး မုမိသားစု၏နှလုံးသားဝါးမြို မီးလျှံမီးတောက်ကို လုံးဝလွှမ်းမိုးသွားခဲ့လေသည်။
“ကြယ်တာရာမီးလျှံမီးတောက်ပါလား”
မုယီနှင့် မုမိသားစုမှပညာရှင်များအားလုံး အံ့အားသင့်သွားကြတော့သည်။ ဤလူငယ်လေး မှာ ထိပ်တန်း ၁၀၀ အတွင်းဝင်သော ကြယ်တာရာမီးလျှံမီးတောက်ကိုအမှန်တကယ် ပိုင်ဆိုင်ထား ခြင်းဖြစ်သည်တကား။
တိုက်တန်ဧရာမမိစ္ဆာပင်လျှင် မှင်တက်သွားခဲ့လေသည်၊ သူတို့၏ဂိုဏ်းချုပ်တွင် ကြယ်တာရာ မီးလျှံမီးတောက်ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဝူရှင်းချိုင့်ဝှမ်းမှသက်လတ်ပိုင်းအမျိုး သားသည်လည်း ရန်ရှောက်ထျန်းကိုအံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ရှောက် ထျန်းနှင့် မုမိသားစုခေါင်းဆောင် မုယီတို့ကို အတွင်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာက အမှတ်အသားတစ်ခုကိုထုတ်ပြလိုက်ရာ ဝူရှင်းချိုင့်ဝှမ်းမှ သက် လတ်ပိုင်းအမျိုးသားက တိုက်တန်ဧရာမမိစ္ဆာကိုလည်းရိုသေစွာဖြင့်အတွင်းသို့ ဖိတ်ခေါ်လိုက်လေ သည်။
သူတို့သုံးဦး ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ဧည့်ခန်းမဆောင်အတွင်း၌ စောင့်ဆိုင်း နေခဲ့ကြလေသည်။
“အဘိုးကြီး ထိုက်... ဒီတစ်ခါ မင်း ငါ့ဆီကနေ ဘာလိုချင်လို့လဲ”
သူတို့သုံးဦး ထိုင်လိုက်သည်နှင့် အရောင်အသွေးစုံလင်သောအဝတ်အစားများကို ဝတ်ဆင် ထားသည့် ပိန်ပိန်ပါးပါးအဘိုးကြီးတစ်ဦးလမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်၊ သူက တိုက်တန်ဧရာမမိစ္ဆာကို မကျေမနပ်ဖြင့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်လေသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲဝူရှင်းဆေးနတ်ဘုရားရှဲ့ဝူရှင်းပင် ဖြစ်လေသည်။ မုယီက အမြန်မတ်တပ်ရပ်လိုက်ပြီး ရှဲ့ဝူရှင်းကို ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
တိုက်တန်ဧရာမမိစ္ဆာကမူ ရှဲ့ဝူရှင်းကို စိုက်ကြည့်လိုက်ပြီး။
“မင်းရဲ့ ဒီအစုတ်ပလုတ်ချိုင့်ဝှမ်းကို ငါကလာချင်လွန်းလို့လာတယ်လို့ ထင်နေတာလား။ ငါ့ရဲ့ဂိုဏ်းချုပ်က မင်းနဲ့တွေ့စရာရှိလို့ကွ”
ဂိုဏ်းချုပ်လား။ ရှဲ့ဝူရှင်းက ရန်ရှောက်ထျန်းကို ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်လိုက်လေသည်။
“ကျွန်တော်က ရန်ရှောက်ထျန်းပါ၊ စီနီယာ့ဆီကနေနတ်ဘုရားဆေးအနည်အနှစ်အချို့ကို တောင်းခံချင်လို့ပါ”
ရန်ရှောက်ထျန်းက မတ်တပ်ရပ်ပြီးလက်ဖဝါးချင်းယှက်ကာဂါရဝပြုလိုက်လေသည်။
“မင်းက နတ်ဘုရားဆေးအနည်အနှစ်တွေကို လိုချင်တာလား”
ရှဲ့ဝူရှင်းက သူ၏မုတ်ဆိတ်ကိုသပ်လိုက်ပြီး ရန်ရှောက်ထျန်းကိုစိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ငါ့ဆီမှာ နတ်ဘုရားဆေးအနည်အနှစ်တွေအများကြီးရှိပါတယ်။ အဲဒီတော့ ဒီလိုလုပ်ကြ တာပေါ့၊ ငါမင်းကို အခက်အခဲမဖြစ်စေချင်ပါဘူး။ အကယ်၍ မင်းကငါ့ရဲ့တပည့်ကို ဆေးဖော်စပ် တဲ့နေရာမှာ အနိုင်ယူနိုင်မယ်ဆိုရင် ငါ မင်းကို နတ်ဘုရားဆေးအနည်အနှစ်တွေပေးမယ်”
သူက ရန်ရှောက်ထျန်းတို့အား ယခုလေးတင်ခေါ်ဆောင်လာခဲ့သော သက်လတ်ပိုင်းအမျိုး သားကို ညွှန်ပြလိုက်လေသည်။
“ဒါပေမဲ့ မင်း ရှုံးခဲ့မယ်ဆိုရင်တော့ မင်းတစ်သက်လုံးဒီမှာနေပြီး ငါ့အတွက် ဆေးစမ်းသပ် သူ လုပ်ပေးရမယ်”
ရှဲ့ဝူရှင်းက ပြုံးလျက်ပင် ဆက်ပြောလိုက်လေသည်။
ဆေးဖော်စပ်သူ အများအပြားမှာ ဆေးလုံးအသစ်များကို ဖော်စပ်သည့်အခါ ဆေးစွမ်းအားကို စမ်းသပ်ရန်အတွက် လူများကိုဆေးမြိုခိုင်းကာ စမ်းသပ်တတ်ကြလေသည်။ သူတို့ကို ဆေးစမ်းသပ် သူများဟု ခေါ်လေသည်။ ဆေးစမ်းသပ်သူများသည် အမျိုးမျိုးသောဆေးလုံးများ၊ အဆိပ်များကို မကြာခဏ မြိုချရခြင်းကြောင့် ရင်နာစရာကောင်းသောသေဆုံးမှုများဖြင့် ကြုံတွေ့ရတတ်လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားတော့သည်။
***