မုမိသားစု၏ စိန့်အမျိုးသမီး မုဝမ်ချင်းမှာ အလွန်တရာစိတ်လှုပ်ရှားနေခဲ့လေသည်။
“သူက ၁၅ မိနစ်တည်းနဲ့ ပြိုင်ဘက်ကင်းအဆင့်စိန့်အဆင့်ဆေးလုံးကို ဖော်စပ်နိုင် ခဲ့တာလား။ စီနီယာဝူရှင်းဆေးနတ်ဘုရားဆီကနေမျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဝူရှင်းဆေးနတ် ဘုရားရဲ့ ဆေးဖော်စပ်မှုအတတ်ပညာကအမှန်တကယ်ပဲအံ့ဩစရာကောင်းတဲ့ အဆင့်ကို ရောက် နေတာပဲ”
“၁၅ မိနစ်အတွင်းမှာ ပြိုင်ဘက်ကင်းအဆင့် စိန့်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်တာမျိုး ငါ တစ်ခါမျှ မကြားဖူးခဲ့ဘူး”
မုမိသားစုမှ ဘိုးဘေးတစ်ဦးကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒီနေ့တော့ ငါ အမှန်တကယ်ပဲ မျက်မြင်တွေ့လိုက်ရပြီ”
အခြားသော မုမိသားစုမှပညာရှင်များလည်း စိတ်လှုပ်ရှားစွာဖြင့် ထပ်တူပြောဆိုနေကြလေ သည်။
ချိုင့်ဝှမ်းအတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။ ရန်ရှောက်ထျန်းက လော်ရှင်းကို ကြည့်ကာ။
“မင်း ရှုံးပြီ”
မင်း ရှုံးပြီ။ ခုနက ဆေးနတ်ဘုရား ရှဲ့ဝူရှင်းက သူ ရှုံးပြီဟု ပြောခဲ့သလိုပင် ရန်ရှောက်ထျန်းက သူ၏တပည့်ကို ထိုစကားလုံးများအတိုင်း ပြန်လည်ပြောကြားလိုက်ခြင်း ဖြစ်လေသည်။
မှင်တက်နေသော လော်ရှင်းမှာသတိပြန်ဝင်လာခဲ့ပြီး သူ၏မျက်နှာမှာ ညှိုးနွမ်းသွားခဲ့လေ သည်။
သူ ရှုံးသွားခဲ့လေပြီ။ သူသည် ဆေးနတ်ဘုရား ရှဲ့ဝူရှင်း၏တစ်ဦးတည်းသော ကိုယ်တိုင်သင် တပည့်ဖြစ်ပြီး သူ၏ဆရာကိုယ်တိုင်ပင်လျှင် သူ၏ပါရမီကိုချီးကျူးခဲ့ခြင်းဖြစ်လေသည်။ သူသည် သူ၏ပါရမီအတွက် အမြဲတမ်းဂုဏ်ယူခဲ့သလို ဝမ်ကျန့်တိုက်ကြီးပေါ်ရှိလူငယ်မျိုးဆက်သစ်များ ကြားတွင် သူသည်နံပါတ်တစ်ဆေးဖော်စပ်မှုပါရမီရှင်ဖြစ်လိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ယနေ့တွင်မူ သူသည်အကြီးအကျယ်ရှုံးနိမ့်သွားခဲ့လေပြီ။ ထို့ပြင် သူသည် လူငယ်လေးတစ်ဦး၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ဘေးရှိ ထူးဆန်းသောမီးတောက်လေးခုကိုကြည့်ရင်း သူသည် ရုတ်တရက် စိတ်ပျက်အားလျော့မှုကို ခံစားလိုက်ရလေသည်။ ရန်ရှောက်ထျန်းက ဝူရှင်းဆေးနတ်ဘုရား ရှဲ့ဝူရှင်းကို ကြည့်လိုက်လေသည်။
ဝူရှင်းဆေးနတ်ဘုရားရှဲ့ဝူရှင်းသည် ရန်ရှောက်ထျန်း၏အကြည့်ကို မြင်သောအခါ ရန်ရှောက် ထျန်း ဘာကိုဆိုလိုသည်ကိုသိလိုက်လေသည်။ သူသည်အသက်ပြင်းပြင်းရှူလိုက်ပြီး နတ်ဘုရား ဆေးအနည်အနှစ်များ ပြည့်နှက်နေသော ကျောက်စိမ်းပုလင်းကို ရန်ရှောက်ထျန်းဆီသို့ လှမ်းပစ်ပေး လိုက်လေသည်။
သူက အတင်းအကျပ် ပြုံးလိုက်ပြီး။
“မင်းက ဧကရာဇ်အဆင့် ကျင့်ကြံမှုနဲ့ စိန့်အဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်လိမ့်မယ်လို့ ငါ တကယ်ပဲ မထင်ထားခဲ့ဘူး” ဟု ပြောလိုက်သည်။
ဧကရာဇ်အဆင့် ကျင့်ကြံမှုဖြင့်စိန့်အဆင့်ဆေးလုံးကိုဖော်စပ်နိုင်ခြင်း၊ ထို့ပြင်ပြိုင်ဘက် ကင်းအဆင့် စိန့်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခြင်းမှာ အမှန်တကယ်ပင် ရှေးဟောင်းအံ့ဖွယ်တစ်ပါး ဖြစ်လေသည်။ ရှဲ့ဝူရှင်း၏ အတင်းအကျပ်ပြုံးနေမှုကိုကြည့်ရင်း ရန်ရှောက်ထျန်းက။
“ဒါကလည်း ကျွန်တော်ပုရှန့်ဆေးလုံးကိုပထမဆုံးအကြိမ်ဖော်စပ်ဖူးတာပါ၊ ဒါကြောင့် ကျွန်တော့်ရဲ့ အတတ်ပညာက အနည်းငယ်တော့ အားနည်းနေသေးတာပေါ့” ဟု ပြောလိုက်သည်။
ရှဲ့ဝူရှင်းမှာ ထစ်ထစ်အအဖြစ်သွားပြီး။
“ပထမဆုံးအကြိမ် ဖော်စပ်တာ ဟုတ်လား”
ပုရှန့်ဆေးလုံးကို ပထမဆုံးအကြိမ်ဖော်စပ်တာဖြစ်ပါလျက်နှင့် ၁၅ မိနစ်အတွင်း ပြိုင်ဘက် ကင်းအဆင့်ကို ဖော်စပ်နိုင်ခဲ့သည်တကား။ အကယ်၍ သူသာအကြိမ်အနည်းငယ် ထပ်မံဖော်စပ်ပြီး သူ၏အတတ်ပညာများ ပိုမိုကျွမ်းကျင်လာမည်ဆိုပါက ၁၅ မိနစ်ပင် ကြာတော့မည် မဟုတ်ပါလော။ ရှဲ့ဝူရှင်းနှင့် အခြားသူများလည်း ထပ်တူပင်ဆွံ့အသွားကြတော့သည်။
“စီနီယာ... ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားသေးလား”
ရုတ်တရက် ရန်ရှောက်ထျန်းက ရှဲ့ဝူရှင်းကို စကားပြောလိုက်လေသည်။
လူတိုင်း မှင်တက်သွားကြတော့သည်။ ဆေးနတ်ဘုရားရှဲ့ဝူရှင်းနှင့် ဆေးဖော်စပ်မှုယှဉ်ပြိုင် မည်တဲ့လား။ မုယီ၏ပထမဆုံးအတွေးမှာ ဒါကမဖြစ်နိုင်ဘူးဆိုသည့်အတွေးပင်ဖြစ်လေသည်။
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးက ဆေးနတ်ဘုရားရှဲ့ဝူရှင်းနှင့်ဆေးဖော်စပ်မှုယှဉ်ပြိုင် ချင်နေ သည်တကား။
မုယီသာမက အခြားသူများအားလုံးတွင်လည်း ထူးဆန်းသောအမူအရာများ ရှိနေကြလေ သည်။
ရှဲ့ဝူရှင်း၏ မျက်နှာတွင်အပြုံးများပြန်လည်ပေါ်လာခဲ့လေသည်။ သူကရန်ရှောက်ထျန်းကို ကြည့်ကာ။
“လူငယ်လေး... မင်းက ငါနဲ့ ဆေးဖော်စပ်မှု ယှဉ်ပြိုင်ချင်တာလား” ဟု မေးလိုက်သည်။
ရန်ရှောက်ထျန်းမှာ ပြိုင်ဘက်ကင်းအဆင့်ပုရှန့်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သော်လည်း သူ၏အမြင်တွင်မူ ရန်ရှောက်ထျန်းမှာ သူနှင့်ယှဉ်ပြိုင်ရန်အတွက် အရည်အချင်းမပြည့်မီသေးဟု ယူဆထားခြင်းဖြစ်လေသည်။
“ဘာလဲ... စီနီယာကကြောက်နေတာလား”
ရန်ရှောက်ထျန်း၏ အမူအရာမှာပုံမှန်အတိုင်းပင်ဖြစ်လေသည်။ သူသည် ဤဆုံးဖြတ်ချက် ကို ရုတ်တရက်ချလိုက်ခြင်းမဟုတ်ဘဲ လမ်းခရီးတွင်ကတည်းကစဉ်းစားထားခဲ့ခြင်းဖြစ်လေသည်။
ရှဲ့ဝူရှင်းသည် ရန်ရှောက်ထျန်းက သူ့ကိုစိန်ခေါ်နေသည်ကိုကြားလိုက်ရသောအခါ အားရပါး ရ ရယ်မောလိုက်ပြီး။
“လူငယ်လေးက ဘယ်လိုယှဉ်ပြိုင်ချင်တာလဲ။ အကယ်၍မင်းရှုံးခဲ့မယ်ဆိုရင်ကော ဘာပေး မှာလဲ”
“အကယ်၍ ကျွန်တော်ရှုံးခဲ့မယ်ဆိုရင်ဒီနဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးက စီနီယာ့အပိုင်ဖြစ်ရမယ်”
ရန်ရှောက်ထျန်းက နဂါးစိမ်းကောင်းကင်ဆေးပေါင်းအိုးကို ညွှန်ပြလိုက်လေသည်။
ရှဲ့ဝူရှင်း၏ မျက်လုံးများမှာတောက်ပသွားခဲ့လေသည်။
“အကယ်၍ စီနီယာရှုံးခဲ့မယ်ဆိုရင်တော့”
ရန်ရှောက်ထျန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“စီနီယာ ကျွန်တော့်ဆီမှာ ဆယ်နှစ်ကြာအလုပ်အကျွေးပြုရမယ်”
ရှဲ့ဝူရှင်းက သူ့ကိုဆေးစမ်းသပ်သူအဖြစ်ထားရှိချင်နေသည်မဟုတ်ပါလော။ ဒါဆိုလျှင် သူကလည်း ရှဲ့ဝူရှင်းကို သူ၏လက်ပါးစေအဖြစ်ထားရှိမည် ဖြစ်လေသည်။ လက်ရှိတွင် သူ၏ဘေး၌ တိုက်တန်ဧရာမမိစ္ဆာ ရှိနေသော်လည်း သူ၏အင်အားမှာ အားနည်းနေသေးလေသည်။
ရှဲ့ဝူရှင်းမှာ ရှေးအကျဆုံးသောဆေးနတ်ဘုရားတစ်ဦးဖြစ်ပြီး ဆေးဖော်စပ်မှု အတတ်ပညာ မြင့်မားရုံသာမက သူ၏အစွမ်းမှာလည်း တိုက်တန်ဧရာမမိစ္ဆာထက် မနိမ့်ကျသောအစွမ်းမျိုး ရှိလေ သည်။
အရေးကြီးဆုံးအချက်မှာ ရှဲ့ဝူရှင်းသည် ဝမ်ကျန့်တိုက်ကြီး၏ ဆေးဖော်စပ်သူလောကတွင် အလွန်တရာ ဩဇာတိက္ကမကြီးမားသူဖြစ်လေသည်။ အကယ်၍ရှဲ့ဝူရှင်းသာ သူ၏နောက်သို့ လိုက်ပါမည်ဆိုပါက သူ၏ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ လှုပ်ရှားမှုများမှာများစွာပိုမိုလွယ်ကူ လာပေ လိမ့်မည်။
ရှဲ့ဝူရှင်းသည် ရန်ရှောက်ထျန်းက သူ့အားအလုပ်အကျွေးပြုခိုင်းသည်ကို ကြားလိုက်ရသော အခါ သူ၏မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး အေးစက်သောအကြည့်များဖြင့် တစ်ချက်ကြည့် ကာပြုံးလျက်။
“လူငယ်လေး... မင်းက တကယ်ပဲ သတ္တိရှိတာပဲ” ဟု ပြောလိုက်သည်။
“ကျွန်တော့်မှာ စီနီယာနဲ့ ယှဉ်ပြိုင်ဖို့ သတ္တိရှိမရှိဆိုတာပဲ သိချင်တာပါ”
ရန်ရှောက်ထျန်း၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်လေသည်။
ရှဲ့ဝူရှင်းက အားရပါးရ ရယ်မောလိုက်ပြီး။
“ကောင်းပြီ။ ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ”
ရန်ရှောက်ထျန်းက ခဏမျှ စဉ်းစားလိုက်ပြီး။
“ကျွန်တော်တို့ ပုရှန့်ဆေးလုံးကိုပဲဖော်စပ်ပြီးယှဉ်ကြတာပေါ့။ ဘယ်သူက ပိုပြီး အရည် အသွေးကောင်းတဲ့ ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင်မလဲဆိုတာယှဉ်မယ်။ စီနီယာဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။
ရန်ရှောက်ထျန်းက ပုရှန့်ဆေးလုံးနှင့်ပင် ဆက်လက်ယှဉ်ပြိုင်လိုသည်ကို ကြားလိုက်ရသဖြင့် ရှဲ့ဝူရှင်းက ပြုံးလျက်။
“ကောင်းပြီ။ ဒါပေမဲ့ မင်းရှုံးခဲ့မယ်ဆိုရင် ငါ နဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးကို လိုချင်ရုံတင်မကဘူး၊ မင်းကို ငါ့ရဲ့ ဆေးစမ်းသပ်သူအဖြစ်လည်းထားရှိမယ်နော်”
သူသည် ရန်ရှောက်ထျန်းကိုလက်မလွှတ်လိုသေးပေ။ ရန်ရှောက်ထျန်းက ဤသည်ကို ကြားလိုက်ရသောအခါပြုံးလျက်။
“ကောင်းပြီ” ဟု ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရှဲ့ဝူရှင်းနှင့် ရန်ရှောက်ထျန်းတို့သည် ဝူရှင်းချိုင့်ဝှမ်း၏ အလယ်ရှိ ကွင်းပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြလေသည်။ ရှဲ့ဝူရှင်းက နတ်ဘုရားဆေးပေါင်းအိုးတစ်လုံးကို ထုတ်ယူလိုက်လေသည်၊ ထိုဆေးပေါင်းအိုးမှာ တစ်ကိုယ်လုံးမည်းမှောင်နေပြီး အေးစက်လှသော ချီစွမ်းအားများ ထွက်ပေါ်နေလေသည်။
“ငရဲဘုံ နတ်ဘုရားဆေးပေါင်းအိုးပါလား”
ရှဲ့ဝူရှင်း၏ ဆေးပေါင်းအိုးကိုမြင်လိုက်ရသဖြင့် မုယီကအံ့အားသင့်စွာ အော်ဟစ်လိုက် လေသည်။
ငရဲဘုံ နတ်ဘုရားဆေးပေါင်းအိုးမှာ ရှေးဟောင်းငရဲဘုံနတ်ဘုရားမျိုးနွယ်စု၏ အမြင့်မြတ်ဆုံး ရတနာတစ်ပါး ဖြစ်လေသည်။ ၎င်းမှာနဂါးစိမ်းကောင်းကင်ခရမ်းပြာဆေးပေါင်းအိုးနှင့် မနှိုင်းယှဉ် နိုင်သော်လည်း များစွာ မကွာခြားလှပေ။ ထို့နောက်တွင် ရှဲ့ဝူရှင်းက ပုရှန့်ဆေးလုံး ဖော်စပ်ရန်အတွက် ဆေးဘက်ဝင်ပစ္စည်း ရာပေါင်းများစွာကို ထုတ်ယူလိုက်လေသည်။
သူ ထုတ်ယူလိုက်သော ဆေးဘက်ဝင်ပစ္စည်းများမှာ အလွန်တရာအရည်အသွေး ကောင်းမွန် လှသဖြင့် ရှဲ့ဝူရှင်းအနေဖြင့် ဤယှဉ်ပြိုင်မှုကို အလေးအနက်ထားနေကြောင်း သိသာလှပေသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏စောင့်ကြည့်နေသောအကြည့်များအောက်တွင် ရှဲ့ဝူရှင်းက သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။
“ဘုန်း...”
ဟင်းလင်းပြင်မှာ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့လေသည်။ ကြောက် မက်ဖွယ်ကောင်းသော ချီလှိုင်းများမှာ မုန်တိုင်းအလား ပြန့်နှံ့သွားခဲ့လေသည်။ ၎င်းမှာ လီတာလေးရာ အထိ တိုက်ရိုက်ဖုံးလွှမ်းသွားခဲ့လေသည်။
ဒါက ရှဲ့ဝူရှင်း၏ အလွန်တရာသန်မာလှသော ဝိညာဉ်စွမ်းအားဖြစ်လေသည်။ သာမန် ဆေးနတ်ဘုရားတစ်ဦး၏ ဝိညာဉ်စွမ်းအားမှာ လီတာနှစ်ရာအထိသာ ဖုံးလွှမ်းနိုင်သော်လည်း ရှဲ့ဝူရှင်း၏ ဝိညာဉ်စွမ်းအားမှာ လီတာလေးရာအထိဖုံးလွှမ်းနိုင်ခြင်းဖြစ်လေသည်။ မုယီနှင့် တိုက်တန် ဧရာမမိစ္ဆာတို့သည် ရှဲ့ဝူရှင်း၏ ဝိညာဉ်စွမ်းအား လီတာလေးရာအထိ ဖုံးလွှမ်းသွားသည်ကို မြင်သော အခါ မျက်နှာများပျက်သွားခဲ့ကြလေသည်။
ဝိညာဉ်စွမ်းအား လီတာလေးရာအထိဖုံးလွှမ်းနိုင်ခြင်းမှာ ဘာကိုဆိုလိုသလဲဆိုသည်ကို မုယီနှင့် တိုက်တန်ဧရာမမိစ္ဆာတို့ ကောင်းစွာနားလည်ကြလေသည်။ ရန်ရှောက်ထျန်းမှာမူ အလွန် အမင်းအံ့အားသင့်ခြင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် ရှဲ့ဝူရှင်းမှာဝမ်ကျန့်တိုက်ကြီး၏ ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်ရာ သူ၏ဝိညာဉ်စွမ်းအားက လီတာလေးရာအထိ ရှိနေခြင်းမှာ ပုံမှန်ပင်ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် ရှဲ့ဝူရှင်း၏ တစ်ကိုယ်လုံးမှနတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာ ပြီး သူ၏ကိုယ်အတွင်းမှနတ်ဘုရားမီးလျှံမီးတောက်တစ်ခု ပျံထွက်လာခဲ့လေသည်။ ထိုနတ်ဘုရားမီး လျှံမီးတောက်ပေါ်လာသောအခါ ရန်ရှောက်ထျန်း၏ထူးဆန်းသောမီးတောက်လေးခုမှာ လေပြင်း ထဲမှ ဖယောင်းတိုင်မီးများအလား ငြိမ်းသေလုမတတ်ဖြစ်သွားခဲ့ရလေသည်။
“သုညကမ္ဘာ နတ်ဘုရားမီးလျှံမီးတောက်ပါလား”
မုယီနှင့် တိုက်တန်ဧရာမမိစ္ဆာတို့သည် ရှဲ့ဝူရှင်း၏နတ်ဘုရားမီးလျှံမီးတောက်ကို မြင်လိုက်ရသဖြင့် အကြီးအကျယ်ထိတ်လန့်သွားခဲ့ကြလေသည်။
တိုက်တန်ဧရာမမိစ္ဆာပင်လျှင် ရှဲ့ဝူရှင်းကနတ်ဘုရားမီးလျှံမီးတောက်ကိုထိန်းချုပ်ထား နိုင် လိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူသည်ရှဲ့ဝူရှင်းနှင့်သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း ရှဲ့ဝူရှင်းနတ်ဘုရားမီးလျှံမီးတောက်ကိုအသုံးပြုသည်ကို ယခုမှပထမဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။
“အို... သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်လား”
ရန်ရှောက်ထျန်းကမူ ရှဲ့ဝူရှင်း၏နတ်ဘုရားမီးလျှံကို စိတ်ဝင်တစားကြည့်လိုက်လေသည်။
သုညကမ္ဘာ နတ်ဘုရားမီးလျှံမှာ နတ်ဘုရားမီးလျှံတစ်ခုဖြစ်သော်လည်း နတ်ဘုရားမီးလျှံ မီးတောက်အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးနားတွင်သာရှိပြီး သူ၏မိုးကြိုးဘေးဒုက္ခနတ်ဘုရား မီးလျှံမီးတောက်ထက် များစွာအစွမ်းနိမ့်ကျလှပေသည်။
ရှဲ့ဝူရှင်း၏ သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်မှာ ကျင့်ကြံမှုမှတစ်ဆင့်ရရှိထားသော အရာဖြစ်ကြောင်း သူသိလိုက်လေသည်။ နတ်ဘုရားခန္ဓာကိုယ်များတွင် ပင်ကိုယ်ပါလာခြင်းနှင့် ကျင့်ကြံမှုမှရရှိခြင်းဟူ၍ရှိသကဲ့သို့ နတ်ဘုရားမီးလျှံမီးတောက်များတွင်လည်း ပင်ကိုယ်ပါလာခြင်း နှင့် ကျင့်ကြံမှုမှရရှိခြင်းဟူ၍ရှိလေသည်။
ယေဘုယျအားဖြင့် ကျင့်ကြံမှုမှရရှိသောနတ်ဘုရားမီးလျှံမီးတောက်များကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူသော်လည်း ၎င်းတို့၏စွမ်းအားမှာမူ ပင်ကိုယ်ပါလာသောနတ်ဘုရားမီးလျှံမီးတောက် များထက် အနည်းငယ်အစွမ်းနိမ့်ကျတတ်လေသည်။
ရှဲ့ဝူရှင်း၏ ထိန်းချုပ်မှုအောက်တွင် ကမ္ဘာမြေမီးလျှံများမှာဟိန်းဟောက်လာခဲ့ပြီး မြေပြင် ပေါ်ရှိ ဆေးဘက်ဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု စုပ်ယူလိုက်လေသည်။ သူသည် သူ၏လက်များ ကို အဆက်မပြတ်ဝှေ့ယမ်းလိုက်ရာ ‘နေနှင့်လအတူတကွတောက်ပခြင်း’ အတတ်ပညာကို အသုံးပြုလိုက်လေသည်၊ ၎င်းမှာ အကြီးမြတ်ဆုံး ဆေးဖော်စပ်မှု အတတ်ပညာ တစ်ဆယ်ထဲမှ တစ်ခု ဖြစ်လေသည်။
သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်၊ ငရဲဘုံနတ်ဘုရားဆေးပေါင်းအိုးနှင့် ရှဲ့ဝူရှင်း၏ အံ့ဩဖွယ်ကောင်းသောဝိညာဉ်စွမ်းအားတို့၏ထိန်းချုပ်မှုအောက်တွင် မကြာမီမှာပင်ဆေးရနံ့များ မှာ ပိုမိုပြင်းထန်လာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတွင်ဘေးဒုက္ခမိုးကြိုးတိမ်တိုက်များ ပေါ်ပေါက်လာခဲ့ လေသည်။
“ဘေးဒုက္ခ မိုးကြိုးပါလား”
မုယီက ကောင်းကင်ယံရှိမိုးကြိုးတိမ်တိုက်များကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်လေသည်။ ဘေးဒုက္ခမိုးကြိုးများ ပေါ်ပေါက်လာခြင်းမှာ ရှဲ့ဝူရှင်း ဖော်စပ်နေသော ဆေးလုံးမှာ ဟဲဗန်အဆင့်ဆေးလုံးတစ်လုံးဖြစ်လာတော့မည်ကိုဆိုလိုခြင်းဖြစ်လေသည်။
ဟဲဗန်အဆင့် ဆိုသည်မှာ ပြိုင်ဘက်ကင်းအဆင့်ထက်ပင်ပိုမိုမြင့်မားသောအဆင့် ဖြစ်လေ သည်။
***