“အချိန်သဲပွင့်လား”
ရန်ရှောက်ထျန်းက အချိန်သဲပွင့်အကြောင်းရုတ်တရက်မေးလိုက်သဖြင့် ရှဲ့ဝူရှင်းအံ့အား သင့်သွားပြီးနောက် ခါးသီးစွာပြုံးလျက်။
“သခင်လေး... ကျွန်တော့်ဆီမှာအချိန်သဲပွင့်ရှိပါတယ်၊ ဒါပေမဲ့သိပ်မများပါဘူး၊ လက်တစ် ဆုပ်စာလောက်ပဲရှိတာပါ” ဟု ပြောရင်းရွှေရောင်အိတ်ကလေးတစ်လုံးကို ထုတ်ယူလိုက်လေ သည်။
သူ ရွှေရောင်အိတ်ကလေးကို ဖွင့်လိုက်သောအခါ အချိန်သဲပွင့်အနည်းငယ်သာ ပျံထွက်လာ ခဲ့လေသည်။ ရှဲ့ဝူရှင်းပြောခဲ့သလိုပင် ၎င်းမှာလက်မအရွယ်ခန့်သာရှိသော လက်တစ်ဆုပ်စာမျှသာ ဖြစ်လေသည်။ ဤမျှနည်းပါးလှသော အချိန်သဲပွင့်မှာရန်ရှောက်ထျန်း၏ထာဝရနတ်ဘုရား ခန္ဓာ ကိုယ် ဖောက်ထွက်နိုင်ရန်အတွက် များစွာလိုအပ်နေသေးလေသည်။
ဤအချိန်တွင် ဘေး၌ရှိနေသောမုယီကရှေ့သို့လှမ်းလာပြီး ရန်ရှောက်ထျန်း၏ရှေ့တွင် ဦးညွှတ်ဂါရဝပြုကာ လက်ဖဝါးချင်းယှက်လျက် ပြောလိုက်သည်။
“သခင်လေး... ကျွန်တော်တို့ မုမိသားစုရဲ့ ဘဏ္ဍာတိုက်ထဲမှာလည်း အချိန်သဲပွင့် အနည်းငယ် ရှိပါတယ်”
ရန်ရှောက်ထျန်း ဤစကားကို ကြားလိုက်ရသဖြင့် ဝမ်းသာသွားပြီး။
“အကယ်၍ မုမိသားစုခေါင်းဆောင်က ပေးကမ်းချင်တယ်ဆိုရင်တော့ ကျွန်တော် တစ်ခုခုနဲ့ ပြန်လဲပေးချင်ပါတယ်။ မုမိသားစုခေါင်းဆောင် ဘာလိုအပ်သလဲဆိုတာ မေးလို့ရမလား”
မုယီကမူ သူ၏လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းကာ ပြုံးလျက်။
“ဒါက အချိန်သဲပွင့် အနည်းငယ်ပဲလေ၊ တန်ဖိုးရှိလှတာ မဟုတ်ပါဘူး၊ သခင်လေး စိတ်ထဲ မထားပါနဲ့” ဟု ပြောပြီးနောက် ခဏမျှ တုံ့ဆိုင်းကာ။
“ဒါပေမဲ့ ကျွန်တော်တို့ မုမိသားစု ဘဏ္ဍာတိုက်ထဲမှာ ရှိတဲ့ အချိန်သဲပွင့်ကလည်း သိပ်တော့ မများလှပါဘူး၊ ဒါရဲ့ နှစ်ဆလောက်ပဲ ရှိတာပါ”
သူက သူတို့ရှေ့ရှိ အချိန်သဲပွင့်ကိုညွှန်ပြကာ ပြောလိုက်ခြင်း ဖြစ်လေသည်။ ရန်ရှောက်ထျန်း ဆွံ့အသွားခဲ့လေသည်။ အကယ်၍ထိုသို့ဆိုလျှင်လည်း သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန်အတွက် များစွာ လိုအပ်နေဦးမည် ဖြစ်လေသည်။
“အမြင့်မြတ်ဆုံး ဧကရာဇ်မျိုးနွယ်စုဆီမှာတော့ အချိန်သဲပွင့်တော်တော်များများ ရှိတယ်လို့ ကျွန်တော် သိထားပါတယ်”
မုယီက စဉ်းစားရင်း ပြောလိုက်သည်။
“ကျွန်တော်တို့ မုမိသားစုက ဖန့်မိသားစုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အကယ်၍ သခင်လေး လိုအပ်တယ်ဆိုရင် ကျွန်တော်အမြင့်မြတ်ဆုံး ဧကရာဇ်နဲ့ သွားတွေ့တဲ့အခါ သူတို့ဆီကနေ အချို့ကို ရနိုင်မလားဆိုတာ စမ်းကြည့်ပေးပါ့မယ်”
အမြင့်မြတ်ဆုံး ဧကရာဇ်မျိုးနွယ်စုဆီမှာရှိတာလား။ ရန်ရှောက်ထျန်း ဝမ်းသာသွားပြီး လက်ဖ ဝါးချင်းယှက်ကာ။
“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် မုမိသားစုခေါင်းဆောင်”
မုယီကမူ လက်ဝှေ့ယမ်းကာ ပြုံးလျက်။
“သခင်လေးကို ကူညီနိုင်တာကကျွန်တော်တို့ မုမိသားစုအတွက် ဂုဏ်ယူစရာပါ
ရန်ရှောက်ထျန်းက သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုပြသပြီး ရှဲ့ဝူရှင်းကို နိမ်နင်းပြီး နောက်တွင် မုယီသည်ရန်ရှောက်ထျန်းနှင့်စိတ်ရင်းမှန်ဖြင့်မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ် ကြောင်း သိသာလှပေသည်။
မုယီက ဆက်ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်နောက်မှ အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံကိုပြန်ပြီးတော့ သခင်လေး ဆီကို အချိန်သဲပွင့်တွေပို့ပေးခိုင်းလိုက်ပါ့မယ်။ အဲဒီအချိန်ကျရင်ကျွန်တော် အမြင့်မြတ်ဆုံးဧကရာဇ် နဲ့ သွားတွေ့ပြီးတော့ ဧကရာဇ်ကအချိန်သဲပွင့်တွေကို ပေးချင်ရဲ့လားဆိုတာ မေးကြည့်ပေးပါ့မယ်”
ရန်ရှောက်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီး။
“ခရီးက ဝေးပါတယ်။ တစ်စုံတစ်ယောက်ကို အချိန်သဲပွင့်ပို့ခိုင်းဖို့ဆိုတာက အရမ်းကို အလုပ်ရှုပ်လွန်းပါတယ်။ ဒီလိုလုပ်ကြတာပေါ့၊ ကျွန်တော်တို့လည်းဘာမှလုပ်စရာမရှိတာနဲ့ အမြင့် မြတ်ဆုံး ဧကရာဇ်နိုင်ငံကိုတစ်ခေါက်လောက်သွားချင်နေတာပါ။ အတူတူသွားကြတာပေါ့” ဟု ပြောလိုက်သည်။
သူသည် သူ၏ဆရာဘိုးဘေး ဟုန်ဖုန်းနတ်ဘုရားအရှင်သခင်၏မှတ်တမ်းများကို ဖတ်ဖူးခဲ့ လေသည်။ ယခင်ကသူ၏ဆရာဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင်သခင်သည် အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံတွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံ၌ တစ်ခုခု ချန်ထားခဲ့ လေသည်။ ၎င်းကဘာလဲဆိုသည်ကိုမူ သူ မပြောခဲ့ပေ။ သူသည် ၎င်းကို သွားရောက်ရှာဖွေချင်နေခြင်း ဖြစ်လေသည်။
ထို့ပြင် အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နံပါတ်တစ် ဧကရာဇ်နိုင်ငံ ဖြစ်လေရာ သူသည်အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံကိုလည်း မြင်တွေ့ချင်နေမိလေသည်။
မုယီသည် ရန်ရှောက်ထျန်းက သူနှင့်အတူအမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံသို့ လိုက်ပါမည်ဟု ကြားလိုက်ရသဖြင့် အလွန်တရာ ဝမ်းသာသွားပြီး လက်ဖဝါးချင်းယှက်ကာ။
“ကောင်းပါပြီ။ သခင်လေးက ကျွန်တော်တို့နဲ့အတူ အမြင့်မြတ်ဆုံးဧကရာဇ်နိုင်ငံကို လိုက်လာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့”
ရန်ရှောက်ထျန်းက မုယီကို ကြည့်ကာ။
“မုမိသားစုခေါင်းဆောင်... ကျွန်တော့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ခင်ဗျား သိသလား” ဟု မေးလိုက်သည်။ မုယီ မှင်တက်သွားခဲ့လေသည်။
“ကျွန်တော် ခင်ဗျားကိုမဖုံးကွယ်ပါဘူး၊ တကယ်တော့ထုန်းထျန်းနတ်ဘုရားဂိုဏ်းက အခု ကျွန်တော့်ကိုဆုကြေးထုတ်ထားတာပါ”
ရန်ရှောက်ထျန်းက ပြောလိုက်သည်။ မုယီ အံ့အားသင့်သွားခဲ့လေသည်။
ဤအခိုက်အတန့်တွင် ရန်ရှောက်ထျန်းက ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို အသက်သွင်းလိုက် လေသည်။ ချက်ချင်းဆိုသလိုပင်ဟွန်ချွမ်ချီစွမ်းအားများမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး ဝူရှင်းချိုင့် ဝှမ်းမှာ ဟွန်ချွမ်ငရဲဘုံအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
“ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ပါလား” မုယီ ထိတ်လန့်သွားပြီး။
“ရှင်က ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပဲ” ဟု အော်ဟစ်လိုက်လေသည်။
မုယီသည် မကြာသေးမီကမှ နာမည်ကျော်ကြားနေသော ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူ အကြောင်းကိုလည်း ကြားထားခဲ့လေသည်။ ထိုဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူ၏ အမည်ကို မည်သူမျှ မသိကြသလို၊ သူ၏ဇာစ်မြစ်ကိုလည်းမသိကြပေ။
သူတို့ သိထားသည်မှာ သူသည်ဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူဖြစ်ပြီး ဘယ်ကမှန်းမသိ ပေါ်ပေါက်လာကာ ကံကြမ္မာနတ်ဘုရားနန်းတော်တွင်ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပြသခဲ့သူဖြစ်ကြောင်းသာ ဖြစ်လေသည်။
နတ်ဘုရားအဆင့် ရွှေအမြုတေနှစ်ခု၊ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာသုံးခု။ သူသည် ကံကြမ္မာနတ်ဘုရားတောင်တန်း၏အထွတ်အထိပ်သို့ပင် တက်လှမ်းနိုင်ခဲ့သူ ဖြစ်လေသည်။ အချို့က မူ ဤသူသည်ကံကြမ္မာ၏သားတော်ဖြစ်သည်ဟုပင် ပြောဆိုနေကြလေသည်။ မုယီသည် အံ့အားသင့် သွားပြီးနောက် ဦးညွှတ်ဂါရဝပြုကာ။
“ဒါဆို သခင်လေးကကံကြမ္မာရဲ့သားတော်ပေါ့” ဟု ပြောပြီးနောက် ရိုသေစွာဖြင့် ဆက်ပြောလိုက်သည်။
“သခင်လေး... စိတ်မပူပါနဲ့၊ တခြားသူတွေကထုန်းထျန်းနတ်ဘုရားဂိုဏ်းကို ကြောက်ကြ ပေမဲ့ ကျွန်တော်တို့မုမိသားစုကတော့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို မျက်နှာချိုသွေးဖို့ အထိတော့ မလုပ်ပါဘူး”
မုမိသားစုမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ရှေးအကျဆုံးနှင့်အစွမ်းအထက်ဆုံးသော မိသားစု များထဲမှ တစ်ခုဖြစ်လေသည်။ ထုန်းထျန်းနတ်ဘုရားဂိုဏ်းထက်အားနည်းသော်လည်း များစွာ မကွာခြားလှပေ။ မုမိသားစုဘိုးဘေးမှာလည်း ဝမ်ကျန့်တိုက်ကြီး၏ အကြီးမြတ်ဆုံး ဓားနတ်ဘုရား တစ်ဆယ်ထဲမှ တစ်ဦး ဖြစ်လေသည်။ ၎င်းမှာ မုယီ၏ ယုံကြည်မှု ဇာစ်မြစ်ပင် ဖြစ်လေသည်။
“ကောင်းပြီ”
ရန်ရှောက်ထျန်းက ခေါင်းငြိမ့်ပြကာ ပြုံးလျက်။
“ဒါဆိုရင် ကျွန်တော်တို့ မကြာခင်မှာပဲ ခရီးစကြတာပေါ့”
ဘာပဲဖြစ်ဖြစ် သူသည်လမ်းခရီးတွင်လည်းကျင့်ကြံနိုင်သည်ဖြစ်ရာ ဝူရှင်းချိုင့်ဝှမ်းတွင် ဆက်နေရန် မလိုအပ်တော့ပေ။ မုယီဤတစ်ကြိမ်လာရောက်ရသည့် ရည်ရွယ်ချက်မှာလည်း ရှဲ့ဝူရှင်း ဆီမှ ဆေးလုံးများတောင်းခံရန်ဖြစ်လေသည်။ ရန်ရှောက်ထျန်း၏ဆက်ဆံရေးကြောင့် ရှဲ့ဝူရှင်းက မုယီအားဆေးလုံးများကို အလွယ်တကူပေးလိုက်လေသည်။
ထို့ကြောင့် မုယီဆေးလုံးများအောင်မြင်စွာရရှိပြီးနောက် လူတိုင်းမှာ အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံဆီသို့ ထွက်ခွာခဲ့ကြလေသည်။
ရှဲ့ဝူရှင်းက သူ၏တပည့်လော်ရှင်းအားဝူရှင်းချိုင့်ဝှမ်းကို စောင့်ရှောက်ခိုင်းခဲ့ပြီး သူကိုယ်တိုင် မှာမူ ရန်ရှောက်ထျန်း၏နောက်သို့လိုက်ကာ ဝူရှင်းချိုင့်ဝှမ်းမှထွက်ခွာလာခဲ့လေသည်။ ဝူရှင်းချိုင့် ဝှမ်းမှ လမ်းလျှောက်ထွက်လာရင်းပြင်ပရှိနေရောင်ခြည်ကိုကြည့်ကာ သူ၏စိတ်ထဲတွင် ခံစားချက် များစွာ ဖြစ်ပေါ်နေခဲ့လေသည်။ သူ မသိလိုက်ဘဲနှင့် ဝူရှင်းချိုင့်ဝှမ်းအတွင်း၌နေထိုင်ခဲ့သည် မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ချိုင့်ဝှမ်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသောမုမိသားစု စိန့်အမျိုးသမီးမုဝမ်ချင်းသည် မုယီ ထွက်လာသည်ကိုမြင်သောအခါ ကျန်ရှိသောမုမိသားစုဝင်များနှင့်အတူ ကြိုဆိုရန်သွားခဲ့ကြလေ သည်။
“အဖေ... ဘယ်လိုလဲ”
မုဝမ်ချင်းက စိုးရိမ်တကြီး မေးလိုက်လေသည်။
မုယီက ခေါင်းငြိမ့်ပြကာ ပြုံးလျက်။
“ငါ ‘ကောင်းကင်နေမင်း’ ဆေးလုံးကို ရခဲ့ပြီ” ဟု ပြောလိုက်သည်။
မုဝမ်ချင်းနှင့် မုမိသားစုဝင်များအားလုံး အလွန်တရာဝမ်းသာသွားကြတော့သည်။
“ငါတို့ အခုဧကရာဇ်မြို့တော်ကို ပြန်ကြမယ်”
မုယီက ပြုံးလျက်ပြောလိုက်ပြီးနောက် ရန်ရှောက်ထျန်း၊ တိုက်တန်ဧရာမမိစ္ဆာနှင့် ရှဲ့ဝူရှင်း တို့ကိုလှည့်ကြည့်ကာ ရိုသေစွာဖြင့် မေးလိုက်သည်။
“သခင်လေး... စီနီယာနှစ်ယောက်... ကျွန်တော်တို့ မုမိသားစုရဲ့သင်္ဘောနဲ့ပဲ လိုက်မလား ဒါမှမဟုတ်...”
“ဒါဆိုရင်လည်း မုမိသားစုရဲ့ သင်္ဘောနဲ့ပဲသွားကြတာပေါ့”
ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်လေသည်။
မုယီက သင်္ဘောကိုအမြန်ထုတ်ယူလိုက်ပြီး ရန်ရှောက်ထျန်းနှင့် စီနီယာနှစ်ယောက်ကို အရင်ဆုံးတက်ခိုင်းပြီးမှ သူနှင့်ကျန်ရှိသောမုမိသားစုဝင်များ တက်ရောက်ခဲ့ကြလေသည်။ မုမိသား စုမှပညာရှင်များမှာ သူတို့၏မိသားစုခေါင်းဆောင်က ရန်ရှောက်ထျန်းနှင့် စီနီယာ နှစ်ယောက်အပေါ် ဤမျှအထိ ရိုသေလေးစားနေသည်ကို မြင်သောအခါ အံ့အားသင့်ကာ ဇဝေဇဝါ ဖြစ်နေကြလေသည်။
သူတို့အားလုံး ရန်ရှောက်ထျန်းနှင့် တိုက်တန်ဧရာမမိစ္ဆာကို မြင်တွေ့ခဲ့ကြပြီးပြီ ဖြစ်လေသည်၊ သူတို့သည်လည်း ဝူရှင်းဆေးနတ်ဘုရားနှင့်တွေ့ဆုံရန် လာရောက်သူများဖြစ်သော်လည်း ဤလူငယ် လေးနှင့် ဤလူသန်ကြီးမှာမည်သူဖြစ်၍ သူတို့၏မိသားစုခေါင်းဆောင်က ဤမျှအထိ ရိုသေနေရ သနည်း။
ထို့ပြင် အရောင်အသွေးစုံလင်သော အဝတ်အစားများကိုဝတ်ဆင်ထားသည့် ဤအဘိုးကြီး ကရော ဘယ်သူလဲ။ ရှဲ့ဝူရှင်းမှာ ဝူရှင်းချိုင့်ဝှမ်းမှ မထွက်ခွာသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မုဝမ်ချင်းနှင့် မုမိသားစုဝင်များမှာ ရှဲ့ဝူရှင်းကို မမှတ်မိကြပေ။
ရှဲ့ဝူရှင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ဆေးနတ်ဘုရားလေးဦးထဲမှ တစ်ဦးဖြစ်သော်လည်း ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ လူနည်းစုသာလျှင် သူ့ကိုမြင်ဖူးကြလေသည်။ မုဝမ်ချင်းကို မဆိုထားနှင့်၊ အထူးဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်အများအပြားပင်လျှင် ရှဲ့ဝူရှင်းကို မြင်ဖူးခဲလှပေသည်။
ထိုညတွင်။ ရန်ရှောက်ထျန်းသည် မုယီစီစဉ်ပေးထားသော နန်းတော်အတွင်း၌ အချိန်သဲ ပွင့်များကို စတင်သန့်စင်လေသည်။ ရှဲ့ဝူရှင်း၏အချိန်သဲပွင့်မှာသိပ်မများသော်လည်း အနည်းငယ် တိုးတက်မှုကိုမူ ပေးစွမ်းနိုင်လေသည်။ နတ်ဘုရားဆေးအနည်အနှစ်များအတွက်မူ သူသည် တစ်ဝက် ကို သေမင်းနတ်ဘုရားသစ်ပင်အား ဝါးမြိုခိုင်းလိုက်ပြီး ကျန်တစ်ဝက်ကို ကံကြမ္မာနတ်ဘုရား သစ်ပင်အား ဝါးမြိုခိုင်းလိုက်လေသည်။
ရန်ရှောက်ထျန်း အချိန်သဲပွင့်များကို သန့်စင်နေစဉ်မှာပင် မုဝမ်ချင်းသည် မုယီ၏ နန်းတော်သို့ လာရောက်ပြီး မေးလိုက်လေသည်။
“အဖေ... ဒီနေ့ချိုင့်ဝှမ်းအပြင်ဘက်မှာ ကျွန်မတို့ဒုတိယအဆင့် ဘေးဒုက္ခမိုးကြိုးကို မြင်ခဲ့ရ တယ်။ စီနီယာဝူရှင်းဆေးနတ်ဘုရားက ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ဆေးလုံးကို ဖော်စပ်ခဲ့တာလား”
သူမသည် တစ်နေကုန် ဤမေးခွန်းကို မေးချင်နေခဲ့ခြင်း ဖြစ်လေသည်။
“ဒါ့အပြင် ကျွန်မတို့နတ်ဘုရားမီးလျှံမီးတောက်ရဲ့စွမ်းအားကိုလည်း ခံစားခဲ့ရတယ်၊ တစ်မျိုး တည်းလည်းမဟုတ်ဘူး။ စီနီယာဝူရှင်းဆေးနတ်ဘုရားက နတ်ဘုရားမီးလျှံမီးတောက် အများ ကြီးကို ထိန်းချုပ်ထားနိုင်တာလား”
မုဝမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ထပ်မံမေးမြန်းလိုက်လေသည်။
မုယီသည် သူ၏သမီး၏ မေးခွန်းများကို သိသော်လည်း ခေါင်းခါပြကာ။
“ဒီကိစ္စတွေကို မမေးပါနဲ့။ ဒါ့အပြင် ဒီနေ့ဝူရှင်းချိုင့်ဝှမ်းအပြင်ဘက်မှာ မြင်ခဲ့သမျှ အရာအား လုံးကို ပြင်ပလူတွေကို မပြောပါနဲ့”
သူက လေသံကို တင်းမာလိုက်ပြီး။
“နားလည်လား” ဟု မေးလိုက်သည်။
မုဝမ်ချင်းသည် သူမ၏ဖခင်၏လေးနက်သောအမူအရာကိုမြင်သောအခါ နောက်ဆုံးတွင် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မေးလိုက်လေသည်။
“ကျွန်မတို့နဲ့ လိုက်လာတဲ့ အဲဒီလူငယ်က ဘယ်သူလဲ”
သူမ၏ဖခင်မှာ မုမိသားစုခေါင်းဆောင်ဖြစ်ပါလျက်နှင့် လူငယ်တစ်ဦးအပေါ် ဤမျှအထိ ရိုသေလေးစားသည်ကို သူမတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
***