ဟွန်ချွမ်တစ္ဆေဘုရင်၏ အကြည့်များမှာရန်ရှောက်ထျန်းဆီသို့ ကျရောက်သွားသောအခါ ရန်ရှောက်ထျန်းသည် သေမင်းနတ်ဘုရား၏အကြည့်ကိုခံနေရသလိုမျိုး ခံစားလိုက်ရလေသည်။ အေးစက်လှသော ခံစားချက်တစ်ခုမှာ သူ၏တစ်ကိုယ်လုံးသို့ပြန့်နှံ့သွားခဲ့လေသည်။ သူ၏ဝိညာဉ် ပင်လျှင် အေးခဲသွားသလိုမျိုးခံစားလိုက်ရလေသည်။ ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံး တင်းမာသွား ခဲ့လေသည်။
သို့သော်လည်း ဟွန်ချွမ်တစ္ဆေဘုရင်၏အကြည့်များမှာ ရန်ရှောက်ထျန်း၏လက်ချောင်းမှ ဟွန်ချွမ်လက်စွပ်ဆီသို့ ကျရောက်သွားသောအခါ သူ၏သေမင်းနတ်ဘုရားကဲ့သို့သော မျက်လုံးများ မှာ ချက်ချင်းဆိုသလိုနူးညံ့သွားခဲ့လေသည်။ သူသည်ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ထာဝရ ကောင်းကင်ခေါင်းတလားအတွင်းမှခုန်ထွက်လာခဲ့ကာ ရန်ရှောက်ထျန်းအား ရိုသေစွာဖြင့်ဦးညွှတ် လိုက်ပြီး။
“ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်၊ ကျွန်တော်မျိုးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင် ပါတယ်” ဟု ပြောလိုက်လေသည်။
သူသည် ဟွန်ချွမ်တစ္ဆေဘုရင်ဖြစ်သော်လည်း ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ရန်ရှောက်ထျန်းအား ရိုသေစွာ ဂါရဝပြုရမည် ဖြစ်လေသည်။
“စီနီယာ... အရမ်းလည်းယဉ်ကျေးမနေပါနဲ့၊ ဒါက ကျွန်တော့်ရဲ့ တာဝန်ပါပဲ”
ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်ပြီး။
“စီနီယာ... ဘယ်လိုနေသေးလဲ” ဟု မေးလိုက်သည်။
ဟွန်ချွမ်တစ္ဆေဘုရင်က။
“ကျွန်တော်မျိုး အဲဒီဓားချီကိုလုံးဝနှိမ်နင်းလိုက်နိုင်ပါပြီ၊ ဒါပေမဲ့ ၎င်းကို လုံးဝဖယ်ရှားပစ် ဖို့အတွက်ကတော့ နောက်ထပ်တစ်လလောက်တော့ ကြာဦးမှာပါ” ဟု ပြောလိုက်လေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်က တစ်လခန့်ကြာဦးမည်ဟုပြောသည်ကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း ခဏမျှစဉ်းစားလိုက်ပြီးနောက် ဟွန်ချွမ်တစ္ဆေဘုရင်အား ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန် အဆင့် ပြန်လည်ဝင်စားခြင်းဆေးလုံး ဆယ်လုံးပေးလိုက်လေသည်။
“ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် ပြန်လည်ဝင်စားခြင်းဆေးလုံးပါလား”
ဟွန်ချွမ်တစ္ဆေဘုရင်သည် ရန်ရှောက်ထျန်း၏လက်ထဲမှ ဆေးလုံးများကိုမြင်လိုက်ရသော အခါ အံ့အားသင့်သွားခဲ့လေသည်။
ရှေးဟောင်းကာလတွင်ပင် ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်ဆေးလုံးများမှာ ရှားပါးလှပေ သည်။
“ဒီ ဆေးလုံးဆယ်လုံးကိုအရင်မြိုချလိုက်ပါ၊ နောက်ထပ်ရက်အနည်းငယ်ကြာရင် ကျွန်တော် စီနီယာ့ကို ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံးတွေ ထပ်ပေးပါ့မယ်” ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
“ဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့်အသက်ဆေးလုံးလား”
ဟွန်ချွမ်တစ္ဆေဘုရင် ထိတ်လန့်သွားခဲ့လေသည်။
ပြန်လည်ဝင်စားခြင်းဆေးလုံးမှာ ကုသရန်အတွက်ဧကရာဇ်အဆင့် ဆေးလုံးဖြစ်ပြီး အသက် ဆေးလုံးမှာမူ ကုသရန်အတွက်စိန့်အဆင့် ဆေးလုံး ဖြစ်လေသည်။ ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် အသက်ဆေးလုံးမှာ မည်မျှအထိ တန်ဖိုးရှိကြောင်း သူ ကောင်းစွာ သိလေသည်။
အကယ်၍ သူသာဘေးဒုက္ခနှစ်မျိုးပါဟဲဗန်အဆင့် အသက်ဆေးလုံးကို ရရှိမည်ဆိုပါက သူ၏အတွင်းမှ ကျန်ရှိနေသောဓားချီများကို တစ်လမဆိုထားနှင့်၊ နှစ်ရက်အတွင်းမှာပင် ဖယ်ရှားပစ်နိုင်မည် ဖြစ်လေသည်။
သို့သော်လည်း သူ နားမလည်နိုင်သည်မှာ သူတို့၏ဂိုဏ်းချုပ်က ရက်အနည်းငယ်အတွင်းမှာ ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့်အသက်ဆေးလုံးကို မည်သို့ရရှိမည်နည်းဟူသည့် အချက်ပင် ဖြစ်လေသည်။ နောက်ရက်အနည်းငယ်အတွင်းမှာ ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် အသက်ဆေးလုံး လေလံပွဲ ရှိနေလို့လား။
“ဂိုဏ်းချုပ်... ကျွန်တော်မျိုးတို့ဧကရာဇ်မြို့တော်ကို ရောက်တော့မှာပါ”
ဤအချိန်တွင် အပြင်ဘက်မှ တိုက်တန်ဧရာမမိစ္ဆာ၏ အသံထွက်ပေါ်လာခဲ့လေသည်။
“သိပြီ”
ရန်ရှောက်ထျန်းက ပြန်လည်ဖြေကြားလိုက်ပြီး ထာဝရကောင်းကင်ခေါင်းတလားကို သိမ်းဆည်းလိုက်ကာ ဟွန်ချွမ်တစ္ဆေဘုရင်နှင့်အတူ လမ်းလျှောက်ထွက်လာခဲ့လေသည်။
တံခါးပွင့်သွားသောအခါ တိုက်တန်ဧရာမမိစ္ဆာသည် ရန်ရှောက်ထျန်းနှင့်အတူ ဖြူဖျော့ပြီး ပိန်လှီကာ ဖျားနာနေပုံရသော အဘိုးကြီးတစ်ဦးလမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ဘေးတွင် ဤကဲ့သို့သော ဖျားနာနေပုံရသည့်အဘိုးကြီးတစ်ဦး ရုတ်တ ရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဟွန်ချွမ်တစ္ဆေဘုရင်က မော့ကြည့်လိုက် ပြီး တိုက်တန်ဧရာမမိစ္ဆာကိုတစ်ချက်ကြည့်လိုက်လေသည်။
ထိုအကြည့်တစ်ချက်တည်းကပင် တိုက်တန်ဧရာမမိစ္ဆာအား ရန်ရှောက်ထျန်း ခုနက ခံစားခဲ့ ရသလိုမျိုး အေးစက်လှသော ခံစားချက်ကြီးကို ပေးစွမ်းလိုက်လေသည်။
“တိုက်တန် သွေးမျိုးဆက်လား”
ဟွန်ချွမ်တစ္ဆေဘုရင်၏ အသံမှာ အေးစက်နေပြီး။
“မင်းက ထိုက်ရန်မင်ရဲ့ မျိုးဆက်လား” ဟု မေးလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာ၏ တစ်ကိုယ်လုံးတုန်ယင်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ရန်မင်မှာ သူ၏ဘိုးဘေးအစစ်အမှန်ဖြစ်သောကြောင့်ပင်ဖြစ်လေသည်။ သူသည်ယခင်က ဟွန်ချွမ်ဘိုးဘေး၏လက်အောက်ရှိ အစွမ်းအထက်ဆုံးသောမိစ္ဆာကြီးလေးဦးထဲမှ တစ်ဦး ဖြစ်လေ သည်။
“ဟုတ်ပါတယ် စီနီယာ၊ သူက ကျွန်တော်မျိုးရဲ့ ဘိုးဘေးပါပဲ”
တိုက်တန်ဧရာမမိစ္ဆာ၏ လည်ချောင်းမှာခြောက်ကပ်နေပြီး အမြန်ပင်ပြန်လည်ပြောကြား လိုက်သည်။
“စီနီယာက ဘယ်သူလဲဆိုတာ ကျွန်တော်မျိုး မေးလို့ရမလား”
“မင်း နောက်ကျရင် သိပါလိမ့်မယ်”
ဟွန်ချွမ်တစ္ဆေဘုရင်၏ အသံမှာအလွန်တရာအေးစက်နေဆဲဖြစ်လေသည်၊ သူသည် မူလကပင် ဤသို့အေးစက်သောအမူအရာမျိုးရှိသူဖြစ်ပုံရလေသည်။ မုယီနှင့် ရှဲ့ဝူရှင်းတို့ သည် လည်း ရန်ရှောက်ထျန်း၏ဘေးတွင်ဖျားနာနေပုံရသော ပိန်လှီလှသည့်အဘိုးကြီးတစ်ဦး ပေါ်လာ သဖြင့် အလွန်တရာစပ်စုချင်နေကြလေသည်။
ဟွန်ချွမ်တစ္ဆေဘုရင်က သူတို့နှစ်ဦးကိုစိုက်ကြည့်လိုက်သောအခါ နှစ်ဦးစလုံးမှာတိုက်တန် ဧရာမမိစ္ဆာကဲ့သို့ပင် ငရဲဘုံမှသေမင်းနတ်ဘုရား၏အကြည့်ကိုခံလိုက်ရသလို ခံစားလိုက်ရလေ သည်။ မုယီနှင့် ရှဲ့ဝူရှင်းတို့ နှစ်ဦးစလုံး ကျောချမ်းသွားကြတော့သည်။
“သခင်လေး... ဒါက ဘယ်သူလဲ”
ရှဲ့ဝူရှင်းက မမေးဘဲမနေနိုင်တော့ပေ၊ သို့သော်လည်း သူသည်ဟွန်ချွမ်တစ္ဆေဘုရင်ကို ကြည့်သောအခါ သူ၏မျက်လုံးများမှာ များစွာပိုမိုသတိထားနေခဲ့လေသည်။
ဝမ်ကျန့်တိုက်ကြီး၏ ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦးဖြစ်သည့် ရှဲ့ဝူရှင်းသည် ယေဘုယျ အားဖြင့် အထူးဂိုဏ်းကြီးများမှ ဘိုးဘေးများကသူ့ဆီမှ ဆေးလုံးလာတောင်းသည့်အခါ သူတို့အား မထီမဲ့မြင်ကြည့်တတ်သော်လည်း ယခုမူသူသည် ဟွန်ချွမ်တစ္ဆေဘုရင်ကို တည့်တည့်ပင် မကြည့်ရဲဘဲ ရှိနေတော့သည်။ ရှဲ့ဝူရှင်းမေးသည်ကိုကြားသောအခါ ဟွန်ချွမ်တစ္ဆေဘုရင်က စကားပြောလိုက် သည်။
“ကောင်လေး... မင်းက ငါ ဘယ်သူလဲဆိုတာ သိချင်နေတာလား”
ကောင်လေးလား။ ရှဲ့ဝူရှင်းမှာသူ၏တစ်သက်တွင်ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ခေါ်ဆိုခြင်းကို ခံလိုက်ရခြင်းဖြစ်လေသည်။ သို့သော်လည်း သူ နားမလည်နိုင်သည်မှာ သူသည် မည်သို့မျှ မခံမရပ်နိုင်ဖြစ်ခြင်း မရှိဘဲ အတင်းအကျပ် ပြုံးလျက်။
“စီနီယာ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ ကျွန်တော်က စပ်စုချင်ရုံသက်သက်ပါ” ဟု အမြန်ပြောလိုက်လေသည်။ ဟွန်ချွမ်တစ္ဆေဘုရင်ကမူ ထပ်ပြီးစကားမပြောတော့ပေ။ ထိုအေးစက် လှသော အမူအရာကြောင့် ရှဲ့ဝူရှင်းမှာ အနည်းငယ် အနေရခက်သွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် သင်္ဘောဦးတွင်ရပ်နေပြီး ရှေ့သို့ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားတွင် ခန့်ညားထည်ဝါစွာ ရပ်တည်နေသောဧရာမမြို့ကြီးတစ်မြို့ကို မြင်တွေ့လိုက်ရ လေသည်၊ ၎င်းအတွင်း၌မရေမတွက်နိုင်သော နန်းတော်များရှိနေပြီး လမ်းသွားလမ်းလာများမှာ ပုရွက်ဆိတ်များအလား ရှိနေကြလေသည်၊ မရေမတွက်နိုင်သောဂိုဏ်းများနှင့် မိသားစုများ၏ သင်္ဘောများမှာလည်း ကျိုင်းကောင်များအလား ထိုဧရာမမြို့ကြီးဆီသို့ အဆက်မပြတ် စုစည်းနေကြ လေသည်။ ဤသည်မှာ အမြင့်မြတ်ဆုံး ဧကရာဇ်နိုင်ငံ၏ ဧကရာဇ်မြို့တော်ပင်ဖြစ်လေသည်။
“အမြင့်မြတ်ဆုံး ဧကရာဇ်မြို့တော်ကတော့ဝမ်ကျန့်တိုက်ကြီးပေါ်မှာ နံပါတ်တစ်မြို့ကြီး ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်” ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ဟွန်ချွမ်တစ္ဆေဘုရင်သည်လည်း ရှေ့ရှိ ဧကရာဇ်မြို့တော်ကိုကြည့်ရင်း ရှေးဟောင်းအောက် မေ့မှုများထဲသို့ရောက်ရှိသွားခဲ့လေသည်။ ယခင်ကသူသည်လည်း ဤဧကရာဇ်မြို့တော်သို့ လာရောက်ခဲ့ဖူးလေသည်။ ၎င်းမှာသူဘယ်တော့မှမေ့လိမ့်မည်မဟုတ်သော အမှတ်တရတစ်ခု ဖြစ်လေသည်။
ရှဲ့ဝူရှင်းသည်လည်း ဤဧရာမမြို့ကြီးကိုကြည့်ရင်း ခံစားချက်များစွာ ဖြစ်ပေါ်နေခဲ့လေသည်၊ သူသည် ဤရှေးဟောင်းမြို့ကြီးအတွင်းသို့ ခြေမချခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ သူက မုယီအားရုတ်တရက် ပြောလိုက်သည်။
“ ‘တေလေး’ စီမံခန့်ခွဲနေတဲ့ဆေးခန်းမဆောင်က အခုနောက်ပိုင်းတော်တော်လေး တိုးတက်နေတယ်လို့ ငါ ကြားတယ်”
တေလေးဆိုသည်မှာ အမြင့်မြတ်ဆုံးအင်ပါယာဆေးလုံးခန်းမဆောင်၏ ခန်းမဆောင် အကြီးအကဲ ‘ချန်းနင်တေ’ ကို ဆိုလိုခြင်း ဖြစ်လေသည်။ မုယီသည် ဤသည်ကို ကြားလိုက်ရသဖြင့် မျက်နှာချိုသွေးသော အပြုံးဖြင့်။
“ခန်းမဆောင်အကြီးအကဲချန်းက ဤနှစ်ပေါင်းသောင်းချီအတွင်းမှာ ဆေးခန်းမဆောင်ကို ဦးဆောင်ခဲ့ပြီး ပါရမီရှင်ဆေးပညာရှင်အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြောလိုက်သည်။ ရှဲ့ဝူရှင်းက ခေါင်းငြိမ့်ပြလိုက်ပြီး ခံစားချက်များစွာ ဖြစ်ပေါ်နေခဲ့လေသည်၊ သူသည် ဧကရာဇ်မြို့တော်မှ ထွက်ခွာသွားစဉ်က ချန်းနင်တေမှာ ခန်းမဆောင်အကြီးအကဲ မဖြစ်သေးပေ။
မုမိသားစု သင်္ဘောသည် ဧကရာဇ်မြို့တော်၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ အခြားသော သင်္ဘောများသည် မုမိသားစုသင်္ဘောဖြစ်ကြောင်းမြင်သောအခါ အားလုံးလမ်းဖယ်ပေး လိုက်ကြ လေသည်။
ရန်ရှောက်ထျန်းနှင့် မုမိသားစုဝင်များသည် မြို့အတွင်းသို့တက်စီးကာ ဝင်ရောက်ခဲ့ကြ လေသည်။ မုဝမ်ချင်းသည် ရန်ရှောက်ထျန်း၏ဘေးသို့ သူမ၏အနားတွင် လိုက်ပါလာခဲ့ပြီး။
“သခင်လေးရန်... ဒါက ရှင်ဧကရာဇ်မြို့တော်ကို ပထမဆုံးအကြိမ် လာဖူးတာလား” ဟု မေးလိုက်သည်။ သူမ၏ဖခင်က ဤလူငယ်လေးအား ဆေးဖော်စပ်မှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ပြောခဲ့သော်လည်း သူမ၏နှလုံးသားထဲတွင်မူ ယုံကြည်ခြင်းမရှိသော်လည်း ဤလူငယ်လေးမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှပြီး သူနှင့်အတူလိုက်ပါလာသူများမှာလည်း အလွန်တရာ အစွမ်းထက်ကြသဖြင့် သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို သူမ စပ်စုချင်နေမိခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက။
“ပထမဆုံးအကြိမ်ပါပဲ” ဟု ခပ်တိုးတိုး ဖြေကြားလိုက်လေသည်။ ထို့နောက်တွင် သူတို့နှစ် ဦးမှာ စကားစမြည်ပြောဆိုခဲ့ကြလေသည်။ မုဝမ်ချင်းကရုတ်တရက် စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။
“သခင်လေးက အခု ဘယ်နှပွင့်အဆင့် ဆေးပညာရှင်လဲဆိုတာ မေးလို့ရမလား”
ရန်ရှောက်ထျန်းက မုဝမ်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါးပွင့်အဆင့်ဆေးပညာရှင်စစ်ဆေးမှုကို အောင်မြင်ခဲ့ ပါတယ်” ဟု ပြောလိုက်သည်။ သူသည် နောက်ဆုံးအကြိမ်အဖြစ် ဗုဒ္ဓဇာစ်မြစ်ဧကရာဇ်နိုင်ငံတွင် နှစ်ပွင့်၊ သုံးပွင့်၊ လေးပွင့်နှင့် ငါးပွင့်အဆင့် စစ်ဆေးမှုများကို ဖြေဆိုခဲ့ပြီးနောက်တွင် မည်သည့်ဆေးပညာရှင် စစ်ဆေးမှုကိုမျှ ထပ်မံဖြေဆိုခြင်း မရှိခဲ့သဖြင့် သူသည် ငါးပွင့်အဆင့် ဆေးပညာရှင်သာ ရှိသေးခြင်း ဖြစ်လေသည်။
သို့သော်လည်း သူ အချိန်ရမည်ဆိုပါက နောက်ရက်အနည်းငယ်အတွင်း၌ ဆေးပညာရှင် စစ်ဆေးမှုကို ထပ်မံဖြေဆိုပြီး ခြောက်ပွင့်၊ ခုနစ်ပွင့်နှင့် ရှစ်ပွင့်အဆင့် စစ်ဆေးမှုများကို တစ်ခါတည်း အောင်မြင်အောင် ဖြေဆိုရန် စိတ်ကူးထားလေသည်။
မုဝမ်ချင်းသည် ရန်ရှောက်ထျန်းမှာ ငါးပွင့်အဆင့်ဆေးပညာရှင်သာ ရှိသေးသည်ကို ကြားလိုက်ရသောအခါ သူမ၏မျက်မှောင်များကြုတ်သွားခဲ့လေသည်၊ သူမ၏ဖခင်က ဤလူငယ် လေး၏ဆေးဖော်စပ်မှုအဆင့်မှာ အလွန်တရာမြင့်မားသည်ဟုပြောခဲ့သည် မဟုတ်ပါလော။ ငါးပွင့် အဆင့်ပဲ ရှိတာလား။
မုမိသားစု နေအိမ်သို့ရောက်ရှိသောအခါ မုမိသားစုမှလူတိုင်းကသူတို့ကို လာရောက် ကြိုဆိုကြလေသည်။ မုယီသည်ရန်ရှောက်ထျန်းနှင့် သူ၏နောက်လိုက်များ တည်းခိုရန်အတွက် အကောင်းဆုံးသော နန်းတော်ကိုစီစဉ်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်ပင် မုမိသားစု ဘဏ္ဍာတိုက်သို့ သွားရောက်ကာ ရန်ရှောက်ထျန်းအတွက် အချိန်သဲပွင့်များအားလုံးကို သွားရောက်ယူဆောင် ပေးခဲ့ လေသည်။
ရန်ရှောက်ထျန်းက မုယီအားကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် နန်းတော် အတွင်း၌ အချိန်သဲပွင့်များကို ချက်ချင်း သန့်စင်လေတော့သည်။
ထိုညနေခင်းတွင်။ မုမိသားစု၏ အနက်ရှိုင်းဆုံးသော ဟင်းလင်းပြင်အတွင်း၌ မုမိသားစုဘိုးဘေး ‘မုလင်း’ သည် ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးကို ကိုင်ထားပြီး ကြည့်လေ ကြည့်လေ အံ့အားသင့်ကာ ချီးကျူးလေ ဖြစ်နေခဲ့လေသည်၊ သူသည်လည်း ဤမျှအထိ ပြည့်စုံလှသော ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် စိန့်အဆင့် ဆေးလုံးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ အချိန်အတော်ကြာပြီးနောက်တွင်မူ မုလင်းသည် သူ၏အကြည့်ကို မနည်းလွှဲလိုက်ပြီး မုယီအား ပြုံးလျက် ခေါင်းငြိမ့်ပြကာ။
“မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ” ဟု ပြောလိုက်သည်။
မုယီက တုံ့ဆိုင်းစွာဖြင့်။
“ဒါပေမဲ့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကိစ္စကကော...”
မုလင်းက နှာခေါင်းရှုံ့လိုက်ပြီး။
“ကျောက်ရုန်ကိစ္စလား၊ ငါတို့ မုမိသားစုက သူ့ရဲ့ အလိုကျအတိုင်း လိုက်လုပ်နေဖို့ မလိုပါဘူး” ဟု ပြောပြီးနောက် ဆက်ပြောလိုက်သည်။
“နောက်ရက်အနည်းငယ်အတွင်းမှာ သခင်လေးရန် အချိန်ရမလားဆိုတာကို စီစဉ်ပေးပါ၊ ငါ သူ့ကို တွေ့ချင်တယ်”
***