မုယီသည် ဘိုးဘေးက ရန်ရှောက်ထျန်းအားတွေ့ချင်နေသည်ကို ကြားလိုက်ရသဖြင့် ရိုသေစွာဖြင့် သဘောတူလိုက်လေသည်။ ခဏအကြာတွင် သူသည်ပြန်လည်ထွက်ခွာ လာခဲ့လေ သည်။ နောက်တစ်နေ့ နံနက်စောစောတွင် မုယီသည် အမြင့်မြတ်ဆုံး မဟာဧကရာဇ် ‘ဖန့်ကျန့်’ ဆီသို့ သွားရောက်လည်ပတ်ခဲ့လေသည်။ ဖန့်ကျန့်သည် မုယီက သူ၏ဘဏ္ဍာတိုက်အတွင်းမှ အချိန်သဲပွင့် များကို လိုချင်နေသည်ကို သိလိုက်ရသောအခါ အခက်တွေ့နေပုံရပြီး။
“မုအစ်ကို... ခင်ဗျားမသိလို့ပါ၊ ဘဏ္ဍာတိုက်ထဲက အချိန်သဲပွင့်တွေကို ကျွန်တော်က ဆေးခန်းမဆောင်က ခန်းမဆောင်အကြီးအကဲ ချန်းကို ပေးဖို့ ကတိပေးထားပြီးသားပါ”
“ခန်းမဆောင်အကြီးအကဲ ချန်းက နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော့်ကို ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်နဲ့ လဲလှယ်ပေးမယ်လို့ ပြောထားတာပါ”
မုယီသည် ဤသည်ကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
၎င်းက အမှန်တရားလားဆိုသည်ကို သူ မသိသော်လည်း ဖန့်ကျန့်သည် အချိန်သဲပွင့်များကို ပေးရန် ငြင်းဆန်ချင်နေသည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း သူ မလာခင်ကတည်းက ဖန့်ကျန့်သည် အချိန်သဲပွင့်များကို အလွယ်တကူပေးလိမ့်မည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်း ထားခဲ့လေသည်၊ ဘာပဲဖြစ်ဖြစ် အချိန်သဲပွင့်မှာ မည်မျှအထိ တန်ဖိုးရှိကြောင်း လူတိုင်းသိကြလေ သည်။
သူ မမျှော်လင့်ထားသည်မှာ ဖန့်ကျန့်ကပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်အထိ တောင်းဆိုလိမ့်မည်ဟူသည့်အချက်ပင် ဖြစ်လေသည်။ ပထမ အဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ဆိုသည်မှာ အလွန်တရာ များပြား လှသော ပမာဏ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ပထမအဆင့်ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးများကို ဖော်စပ်ရန်မှာ မလွယ်ကူလှပေ၊ သုညကမ္ဘာနတ်ဘုရားမီးလျှံမီးတောက်ကို ထိန်းချုပ်ထားသော ရှဲ့ဝူရှင်းပင်လျှင် အကြိမ်တိုင်း အောင်မြင်မည်ဟု အာမမခံနိုင်ပေ။
“ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးတွေလား”
မုယီက စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။
ဖန့်ကျန့်က ရယ်မောလိုက်ပြီး။
“ဒါပေါ့၊ ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးတွေပေါ့။ ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ် ဖြစ်နေမှာလား” ဟု ပြောလိုက်လေသည်။ လက်ရှိအချိန်တွင် ဝမ်ကျန့်တိုက်ကြီးတစ်ခုလုံးကို ရှာဖွေမည်ဆိုပါက ဒုတိယအဆင့်ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ရှာတွေ့ရန် မဖြစ်နိုင်ဟု ပြောလျှင်ပင် လွန်အံ့မထင်ပေ။
မုယီက စဉ်းစားရင်း။
“အကယ်၍ ကျွန်တော်က ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုပေးနိုင်မယ်ဆိုရင် မဟာဧကရာဇ်ကပေးကမ်းချင်ရဲ့လား” ဟု မေးလိုက် လေ သည်။
ဖန့်ကျန့် မှင်တက်သွားခဲ့လေသည်။
ဆေးခန်းမဆောင်၏ အထွေထွေခန်းမဆောင်ကြီးပင်လျှင် ယခုလောလောဆယ်တွင် ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို မထုတ်ပေးနိုင်ပါဘဲနှင့် မုမိသားစုက မည်သို့ ထုတ်ပေးနိုင်မည်နည်း။
သူတို့နှစ်ဦးကြားမှ ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး ဖန့်ကျန့်က ပြုံးလျက်။
“ကောင်းပါပြီ၊ အကယ်၍ မုအစ်ကိုကကျွန်တော့်ကိုသုံးရက်အတွင်းမှာ ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကို ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော် ဘဏ္ဍာတိုက်ထဲက အချိန်သဲပွင့်တွေကို မုအစ်ကို့ကို ပေးပါ့မယ်” ဟု ပြောလိုက်လေသည်။ ၎င်းမှာ မုယီတွင် သုံးရက်သာအချိန်ရမည်ဟု ဆိုလိုခြင်းဖြစ်လေသည်။
အကယ်၍ မုမိသားစုအနေဖြင့် သုံးရက်အတွင်းမှာ ပထမအဆင့်ဘေးဒုက္ခစီလက် ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုမစုဆောင်းနိုင်ခဲ့မည်ဆိုပါက သူသည်ဘဏ္ဍာတိုက် အတွင်းရှိ အချိန်သဲပွင့်များကိုဆေးခန်းမဆောင်မှ ခန်းမဆောင်အကြီးအကဲ ချန်းနင်တေအား ပေးရမည် ဖြစ်လေသည်။
တကယ်တမ်းတွင်မူ သူသည် ခန်းမဆောင်အကြီးအကဲချန်းနင်တေနှင့်လဲလှယ်ရန် သဘော တူညီမှုတစ်ခု ရှိခဲ့သည်မှာအမှန်ပင်ဖြစ်သော်လည်း သူသည်ချန်းနင်တေအား ထိုအချိန်မတိုင်မီမှာ တစ်စုံတစ်ယောက်က ပထမအဆင့်ဘေးဒုက္ခ စီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ပေးနိုင်ခဲ့မည်ဆိုပါက သူသည်အချိန်သဲပွင့်များကို ထိုသူအားပေးမည်ဟုလည်း ပြောထားခဲ့ဖူး လေသည်။
“ကောင်းပါပြီ၊ မဟာဧကရာဇ်ကို ကျေးဇူးအများကြီးတင်ပါတယ်”
မုယီက လက်ဖဝါးချင်းယှက်ကာ ဂါရဝပြုလိုက်လေသည်။ စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် မုယီသည်နှုတ်ဆက်ကာထွက်ခွာလာခဲ့လေသည်။ ဖန့်ကျန့်သည် ထွက်ခွာသွားသော မုယီ၏ ကျောပြင်ကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့လေသည်၊ မုယီက အချိန်သဲပွင့် အမြောက်အမြားကို အဘယ်ကြောင့် လိုချင်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်ဘဲ ရှိနေတော့သည်။ ထို့ပြင် မုယီ၏အမူအရာကိုကြည့်ခြင်းအားဖြင့် သူသည် ဤအချိန်သဲပွင့်များကို အရေးတကြီး လိုအပ်နေပုံရလေသည်။
နန်းတော်မှ ထွက်ခွာလာပြီးနောက် မုယီသည်ရန်ရှောက်ထျန်းတည်းခိုနေသော နန်းတော်သို့ ရောက်ရှိလာခဲ့လေသည်။ ဤအချိန်တွင် ရန်ရှောက်ထျန်းမှာ မုမိသားစု၏အချိန်သဲပွင့်များကို သန့်စင် ပြီးရုံသာ ရှိသေးလေသည်။
“ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်လား”
ရန်ရှောက်ထျန်း အံ့အားသင့်သွားခဲ့လေသည်။
မုယီသည် သူ၏ခေါင်းကိုငုံ့လိုက်ပြီး အနည်းငယ်ရှက်ရွံ့နေခဲ့လေသည်၊ သူသည် ရန်ရှောက် ထျန်းအား စိတ်ပျက်အောင်လုပ်မိပြီဟု ထင်နေမိခြင်း ဖြစ်လေသည်။
“ဖန့်ကျန့်က ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ် တောင်းလိမ့်မယ်လို့ ကျွန်တော်လည်းမထင်ထားခဲ့ဘူး၊ သခင်လေးရန်... ကျွန်တော်တို့ တခြားနည်း လမ်းတွေကို စဉ်းစားကြည့်ကြရင်ကော”
ရန်ရှောက်ထျန်းကမူ လက်ဝှေ့ယမ်းကာ ပြုံးလျက်။
“ကိစ္စမရှိပါဘူး၊ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ် ပဲလေ။ ဒီလိုလုပ်ကြတာပေါ့၊ နှစ်ရက်အတွင်းမှာ ကျွန်တော်ခင်ဗျားကို ပထမအဆင့်ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ပေးမယ်၊ အဲဒီကျရင် ခင်ဗျားဒီဆေးတွေကို ဖန့်ကျန့်ဆီ ယူသွားပေးလိုက်ပါ” ဟု ပြောလိုက်လေသည်။
မုယီသည် ရန်ရှောက်ထျန်းကိုထိတ်လန့်တကြား စိုက်ကြည့်နေမိတော့သည်။ ရန်ရှောက်ထျန်း ဘာကို ဆိုလိုသလဲဆိုသည်ကို သူ နားလည်လိုက်လေပြီ။ နှစ်ရက်အတွင်းမှာ သူသည် ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကိုဖော်စပ်ပြီး ဖန့်ကျန့်အား ပေးခိုင်း ချင်နေခြင်း ဖြစ်လေသည်။ နှစ်ရက်အတွင်း ဆေးလုံးအလုံးနှစ်ဆယ်၊ ၎င်းက မည်သို့ ဖြစ်နိုင်မည် နည်း။
“သခင်လေးရန်... ဒါက... အရမ်းခက်ခဲလွန်းမနေဘူးလား”
မုယီက ထစ်ထစ်အအဖြင့် မေးလိုက်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြကာ ပြုံးလျက်။
“ကိစ္စမရှိပါဘူး၊ ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့်လည်း မဟုတ်ပါဘူး၊ ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့်ပဲလေ” ဟု ပြောလိုက်သည်။ တကယ်တမ်းတွင်မူ ဒုတိယအဆင့် ဘေးဒုက္ခဟဲဗန်အဆင့်ဖြစ်နေလျှင်ပင် သူသည်နှစ်ရက်အတွင်းမှာ ဖော်စပ်နိုင်သေးလေသည်။ သို့သော်လည်း နှစ်ရက်အတွင်း ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ် ဆယ်ကို ဖော်စပ်ရန်မှာ အနည်းငယ် ပင်ပန်းပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် နတ်ဘုရားမီးလျှံမီးတောက်သုံးခုကိုတစ်ပြိုင်နက်တည်း ထိန်းချုပ်ပြီး ဆေးဖော်စပ်ရန်မှာ ဝိညာဉ်စွမ်းအားအမြောက်အမြားကုန်ဆုံးစေသောကြောင့်ပင် ဖြစ်လေသည်။ အကယ်၍ သူသာပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့်ကိုဖော်စပ်မည်ဆိုပါက သူသည် နတ်ဘုရားမီးလျှံမီးတောက်နှစ်ခုကိုသာ ထိန်းချုပ်ရန်လိုအပ်ပေလိမ့်မည်။ နတ်ဘုရားမီးလျှံမီး တောက်နှစ်ခုကိုထိန်းချုပ်ပြီး ဆေးဖော်စပ်ခြင်းမှာဝိညာဉ်စွမ်းအားကို များစွာလျော့နည်းစေလေ သည်။
ရန်ရှောက်ထျန်းက ကိစ္စမရှိပါဘူးဟုပြောသည်ကို ကြားလိုက်ရသဖြင့် မုယီသည် ရေငတ်သ လိုမျိုးခံစားလိုက်ရလေသည်။ သူသည်ရန်ရှောက်ထျန်း၏ နန်းတော်မှထွက်လာသောအခါ သူ၏ခြေ ထောက်များမှာ လေထဲတွင်လွင့်နေသလိုမျိုး ခံစားလိုက်ရလေသည်။
“နှစ်ရက်အတွင်း ဆေးလုံး အလုံးနှစ်ဆယ်”
မုယီ၏ နှလုံးသားထဲတွင်လှိုင်းထန်နေခဲ့လေပြီ။ ဆေးခန်းမဆောင်၏ အထွေထွေခန်းမ ဆောင်ကြီးပင်လျှင် နှစ်ပေါင်းများစွာစုဆောင်းခဲ့သည့်တိုင်အောင် ယခုလောလောဆယ်တွင် ပထမ အဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို မထုတ်ပေးနိုင်ပေ။ အကယ်၍ ရန်ရှောက်ထျန်းသာ နှစ်ရက်အတွင်း အလုံးနှစ်ဆယ်ကို ဖော်စပ်နိုင်မည်ဆိုပါက ၎င်းမှာ မည်မျှအထိ တုန်လှုပ်စရာကောင်းသော အရာ ဖြစ်မည်နည်း။
“အဖေ... ဘာဖြစ်လို့လဲ”
အဝေးမှနေ၍ မုဝမ်ချင်းသည် မုယီ၏အမူအရာပျက်ယွင်းနေသည်ကို မြင်သောအခါ မမေး ဘဲ မနေနိုင်တော့ပေ။ မုယီသည်သူ၏နှလုံးသားအတွင်းမှ လှိုင်းထန်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ခေါင်းခါပြကာ ဘာမှမဖြစ်ကြောင်း ပြောလိုက်ပြီးနောက် မေးလိုက်လေသည်။
“မင်းရဲ့ အစ်ကိုကြီး ဘယ်မှာလဲ”
“အစ်ကိုကြီးက ဒီရက်ပိုင်းအတွင်းမှာခြံဝင်းကို ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေတာပါ။ သူက နောက်နှစ်ရက်နေရင် ‘ဓားဆွေးနွေးပွဲ’ အသေးစားလေးတစ်ခုလုပ်ဖို့ စီစဉ်ထားပြီး သတ္တမမြောက် မင်းသမီး၊ တိုက်ပွဲမိသားစုစိန့်၊ ယွီထုံမေမေနဲ့တခြားသူတွေကို ဓားအကြောင်းဆွေးနွေးဖို့ ဖိတ်ထား ပါတယ်” ဟု မုဝမ်ချင်းက ပြောလိုက်လေသည်။
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ လူအများအပြားမှာဓားလမ်းစဉ်ကို ကျင့်ကြံကြခြင်းဖြစ်ရာ မိသားစုများနှင့် ဂိုဏ်းများမှတပည့်အများအပြားမှာဓားဆွေးနွေးပွဲများကို မကြာခဏ ပြုလုပ်လေ့ ရှိပြီး ဓားလမ်းစဉ်အကြောင်း ဆွေးနွေးကာ ဓားအတတ်ပညာများကို ယှဉ်ပြိုင်လေ့ရှိကြလေသည်။
မုယီ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ အစ်ကိုကြီးကိုပြောလိုက်ပါ၊ ဓားဆွေးနွေးပွဲကိုလုပ်လို့ရပေမဲ့ အချိန်ကျရင် သခင် လေးရန်နဲ့ တခြားသူတွေကိုသွားပြီး မနှောင့်ယှက်မိစေနဲ့”
သူမ၏ဖခင်၏ လေးနက်သောအမူအရာကို မြင်သောအခါ မုဝမ်ချင်း ခေါင်းငြိမ့်ပြလိုက်လေ သည်။
မုယီ ထွက်သွားပြီးနောက် ရန်ရှောက်ထျန်းသည် ရှဲ့ဝူရှင်းနှင့်အခြားသူများအား ညွှန်ကြား ချက်အချို့ပေးခဲ့ပြီးနောက် မုမိသားစုမှတစ်ဦးတည်းထွက်ခွာလာခဲ့ကာ ဧကရာဇ်မြို့တော်၏ အဝေး တစ်နေရာရှိ ခြောက်သွေ့လှသောတောင်ကုန်းတစ်ခုဆီသို့ သွားရောက်ကာ ပုရှန့်ဆေးလုံးများကို စတင်ဖော်စပ်လေတော့သည်။
ဝူရှင်းချိုင့်ဝှမ်းတွင် ပုရှန့်ဆေးလုံးဖော်စပ်ခဲ့သော အတွေ့အကြုံကြောင့် ရန်ရှောက်ထျန်းမှာ ဤတစ်ကြိမ်တွင် များစွာပိုမိုကျွမ်းကျင်လာခဲ့ပြီး ၎င်းမှာ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ် အဆင့်သာ ဖြစ်သဖြင့် ရန်ရှောက်ထျန်းသည် နာရီဝက်အတွင်းမှာပင် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ဖော်စပ်နိုင်ခဲ့လေသည်။
သို့သော်လည်း သူသည် ချက်ချင်းပြန်ရန်မလောသေးဘဲ နောက်ထပ် ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးအနည်းငယ်ကို ထပ်မံဖော်စပ်လိုက်လေသည်။ ထို့နောက်တွင် သူသည် ဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့်အသက်ဆေးလုံးများကို ဆက်လက်ဖော်စပ်လိုက်လေသည်။ နှစ်ရက်အကြာမှသာ သူသည် မုမိသားစုဆီသို့ ပြန်လာခဲ့လေသည်။ သူသည် မုယီအား ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ပေးအပ်လိုက်သောအခါ မုယီသည် သူ၏လက်ထဲမှ ပုရှန့်ဆေးလုံးများကို ထိတ်လန့်တကြား စိုက်ကြည့်နေမိတော့သည်။ သူသည် သူ၏လက်ထဲမှ ပုရှန့်ဆေးလုံးများမှာ ဤနှစ်ရက်အတွင်းကမှ လတ်လတ်ဆတ်ဆတ် ဖော်စပ် ထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။
“ဒါ... ဒါ... သခင်လေးရန်... ဒါက မြန်လွန်းတယ်”
မုယီမှာ စကားပင်ကောင်းကောင်းမပြောနိုင်တော့ပေ။ ရန်ရှောက်ထျန်းက ခေါင်းခါပြကာ ပြုံးလျက်။
“ဒါက နှေးတယ်လို့တောင် ပြောလို့ ရပါတယ်၊ လမ်းမှာ ကျွန်တော် ဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံးအနည်းငယ်ကိုလည်းဖော်စပ်ခဲ့ပါသေးတယ်” ဟု ပြောရင်း ဒုတိယ အဆင့် ဘေးဒုက္ခဟဲဗန်အဆင့် ပုရှန့်ဆေးလုံး သုံးလုံးကို ထုတ်ယူကာ မုယီအားပေးလိုက်လေသည်။
“ဒါက မုမိသားစုအတွက် ကျွန်တော့်ရဲ့ လက်ဆောင်အသေးစားလေးပါ”
မုယီ အမှန်တကယ်ပင် ဆွံ့အသွားခဲ့လေပြီ။ နှစ်ရက်အတွင်းပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ဖော်စပ်ရုံတင်မကဘဲ လမ်းမှာဒုတိယအဆင့် ဘေးဒုက္ခ ဟဲဗန်အဆင့် ပုရှန့်ဆေးလုံး သုံးလုံးကိုတောင် ဖော်စပ်ခဲ့သေးသည်တကား။ အခြားသော ဆေးနတ်ဘုရားများသာ သိလျှင် မည်သို့ရှင်သန်နိုင်ကြတော့မည်နည်း။
သူ မသိသည်မှာရန်ရှောက်ထျန်းသည် လမ်းမှာဘေးဒုက္ခနှစ်မျိုးပါ ဟဲဗန်အဆင့် အသက် ဆေးလုံး ဆယ်လုံးကိုပါဖော်စပ်ခဲ့သေးသည်ဟူသည့် အချက်ပင် ဖြစ်လေသည်။
“သခင်လေးရန်... ဒါကအရမ်းကို တန်ဖိုးကြီးလွန်းပါတယ်”
မုယီသည် သူ၏လက်ထဲမှ ဒုတိယအဆင့်ဘေးဒုက္ခဟဲဗန်အဆင့်ပုရှန့်ဆေးလုံး သုံးလုံးကို ထိတ်လန့်တကြားနှင့် အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သခင်လေး ကျွန်တော့်ကို တစ်လုံး ပေးထားသေးတယ်လေ”
ရန်ရှောက်ထျန်းက လက်ဝှေ့ယမ်းကာ ပြုံးလျက်။
“ဒါက ဘာမှမဟုတ်ပါဘူး၊ ကျွန်တော့်မှာ နောက်ထပ်ကူညီခိုင်းစရာ တစ်ခု ရှိပါသေးတယ်”
မုယီက စိတ်လှုပ်ရှားစွာဖြင့်။
“သခင်လေးရန်... ကျေးဇူးပြုပြီးပြောပါ၊ သခင်လေးဘာပဲအမိန့်ပေးပေး မုယီက သေချာ ပေါက် အောင်မြင်အောင် လုပ်ပေးပါ့မယ်”
ရန်ရှောက်ထျန်းက ပြုံးလျက်။
“အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ တခြားနတ်ဘုရားမီးလျှံမီးတောက်တွေရဲ့ သတင်း ကို ကျွန်တော့်အတွက် စုံစမ်းပေးစေချင်လို့ပါ”
မုယီ မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အာမခံလိုက်လေသည်။
“ကောင်းပါပြီ၊ မုယီက မုမိသားစုရဲ့ အင်အားအားလုံးကို အသုံးပြုပြီး သခင်လေးအတွက် စုံစမ်းပေးပါ့မယ်”
ဘာပဲဖြစ်ဖြစ် မုမိသားစုအနေဖြင့် နတ်ဘုရားမီးလျှံမီးတောက်များကို နိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ ရန်ရှောက်ထျန်းအတွက် ၎င်းတို့၏သတင်းကို စုံစမ်းပေးနိုင်ပြီး ရန်ရှောက်ထျန်းအား နိမ်နင်းနိုင်ရန် ကူညီပေးနိုင်မည်ဆိုပါက ၎င်းမှာ ကြီးမားလှသော အကျိုးကျေး ဇူးတစ်ခု ဖြစ်ပေလိမ့်မည်။
ထို့နောက်တွင် မုယီသည် လတ်လတ်ဆတ်ဆတ်ဖော်စပ်ထားသော ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကိုယူဆောင်ကာ အမြင့်မြတ်ဆုံး မဟာဧကရာဇ် ဖန့်ကျန့်ဆီသို့ သွားရောက်တွေ့ဆုံခဲ့လေသည်။
***