အမြင့်မြတ်ဆုံး မဟာဧကရာဇ် ဖန့်ကျန့်သည် မုယီက သုံးရက်မပြည့်မီ နှစ်ရက်အတွင်းမှာပင် သူ့ထံသို့ ရောက်ရှိလာသည်ကိုမြင်သောအခါ အံ့အားသင့်သွားခဲ့လေသည်။ မုယီက ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကိုထုတ်ယူလိုက်သောအခါ သူ မှင်တက် သွားခဲ့လေသည်။
သူသည် ရှေ့သို့တိုးကာ၎င်းတို့ကိုစစ်ဆေးလိုက်ရာ ပုရှန့်ဆေးလုံး တစ်လုံးချင်းစီ၏ မျက်နှာ ပြင်ပေါ်တွင် ထင်ရှားလှသောဘေးဒုက္ခပုံရိပ်များရှိနေသည်ကို တွေ့ရလေသည်၊ ၎င်းမှာ ဘေးဒုက္ခ ပုံရိပ်များ ဖြစ်လေသည်။
ထို့ပြင် ပုရှန့်ဆေးလုံးတစ်လုံးချင်းစီ၏ရနံ့မှာလတ်ဆတ်နေပြီး လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားသော ဆေးလုံးများတွင်သာရှိတတ်သောရနံ့မျိုးဖြစ်လေသည်။ ဤပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်စလုံးမှာ အသစ်ဖော်စပ်ထားခြင်း ဖြစ်လေ သည်တကား။
ဤသည်ကို တွေးလိုက်မိသောအခါ ဖန့်ကျန့်ထိတ်လန့်သွားခဲ့လေသည်။ မုမိသားစုတွင် ဤမျှအထိ များပြားလှသောအသစ်ဖော်စပ်ထားသည့် ပထမအဆင့်ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးများ မည်သို့ ရှိနေရသနည်း။
မုမိသားစုဘိုးဘေးမှာလည်း ဆေးဖော်စပ်မှု ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း သူသည် ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံးကို သေချာပေါက်ဖော်စပ်နိုင်မည် မဟုတ် ပေ။
မုမိသားစုဘိုးဘေးကို မဆိုထားနှင့်၊ ဆေးနတ်ဘုရားအဆင့်ရှိ ပညာရှင်အများအပြားပင်လျှင် မဖော်စပ်နိုင်ကြပေ။ ဝမ်ကျန့်တိုက်ကြီးပေါ်တွင်ဆေးနတ်ဘုရားအဆင့်ရှိ ပညာရှင်အများအပြား ရှိသော်လည်း ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးကိုဖော်စပ်နိုင်သူမှာ လက်ချိုး ရေတွက်၍ ရနိုင်လေသည်။
ဆေးနတ်ဘုရားအဆင့်ရှိ ပညာရှင်တစ်ဦးသည်နတ်ဘုရားအဆင့်သို့ ဖောက်ထွက်ပြီး နတ်ဘုရားအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်သည်နှင့် ဆေးနတ်ဘုရားဟု ခေါ်ဆိုနိုင်လေသည်။ သို့သော်လည်း နတ်ဘုရားအဆင့်ဆေးလုံးများကိုဖော်စပ်နိုင်သောဆေးနတ်ဘုရားတစ်ဦးသည် ပထမ အဆင့် ဘေးဒုက္ခဟဲဗန်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်မည်ဟုမဆိုလိုပေ။
“မုအစ်ကို... ဒီပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ် စလုံး က အသစ်ဖော်စပ်ထားတာလား” ဖန့်ကျန့်က အံ့အားသင့်စွာဖြင့် မမေးဘဲမနေနိုင်တော့ပေ။
မုယီက ခေါင်းခါပြကာ။
“ဒါကိုတော့ ကျွန်တော်မပြောပြနိုင်ပါဘူး။ ပထမအဆင့်ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်က ဒီမှာရှိနေပြီဆိုတော့ အရှင်မင်းကြီးက ကျွန်တော့်ကို အချိန်သဲပွင့်တွေ ပေးလို့ရပြီလား” ဟု မေးလိုက်လေသည်။
ဖန့်ကျန့် အံ့အားသင့်နေသော်လည်း ပြုံးလျက်။
“ဒါပေါ့” ဟု ပြောရင်း ဘဏ္ဍာတိုက်အတွင်းရှိ အချိန်သဲပွင့်များအားလုံးကို ထုတ်ယူကာ မုယီအား ပေးလိုက်လေသည်။ သို့သော်လည်း မုယီထွက်ခွာသွားစဉ်မှာပင် ဖန့်ကျန့်ကမမေးဘဲ မနေ နိုင်ဘဲ။
“မုအစ်ကို... ဒီအချိန်သဲပွင့်တွေက မုမိသားစုအတွက်မဟုတ်ဘူးမဟုတ်လား” ဟု မေးလိုက်လေသည်။
မုယီ ခေတ္တရပ်လိုက်ပြီး လက်ဖဝါးချင်းယှက်ကာ ဘာမှမပြောဘဲ ထွက်ခွာသွားခဲ့လေသည်။
ဖန့်ကျန့်သည် မုယီ ထွက်ခွာသွားသော အရပ်မျက်နှာကိုကြည့်ရင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ မုယီဘာမှမပြောခဲ့သော်လည်း သူ၏မျက်နှာအမူအရာကို ကြည့်ခြင်း အားဖြင့် ဤအချိန်သဲပွင့်များမှာအခြားတစ်စုံတစ်ယောက်အတွက်ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်နိုင် လေသည်။
သို့သော်လည်း မည်သူ့မျက်နှာက ဤမျှအထိကြီးမားလှသဖြင့် မုမိသားစုခေါင်းဆောင် မုယီကိုယ်တိုင် လာရောက်တောင်းဆိုရသနည်း။ မုမိသားစုခေါင်းဆောင်မုယီအား မဟာဧကရာဇ် အများအပြားပင်လျှင် ဖိတ်ကြားရန်ခက်ခဲလှကြောင်း သိထားရမည်ဖြစ်လေသည်။
ဖန့်ကျန့် ခဏမျှစဉ်းစားလိုက်ပြီးနောက် ပုရှန့်ဆေးလုံးများအားလုံးကို ဘိုးဘေး ‘ဖန့်ကျင်း’ နှင့် ဆေးနတ်ဘုရား ‘ချန်းဟုန်’ တို့ထံ ယူဆောင်သွားခဲ့လေသည်။ အမြင့်မြတ်ဆုံးဧကရာဇ်မျိုး နွယ်စုတွင် ဧကရာဇ်ဆေးနတ်ဘုရားနှစ်ဦးရှိရာ ချန်းဟုန်မှာ၎င်းတို့ထဲမှတစ်ဦးဖြစ်လေသည်။
ဖန့်ကျင်းနှင့် ချန်းဟုန်တို့ နှစ်ဦးစလုံးမှာ သူတို့ရှေ့တွင်ရှိသော ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို ကြည့်ကာ အကြီးအကျယ်အံ့အားသင့်သွားကြတော့သည်။ ချန်းဟုန်သည် ပုရှန့်ဆေးလုံးများကို သူ၏လက်ထဲတွင် ကိုင်ကာ ဂရုတစိုက်စစ်ဆေးလိုက်ပြီး ပို၍ပင်ထိတ်လန့်သွားခဲ့ကာ။
“ဒီဆေးလုံးတွေက လွန်ခဲ့တဲ့နှစ်ရက်ကမှဖော်စပ်ခဲ့တာဖြစ်ရမယ်” ဟု ပြောလိုက်လေ သည်။
ဖန့်ကျင်းနှင့် ဖန့်ကျန့်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ ဖန့်ကျင်းက။
“လွန်ခဲ့တဲ့ နှစ်ရက်ကလား။ မင်း ဆိုလိုတာက ဒီပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်စလုံးက တစ်ရက်တည်းမှာပဲ ဖော်စပ်ခဲ့တာလို့ ပြောချင်တာလား” ဟု မေးလိုက်လေသည်။
ချန်းဟုန်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့်။
“မှန်ပါတယ်၊ ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်ရက်က တစ်ရက်တည်းမှာပဲ ဖော်စပ်ခဲ့တာပါ” ဟု ပြောလိုက်လေသည်။
ဖန့်ကျင်း၏ အမူအရာမှာလေးနက်သွားခဲ့လေသည်။ ဆေးနတ်ဘုရားတစ်ဦးအနေဖြင့် ချန်းဟုန်သည် နှစ်ပေါင်းများစွာဆေးဖော်စပ်ခဲ့သူဖြစ်လေရာ သူသည်ဤကိစ္စတွင် မှားယွင်းရန် မဖြစ်နိုင်ပေ။ ပထမအဆင့်ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံး အလုံးနှစ်ဆယ်ကို တစ်ရက်တည်းနှင့် ဖော်စပ်နိုင်ခြင်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။
မုမိသားစုက ဤအရာကို မည်သို့လုပ်ဆောင်ခဲ့သလဲဆိုသည်ကို သူ စဉ်းစား၍ မရနိုင်ဘဲ ရှိနေတော့သည်။ ပထမအဆင့် ဘေးဒုက္ခ စီလက်ရှယ်အဆင့် ပုရှန့်ဆေးလုံးများကို ဖော်စပ်နိုင်သော ဆေးနတ်ဘုရားမှာ အနည်းငယ်သာ ရှိလေသည်။
မုမိသားစုက သူတို့အားလုံးကိုဖိတ်ကြားပြီးတစ်ပြိုင်နက်တည်း ဆေးဖော်စပ်ခိုင်းလျှင်ပင် ပထမအဆင့် ဘေးဒုက္ခစီလက်ရှယ်အဆင့်ပုရှန့်ဆေးလုံးအလုံးနှစ်ဆယ်ကို တစ်ရက်တည်းနှင့် ဖော်စပ်ရန်မှာ မဖြစ်နိုင်ပေ။
ဖန့်ကျန့်နှင့် ချန်းဟုန်တို့သည်လည်း ဤအချက်ကိုတွေးလိုက်မိကြသဖြင့် သူတို့၏မျက်နှာ များမှာ လေးနက်သွားကြပြီး ထူးဆန်းမှု၊ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ဖန့်ကျင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖန့်ကျန့်အား ပြောလိုက်သည်။
“မုမိသားစုမှာ မကြာသေးခင်ကဘာတွေဖြစ်ခဲ့သလဲဆိုတာကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ပါ။ သံသယဖြစ်စရာကိစ္စမှန်သမျှကို ငါ့ကို အစီရင်ခံရမယ်”
ဖန့်ကျန့်သည်လည်း အခြေအနေ၏ လေးနက်မှုကိုသိသဖြင့် ရိုသေစွာဖြင့်သဘောတူလိုက် လေသည်။
မုယီ ဆေးလုံးများကို ဧကရာဇ်နန်းတော်သို့ ယူဆောင်သွားကာ ဖန့်ကျန့်နှင့်တွေ့ဆုံနေ စဉ်မှာပင် ရန်ရှောက်ထျန်းသည် သူ၏ကိုယ်ပိုင်နန်းတော်ဆီသို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မုမိသားစုသခင်လေး ‘မုကျွင်း’သည် ရန်ရှောက်ထျန်း လာရာလမ်း တစ်လျှောက်ရှိ ခြံဝင်းအတွင်း၌ ‘ဓားဆွေးနွေးပွဲ’ အသေးစားလေးတစ်ခု ပြုလုပ်နေခဲ့လေသည်။
ရောက်ရှိနေသူများထဲတွင် အမြင့်မြတ်ဆုံး ဧကရာဇ်မျိုးနွယ်စုမှ သတ္တမမြောက် မင်းသမီး ‘ဖန့်ချင်း’၊ တိုက်ပွဲမိသားစုမှစိန့် ‘ကျန့်ရှိဖိန်’၊ လုမိသားစုမှစိန့်အမျိုးသမီး ‘လုယွီထုံ’၊ ဆေးခန်းမဆောင်မှ ခန်းမဆောင်အကြီးအကဲ ချန်းနင်တေ၏ တပည့် ‘ကျန့်ကျိယို’ နှင့် အခြားသော ပညာရှင် တစ်ဆယ်ကျော်ပါဝင်လေသည်။ သူတို့အားလုံးမှာဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အဓိက အင်အားစုကြီးများမှ သခင်လေးများနှင့်သခင်မလေးများဖြစ်ကြလေသည်။ တစ်ဦးချင်းစီ၏ အဆင့်အတန်းမှာ အလွန်တရာ မြင့်မားလှပေသည်။
ခဏမျှ ဓားအကြောင်းဆွေးနွေးပြီးနောက် မင်းသမီး ဖန့်ချင်းက ရုတ်တရက်မည်းမှောင် နေသော ဓားကျောက်စာချပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီဓားကျောက်စာချပ်ကို လွန်ခဲ့တဲ့ရက်ပိုင်းက ရှေးဟောင်းဓားနတ်ဘုရားဝူဟွမ်ရဲ့ မိစ္ဆာ လိုဏ်ဂူထဲကနေ ကျွန်မ ရခဲ့တာပါ။ ဒီဓားကျောက်စာချပ်ထဲမှာ ဓားနတ်ဘုရား ဝူဟွမ်ရဲ့ ပြိုင်ဘက်ကင်း ဓားအတတ်ပညာတွေပါဝင်နိုင်ပေမဲ့ ကျွန်မအမျိုးမျိုးသောနည်းလမ်းတွေကို အသုံးပြုပြီး ကြိုးစားခဲ့ ပေမဲ့လည်း ဒီဓားကျောက်စာချပ်ကို အသက်မသွင်းနိုင်ခဲ့ဘူး”
“ကျွန်မ အသက်မသွင်းနိုင်တာတင်မကဘူး၊ ဧကရာဇ်နန်းတော်ထဲက ဓားလမ်းစဉ် ကျွမ်း ကျင်သူအများအပြားလည်းအသက်မသွင်းနိုင်ကြဘူး၊ ကျွန်မရဲ့ခမည်းတော်ကိုယ်တိုင်တောင် မှ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး” ဟု ပြောလိုက်လေသည်။
လူတိုင်း အံ့အားသင့်သွားကြတော့သည်။ အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော်အတွင်း၌ မရေ မတွက်နိုင်သော ဓားလမ်းစဉ် ကျွမ်းကျင်သူများ ရှိနေကြလေသည်။ ဓားနတ်ဘုရား နှစ်ပါးပင်လျှင် အသက်မသွင်းနိုင်ခဲ့သည်တဲ့လား။
တိုက်ပွဲမိသားစု စိန့် ကျန့်ရှိဖိန်က အံ့အားသင့်သွားပြီးနောက်။
“မင်းသမီး... ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးပါဦး” ဟု ပြောလိုက်သည်။ မင်းသမီး ဖန့်ချင်း က ဓားကျောက်စာချပ်ကို ကျန့်ရှိဖိန်အားကမ်းပေးလိုက်လေသည်။
ကျန့်ရှိဖိန် ဓားကျောက်စာချပ်ကိုယူလိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးမှ စစ်မှန်သော ချီစွမ်းအားများကိုအသက်သွင်းလိုက်ရာ သူ၏နောက်ကွယ်တွင်ကောင်းကင်ဓားပုံရိပ်များ စုစည်း လာခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် ဓားချီများမှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။
“တိုက်ပွဲကောင်းကင် ဓားအတတ်ပညာပါလား”
တိုက်ပွဲကောင်းကင် ဓားအတတ်ပညာကို တိုက်ပွဲမိသားစု၏ ဘိုးဘေးဖြစ်သော တိုက်ပွဲ ကောင်းကင်ဧကရာဇ်ကဖန်တီးခဲ့ခြင်းဖြစ်ပြီး ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အစွမ်းအထက်ဆုံးသော ဓားအတတ်ပညာအဖြစ် သတ်မှတ်ခြင်း ခံထားရလေသည်။
တိုက်ပွဲကောင်းကင် ဧကရာဇ်မှာလည်း လက်ရှိဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အစွမ်းအထက် ဆုံးသော ဓားနတ်ဘုရားတစ်ဆယ်ထဲမှတစ်ဦးဖြစ်လေသည်။ ကံကြမ္မာတောင်တန်းတွင် ပေငါး ထောင်အထိ တက်လှမ်းနိုင်ခဲ့သူခုနစ်ဦးသာရှိခဲ့ရာ တိုက်ပွဲကောင်းကင်ဧကရာဇ်မှာ ၎င်းတို့ထဲမှ တစ်ဦး ဖြစ်လေသည်။
“ကောင်းကင်ဓားပုံရိပ် တစ်ထောင်ပါလား”
မုကျွင်းက ကျန့်ရှိဖိန်၏နောက်ကွယ်မှ ကောင်းကင်ဓားပုံရိပ်များကိုမြင်သောအခါ အံ့အား သင့်စွာ အော်ဟစ်လိုက်လေသည်။
တိုက်ပွဲကောင်းကင် ဓားအတတ်ပညာကို ကျင့်ကြံရန်မှာ အလွန်တရာ ခက်ခဲလှပေရာ ကောင်းကင်ဓားပုံရိပ် တစ်ထောင်အထိ စုစည်းနိုင်ခြင်းမှာ အလွန်တရာ ရှားပါးလှပေသည်။ လူတိုင်း ၏ အံ့အားသင့်သံများကြားတွင် ကျန့်ရှိဖိန်သည် တိုက်ပွဲကောင်းကင်ဓားချီများကို ဓားကျောက်စာ ချပ်အတွင်းသို့ အဆက်မပြတ် ထည့်သွင်းလိုက်သော်လည်း ဓားကျောက်စာချပ်မှာ မည်သည့်တုံ့ပြန်မှု မျှ မရှိဘဲ ကျန်ရှိနေခဲ့လေသည်။
နောက်ဆုံးတွင် ကျန့်ရှိဖိန်သည်ခေါင်းခါပြကာ လက်လျှော့လိုက်ရလေတော့သည်။
ထို့နောက်တွင် လုယွီထုံ၊ ကျန့်ကျိယို၊ မုကျွင်း၊ မုဝမ်ချင်းနှင့် အခြားသူတစ်ဆယ်ကျော်တို့ လည်း အသီးသီးစမ်းသပ်ခဲ့ကြသော်လည်း ဓားကျောက်စာချပ်မှာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ရှိနေဆဲ ဖြစ်လေသည်။
ဤသည်ကို မြင်သောအခါ မင်းသမီးဖန့်ချင်းသည်အကြီးအကျယ် စိတ်ပျက်သွားခဲ့လေ သည်။
“ဒါဆိုရင် ဒီဓားကျောက်စာချပ်ကို အသက်သွင်းနိုင်မယ့်သူ တစ်ယောက်တော့ ရှိနိုင်ပါတယ်”
ရုတ်တရက် လုမိသားစုမှ လုယွီထုံကစကားပြောလိုက်လေသည်။ လူတိုင်းက လုယွီထုံကို ကြည့်လိုက်ကြပြီး သူမ မည်သူ့ကို ဆိုလိုသလဲဆိုသည်ကို နားမလည်နိုင်ဘဲ ရှိနေကြလေသည်။
“ယွီထုံမေမေက ဘယ်သူ့ကို ပြောတာလဲဆိုတာ သိချင်မိတယ်၊ တစ်စုံတစ်ယောက်သော ဓားနတ်ဘုရားကို ပြောတာလား”
ကျန့်ရှိဖိန်က မမေးဘဲ မနေနိုင်တော့ပေ။ လုယွီထုံ၏ စိတ်ထဲတွင် ရန်ရှောက်ထျန်း၏ ပုံရိပ်ကို မဖျောက်နိုင်ဘဲ ရှိနေခဲ့ပြီးနောက်ခေါင်းခါပြကာ။
“မဟုတ်ပါဘူး၊ လူငယ်လေးတစ်ယောက်ပါ” ဟု ပြောလိုက်လေသည်။
ရန်ရှောက်ထျန်းသည် နတ်ဘုရားအိမ်မက်အရှင်သခင်၏ ဓားကျမ်းကိုပင် ဖွင့်နိုင်ခဲ့သူဖြစ်ရာ သူမ၏အမြင်တွင် သူသည် ဤဓားကျောက်စာချပ်ကိုလည်း သေချာပေါက်အသက်သွင်းနိုင်လိမ့်မည် ဟု ယူဆထားခြင်း ဖြစ်လေသည်။
လုယွီထုံက လူငယ်လေးတစ်ဦးသာ ဖြစ်သည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြပြီးနောက် ခေါင်းခါလိုက်ကြလေသည်။ လုယွီထုံသည် လူတိုင်းက သူမကို မယုံကြည်သည်ကိုမြင်သဖြင့် ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ခြံဝင်းအပြင်ဘက်တွင် လမ်းလျှောက်နေသော ရင်းနှီးလှသည့်ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။ သူမ မှင်တက်သွားပြီးနောက် သူမ၏ လှပသောမျက်နှာလေးတွင် ဝမ်းသာအားရမှုများ ပြည့်နှက်သွားခဲ့ကာ မတ်တပ်ရပ်လျက် အော်ဟစ်လိုက်လေသည်။
“သခင်လေးရန်”
သခင်လေးရန်လား။ ရန်ရှောက်ထျန်းခေါ်သံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လုယွီထုံနှင့် အခြားသူများကို မြင်တွေ့လိုက်ရလေသည်။
“သခင်လေးရန် တကယ်ပဲ ဖြစ်နေတာပဲ”
လုယွီထုံသည် ရန်ရှောက်ထျန်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီးနောက် ဝမ်းသာအား ရဖြင့် လမ်းလျှောက်သွားခဲ့လေသည်၊ သူမသည် သူငယ်ချင်းဟောင်းနှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ခံစားနေရပြီး။
“သခင်လေးရန်... တကယ်ပဲသခင်လေးဖြစ်နေတာပဲ၊ သခင်လေးဘာလို့ ဒီကို ရောက်နေ တာလဲ” ဟု မေးလိုက်လေသည်။
မုဝမ်ချင်းနှင့် မုကျွင်းတို့သည် လုယွီထုံက ရန်ရှောက်ထျန်းကို မှတ်မိနေသည်ကို မြင်သော အခါ အံ့အားသင့်သွားကြလေသည်။ ရန်ရှောက်ထျန်းက လုယွီထုံဖြစ်ကြောင်း မြင်သောအခါ ပြုံး လျက်။
“လုသခင်မလေး ဖြစ်နေတာပဲ။ ကျွန်တော်ဧကရာဇ်မြို့တော်ကို ကိစ္စတစ်ခုနဲ့ လာရင်း မုမိသားစုမှာ ခဏ တည်းခိုနေတာပါ” ဟု ပြောလိုက်သည်။
“ဒါက တကယ်ကို ဝမ်းသာစရာပဲ” လုယွီထုံက ပြုံးလျက်။
“ကျွန်မ ခုနလေးတင်ပဲ ကျွန်မရဲ့ သူငယ်ချင်းတွေကို သခင်လေးရန်အကြောင်း ပြောနေ တာပါ” ဟု ပြောလိုက်လေသည်။
***