"ကျန်းဖုန်း ရှုံးသွားတာလား..."
"ထိပ်တိုက် တိုက်ခိုက်တာမှာ မသေခြင်းအဆင့် ပညာရှင် တစ်ယောက်ကတောင် ပါရဂွန်အဆင့် ကို မနိုင်နိုင်ဘူးလား..."
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပေသည်။ လူတိုင်း သူတို့၏ ရှေ့မှ မြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေကြပြီး လောကအမြင် တစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ခံစားနေကြရ၏။
မသေခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က မည်သည့် အားနည်းချက်မှ မရှိသော အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အလွန်တရာ စွမ်းအားကြီးမားလှသည့် ခွန်အားရှိကာ အနီးကပ် တိုက်ခိုက်ရာတွင် အထူး ကျွမ်းကျင်လှပေသည်။ မသေခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က မှော်စွမ်းအင်ကိုသာ အသုံးပြုသော ပါရဂွန်အဆင့် တစ်ယောက်ကို ရှုံးနိမ့်သွားခြင်းကပင် လုံလောက်နေပြီ ဖြစ်ရာ ယခု အနီးကပ် တိုက်ခိုက်ရာတွင်ပင် ရှုံးနိမ့်သွားရသည် ဆိုသည်မှာ... ဤလောကကြီးတွင် တရားမျှတမှု ဆိုတာ မရှိတော့သည်လား။
‘ဒါ ပုံမှန် မဟုတ်ဘူး...’
လူတိုင်း နိုင်းယွမ်ကို ကြည့်လိုက်ကြပြီး ထိုစကားလုံး တစ်လုံးတည်းကသာ သူတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ပေါ်လာတော့၏။
ဘေးတွင် ရှိနေသော ရီချင်း နှင့် ရီချန်တို့မှာ နိုင်းယွမ်နှင့် ကျန်းဖုန်းတို့ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ စိုးရိမ်တကြီး ဖြစ်နေခဲ့ကြပေသည်။ ယခု သူ အသာစီး ရသွားသည်ကို မြင်လိုက်ရသောအခါမှ သူတို့ သက်ပြင်းချလိုက်နိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏ ရှေ့မှ လူငယ်လေး၏ သရုပ်မှန်နှင့် ပတ်သက်၍ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။
တိုက်ပွဲ အသိအမြင်ရော စွမ်းအားပါ မသေခြင်းအဆင့်တွင် ရှိနေသော ကျန်းဖုန်းထက် မနိမ့်ကျစေရန်အတွက် သူ အတိအကျ ဘာတွေများ ဖြတ်သန်းခဲ့ရသနည်း။
လူအုပ်ကြီး၏ မှတ်ချက်များကို ကြားပြီး သူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ ကျန်းဖုန်း၏ မျက်နှာမှာ တစ်လှည့်စီ နီရဲလာလိုက်၊ ဖြူရော်သွားလိုက် ဖြစ်နေပြီး လက်သီးများကို အရိုးအဆစ်များ မြည်သံပင် ထွက်ပေါ်လာသည်အထိ တင်းကြပ်စွာ ဆုပ်ထားလိုက်၏။
ရောင်းရို မြို့၏ အစွမ်းအထက်ဆုံး လူတစ်ယောက်အနေဖြင့် သူ၏ အာဏာကို ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပေသည်။ ယခု ထိုအာဏာက ဖန်ဆင်းခြင်းအဆင့် (Secret Realm) သို့ပင် မရောက်သေးသော လူငယ်လေး တစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ သူ၏ ခိုင်မာသော စိတ်ဆန္ဒဖြင့်ပင် အတော်လေး မွန်းကျပ်သွားရသည်။
"မင်းက ဘာမှ မလုပ်ဘဲ ပွဲလာကြည့်နေတုန်းပဲလား... တကယ်လို့ ကျန်းရို သာ ဒုက္ခရောက်သွားရင် မင်း ရှင်းပြဖို့ ခက်သွားလိမ့်မယ်နော်..."
သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကျန်းဖုန်း ရုတ်တရက် အသံရှည်ဆွဲကာ ကျုံးဝါးလိုက်၏။
"ဘာ..."
"နောက်ထပ် လာဦးမလို့လား..."
ကျန်းဖုန်း ရုတ်တရက် စကားထပြောလိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
"ဟားဟား... ပါရဂွန်အဆင့် တစ်ယောက်ကိုတောင် မနိုင်ဘူးဆိုတော့ ကျန်းဖုန်း... မင်းက တကယ်ကို သနားစရာ ကောင်းတာပဲ... မရှက်ဘူးလား...” ရုတ်တရက် လေထဲတွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် မိုးကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းလာ၏။
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများနှင့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်ပင်။ သူ မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"မသေခြင်း အစောပိုင်းအဆင့် ပညာရှင်လား..."
"မသေခြင်း အစောပိုင်းအဆင့် ဆိုတော့ သူက ယွမ်ရှင်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်များ ဖြစ်နေမလား..."
ရီချင်း နှင့် ရီချန်တို့ ထိုလူ ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြပေသည်။ အထူးသဖြင့် ရီချင်းမှာ မျက်နှာ ဖြူဆုတ်သွားပြီး လူအုပ်ကြီး၏ အလယ်တွင် ရှိနေသော နိုင်းယွမ်ကို နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် ကြည့်လိုက်၏။
လူငယ်လေးက မူလက သူ့ကိစ္စများတွင် ဝင်မပါချင်ခဲ့သော်လည်း ပြဿနာ ဖြစ်မည်ကို စိုးရိမ်သဖြင့် အိမ်သို့ အတင်း လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ လူငယ်လေးသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူမ တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရမည် မဟုတ်ပါလော။
ထိုသည်ကို တွေးမိကာ သူမ လက်သီးများကို ဆုပ်ထားလိုက်ပြီး လူငယ်လေးကို အပြေးအလွှား သွားရောက် ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာရသည်။
ရီချန်လည်း သမီးဖြစ်သူနှင့်အတူ တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး လက်သီးများကို ဆုပ်ထားလိုက်ပေသည်။ သို့သော် သူက ခဏမျှသာ ဆုပ်ထားလိုက်ပြီးနောက် ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ ယင်းမှာ လက်ကို တင်းကြပ်စွာ ဆုပ်ထားခြင်းကြောင့် မဟုတ်ဘဲ အဓိက အချက်မှာ သူက ကျန်းရို၏ လည်ပင်းကို ဆုပ်ကိုင်ထားခြင်းကြောင့် ဖြစ်ပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရိုမှာ အသက်ရှူမဝတော့ဘဲ သေလုမတတ် ဖြစ်သွားရ၏။
“ရှက်စရာ ဟုတ်လား... ငါတို့ သူ့ကို သတ်ပစ်နိုင်သ၍ ဘာမှ ရှက်စရာ မရှိဘူး... ငါတို့ အားလုံး အတူတူ တိုက်ခိုက်ပြီး သူ ခံနိုင်ရည် ရှိမရှိ ကြည့်ကြတာပေါ့..."
သားဖြစ်သူ၏ စူးရှသော အော်ဟစ်သံကို ကြားသောအခါ ကျန်းဖုန်း၏ မျက်လုံးများမှာ တုန်လှုပ်မှုတို့ စွန်းထင်းသွားသည်။ သူ မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများထဲတွင် လှိုင်းထန်နေသော အမုန်းတရားများ ပြည့်နှက်လာ၏။
"ပူးပေါင်းမယ် ဟုတ်လား... ကျန်းဖုန်း... မသေခြင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး ရောင်းရို မြို့က ကျန်းမိသားစုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းက ပါရဂွန်အဆင့် တစ်ယောက်ကို ရင်ဆိုင်ဖို့ တခြားတစ်ယောက်နဲ့ ပူးပေါင်းချင်နေတာလား... မရှက်တတ်ဘူးလား..."
ကျန်းဖုန်းက ထိုယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲနှင့် အမှန်တကယ် ပူးပေါင်းရန် ရည်ရွယ်ထားကြောင်း ကြားလိုက်ရသောအခါ ရီချန် ငြိမ်မနေနိုင်တော့ချေ။ သူ ကျုံးဝါးကာ ရှေ့ထွက်လာလိုက်၏။
“အရှက် ဟုတ်လား... ဟမ့်... နောက်ခဏနေရင် မင်းမှာ ရှက်စိတ်ဆိုတာ မကျန်တော့အောင် ငါ လုပ်ပေးမယ်... အဲဒီအခါကျရင် မင်း ရှက်စိတ်ကို ဂရုစိုက်နေစရာ မလိုတော့ဘူးပေါ့..." ကျန်းဖုန်းက လှောင်ပြောင်လိုက်၏။
"မင်းက ငါ့ကို သတ်ချင်တာလား... ငါ့ကို သတ်ဖို့ အဲဒီလောက် မလွယ်ပါဘူး... ညီလေး... မကြောက်နဲ့... ငါ မင်းနဲ့အတူ သူတို့ကို ရင်ဆိုင်ပေးမယ်..." ရီချန်တစ်ဖက်လူ၏ စကားများထဲမှ ခြိမ်းခြောက်မှုကို ကြားလိုက်ရပြီး နိုင်းယွမ်၏ အနီးသို့ ရောက်လာ၏။
"ဟဲဟဲ... မင်းက ဒီလောက်တောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... အဲဒီလိုဆိုမှတော့ မင်းတို့ ရီမိသားစုက ယွမ်ရှင်းဂိုဏ်းရဲ့ လက်စားချေမှုကို စောင့်နေလိုက်တော့... ကြီးမြတ်တဲ့ ယွမ်ရှင်းဂိုဏ်းက သေးငယ်တဲ့ ရီမိသားစုလေးကို မျောလွင့် ကုန်းမြေတိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူးလို့ ငါ ထင်တယ်..." အသစ်ရောက်လာသော ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲက ရယ်မောလိုက်ပြီး ရီချန်ကို ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်း တော်တော် ယုတ်မာတာပဲ..." ရီချန်၏ မျက်နှာ နီရဲသွားပြီးနောက် ဖြူဆုတ်သွား၏။
ရီမိသားစု၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ၏ ပထမဆုံး ဦးစားပေးမှာ မိသားစု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ဖြစ်ပေသည်။ သူ၏ အမြင်တွင် ယွမ်ရှင်းဂိုဏ်းသည် ဧရာမ သတ္တဝါကြီး တစ်ကောင်ကဲ့သို့သော ဂိုဏ်းတစ်ခု ဖြစ်ပြီး အမှန်တကယ် လှုပ်ရှားချင်ပါက ရီမိသားစုကို အလွယ်တကူ အမြစ်ပြတ် သုတ်သင်ပစ်နိုင်ပေသည်။
"စီနီယာရီ... ခင်ဗျား လက်တစ်ချောင်းတောင် ကွေးစရာ မလိုပါဘူး... ဒီကိစ္စကို ကျုပ်ဘာသာ ဖြေရှင်းနိုင်ပါတယ်..."
ရီချန်၏ အမူအရာကို မြင်သောအခါ သူ ဘာတွေးနေမှန်း နိုင်းယွမ် သိလိုက်ပေသည်။ သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အခြားသူများ သူ့ကို အထင်မသေးရဲစေမည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်၏။
ထိုအရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသောအခါ လူတိုင်းလည်း ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲနှင့် ကျန်းဖုန်းတို့မှာ လူပြက်များကဲ့သို့ ရယ်စရာ ကောင်းနေသည်ဟု ခံစားလိုက်ကြရသည်။
"မင်းက သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့..."
ဖိနှိပ်ထားသော အရှိန်အဝါကို ခံစားလိုက်ရပုံပေါ်ပြီး ကျန်းဖုန်း နှာခေါင်းရှုံ့ကာ ရှေ့သို့ တစ်လှမ်း တိုးလာ၏။
သူ မူလက သားဖြစ်သူ ထိုလူငယ်လေး၏ လက်ထဲတွင် ရှိနေသောကြောင့် စိုးရိမ်နေခဲ့သော်လည်း ယခု ရီချန်၏ လက်ထဲတွင် ရှိနေသည်ကို မြင်သောအခါ သက်သာရာ ရသွားပေသည်။ ရီချန်က ရီမိသားစုကို ကိုယ်စားပြုပြီး သူနှင့် ထိုလူငယ်လေး အဆုံးအဖြတ် တိုက်ပွဲ မဖြစ်ပွားမီတွင် သူက အကျိုးအကြောင်း မဆီလျော်သည်များကို လုပ်ဆောင်လောက်မည် မဟုတ်ပါချေ။
"ဟဲဟဲ... လူငယ်လေး... မင်းက အရမ်း မောက်မာနေတာပဲ... ငါတို့ နှစ်ယောက်ကို မင်း ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ချင်လွန်းလို့ ငါ့လက်တွေတောင် ယားနေပြီ..."
ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲလည်း ရှေ့သို့ တိုးလာပြီး သူတို့နှစ်ယောက်သား ဘယ်ညာ တစ်ဖက်စီမှ နိုင်းယွမ်ကို အလယ်တွင် ညှပ်ထားလိုက်ကြသည်။
"မသေခြင်းအဆင့် ပညာရှင် နှစ်ယောက်ရဲ့ ဝိုင်းရံတာကို ခံထားရတော့ ဒီလူငယ်လေး သေချာပေါက် ဒုက္ခရောက်တော့မှာပဲ..."
"ပြောစရာတောင် မလိုပါဘူး... သူက စွမ်းအားကြီးတယ် ဆိုရင်တောင် ပါရဂွန်အဆင့် တစ်ယောက်ပဲလေ... ဖန်ဆင်းခြင်းအဆင့်ကိုတောင် မရောက်သေးဘူး... သူ့ရဲ့ အစစ်အမှန်ချီနဲ့ မှော်စွမ်းအင်ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိတယ်..."
သိုင်းပညာရှင် နှစ်ယောက် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လူငယ်လေးကို သူတို့၏ အရှိန်အဝါနှင့် ခြိမ်းခြောက်မှုများဖြင့် လုံးဝ ပိတ်လှောင်ထားလိုက်သည်ကို မြင်သောအခါ လူတိုင်း ရလဒ်မှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်နေပြီဟု ခံစားလိုက်ကြရပေသည်။
"စလိုက်ကြစို့..."
အော်ဟစ်သံ တစ်ခုနှင့်အတူ ကျန်းဖုန်း ရုတ်တရက် လှုပ်ရှားလိုက်ပြီး လက်များကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအင်များက ဆူပွက်နေသော ရေများကဲ့သို့ လှိုင်းထန်လာပြီး နိုင်းယွမ်ကို ဖုံးလွှမ်းသွား၏။
"အိပ်နေလိုက်စမ်း..."
ကျန်းဖုန်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲသည်လည်း စတင် တိုက်ခိုက်လိုက်သည်။ သူ လက်ချောင်း ဆယ်ချောင်းကို ဖြန့်ကားလိုက်ပြီး လက်ဖဝါးများကို ကြက်ခြေခတ်လိုက်၏။ ဒြပ်ထုတစ်ခု ရှိနေသကဲ့သို့ အလွန်တရာ လေးလံသော မှော်စွမ်းအင်များ စီးထွက်လာကြသည်။
နှစ်ယောက်လုံး မသေခြင်း အစောပိုင်းအဆင့်တွင် ရှိနေကြသော်လည်း သူ၏ စွမ်းအားမှာ ကျန်းဖုန်းထက် များစွာ သာလွန်နေပေသည်။
"နိုင်းယွမ်..." ရီချင်း ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သူမ စိုးရိမ်သွားမှန်း သိသာထင်ရှားလှပေသည်။
"အချိန်ကိုက်ပဲ... ကိုယ်ပွား... ထွက်လာခဲ့စမ်း..."
သူတို့နှစ်ယောက် တိုက်ရိုက် တိုက်ခိုက်လာသည်ကို မြင်သောအခါ နိုင်းယွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွား၏။ သူ အသံရှည်ဆွဲကာ ကျုံးဝါးလိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ လျှောချလိုက်ရာ "ဝှစ်" ခနဲ အသံနှင့်အတူ သူ့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာပြီး လေထဲတွင် မသေခြင်းအဆင့် အကြီးအကဲကို လက်ဝါးတစ်ချက်ဖြင့် ရင်ဆိုင်လိုက်၏။
မိစ္ဆာသူတော်စင် ရှေးဦးအလောင်း ကိုယ်ပွား...
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း ကိုယ်ပွားတွင် ယခုအခါ ယင်းကို စွမ်းအင်ပေးရန် လုံလောက်သော အလယ်အဆင့် ဝိညာဉ်ကျောက်တုံးများရှိနေပြီ ဖြစ်ပြီး ယင်း၏ သိုင်းစွမ်းရည်မှာ မသေခြင်း အစောပိုင်းအဆင့် ပညာရှင် တစ်ယောက်နှင့် နီးပါး တူညီနေပြီ ဖြစ်သည်။ သူတို့နှစ်ယောက် ရိုက်ခတ်သွားသည်နှင့် တစ်ပြိုင်နက် လေထဲတွင် ဧရာမ ပေါက်ကွဲသံကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။
"နတ်ခန္ဓာ လောင်ကျွမ်းစေ... ရွှမ်ယုဓား... အလွှာ ၁၀၀ အတွင်းအား... မဟာခွန်အား ဒန်တျန်... ခုခံစမ်း..."
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း လေထဲတွင် ရှိနေစဉ် နိုင်းယွမ် လက်ချောင်းကို တစ်ချက် ပင့်လိုက်ရာ ဝိညာဥ်စွမ်းအင်တို့က ခန္ဓာကိုယ်ထဲတွင် ချက်ချင်း လောင်ကျွမ်းသွား၏။ တစ်ချိန်တည်းမှာပင် သူ လက်ကို လှန်ကာ ရွှမ်ယုဓားကို ဆွဲထုတ်လိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းကာ ကျန်းဖုန်း၏ လက်ကို ခုတ်ချလိုက်သည်။
အခန်း ၄၁၁ ပြီး
***