သူ အချိန်တစ်လျှောက်လုံး လက်ဗလာဖြင့် တိုက်ခိုက်နေခဲ့သော်လည်း သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုမှာ တကယ်တော့ ရွှမ်ယုဓားပင် ဖြစ်ပေသည်။ ယခု မသေခြင်း အစောပိုင်းအဆင့် ပညာရှင် နှစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် နိုင်းယွမ် လက်ဗလာဖြင့် ဆက်လက် ခုခံ၍ မရနိုင်တော့မှန်း သိသောကြောင့် ဝှက်ဖဲများကို ဖုံးကွယ်မထားတော့ချေ။
ထို့အပြင် လင်ရှီးစမ်းရေက ခန္ဓာကိုယ်ရှိ ဆဲလ်များ အားလုံး၏ လည်ပတ်မှုကို အရှိန်မြှင့်ပေးနိုင်ပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို မျက်စိတစ်မှိတ်အတွင်း အမြင့်ဆုံးသို့ မြှင့်တင်ပေးကာ ပုံမှန်အဆင့်ထက် ကျော်လွန်သော သိုင်းစွမ်းရည်များကို ထုတ်ဖော်ပေးနိုင်ပေသည်။
"ဘာ..."
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း ရုတ်တရက် ပေါ်လာခြင်းနှင့် လူငယ်လေးထံမှ သိုင်းစွမ်းရည်များ ရုတ်တရက် မြင့်တက်လာခြင်းကို မြင်လိုက်ရသောအခါ ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲနှင့် ကျန်းဖုန်း တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ယခုလေးတင် ကျန်းဖုန်း နှင့် အကြိတ်အနယ် တိုက်ခိုက်နေခဲ့သော လူငယ်လေးတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"ကျုပ် အိပ်ဖို့က အဲဒီလောက် မလွယ်ပါဘူး... ခင်ဗျားတို့ အရင် အိပ်လိုက်ကြ..."
သူ၏ ခန္ဓာကိုယ် ရှေ့သို့ လျှောတိုက်သွားပြီး ရွှမ်ယုဓားက ပြင်းထန်သော လေချွန်သံ တစ်ခုနှင့်အတူ ပါလာ၏။ နိုင်းယွမ် အစစ်အမှန်ချီ အားလုံးနှင့် အလွှာ ၁၀၀ လွှာ အတွင်းအားကို ပေါင်းစပ်ကာ ဟာရီကိန်း မုန်တိုင်းတစ်ခုအလား ကျန်းဖုန်းကို ခုတ်ချလိုက်၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း၏ လက်သီးက ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲ၏ လက်သီးနှင့် နောက်တစ်ကြိမ် ရိုက်ခတ်သွားပြန်သည်။
ဘုန်း
ရွှမ်ယုဓားက ကျန်းဖုန်း၏ လက်မောင်းနှင့် ရိုက်ခတ်သွား၏။ နိုင်းယွမ် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရပြီး ကျန်းဖုန်းမှာမူ ခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်ခွာလိုက်ရ၏။ သူ၏ လက်ရိုးများ တွန့်လိမ်သွားပြီး မျက်နှာမှာ နီရဲသွားကာ လည်ချောင်းထဲတွင် ချိုမြမြ အရသာတစ်ခုကို ခံစားလိုက်ရပြီးနောက် သွေးတစ်ပွက် အန်ထွက်သွား၏။
ကျန်းဖုန်း သွေးအန်သွားသော်လည်း ဒဏ်ရာများမှာ မပြင်းထန်လှချေ။ မည်သို့ပင်ဆိုစေကာမူ နိုင်းယွမ်၏ စွမ်းအားများ မြင့်တက်လာသော်လည်း သူ၏ ကျင့်ကြံဆင့်က ထိုနေရာတွင်သာ ရှိနေသေး၏။ သို့သော် ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲမှာမူ ထိုမျှ ကံမကောင်းခဲ့ပေ။ မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်းကို အလယ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် အပြည့်အဝ စွမ်းအင်ပေးထားသောကြောင့် ယင်းက အကြောက်အလန့် ကင်းမဲ့ပြီး နာကျင်မှုကိုလည်း မခံစားရချေ။ ယင်းက စွမ်းအား အားလုံးကို လက်သီးတစ်ချက်တည်းဖြင့် ထုတ်လွှတ်လိုက်ရာ "ဘန်း" ဟူသော အသံနှင့်အတူ ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲမှာ နောက်သို့ လွင့်စင်သွားပြီး နံရံနှင့် ဝင်တိုက်ကာ ဒဏ်ရာ အပြင်းအထန် ရရှိသွား၏။
ဟူး...
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်းမှ အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၏ စွမ်းအင်များမှာလည်း မျက်စိတစ်မှိတ်အတွင်း လုံးဝ ကုန်ခမ်းသွားပြီး နိုင်းယွမ်က ယင်းကို ကျိဟွာလှိုဏ်ဂူထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
"ကြောက်စရာကောင်းလိုက်တာ..."
"ပါရဂွန်အဆင့် တစ်ယောက်က မသေခြင်းအဆင့် ပညာရှင် နှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့လိုက်တာလား... ပြီးတော့ သူတို့ နှစ်ယောက်လုံးကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်သေးတယ်... ဘယ်လိုတောင် အံ့သြစရာကောင်းတဲ့ စွမ်းရည်တွေလဲ..."
လူတိုင်း၏ မျက်စိရှေ့တွင် မသေခြင်းအဆင့် ပညာရှင် နှစ်ယောက်က ပါရဂွန်အဆင့် တစ်ယောက်ကို တိုက်ခိုက်ခဲ့ရာတွင် ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့သည့်အပြင် အဆုံးတွင် သူတို့ နှစ်ယောက်လုံး ဒဏ်ရာရသွားခဲ့ကြပေသည်။ ထိုကဲ့သို့သော မှတ်တမ်းမျိုးသာ အပြင်သို့ ပေါက်ကြားသွားပါက လူအများအပြားကို ထိတ်လန့်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
လူငယ်လေး၏ ဘေးတွင် ရုတ်တရက် ပေါ်လာသော အရိပ်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း မည်သူမျှ မသိကြသော်လည်း ယင်းက ကိုယ်ပွား သို့မဟုတ် ရုပ်သေးရုပ် တစ်ခုခု ဖြစ်ပုံရပေသည်။ ထိုသို့သာ မဟုတ်လျှင် ယင်းက ထိုမျှ လျင်မြန်စွာ ပေါ်လာပြီးသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပါချေ။
"ဒါက သူ့ရဲ့ ဝှက်ဖဲလား... အထင်ကြီးစရာပဲ..."
လူငယ်လေးက သိုင်းပညာရှင် နှစ်ယောက်ကို တစ်ကွက်တည်းဖြင့် ဆုတ်ခွာသွားအောင် လုပ်လိုက်သည်ကို မြင်သောအခါ ရီချင်း ရင်ထဲတွင် သက်သာရာ ရသွားကာ လှပသော မျက်လုံးလေးများလည်း စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားကြသည်။
သူမ ထိုလူငယ်လေးနှင့် ပတ်သက်၍ ပို၍ပို၍ စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာတော့၏။ တစ်ဖက်လူက သူမနှင့် အသက်အရွယ်တူခန့်သာ ရှိသေးသော်လည်း ထိုမျှလောက် စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။ ထိုမျှသာမက သူ့တွင် ထိုမျှ စွမ်းအားကြီးမားသော ရုပ်သေးရုပ် တစ်ရုပ်လည်း ရှိသေးသည်။
‘သူက တကယ်ပဲ ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ မျိုးဆက် ဒါမှမဟုတ် ပင်မ ဂိုဏ်းကြီး တစ်ခုခုက ပါရမီရှင် တစ်ယောက်များ ဖြစ်နေမလား...’
သို့သော် ထိုကဲ့သို့သော ပါရမီရှင်များက အမြဲတမ်း အထူး ကာကွယ်စောင့်ရှောက်မှုများ အောက်တွင် ရှိနေတတ်ရာ သူတို့ထဲမှ တစ်ယောက်က မည်သို့များ ဒဏ်ရာ အပြင်းအထန်ရပြီး တောရိုင်းထဲတွင် လေလွင့်နေရပါသနည်း။
"မသေခြင်းအဆင့် အဆင့် ရုပ်သေးရုပ် တစ်ခု... ပြီးတော့ ပါရဂွန်အဆင့် တစ်ယောက်က မသေခြင်းအဆင့် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိနေတာလား... မဆိုးဘူး... မဆိုးဘူး..."
ကျန်းဖုန်း၏ ရင်ထဲတွင် အမုန်းတရားများ လှိုင်းထန်နေသော်လည်း သူ၏ ရှေ့မှ လူငယ်လေးက သူ့ထက် အများကြီး ပိုမို စွမ်းအားကြီးမားနေပြီ ဖြစ်ကြောင်း သူ သိလိုက်ပေသည်။
"ဟဲဟဲ... ဘယ်လိုလဲ... တကယ်လို့ ဆက်တိုက်ချင်သေးတယ်ဆိုရင်လည်း ကျုပ်က အဆင်သင့်ပါပဲ..." တစ်ဖက်လူ၏ ရူးသွပ်နေသော အကြည့်ကို လျစ်လျူရှုကာ နိုင်းယွမ် ရွှမ်ယုဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
သူ၏ ကြမ်းတမ်းသော စကားများကြားမှ နိုင်းယွမ် အတွင်းစိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ထိုသည်မှာ သူ အသာစီး ရသွားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် ကြီးမားသော လျှို့ဝှက် အန္တရာယ်များ ရှိနေပေသည်။
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း၏ အလယ်အဆင့် ဝိညာဉ်ကျောက်တုံးများက တစ်ကြိမ်သာ ထိန်းသိမ်းထားနိုင်ပေသည်။ အကယ်၍ ပြိုင်ဘက်ကသာ အမှန်တကယ် အရူးအမူး တိုက်ခိုက်လာပါက ဝိညာဉ်ကျောက်တုံးများကို အစားထိုးရန် အချိန်ရမည် မဟုတ်ချေ။ အကယ်၍ သူတို့သာ ထိုအားနည်းချက်ကို ရှာဖွေတွေ့ရှိသွားပါက အလွန် ဆိုးရွားသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ တကယ့် ကျင့်ကြံဆင့်နှင့် သူတို့၏ အဆင့်ကြားရှိ ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှ၏။
ပါရဂွန်အဆင့်နှင့် ဖန်ဆင်းခြင်းအဆင့်... မသေခြင်းအဆင့်၏ တတိယအဆင့်... အမှန်တကယ်ပင် ကျော်လွှား၍ မရနိုင်သော ကွာဟချက်တစ်ခု ရှိနေပေသည်။
"ငါတို့ မင်းကို မသတ်နိုင်ပေမယ့် မင်းက ငါတို့ကို သတ်ဖို့ဆိုတာလည်း အဲဒီလောက် မလွယ်ပါဘူး... ဒီလို လုပ်ကြတာပေါ့... ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်တဲ့အနေနဲ့ ငါ မင်းကို အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးမယ်... ပြီးတော့ ကျန်းရိုကို ပြန်လွှတ်ပေးလိုက်... အဲဒီလိုမှ မဟုတ်ရင် ကျန်းရိုသာ တစ်ခုခု ဖြစ်သွားလို့ ယွမ်ရှင်းဂိုဏ်းက မင်းကို အပြစ်တင်လာခဲ့ရင် မင်းက မကြောက်ရင်တောင်မှ ရီမိသားစုကတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
ထိုလူငယ်လေးတွင် ဝှက်ဖဲ မည်မျှ ကျန်ရှိနေသေးကြောင်း ကျန်းဖုန်း မသိချေ။ အကယ်၍ သူ ဆက်လက် ငြင်းခုံနေမည်ဆိုပါက သူ သေချာပေါက် အသာစီး ရနိုင်မည် မဟုတ်ပေ။ သူ၏ ရင်ထဲရှိ ဂနာမငြိမ် ဖြစ်မှုများကို ဖိနှိပ်ရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။
"ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား..." နိုင်းယွမ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"ဒါက ခြိမ်းခြောက်နေတာ မဟုတ်ဘူး... ငါတို့ အားလုံး နောက်ကို တစ်လှမ်းစီ ဆုတ်ကြတာပေါ့... တစ်ယောက်ကို တစ်ယောက် အလွန်အကျွံ ဖိအားပေးနေတာက ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး... မင်းက ဉာဏ်ကောင်းတဲ့သူ တစ်ယောက်လို့ ငါ ထင်တယ်... ဒါကြောင့် မင်း ဒါကို နားလည်သင့်တယ်..." ကျန်းဖုန်း နှာခေါင်းရှုံ့လိုက်၏။
"ဆယ်ဆ... အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၅,၀၀၀... တစ်တုံးမှ လျော့လို့ မရဘူး..." နိုင်းယွမ် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး ရီချန်၏ ရှေ့သို့ ရောက်လာကာ ကျန်းရိုကို ဖမ်းဆွဲရန် လက်ကို ထပ်မံ ဆန့်ထုတ်လိုက်သည်။
ကျန်းဖုန်း နှင့် ထိုအကြီးအကဲ နှစ်ယောက်လုံးမှာ မသေခြင်းအဆင့် ပညာရှင်များ ဖြစ်ကြသောကြောင့် သူတို့ကို အလွန်အကျွံ ဖိအားပေး၍ မရနိုင်ချေ။ ထို့အပြင် သူက မျောလွင့် ကုန်းမြေတိုက်ကြီးသို့ ယခုမှ ရောက်ရှိလာခြင်း ဖြစ်ပြီး သူ၏ အခြေခံအုတ်မြစ်မှာ မတည်ငြိမ်သေးပေ။ သူ၏ ယခင်ဘဝက ယွမ်ရှင်းဂိုဏ်းကို အရေးမပါဟု ထင်မှတ်ခဲ့သော်လည်း သူ၏ လက်ရှိ စွမ်းအားမှာ အလွန် နိမ့်ကျနေသေးသောကြောင့် သူတို့ကို အပြစ်ပြုရန် မသင့်လျော်ပါချေ။
သို့သော်လည်း တစ်စုံတစ်ယောက်ကို အပြစ်မပြုခြင်းက နိုင်းယွမ် ပြဿနာကို ကြောက်ရွံ့နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တစ်ဖက်လူက စွမ်းအားကြီးမားပြီး အင်အားများပြားနေလျှင်ပင် သူ့တွင် ရုပ်ဖျက်ခြင်း စွမ်းရည်ရှိနေ၏။ အဆိုးဆုံး အခြေအနေတွင် သူ၏ ရုပ်သွင်ကို ပြောင်းလဲပြီး ထွက်သွားနိုင်ပေသည်။ တစ်ဖက်လူက မည်မျှပင် ကြိုးစားရှာဖွေပါစေ သူ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထို့အပြင် သူ့တွင် ကျိဟွာလှိုဏ်ဂူ ရှိနေသေးသည်။ နောက်ဆုံးအခြေအနေတွင် သူ ထိုထဲတွင် ပုန်းအောင်းနေနိုင်၏။ ဖန်ဆင်းခြင်း အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်မှ စွမ်းအားကြီးမားသော ပညာရှင် တစ်ယောက် မဟုတ်သ၍ သူ ကြောက်ရွံ့စရာ ဘာမှမရှိချေ။
"ငါးထောင် ဟုတ်လား..." နိုင်းယွမ်၏ စကားကို ကြားသောအခါ ကျန်းဖုန်း လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်မိသည်။
အလယ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် တန်ဖိုး ညီမျှသောကြောင့် ငါးထောင်ဆိုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းနှင့် တန်ဖိုး ညီမျှပေလိမ့်မည်။
ယင်းတို့မှာ တန်ဖိုး ညီမျှသော်လည်း အလယ်အဆင့် ဝိညာဉ်ကျောက်တုံးများက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများထက် များစွာ ပိုမို ရှားပါးလှ၏။ အကယ်၍ မှောင်ခိုဈေးကွက်သို့ သွားရောက် ဖလှယ်မည်ဆိုပါက အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး ခြောက်သိန်းနှင့် ဖလှယ်နိုင်ပြီး တစ်ခါတစ်ရံတွင် ခုနစ်သိန်း သို့မဟုတ် ရှစ်သိန်းအထိပင် ရရှိနိုင်ပေသည်။
ထိုမျှများပြားသော စည်းစိမ်ဥစ္စာဖြင့်ဆိုလျှင် ကျန်းမိသားစုက အတော်လေး ချမ်းသာကြွယ်ဝသော်လည်း ဒေဝါလီခံရလုနီးပါး ဖြစ်သွားပေလိမ့်မည်။
"ခင်ဗျား မပေးဘဲ ငြင်းလို့ ရပါတယ်... ဒါမှမဟုတ် ယွမ်ရှင်းဂိုဏ်းကို လက်စားချေခိုင်းလို့လည်း ရတယ်... ဒါပေမဲ့ အဲဒီလို မဖြစ်လာခင်မှာ ခင်ဗျားရဲ့ သားကတော့ သေချာပေါက် သေရလိမ့်မယ်..."
တစ်ဖက်လူ ဘာတွေးနေသည်ကို သိသောကြောင့် နိုင်းယွမ် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။
"အဖေ... သားကို ကယ်ပါဦး..."
ထိုသို့ အညှစ်ခံလိုက်ရသောအခါ ကျန်းရိုမှာ အသက်ရှူမဝတော့ဘဲ မျက်နှာမှာ ဝက်အသည်းကဲ့သို့ နီရဲသွားပြီး အမြန် အော်ဟစ်လိုက်၏။
"ကောင်းပြီ... ငါ ကတိပေးတယ်... ငါ အမြန်ဆုံး ငွေရှာပေးမယ်... မင်းလည်း မင်းရဲ့ ကတိကို တည်ပြီး ကျန်းရိုကို အနာတရ မဖြစ်စေဖို့ မျှော်လင့်ပါတယ်..."
သားဖြစ်သူ၏ အခြေအနေကို မြင်သောအခါ ကျန်းဖုန်း အံကြိတ်လိုက်ပေသည်။
သူ့တွင် သားတစ်ယောက်တည်းသာ ရှိပြီး သားဖြစ်သူက ယွမ်ရှင်းဂိုဏ်းနှင့် မိသားစုကြားရှိ တံတားတစ်စင်းလည်း ဖြစ်သောကြောင့် တစ်ခုခု အဖြစ်မခံနိုင်ချေ။
"စိတ်မပူပါနဲ့... ဒီလို ပုရွက်ဆိတ်လို ကောင်မျိုးကို သတ်ရမှာ ကျုပ် ပျင်းလွန်းလို့..." နိုင်းယွမ် ကျန်းရို၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများကို ပေါ့ပေါ့ပါးပါး ချိတ်ပိတ်လိုက်ပြီး ရီချန်၏ ရှေ့သို့ ပစ်ချလိုက်သည်။ "စီနီယာ ရီချန်... ဒီကောင့်ကို သေချာ စောင့်ကြည့်ထားပါ... သူက ရတနာကြီး တစ်ခုပဲ..."
"အင်း..." ရီချန်ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းရိုကို ပေါ့ပေါ့ပါးပါး ဖမ်းဆွဲကာ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။ "မင်းက ငါ့သမီးကို လက်ထပ်ချင်တာလား... မင်းလို ကောင်မျိုးနဲ့ တန်လို့လား...”
ဖြန်း... ဖြန်း... ဖြန်း...
ဆယ်ချက်ကျော်ခန့် ရိုက်နှက်ပြီးနောက် ရီချန်နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကျန်းရိုက ယွမ်ရှင်းဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာကတည်းက ရီမိသားစု ဖိနှိပ်ခံခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပေသည်။ ယနေ့တွင် လူငယ်လေးက ကြီးမားသော စွမ်းအားများကို ထုတ်ဖော်ပြသခဲ့ပြီး သူတို့အတွက် လက်စားချေပေးခဲ့၏။ ထိုသည်မှာ ပြီးခဲ့သော လအနည်းငယ်အတွင်း အပျော်ရွှင်ဆုံး နေ့တစ်နေ့ပင် ဖြစ်ပေသည်။
"ရီချန်... မင်း... မင်း တော်တော် ရက်စက်တာပဲ... ငါတို့ တွေ့ကြသေးတာပေါ့..."
သားဖြစ်သူမှာ ရီချန်၏ လက်ထဲတွင် ပြင်းထန်စွာ ရိုက်နှက်ခံနေရသည်ကို မြင်သောအခါ ကျန်းဖုန်း ဒေါသကြောင့် တုန်ယင်သွားပေသည်။ သူ ဒဏ်ရာရနေသော ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲကို ကောက်မလိုက်ပြီး ပျံထွက်သွားကာ အချိန်တိုအတွင်းမှာပင် လေထဲတွင် ပျောက်ကွယ်သွားတော့၏။
"ဟဲဟဲ..." နိုင်းယွမ် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားကာ ခပ်ချေချေ ရယ်မောလိုက်သည်။
အခန်း ၄၁၂ ပြီး
***