ကြည့်ရသည်မှာ ရီချန်က ပြဿနာများကို လုံးဝ ကြောက်ရွံ့ပုံမပေါ်ချေ။ ထိုသည်မှာ နားလည်နိုင်စရာပင်။ အကယ်၍ တစ်ဖက်လူသာ ပြဿနာများကို ကြောက်ရွံ့ပါက သူ မြို့သခင်ကို ရိုက်နှက်ခဲ့ကြောင်း ကြားပြီးနောက် ထိုမျှ တည်ငြိမ်အေးဆေးစွာ နေနိုင်မည် မဟုတ်သလို ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲ ပေါ်လာချိန်တွင်လည်း ကိုယ်တိုင်ကိုယ်ကျ ထွက်လာရဲမည် မဟုတ်ချေ။
"ပြေးဟေ့..."
ခြံဝင်းထဲရှိ လူများက ကျန်းဖုန်း နှင့်အတူ ပါလာခဲ့ကြခြင်း ဖြစ်ပြီး အကျိုးအမြတ် အချို့ကို ရယူရန် ရည်ရွယ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။ မမျှော်လင့်ဘဲ ယွမ်ရှင်းဂိုဏ်းမှ အကြီးအကဲမှာ လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး ကျန်းဖုန်း မှာလည်း လှည့်ထွက်သွား၏။ ထိုလူများ၏ မျက်နှာများမှာ ချက်ချင်း စိမ်းဖန့်သွားကြပြီး သူတို့အားလုံး ချက်ခြင်း လှည့်ပြေးဖို့ ပြင်လိုက်ကြသည်။
"ထွက်သွားချင်တာလား... အဲဒီလောက် မလွယ်ဘူး..." နိုင်းယွမ် လူအုပ်ကြီး၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာ၏။
"ခင်ဗျားတို့ အားလုံးက ရောင်းရို မြို့က နာမည်ကြီး ပုဂ္ဂိုလ်တွေဆိုတော့ အတော်လေး ချမ်းသာကြွယ်ဝကြမယ်လို့ ကျန်းဖုန်း ပြောတာ ကျုပ် ကြားလိုက်တယ်... ဒီလို လုပ်ကြတာပေါ့... ခင်ဗျားတို့ တစ်ယောက်ကို အလယ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်စီ ပေးမယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို လွှတ်ပေးမယ်... အဲဒီလိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့ သေရလိမ့်မယ်..."
နိုင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"အလယ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ဟုတ်လား..." ထိုနေရာတွင် ရှိနေသူတိုင်း ငိုချင်စိတ် ပေါက်သွားကြတော့သည်။
သူတို့က နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့၏ ပိုင်ဆိုင်မှုများမှာ ရီ နှင့် ကျန်းမိသားစုတို့ထက် များစွာ နည်းပါးလှပေသည်။ ထိုမိသားစု နှစ်ခုသည်ပင် အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ကို ထည့်ဝင်လိုက်ရသဖြင့် သူတို့၏ အရင်းအမြစ်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်၏။ သူတို့က ထိုမျှများပြားသော ပမာဏကို မည်သို့များ ထုတ်ပေးနိုင်မည်နည်း။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေလည်း ရပါတယ်... ဒါပေမဲ့ ဒီည ခင်ဗျားတို့ ယူလာခဲ့ရမယ်... ဘယ်လို နည်းလမ်းကိုပဲ သုံးသုံး တစ်ယောက်ယောက်ကများ မယူလာနိုင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ မိသားစု တစ်ခုလုံးကို ရောင်းရို မြို့ကနေ အမြစ်ပြတ် သုတ်သင်ပစ်မယ်..."
နိုင်းယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်း မရှိသော သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေ၏။
ထိုလူများက ပြဿနာ လာရှာရဲမှတော့ ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုလည်း သူတို့ စဉ်းစားသင့်ပေသည်။ ထိုသို့သာ မဟုတ်လျှင် လောကကြီးတွင် ကိုယ်လာချင်သလို လာပြီး ကိုယ်သွားချင်သလို သွားခွင့်ရှိသည့် ထိုမျှ ကောင်းမွန်သော အရာမျိုး မည်သို့များ ရှိနိုင်မည်နည်း။
"ထွက်သွားကြစမ်း..."
သူ၏ ညွှန်ကြားချက်များကို ပေးပြီးနောက် နိုင်းယွမ် နှာခေါင်းရှုံ့လိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။
"ဟုတ်... ဟုတ်ကဲ့ပါ..."
နာမည်ကြီး ပုဂ္ဂိုလ် အများအပြား အဆောက်အဦးထဲမှ အလုအယက် ထွက်ပြေးသွားကြပြီး အပြင်သို့ ရောက်သောအခါမှသာ သူတို့၏ တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသည်ကို သတိထားမိလိုက်ကြ၏။
ထိုလူငယ်လေးက အမှန်တကယ် တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း သူ၏ မျက်လုံးများထဲရှိ အေးစက်မှုမှာ သိသာထင်ရှားလွန်းလှပေသည်။ အကယ်၍ သူတို့သာ ညွှန်ကြားချက်များကို မလိုက်နာပါက သူတို့ မိသားစု တစ်ခုလုံးကို တစ်ယောက်မကျန် အမြစ်ပြတ် သုတ်သင်ပစ်မည်မှာ သေချာလှ၏။
"ဒီကို လာရင် ဘာမှ ပြန်မရမယ့်အပြင် ဒီလို ဖြစ်လာမယ်ဆိုပြီး ကြိုသိခဲ့ရင် ဘယ်တော့မှ လာခဲ့မှာ မဟုတ်ဘူး... ကောင်းပြီ... ရီမိသားစုရော ကျန်းမိသားစုမှာပါ မသေခြင်းအဆင့် ပညာရှင်တွေ ရှိနေကြတယ်ဆိုတော့ ဒါက ငါတို့ ဝင်ပါလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး... ဒီကိစ္စတွေကို ငါတို့ ဆက်ပြီး ဂရုမစိုက်ကြတော့ဘဲ ငွေရှာဖို့ နည်းလမ်းကို မြန်မြန် ရှာကြတာပေါ့..."
ရီမိသားစု၏ စံအိမ်မှ ထွက်ခွာလာပြီးနောက် အဘိုးအို တစ်ယောက် နဖူးမှ ချွေးစေးများကို သုတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်... မြန်မြန် ပြန်ပြီး ငွေရှာကြတာပေါ့... သူတို့ရဲ့ ပဋိပက္ခက ငါတို့ အဆင့်လောက်နဲ့ ဝင်ပါလို့ ရတဲ့ ကိစ္စမျိုး သေချာပေါက် မဟုတ်ဘူး..."
အခြား တစ်ယောက်က သက်ပြင်းချလိုက်ပြီးနောက် လှည့်ကာ သူ၏ မိသားစုထံသို့ ပျံသန်းသွား၏။
လူအုပ်ကြီး ထိတ်လန့်တကြား လူစုကွဲသွားကြပြီး အားလုံးမှာ ငွေရှာရန် အပြေးအလွှား ပြန်သွားကြတော့သည်။
"ဟူး..." လူတိုင်း ထွက်သွားပြီးနောက် နိုင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရီချန်ဘက်သို့ လှည့်လိုက်သည်။ "ခင်ဗျားတို့ အားလုံး ရွေးကြေးငွေ လာပေးတာကို စောင့်နေလိုက်ကြဦး... ကျုပ် စောစောက နည်းနည်း ဒဏ်ရာရသွားလို့ အရင် ပြန်ပြီး ကုစားလိုက်ဦးမယ်..."
မသေခြင်းအဆင့် ပညာရှင် နှစ်ယောက်ကို ယခုလေးတင် ရင်ဆိုင်ခဲ့ရသဖြင့် နိုင်းယွမ် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြီးမားသော ဖိအားများအောက်တွင် ရှိနေခဲ့ပေသည်။ ယခု သူတို့ ထွက်သွားပြီ ဖြစ်သောကြောင့် သူ လုံးဝ ပြေလျော့သွားပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်ကာ အားနည်းနေသကဲ့သို့ ခံစားလိုက်ရ၏။
"ဘေးက ဒီခြံဝင်းထဲမှာ ဘယ်သူမှ မနေဘူး... အဲဒီကို သွားလိုက်ပါ... တကယ်လို့ တစ်ခုခု လိုအပ်ရင် အော်ခေါ်လိုက်ပေါ့..." ရီချန်အမြန် ခေါင်းညိတ်လိုက်သည်။
"အင်း..." နိုင်းယွမ် ဘာမှ ဆက်မပြောတော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက် ယိမ်းလိုက်ရာ ထိုခြံဝင်းထဲသို့ ဝင်သွားပြီး နောက်တစ်ချက် ယိမ်းယိုင်လိုက်ချိန်တွင် ကျိဟွာလှိုဏ်ဂူထဲသို့ ရောက်ရှိသွား၏။
လှိုဏ်ဂူ၏ လွတ်ဟာနေသော လေ့ကျင့်ရေး ကွင်းပြင်တွင် ရပ်နေရင်း နိုင်းယွမ် ယခုလေးတင် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲကို ပြန်လည် တွေးလိုက်မိသည်။
ထိုအရာက အမှန်တကယ်ပင် အလွန် အန္တရာယ်များလှ၏။ မသေခြင်းအဆင့် ပညာရှင် နှစ်ယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခြင်းက ကြီးမားသော ကမောက်ကမဖြစ်မှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။ အကယ်၍ သူသာ ဉာဏ်မမြန်ဘဲ တည်ငြိမ်စွာ မတုံ့ပြန်နိုင်ခဲ့ပါက ရလဒ်က မည်သို့ ဖြစ်သွားမည်ကို သူ မသိနိုင်ချေ။
"ငါ အခုလေးတင် မီးလျှံသခင်ရဲ့ ပါရမီကို ရထားပြီး စမ်းသပ်ရသေးဘူး... အဲဒီလိုမှ မဟုတ်ရင် စောစောက ဓားသိုင်းထဲမှာ မီးတောက်ရဲ့ စွမ်းအားတွေကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက သေချာပေါက် အများကြီး မြင့်တက်သွားမှာပဲ..."
သူ မီးလျှံသခင် တစ်ယောက် ဖြစ်လာခြင်းကို မစမ်းသပ်ရသေးသော်လည်း ထိုမွေးရာပါ ပါရမီ၏ စွမ်းအားများကို သူ ခံစားမိနေပြီ ဖြစ်ပေသည်။ လက်သီးတစ်ချက်တည်းဖြင့် မီးတောက်များ ယှက်နွယ်သွားပြီး ယင်းတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်၏။ အကယ်၍ သူသာ ထိုစွမ်းအားများကို သူ၏ ဓားသိုင်းမှတစ်ဆင့် ထုတ်လွှတ်နိုင်ခဲ့ပါက တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်နေမည် မဟုတ်ဘဲ တစ်ဖက်သတ် အနိုင်ရရှိမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
‘အတွင်းအားနဲ့ မီးတောက်ချီ... ဟဲဟဲ... တကယ်လို့ ငါသာ ဒီသိုင်းကွက်ကို အပြည့်အဝ ကျွမ်းကျင်သွားပြီဆိုရင် အခု ငါက ပါရဂွန်အဆင့် ဖြစ်နေရင်ကော ဘာဖြစ်လဲ... ငါက မသေခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် အသားပြားလေး တစ်ခုဖြစ်သွားအောင် လုပ်ပစ်နိုင်သေးတယ်...’
ထိုအတွေးနှင့်အတူ သူ ဓားရှည်ကို ထုတ်ယူလိုက်ပြီး ရှေ့သို့ ချိန်ရွယ်လိုက်ရာ မီးတောက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ပူပြင်းလှသော အပူရှိန်ကြောင့် ကျိဟွာလှိုဏ်ဂူ၏ ဟင်းလင်းပြင် ပုံပျက်သွား၏။
ကျိဟွာလှိုဏ်ဂူ အတွင်းရှိ ဟင်းလင်းပြင်က ဝင်္ကပါ ဟင်းလင်းပြင် အမျိုးအစားတစ်ခု ဖြစ်ပြီး တည်ငြိမ်မှု အပိုင်းတွင် မျောလွင့် ကုန်းမြေတိုက်ကြီးနှင့် ချီပင်လယ် ကုန်းမြေတိုက်ကြီးတို့ထက် များစွာ ဆိုးရွားလှပေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... သူက စွမ်းအင်တွေကို အများကြီး ကုန်ဆုံးစေတာပဲ... ငါ့ရဲ့ ကျယ်ဝန်းလှတဲ့ ချီပင်လယ်နဲ့တောင်မှ ဒါကို စိတ်ကြိုက် မသုံးရဲဘူး..."
မီးတောက်များကြောင့် ကုန်ဆုံးသွားသော အစစ်အမှန်ချီများကို ခံစားလိုက်ရပြီးနောက် ရီချင်း မီးတောက်စွမ်းအင်ကို အဘယ်ကြောင့် အလွယ်တကူ မသုံးရဲမှန်း နိုင်းယွမ် နောက်ဆုံးတွင် နားလည်သွားသည်။ ထိုအရာက အစစ်အမှန်ချီများကို ကုန်ဆုံးစေသော အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တစ်ယောက်ယောက်က အတွင်းအားများကို အများအပြား စုဆောင်းထားပြီး ပြိုင်ဘက်ကင်း အစစ်အမှန်ချီများကို ပိုင်ဆိုင်ထားကာ သူ၏ စွမ်းအား အားလုံးကို ထုတ်သုံးမည် ဆိုလျှင်တောင်မှ အစစ်အမှန်ချီများ လုံးဝ ကုန်ခမ်းမသွားမီ လှုပ်ရှားမှု အနည်းငယ်ထက် ပို၍ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
သေချာသည်မှာ အစစ်အမှန်ချီများ ပိုမို ကုန်ဆုံးလေလေ စွမ်းအားများ ပိုမို ကြီးမားလေလေပင်။ ထိုမွေးရာပါ ပါရမီဖြင့် သိုင်းစွမ်းရည်မှာ နောက်တစ်ဖန် နှစ်ဆ တိုးလာ၏။ အတိတ်က တစ်ယောက်တည်း တိုက်ခိုက်ရာတွင် ယွမ်ရှန်းအဆင့်ပညာရှင် ငါးယောက်က ဝင်္ကပါတစ်ခု ဖွဲ့စည်းလိုက်သောအခါ လွတ်မြောက်ရန် ခက်ခဲခဲ့ပေသည်။ ယခု မီးလျှံစွမ်းအင် လောင်ကျွမ်းနေမှုနှင့်အတူ မည်သည့် ပူးပေါင်း တိုက်ခိုက်မှု ဝင်္ကပါမဆို ပြာအဖြစ် လောင်ကျွမ်းသွားမည် ဖြစ်၏။ ငါးယောက်ကို မဆိုထားနှင့်၊ ဆယ်ယောက်ဆိုလျှင်ပင် သူတို့ ထိတ်လန့်တကြား ထွက်ပြေးသွားရပေလိမ့်မည်။
အကယ်၍ သူသာ ထိုမွေးရာပါ ပါရမီကို သေချာစွာ အသုံးပြုခဲ့မည်ဆိုပါက ကျန်းဖုန်း နှင့် သူ၏ တိုက်ပွဲမှာပင် ထိုမျှ ဒုက္ခများခဲ့မည် မဟုတ်ချေ။ ဓားတစ်ချက် ခုတ်လိုက်ရုံဖြင့် သူ၏ အတွင်းအားနှင့် မီးတောက်ချီကြောင့် ကျန်းဖုန်း မြေပြင်ပေါ်သို့ လဲကျသွားမည်ဖြစ်ပြီး တိုက်ခိုက်လိုစိတ် မည်မျှပင် ပြင်းထန်နေပါစေ ပြန်လည် ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
‘မဟာဒြပ်စင် ငါးပါးထဲက တစ်ခုဆိုတဲ့အတိုင်း တကယ်ကို ကြောက်စရာကောင်းတာပဲ...’
"အဲဒီ ချီသခင် ချန်ထားရစ်ခဲ့တဲ့ ရတနာထဲမှာ ချီကို အာရုံခံနိုင်တဲ့ နည်းလမ်း တစ်ခုခုများ ပါဝင်နေမလား မသိဘူး... အဲဒီလိုသာဆိုရင် ချီဒန်တျန် တစ်ခုကို ဖွဲ့စည်းလိုက်ရင် ဒီလို ကုန်ဆုံးမှုမျိုးကို ကြောက်နေဖို့ မလိုတော့ဘူး..."
အကယ်၍ ရီချန်ပြောသည်သာ အမှန်ဖြစ်ပြီး ထိုကဲ့သို့သော ချီသခင် တစ်ယောက် အမှန်တကယ် ရှိနေမည်ဆိုပါက မီးလျှံ ဒန်တျန်က အစစ်အမှန်ချီများကို ပိုမို ကုန်ဆုံးစေလျှင်တောင်မှ သူ့အတွက် ပြဿနာ ဖြစ်မည် မဟုတ်ချေ။
စွမ်းအင် ကုန်ဆုံးသွားသော အမြန်နှုန်းက ပြန်လည် ဖြည့်တင်းပေးသော အမြန်နှုန်းထက် နှေးကွေးနေသောကြောင့် လူတစ်ယောက်၏ ချီပင်လယ်မှာ အမြဲတမ်း ပြည့်ဝနေမည်ဖြစ်ပြီး သူ၏ စွမ်းအားများမှာ နှစ်ဆကျော် တိုးလာပေလိမ့်မည်။
ထို့အပြင် အကယ်၍ ထိုကဲ့သို့သော သဘာဝ ပါရမီကို ဖွဲ့စည်းနိုင်မည်ဆိုပါက တတိယအကြိမ်မြောက် နိဗ္ဗာန ပြောင်းလဲခြင်းကို ကြိုးစားရန် ထိုအခွင့်အရေးကို အသုံးချနိုင်ရန် လုံးဝ ဖြစ်နိုင်ချေ ရှိပေသည်။
‘ငါ့ရဲ့ ကိုယ်ပိုင် စုဆောင်းထားတဲ့ အရင်းအမြစ်တွေက အရမ်း များပြားလွန်းတယ်... တကယ်လို့ ငါသာ တတိယ နိဗာနပြောင်းလဲခြင်း ကို ချိုးဖောက်ဝင်ရောက်ချင်တယ်ဆိုရင် စွမ်းအင် ဘယ်လောက်တောင် လိုအပ်မလဲဆိုတာ ငါ မသိဘူး... အလယ်အဆင့် ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီရင်တောင်မှ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်... ငါ့ရဲ့ လက်ရှိ အရင်းအမြစ်တွေက ဒါကို ပြီးမြောက်အောင် လုပ်ဖို့ လုံလောက်မှာ မဟုတ်ဘူး...’
သို့သော်လည်း မူလစွမ်းအင်များ ရှိနေသော ဒန်တျန်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကတော့ ကွဲပြားပေသည်။ ကုန်ဆုံးသွားသော ဖန်ဆင်းခြင်းစွမ်းအင်များကို ထိုဒန်တျန်မှတစ်ဆင့် အမှောင်ထုထဲမှ အပြည့်အဝ ဆွဲယူနိုင်ပြီး အဆုံးအစမရှိသော စွမ်းအားများဖြင့် အောင်မြင်နိုင်ခြေမှာ သေချာပေါက် အများကြီး မြင့်တက်လာပေလိမ့်မည်။
‘ငါက အခု ပါရဂွန်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတာ... တကယ်လို့ ငါသာ တတိယ နိဗာနပြောင်းလဲခြင်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင် ဖန်ဆင်းခြင်းအဆင့်ထဲကို တိုက်ရိုက် ဝင်ရောက်သွားပြီး ဖန်းလီ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့ ယွမ်ရှန်းအဆင့်ကိုတောင် ရောက်သွားမှာ သေချာတယ်...’
ယွမ်ရှန်းအဆင့်သို့ ရောက်ရှိခြင်းဆိုသည်မှာ မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိသွားခြင်းဖြစ်ပြီး မျောလွင့် ကုန်းမြေတိုက်ကြီးတွင် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
"ချီသခင် .... ငါ ဒီမွေးရာပါ ပါရမီကို သေချာပေါက် ရယူရမယ်..."
နိုင်းယွမ် လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်ပြီး မျက်လုံးများမှာ ပြတ်သားသော အလင်းရောင်တစ်ခုဖြင့် လင်းလက်သွား၏။
အခန်း ၄၁၃ ပြီး
***