"ဘာ... ငါ့ဝင်္ကပါက အလုပ်မလုပ်ဘူးလား... မဖြစ်နိုင်တာ... ဒါက ငါတို့ မျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး ရတနာပဲ..."
ရီချန်စကားပြော၍ မဆုံးမီမှာပင် လူငယ်လေးက လက်မောင်းများကို ဖြန့်ကားလိုက်ပြီး ရေတွက်၍မရနိုင်သော ချည်မျှင်တန်းများကို ပစ်လွှတ်ကာ မီးတောင်ဝပေါ်တွင် ဝင်္ကပါ တစ်ခုကို အရူးအမူး တည်ဆောက်နေသည်ကို သူ မြင်လိုက်ရပေသည်။
ဝင်္ကပါ တစ်ခုစီက အစစ်အမှန်ချီ အမြောက်အမြား ကုန်ကျပေသည်။ ဝင်္ကပါများက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေပြီး နဂါးမီးတောင်တန်း၏ ပူပြင်းလှသော လေစီးကြောင်းများ၏ အကူအညီဖြင့် ပါကွ ဝင်္ကပါ တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းသွား၏။
"ပါကွ ရွှေနဂါးဝင်္ကပါလား... ဒါက ပါကွ ရွှေနဂါးဝင်္ကပါ လား..." လူငယ်လေး တည်ဆောက်လိုက်သော ဝင်္ကပါကို မြင်သောအခါ ရီချန်အံ့အားသင့်သွားရသည်။
သူ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားခဲ့သော သူ၏ ကိုယ်ပိုင် နဂါးချည်နှောင် ဝင်္ကပါမှာ တကယ်တမ်းတွင် သူ၏ ရှေ့မှ ပါကွ ရွှေနဂါးဝင်္ကပါ၏ ပုံစံငယ်လေး တစ်ခုသာ ဖြစ်နေပေသည်။
"ပါကွ ရွှေနဂါးဝင်္ကပါ ဟုတ်လား... အဲ... မဟုတ်ဘူး... ဒါက ကောင်းကင်ကိုးဆင့် လျှို့ဝှက်နဂါး ဝင်္ကပါပဲ... ပါကွ ရွှေနဂါးဝင်္ကပါက ဒီဝင်္ကပါရဲ့ ပြောင်းလဲမှု တစ်ခုသက်သက်ပဲမို့ ကြွားလုံးထုတ်စရာ ဘာမှ မရှိပါဘူး..."
နိုင်းယွမ်က ဝင်္ကပါကို တည်ဆောက်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ကောင်းကင်ကိုးဆင့်... လျှို့ဝှက်နဂါး ဝင်္ကပါ ( ရွှမ်လုံ ဝင်္ကပါ ) လား... ပါကွ ရွှေနဂါးဝင်္ကပါက သူ့ရဲ့ ပြောင်းလဲမှု တစ်ခုသက်သက်ပဲ... အဲဒီလောက်ပဲလား..." ရီချန် မူးမေ့လဲမတတ် ဖြစ်သွားရသည်။
သူ့ရှေ့မှ လူငယ်လေးကို မင်ထျန်း နဂါးလှည့်စား ဝင်္ကပါအား လက်ဆင့်ကမ်း ပေးမည်ဟု သူ ယခုလေးတင် ယုံကြည်မှု အပြည့်ဖြင့် ကြေညာခဲ့ပြီး လူငယ်လေး အနေဖြင့် ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားပြီဟု သူ ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ်လေးက ဘိုးဘေးအဆင့် ဖြစ်သော ဤဝင်္ကပါကို ထုတ်ဖော်ပြသလိုက်၏။
‘ငါ့ကို ပါးဖြတ်ရိုက်လိုက်သလိုပဲ...’
ဖခင်ဖြစ်သူ ကြောင်တောင်တောင် အမူအရာဖြင့် လေထဲတွင် ပျံသန်းနေသည်ကို မြင်သောအခါ ရီချင်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ထိုညက အခန်းထဲတွင် သူနှင့် နှစ်ယောက်တည်း ရှိနေခဲ့သည်ကို တွေးမိရုံဖြင့် သူမ၏ နှုတ်ခမ်းများ နောက်တစ်ဖန် ကွေးတက်သွား၏။
အခြားလူများသာဆိုလျှင် သူမနှင့် နှစ်ယောက်တည်း ရှိနေချိန်တွင် သူမကို အတင်းအကျပ် ဖက်တွယ်ထားပြီး သူမကို ပျော်ရွှင်စေရန် စကားတို့ အများကြီး ပြောကာ သူမ ပြုံးလာစေရန်အတွက် ငွေကြေး အမြောက်အမြား အကုန်အကျ ခံကြပေလိမ့်မည်။ သို့သော် ထိုလူငယ်လေးကမူ ထိုသို့ မဟုတ်ဘဲ နက်ရှိုင်းသော အတွေးများထဲတွင် နစ်မြုပ်နေသော ဘုန်းကြီးအို တစ်ပါးကဲ့သို့ ကျင့်ကြံခြင်းတွင်သာ လုံးလုံးလျားလျား နစ်မျောနေခဲ့ပေသည်။
‘ကျင့်ကြံတယ်... ကျင့်ကြံတယ်... သောက်ကျိုးနည်း ကျင့်ကြံနေတာပဲ... ငါက တကယ်ပဲ အဲဒီလောက်တောင် ဆွဲဆောင်မှု မရှိဘူးလား... ငါ အခုတလော ဝလည်း မဝလာပါဘူး... ငါ့ရဲ့ ခန္ဓာကိုယ် အချိုးအစားက ကောင်းနေတုန်းပဲလေ...’
"ဟတ်ချိုး..."
နိုင်းယွမ် အပေါ်သို့ မော့ကြည့်လိုက်၏။
'ရာသီဥတုလည်း အဆင်ပြေပါတယ်... အအေးလည်း မမိပါဘူး... ဒါဆို ဘာလို့ နှာချေနေရတာလဲ...’
‘ထားလိုက်ပါတော့... ဝင်္ကပါကိုပဲ ဆက်ခင်းကျင်းတော့မယ်...’
"ဝှစ်..."
နာရီဝက်ကျော်ကြာ သူ၏ အတွင်းအားများ အားလုံးကို အသုံးပြုပြီးနောက် နိုင်းယွမ် နောက်ဆုံးတွင် ရပ်တန့်လိုက်ပေသည်။
"ကောင်းပြီ... ဒါက ကောင်းကင်ကိုးဆင့် လျှို့ဝှက်နဂါး ဝင်္ကပါပဲ... သူက နဂါးမီးတောင်တန်းရဲ့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်ကို အသုံးပြုထားသလို တောင်ထွတ်တွေကို သူ့ရဲ့ အခြေခံအဖြစ် အသုံးပြုပြီး ချော်ရည်တွေရဲ့ အပူရှိန်ကနေ စွမ်းအားတွေကို ဆွဲယူထားတယ်... သူ့ထဲမှာ သတ်ဖြတ်ခြင်း ဝင်္ကပါ စုစုပေါင်း ၁၀၈ ခု၊ လှည့်စားခြင်း ဝင်္ကပါ ၃၁၂ ခုနဲ့ သေမင်း ဝင်္ကပါ ၁၇၈ ခု ပါဝင်တယ်... ကျုပ်တို့ဆီမှာ ဝင်္ကပါတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သူတို့ကို အသက်သွင်းဖို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ မရှိလို့ ဒီဝင်္ကပါတွေရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မသေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ဖို့တော့ လုံလောက်သင့်ပါတယ်..."
လက်ခုပ်တစ်ချက် တီးလိုက်ပြီး နိုင်းယွမ် အောက်ဘက်တွင် အပင်ပန်းခံ၍ တည်ဆောက်ထားသော ဝင်္ကပါကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"အသက်သွင်းဖို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ မရှိဘဲနဲ့... ပြီးတော့ အထူး ဝင်္ကပါ အခြေခံ မရှိဘဲနဲ့တောင် မသေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်နိုင်သေးတယ် ဟုတ်လား..." ရီချန် တုန်ယင်သွား၏။
သူ၏ နဂါးချည်နှောင် ဝင်္ကပါက အထူး ဝင်္ကပါ အခြေခံ ရှိနေလျှင်တောင်မှ အများဆုံး မသေခြင်း အစောပိုင်းအဆင့်တွင် ရှိနေသူများကိုသာ ထောင်ချောက်ဆင်နိုင်ပေသည်။ သူတို့ကို သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲလှ၏။
မည်သို့ပင်ဆိုစေကာမူ ထိုအဆင့်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းများစွာ ရှိပေသည်။ တစ်စုံတစ်ယောက်ကို အပြီးတိုင် သတ်ဖြတ်ရန်အတွက် သူတို့ထက် များစွာ ပိုမို စွမ်းအားကြီးမားမှသာ အောင်မြင်နိုင်ပေလိမ့်မည်။
လူငယ်လေး တည်ဆောက်လိုက်သော ဝင်္ကပါက ဝင်္ကပါ အလံများစွာ မလိုအပ်ဘဲ မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ ထိုကဲ့သို့သော ဝင်္ကပါမျိုးက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဒါပေမဲ့ ဒီဝင်္ကပါက မသေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေ အပေါ်မှာပဲ အလုပ်လုပ်နိုင်တာ... ပိုင်နက်အဆင့် ပညာရှင်တွေ အပေါ်မှာတော့ အလုပ်လုပ်မှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ဒီဝင်္ကပါကို အလောတကြီး တည်ဆောက်ထားတာဆိုတော့ သေချာ လုပ်ဖို့ လိုအပ်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်... တကယ်လို့ ကျုပ်မှာသာ အချိန် တစ်လလောက် ရှိမယ်ဆိုရင် ပိုင်နက်အဆင့် ပညာရှင်ကို အသာထား...ဖန်ဆင်းခြင်းအဆင့်ရဲ့ အဆင့်ငါး ပညာရှင် တစ်ယောက်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
နိုင်းယွမ်က ပြုံးလျက် ပြောလိုက်ပေသည်။
"မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ ဝင်္ကပါ တစ်ခုကို အလောတကြီး တည်ဆောက်တာ ဟုတ်လား... လောကကြီးမှာ ဒီလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုး ဘယ်လိုလုပ် ရှိနေနိုင်တာလဲ..."
ရီချန် ဆက်ပြောရန်ပင် ဆွံ့အသွားတော့၏။
သူ့ဘဝတွင် ပါရမီရှင် အများအပြားကို မြင်တွေ့ခဲ့ဖူးပြီး သူတို့ထဲမှ အများအပြားက သူ့ကို အံ့အားသင့်စေခဲ့သော်လည်း ဤနိုင်းယွမ်က ကျင့်ကြံခြင်း၊ ဗဟုသုတ၊ ဉာဏ်ပညာနှင့် ဝင်္ကပါ ပညာရပ်တို့တွင်သာမက... ဘက်စုံတွင် ပုံမှန်မဟုတ်သော အဆင့်တစ်ခုတွင် ရှိနေပေသည်။
‘အင်း... ပုံမှန်မဟုတ်တာ မဟုတ်ဘူး... အရမ်းကို ပုံမှန်မဟုတ်တာ... ပုံမှန်မဟုတ်တာ အပေါင်း အဆင့်ရှစ်လောက်ကို ရှိတဲ့ အမျိုးအစားပဲ...’
‘ဒီလို ပုံမှန်မဟုတ်တဲ့ စွယ်စုံ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို မြင်ဖူးဖို့ မဆိုထားနဲ့... ကြားတောင် မကြားဖူးဘူး...’
‘ဒီကောင် လူရော ဟုတ်သေးရဲ့လား...’
....
"ကောင်းပြီ... အခု ကျုပ်နဲ့ လိုက်ခဲ့... ကျုပ်တို့ ဝင်္ကပါထဲမှာ စောင့်နေကြမယ်... သူတို့ ရောက်လာတာနဲ့ ဝင်္ကပါကို အသက်သွင်းပြီး ထောင်ချောက်ဆင်လိုက်မယ်..."
ရီချန်၏ အတွေးများကို မသိသော နိုင်းယွမ် ခပ်ဖွဖွ ပြုံးလိုက်ပြီး မီးတောင်ဝတွင် သူ တည်ဆောက်ထားသော ကြီးမားသည့် ဝင်္ကပါဆီသို့ ပျံသန်းသွားလိုက်၏။
"သွားကြစို့ အဖေ..." ဖခင်ဖြစ်သူမှာ ဘေးတွင် အတွေးများထဲ နစ်မြုပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ရီချင်းက အော်ခေါ်လိုက်ပြီး သူမလည်း အထဲသို့ ပျံသန်းဝင်ရောက်သွားရာ ရီချန်လည်း အနောက်မှ အနီးကပ် လိုက်ပါသွား၏။
သူတို့ သုံးယောက် အဆင်သင့် ဖြစ်သွားချိန်တွင် လေထဲတွင် ဝှစ်ခနဲ အသံတစ်ခုကို ကြားလိုက်ရပြီး မီးတောင်ဝတွင် ပုံရိပ်လေးခု ပေါ်လာကြသည်။
"ဟားဟား... နောက်ဆုံးတော့ ငါတို့ မှီလာပြီပဲ... ရီချန်... မင်းတို့ ဘယ်ကို သွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
မီးတောင်ဝသို့ ရောက်ရှိလာပြီး ရီချန်နှင့် အခြားသူများ အထဲသို့ ဝင်သွားသည်ကို မြင်သောအခါ ချော်ရည်များထဲသို့ ခြေမချရသေးမီမှာပင် ကျန်းဖုန်းသည် အသံရှည်ဆွဲကာ အော်ဟစ်လိုက်ပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပေသည်။ "ကျန်းဖုန်း... မင်းက ငါတို့နောက်ကို တကယ် လိုက်ရဲတာပဲ... ငါတို့က မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား..." ရီချန် မျက်ခုံးများကို ပင့်လိုက်ပြီး ဒေါသတကြီး ကျုံးဝါးလိုက်၏။
သူ၏ ဒေါသတကြီး အော်ဟစ်မှုများမှာ ဟန်ဆောင်မှု သက်သက်သာ ဖြစ်ပေသည်။ သူ၏ ရည်ရွယ်ချက်မှာ ထိုလူများကို ကြီးမားသော ဝင်္ကပါထဲသို့ သွေးဆောင်ခေါ်ယူရန် ဖြစ်၏။
"ငါ့ကို သတ်မယ် ဟုတ်လား... ဟားဟား..." လောကတွင် ရယ်စရာ အကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ကျန်းဖုန်း ရယ်မောလိုက်ပေသည်။ "မင်းသမီးက တောသား တစ်ကောင်နဲ့ ငြိစွန်းနေပြီး အဲဒီကောင်က စွမ်းအားကြီးတာနဲ့ပဲ အရမ်း ဟုတ်လှပြီ မထင်နဲ့... မင်းကို ငါ ပြောမယ်... ဒီနေ့ မင်း သေကို သေရမယ်... ပြီးတော့ အဲဒီကောင်လည်း သေရမယ်..."
“တောသား ဟုတ်လား..." နိုင်းယွမ် ထိုကဲ့သို့သော ခေါင်းစဉ်တပ်ခံလိုက်ရသဖြင့် အံ့အားသင့်သွားပြီး စကားပြောရန်ပင် ဆွံ့အသွား၏။
ထို့နောက် သူ ခေါင်းလှည့်ကြည့်လိုက်ရာ ရီချင်း ရှက်ရွံ့နေပြီး ဖြူဝင်းသော မျက်နှာလေးမှာ အနည်းငယ် နီရဲနေသည်ကို မြင်လိုက်ရပေသည်။ သူမက ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"ရှင် ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..."
သူမ၏ လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေအောက်ရှိ ပူပြင်းလှသော ချော်ရည်များက မီးပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းဖုန်းထံသို့ ကျုံးဝါးကာ တိုးဝင်သွားသည်။
မီးလျှံသခင်များက မီးတောက်များဖြင့် ပြည့်နှက်နေသော နေရာများတွင် ပင်လယ်ထဲသို့ ဝင်ရောက်သွားသော နဂါးများကဲ့သို့ပင်။ သူတို့က မယုံကြည်နိုင်လောက်ဖွယ် စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး သူတို့၏ သိုင်းစွမ်းရည်မှာ နှစ်ဆ တိုးလာနိုင်ပေသည်။
သို့သော်လည်း သူမ၏ စွမ်းအား နှစ်ဆ တိုးလာလျှင်ပင် အရေးမပါလှချေ။ သူမ၏ ကိုယ်ပိုင် စွမ်းအားမှာ အလွန် နိမ့်ကျလွန်းပြီး ဖန်းလီအစောပိုင်းအဆင့်တွင်သာ ရှိနေသေး၏။ လောင်ကျွမ်းနေသော မီးတောက်များ ကျန်းဖုန်း ထံသို့ မရောက်မီမှာပင် လက်ဝါးကြီးဖြင့် လုံးဝ ဖျက်ဆီးလိုက်ပေသည်။
"စိတ်မပူပါနဲ့... မင်းက ငါ့ရဲ့ ချွေးမ ဖြစ်လာမယ့်သူဆိုတော့ ရတနာ ရှာတဲ့နေရာမှာ ငါတို့ကို ကူညီပေးရမယ်လေ... ဒါကြောင့် မင်းကို ငါ မသတ်ပါဘူး... မင်းရဲ့ အဖေနဲ့ အဲဒီကောင်ကတော့ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး..." ရီချင်း၏ တိုက်ခိုက်မှုကို ချိုးဖောက်ပြီးနောက် ကျန်းဖုန်း လှောင်ပြောင်လိုက်ပြီး သူ၏ အနောက်ရှိ အဘိုးအို တစ်ယောက်ဘက်သို့ လှည့်လိုက်သည်။ "အဲဒီ အမျိုးသား နှစ်ယောက်ပါပဲ... အကြီးအကဲ ယွမ်ဟန်... ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်..."
"အင်း..." အဘိုးအိုက ငြင်းဆန်ခြင်း မရှိဘဲ ခေါင်းညိတ်လိုက်ပြီး ချက်ခြင်း ရှေ့သို့ မျောလွင့်လာ၏။
"အကြီးအကဲ ယွမ်ဟန် ဟုတ်လား... ယွမ်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ ယွမ်ရှင်းဂိုဏ်းက အကြီးအကဲ တစ်ယောက်လား..." ကျန်းဖုန်း၏ စကားကို ကြားသောအခါ ရီချန်ပတ်လည်တွင် စွမ်းအားကြီးမားသော ဝင်္ကပါ တစ်ခု ရှိနေသော်လည်း မျက်နှာထား ပြောင်းလဲသွားသည်။
ယွမ်ရှင်းဂိုဏ်းကို ယွမ် မိသားစု၏ ဘိုးဘေးက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယွမ် ဆိုသည့် မျိုးရိုးနာမည်ရှိသော အကြီးအကဲများ အားလုံးမှာ အလွန် အဆင့်မြင့်ပြီး အဆုံးအစမရှိသော မှော်စွမ်းအင်များကို ပိုင်ဆိုင်ထားကြ၏။
"ငါတို့ ယွမ်ရှင်းဂိုဏ်းက ယွမ် မျိုးရိုးနာမည်ရှိတဲ့ အကြီးအကဲတွေ စွမ်းအားကြီးတယ်ဆိုတာကို မင်း သိထားတာက တော်တော်လေး အထင်ကြီးစရာ ကောင်းပါတယ်... အဲဒီလိုဆိုမှတော့ ဒီနေ့ မင်းကို အင်္ဂါ အပြည့်အစုံနဲ့ သေခွင့်ပေးလိုက်မယ်..."
အကြီးအကဲ ယွမ်ဟန် ရှေ့သို့ ထွက်လာပြီး လက်များကို နောက်ပစ်ထားကာ ရီချန်နှင့် အခြားသူများကို သေလူများကဲ့သို့ ကြည့်လိုက်သည်။
အခန်း ၄၁၆ ပြီး
***