ထိုအချိန်တွင် ယွမ်ဟန် သူတို့နှစ်ယောက်ထက် အခြေအနေ အများကြီး ပိုကောင်းနေပေသည်။ သူ၏ ကိုယ်ဖော့ကျင့်စဥ်နှင့် စွမ်းအားကို အားကိုးကာ သူ တိုက်ခိုက်မှု အများအပြားကို ရှောင်တိမ်းနေ၏။ သို့သော်လည်း အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မှော်စွမ်းအင်များ နောက်ဆုံးတွင် ကုန်ခမ်းသွားမည်ဖြစ်ပြီး သေချာပေါက် သေရမည်မှန်း သိပေသည်။
ဝင်္ကပါမှ တိုက်ခိုက်မှုများက တစ်ပိုင်း ဖြစ်သော်လည်း အောက်ဘက်ရှိ လူသုံးယောက်၏ စကားများက သူ့ကို ရူးသွပ်သွားစေ၏။
ယွမ်ရှင်းဂိုဏ်း၏ ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက်၊ မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်နှင့် လေးစားခံရသော အဆင့်အတန်း ရှိသူ တစ်ယောက်အနေဖြင့် သူ ထိုကဲ့သို့ ဘယ်သောအခါမှ လှောင်ပြောင်ခြင်း မခံခဲ့ရဖူးချေ။ ယင်းကို နားထောင်ရင်း သူ၏ မျက်နှာမှာ ဒေါသကြောင့် ခရမ်းရောင် သန်းလာရသည်။
"စီနီယာအစ်ကို... အဲဒီအရာကို သုံးမှ ဒီကောင်တွေကို သတ်နိုင်လိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင် ကျုပ်တို့ အားလုံး ဒီမှာပဲ သေရလိမ့်မယ်..." သူ၏ စီနီယာအစ်ကို တုံ့ဆိုင်းနေသည်ကို မြင်သောအခါ အကြီးအကဲ ထိုက်ယွမ်က ထပ်မံ အော်ဟစ်လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း..." ဂျူနီယာညီလေး၏ အော်ဟစ်သံကို ကြားသောအခါ ယွမ်ဟန် လက်သီးများကို ဆုပ်ထားလိုက်ပြီး မျက်နှာ ပြာနှမ်းသွား၏။ "ငါ အဲဒါကို သောက်လိုက်တာနဲ့ ငါ့ရဲ့ စွမ်းအားတွေက တကယ်ပဲ အဆင့်တက်သွားလိမ့်မယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဆက်ပြီး အဆင့်တက်ဖို့ ခက်ခဲသွားလိမ့်မယ်... ပြီးတော့ ငါ့ရဲ့ သက်တမ်းလည်း အများကြီး ကုန်ဆုံးသွားလိမ့်မယ်..."
သူ၏ ဂျူနီယာညီလေး ပြောသော ရတနာမှာ သက်တမ်းလောင်ကျွမ်း ဆေးလုံးဟု ခေါ်ပြီး ရှေးဟောင်း အပျက်အစီး တစ်ခုတွင် စွန့်စားရှာဖွေရင်း သူ မတော်တဆ ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ယင်းက သက်တမ်းကို လောင်ကျွမ်းစေပြီး စွမ်းအားကို ယာယီ မြှင့်တင်ရန်အတွက် အာနိသင် ရှိ၏။
သူက မသေခြင်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပိုင်နက်အဆင့် သို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေပြီ ဖြစ်ပေသည်။ အကယ်၍ သူသာ ထိုသက်တမ်းလောင်ကျွမ်း ဆေးလုံးကို သောက်လိုက်မည်ဆိုပါက သူ၏ စွမ်းအားများ မြင့်တက်လာစဉ်တွင် အတားအဆီးများကို သေချာပေါက် ချိုးဖောက်နိုင်မည်ဖြစ်ပြီး ဖန်ဆင်းခြင်း စတုတ္ထအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သူ စိတ်ကူးကြည့်နိုင်ပေသည်။
ခန္ဓာကိုယ် ပတ်လည်တွင် ပိုင်နက် တစ်ခု ဖွဲ့စည်းနိုင်သော ဖန်ဆင်းခြင်း စတုတ္ထအဆင့်ဖြစ်သည့် ပိုင်နက်အဆင့် သို့ ရောက်ရှိသွားခြင်းက ထိုဝင်္ကပါ၏ တိုက်ခိုက်မှုများကို အမှန်တကယ် ပိတ်ဆို့နိုင်ပေလိမ့်မည်။ သို့သော်... အကယ်၍ ထိုသို့ ဖြစ်သွားခဲ့ပါက သူ၏ သက်တမ်း ထိခိုက်သွားမည်သာမက သူ၏ အနာဂတ် စွမ်းအားများလည်း ဆက်လက် တက်လှမ်းရန် ခက်ခဲသွားပေလိမ့်မည်။
အကယ်၍ သူ ယင်းကို မသုံးလျှင် သေချာပေါက် သေရလိမ့်မည် ဖြစ်ပြီး အသုံးပြုလိုက်မည် ဆိုပါမူ သူ အသက်ရှင်နိုင်ကောင်း အသက်ရှင်နိုင်လိမ့်ပေမည်။
"ငါ စွန့်စားရတော့မှာပဲ... ရီမိသားစု... နိုင်းယွမ်... ဒီနေ့ ငါ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကို မင်းတို့ အဆတစ်ရာ ပြန်ဆပ်ရအောင် ငါ လုပ်ပစ်မယ်..."
ဝင်္ကပါ၏ တိုက်ခိုက်မှုများ ပိုမို သိပ်သည်းလာသည်ကို မြင်ပြီး ထိုအတိုင်း ဆယ်မိနစ်ထက် ပို၍ ခံနိုင်ရည် မရှိတော့ကြောင်း သိလိုက်ရသောအခါ အကြီးအကဲ ယွမ်ဟန်၏ မျက်လုံးများ နီရဲသွား၏။ ကျုံးဝါးသံ တစ်ခုနှင့်အတူ သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်း ပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ခရမ်းရောင် သန်းနေသော ဆေးလုံး တစ်လုံးကို ထုတ်ယူကာ တစ်လုံးလုံး မျိုချလိုက်ပေသည်။
ဝုန်း
ဆေးလုံးက သူ့လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွား၏။ ချက်ချင်းပင် အကြီးအကဲ ယွမ်ဟန်၏ မူလက နက်မှောင်နေသော ဆံပင်များမှာ အသက်သုံးရှိုက်စာ မပြည့်မီမှာပင် ဖြူရော်သွားပြီး တစ်ချိန်တည်းမှာပင် လှိုင်းထန်နေသော အရှိန်အဝါ တစ်ခု ပြင်းထန်စွာ ပျံ့နှံ့သွားကာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ကြက်ဥပုံစံ အမြှေးပါး တစ်ခု ဖွဲ့စည်းသွားသည်။
"ပိုင်နက်လား... ဒုက္ခပဲ... ဒီလူက ပိုင်နက်အဆင့်ကို တက်လှမ်းဖို့ လျှို့ဝှက် နည်းလမ်း တစ်ခုကို အသုံးပြုလိုက်တာပဲ... သွားကြစို့..."
ကြက်ဥပုံစံ အမြှေးပါးကို မြင်သောအခါ နိုင်းယွမ်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပေသည်။
ထိုအမြှေးပါးက ပိုင်နက်အဆင့်၏ ပိုင်နက်ပင် ဖြစ်၏။ ထိုပိုင်နက်က စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာမည် ဖြစ်သည်။ ယင်းက ကန့်သတ်ချက်အထိ ကြီးမားသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ကောင်းကင်ကိုးဆင့် လျှို့ဝှက်နဂါး ဝင်္ကပါက စွမ်းအားကြီးမားသော်လည်း သူ့ကို တားဆီးရန်မှာ မဖြစ်နိုင်တော့ချေ။
ယွမ်ရှင်းဂိုဏ်း၏ သာမန် အကြီးအကဲ တစ်ယောက်တွင် စွမ်းအား မြှင့်တင်ရန်အတွက် သက်တမ်းကို လောင်ကျွမ်းစေသော ထိုကဲ့သို့သော ဆေးလုံးမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သလို အကြီးအကဲ ယွမ်ဟန် ထိုမျှ ရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"ချော်ရည်တွေ ကွဲဟစမ်း..."
အကြီးအကဲ ယွမ်ဟန် ကြီးမားသော ဝင်္ကပါကို ချိုးဖောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ ထွက်သွားနိုင်တော့မည် မဟုတ်ချေ။ အခြေအနေမှာ အလွန် အန္တရာယ်များနေကြောင်း သိသောကြောင့် နိုင်းယွမ် ဘာကိုမှ ဖုံးကွယ်မထားတော့ချေ။ သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေအောက် ချော်ရည်များ လမ်းကြောင်းတစ်ခု အဖြစ် ကွဲဟသွား၏။ သူ ရီချင်း နှင့် ရီချန်တို့ကို ဆွဲကာ အောက်သို့ တည့်တည့် ပျံသန်းဆင်းသွားပေသည်။
"မီးလျှံသခင်က မီးတောက်တွေကို ထိန်းချုပ်နိုင်တယ်... နိုင်းယွမ်... မင်းကလည်း မီးလျှံသခင် တစ်ယောက်လား..."
လူငယ်လေး ထိုစွမ်းရည်ကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်သောအခါ ရီချင်း နှင့် ရီချန်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သူတို့က ထိုလူငယ်လေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
မီးလျှံသခင် ပါရမီက ထိပ်တန်း ဆယ်ခုထဲတွင် မပါဝင်သော်လည်း အနည်းဆုံးတော့ ထိပ်တန်း သုံးဆယ်ထဲတွင် ပါဝင်ပေသည်။ သူတို့၏ အရေအတွက်မှာ အလွန် ရှားပါးပြီး မျောလွင့် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ငါးယောက်ထက်ပင် ပိုမရှိနိုင်ချေ။ လူအများအပြားက သူတို့၏ တစ်သက်တာတွင် တစ်ယောက်ကိုမျှပင် မတွေ့ဖူးကြပေ။ ထိုလူငယ်လေးက မီးလျှံသခင် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သည်မှာ သာမန်ပင်။
ထို့အပြင် သူ၏ မီးတောက်များကို ထိန်းချုပ်သည့် နည်းလမ်းကို ကြည့်ရသည်မှာ ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေပြီး ရီချင်းထက်ပင် ပိုမို ကျွမ်းကျင်နေပုံရပေသည်။
"အခုက ဒီအကြောင်း ပြောရမယ့် အချိန် မဟုတ်ဘူး... မင်းလည်း မီးတောက်တွေကို ထိန်းချုပ်လိုက်... ကျုပ်တို့ မြန်မြန် ချီသခင် ရဲ့ ရတနာတိုက်ကို သွားရှာကြတာပေါ့... အဲဒီလိုမှ မဟုတ်ရင် အကြီးအကဲ ယွမ်ဟန် ဝင်္ကပါကို ချိုးဖောက်သွားတာနဲ့ တစ်ပြိုင်နက် ကျုပ်တို့ သေချာပေါက် အဖမ်းခံရလိမ့်မယ်..."
ထိုအချိန်တွင် သူတို့နှစ်ယောက်က ကြောက်ရွံ့မနေဘဲ သူက မီးလျှံသခင် တစ်ယောက် ဟုတ်မဟုတ်ကို စိတ်ဝင်စားနေကြသည်ကို မြင်သောအခါ နိုင်းယွမ် ခေါင်းခါယမ်းလိုက်မိသည်။
ဖန်ဆင်းခြင်း စတုတ္ထအဆင့်ဖြစ်သော ပိုင်နက်အဆင့်ကို ပိုင်နက် သို့မဟုတ် နယ်မြေသခင်အဆင့်ဟုလည်း ခေါ်ဆိုကြပေသည်။ ပိုင်နက် အတွင်းတွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းက ထိုအဆင့်သို့ မရောက်ရှိသေးသ၍ သူတို့က ပြိုင်ဘက်ကင်းလုနီးပါးပင်။ နိုင်းယွမ် ယခုအချိန်တွင် ပါရဂွန်အဆင့်တွင်သာ ရှိနေသေးပြီး ဖန်ဆင်းခြင်းအဆင့်သို့ပင် မရောက်ရှိသေးချေ။ အများဆုံး သူ မသေခြင်း အစောပိုင်းအဆင့် တစ်ယောက်နှင့် သရေကျအောင် တိုက်ခိုက်နိုင်သော်လည်း ပိုင်နက်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်သည်အထိ သူ မောက်မာမနေပါချေ။
"ဟုတ်ကဲ့..."
လူငယ်လေး၏ ဆူပူမှုကို ကြားသောအခါ ရီချင်း လက်ရှိ အန္တရာယ်ကို နောက်ဆုံးတွင် သတိရသွားပေသည်။ သူမ၏ လွင့်မျောနေသော အတွေးများကို သိမ်းဆည်းလိုက်ပြီး မီးလျှံသခင် ပါရမီကို အသက်သွင်းကာ နိုင်းယွမ်နှင့်အတူ လမ်းကြောင်းတစ်ခု ဖွင့်ရန် ပူးပေါင်းလုပ်ဆောင်လိုက်၏။
ထိုမြေအောက် ချော်ရည်များ၏ အပူချိန်က သာမန် မီးတောက်များထက် များစွာ ကျော်လွန်နေပေသည်။ အကယ်၍ သာမန် ဖန်ဆင်းခြင်းတတိယအဆင့် မသေခြင်းအဆင့် ပညာရှင် တစ်ယောက် ဤနေရာသို့ လာမည်ဆိုပါက မီတာ တစ်ရာပင် မလျှောက်ရသေးမီ အရှင်လတ်လတ် ကင်ခံရမည်မှာ သေချာလှ၏။
သူတို့ သုံးယောက် မီတာ ငါးထောင်ခန့် အောက်သို့ ဆက်လက် ဆင်းသွားကြပြီးနောက် မီးတောက်များ၏ အရောင်မှာ မယုံကြည်နိုင်လောက်အောင် နီရဲလာပြီး မီးခိုးရောင် သန်းနေသော ချီ လှိုင်းတံပိုးများက ချော်ရည်များ ပတ်လည်တွင် အဆက်မပြတ် ရစ်ဝဲနေသည်ကို သူတို့ မြင်လိုက်ရသည်။
"ဒါက မီးအဆိပ်ပဲ... မီးတောက်တွေက အတိုင်းအတာ တစ်ခုအထိ လောင်ကျွမ်းသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အဆိပ်ပြင်းတဲ့ ချီတစ်မျိုးပေါ့... အကယ်၍ ရှူရှိုက်မိမယ်ဆိုရင် လူတစ်ယောက်ကို အတွင်းကနေ အပြင်ကို ချက်ချင်း ပြာအဖြစ် လောင်ကျွမ်းသွားစေနိုင်တယ်... မသေခြင်းအဆင့် ပညာရှင်တွေတောင် ဒါကို မခံနိုင်ဘူး... သတိထားကြ... ပြီးတော့ လုံးဝ မရှူရှိုက်မိစေနဲ့..."
ထိုအရှိန်အဝါကို မြင်သောအခါ နိုင်းယွမ်၏ မျက်နှာထား တင်းမာသွားသည်။
မီးအဆိပ် ဆိုသည်မှာ အလွန်တရာ ပူပြင်းသော မီးတောက်များတွင်သာ ပေါ်ထွက်တတ်သည့် အဆိပ်ပြင်းသော ချီ တစ်မျိုးဖြစ်ပြီး စွမ်းအားကြီးမားလွန်း၏။ ရှူရှိုက်မိသည်နှင့် တစ်ပြိုင်နက် မသေခြင်းအဆင့် ပညာရှင်များပင်လျှင် ခုခံရန် ခက်ခဲပေလိမ့်မည်။
မျောလွင့် ကုန်းမြေတိုက်ကြီးပေါ်ရှိ သာမန်လူ အချို့က သူတို့၏ ပတ်လည်တွင် မီးတောက်များ သို့မဟုတ် အခြားအရာများ မရှိဘဲနှင့် ရှင်းပြ၍ မရနိုင်အောင် ရုတ်တရက် မီးလောင်ကျွမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားတတ်ကြပေသည်။ တကယ်တမ်းတွင် သူတို့က လေထဲတွင် လွတ်လပ်စွာ လွင့်မျောနေသော မီးအဆိပ်များကို မတော်တဆ ရှူရှိုက်မိသွားကြခြင်း ဖြစ်၏။
ထိုကဲ့သို့သော မီးအဆိပ်မျိုးကို ရေဖြင့် ငြှိမ်းသတ်၍ မရသလို သဲဖြင့်လည်း ဖုံးအုပ်၍ မရနိုင်ချေ။ ယင်းက ကျင့်ကြံသူ အချို့အတွက် အကြောက်မက်ဖွယ် အကောင်းဆုံး တည်ရှိမှု တစ်ခု ဖြစ်ပေသည်။ သို့တိုင် ယင်းတို့အား ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"အင်း..."
လူငယ်လေးက မီးအဆိပ် ဟူသော နာမည်ကို ပြောလိုက်သည်ကို ကြားသောအခါ ရီချန်နှင့် ရီချင်း တို့၏ မျက်နှာများလည်း လေးနက်သွားကြသည်။ သူတို့ နိုင်းယွမ်၏ အနီးတွင် ကပ်လျက် နေကြပြီး အောက်သို့ အမြန် ပျံသန်းသွားလိုက်ကြ၏။
နောက်ထပ် မီတာ ငါးထောင်ခန့် ပျံသန်းပြီးနောက် သူတို့ ယခုအခါ မြေအောက် မီတာ တစ်သောင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ နီရဲနေသော ချော်ရည်များထဲတွင် ရံဖန်ရံခါ ကြည်လင်နေသော အရည်များ ပေါ်လာတတ်ပြီး အဝေးမှ ကြည့်လျှင် ကြည်လင်သော ရေနှင့် ဘာမှ မကွာခြားလှချေ။
"ဒါက အန္တိမ မီးရေစင်ပဲ... ရေနဲ့ မီးက မတည့်ဘူး ဆိုပေမယ့် အရာဝတ္ထုတွေက အစွန်းရောက်သွားတဲ့အခါ သူတို့ရဲ့ ဆန့်ကျင်ဘက် အဖြစ်ကို ပြောင်းလဲသွားတတ်တယ်... မီးတောက်တွေက အတိုင်းအတာ တစ်ခုအထိ လောင်ကျွမ်းသွားတဲ့အခါ အရည်အဖြစ် ပြောင်းလဲသွားလိမ့်မယ်... ဒီအန္တိမ မီးရေစင်က အန္တရာယ် မရှိဘူးလို့ ထင်ရပေမယ့် တကယ်လို့ သူက မူလ မီးရေစင်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ဝိညာဉ်ကိုတောင် လောင်ကျွမ်းစေနိုင်တယ်..."
သူ့ရှေ့မှ ကြည်လင်နေသော ရေကို မြင်သောအခါ နိုင်းယွမ် သတိကို မလျှော့ချလိုက်သည့်အပြင် မျက်နှာအမူအရာမှာ ပို၍ပင် လေးနက်သွား၏။
အခန်း ၄၁၈ ပြီး
***