အန္တိမ မီးရေစင် ဆိုသည်မှာ မီးတောက်များ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားသောအခါမှသာ ဖွဲ့စည်းနိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်ပေသည်။ ထို ချီသခင် စွမ်းအားရှင်က ထိုနေရာတွင် ရတနာတိုက် တစ်ခု တည်ဆောက်ရန် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ကို သူ အမှန်တကယ်ပင် မသိတော့ချေ။
အကယ်၍ သူ၏ မီးလျှံသခင် ပါရမီသာ မရှိခဲ့ပါက ဤနေရာသို့ ဝင်ရောက်ရန် အမှန်တကယ်ပင် လွယ်ကူမည် မဟုတ်ပေ။
ဝုန်း...
နိုင်းယွမ် စကားပြောနေစဉ်မှာပင် ချော်ရည်များ၏ အထက်မှ ဧရာမ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပေသည်။ ချက်ချင်းပင် လှိုင်းထန်နေသော ဝိညာဉ်ချီ လှိုင်းတံပိုး တစ်ခုက အောက်သို့ တိုးဝင်လာ၏။ သူတို့ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောင်းကင်ကိုးဆင့် လျှို့ဝှက်နဂါး ဝင်္ကပါကို အကြီးအကဲ ယွမ်ဟန် ချိုးဖျက်လိုက်ပြီမှန်း တစ်ယောက်၏ မျက်လုံးထဲမှ တစ်ယောက် သိလိုက်ကြပေသည်။
ကြီးမားသော ဝင်္ကပါကို ချိုးဖောက်ပြီးနောက် ပိုင်နက်အဆင့်၏ စွမ်းအားဖြင့် မီးလျှံသခင် ပါရမီ မရှိလျှင်တောင်မှ သူ ချော်ရည်များထဲသို့ ဝင်ရောက်နိုင်သေး၏။ သူ ဤနေရာအထိ ခံနိုင်ရည် ရှိမရှိ သူတို့ မသိကြသော်လည်း သတိထားရမည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ပိုင်နက်အဆင့် ပညာရှင် တစ်ယောက်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ယခုအခါ အကြီးအကဲ ယွမ်ဟန် ရူးသွပ်သွားပြီ ဖြစ်ပေသည်။ သူ့ရင်ထဲရှိ အမုန်းတရားများမှာ တိုင်းတာ၍ မရနိုင်ချေ။ အကယ်၍ သူတို့သာ အဖမ်းခံရပါက သူတို့ သုံးယောက်လုံး ထိုနေရာတွင် သေချာပေါက် သေရပေလိမ့်မည်။
အခြေအနေမှာ အလွန် အန္တရာယ်များနေကြောင်း သိသောကြောင့် နိုင်းယွမ် စကားဆက်မပြောတော့ချေ။ သူ၏ လက်များကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မီးလျှံချီများ လှိုင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ ချော်ရည်များကို ခွင်းသွားကာ အရှိန်မြှင့်လိုက်၏။
ထိုအရှိန်မြှင့်တင်မှုနှင့်အတူ အစစ်အမှန်ချီ ကုန်ဆုံးမှုမှာ မျက်စိတစ်မှိတ်အတွင်း မြင့်တက်လာပြီး ကျိုးပေါက်သွားသော မြစ်တစ်စင်းကဲ့သို့ အပြင်သို့ လျင်မြန်စွာ စီးထွက်နေတော့သည်။
"ငါ ဂရုမစိုက်တော့ဘူး... အခု အဲဒီ ချီသခင် ရဲ့ ရတနာတိုက် ဆိုတာကို ရှာတွေ့မှ ငါတို့ ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်မယ်... အဲဒီလိုမှ မဟုတ်ရင် သေဖို့ပဲ ရှိတယ်... ရှေ့ကို... ရှေ့ကို..."
သူ၏ ရင်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နိုင်းယွမ် တစ်ခဏမျှပင် ရပ်တန့်မနေရဲချေ။ သူ ရီချန်နှင့် ရီချင်း တို့ကို ဆွဲကာ အောက်သို့ အမြန် ပြေးဆင်းသွားလိုက်၏။
မကြာမီ သူတို့ သုံးယောက်တို့ ချော်ရည်များ၏ အောက်ဘက် မီတာ နှစ်သောင်းခန့်သို့ ရောက်ရှိလာကြသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူတို့၏ အောက်တည့်တည့်တွင် ဧရာမ ကျောက်တံခါးကြီး တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုနေရာရှိ ချော်ရည်များမှာ အန္တိမ မီးရေစင် အဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ပေသည်။ သူ၏ မီးလျှံသခင် ထိန်းချုပ်မှုဖြင့်ပင် နိုင်းယွမ် အနည်းငယ် အားစိုက်နေရသော်လည်း ထိုကျောက်တံခါးကြီးမှာ လုံးဝ ပျက်စီးခြင်း မရှိဘဲ မည်သည့် သက်ရောက်မှုမှ မရှိသည်ကို တွေ့ရ၏။ သူ၏ ကျယ်ပြန့်သော ဗဟုသုတဖြင့်ပင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားရပေသည်။
ကျောက်တံခါးကို မြင်သောအခါ သူတို့ ခရီးဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်ပေသည်။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး နိုင်းယွမ် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ကာ ယင်းကို ကြည့်လိုက်၏။
ကျောက်တံခါး၏ အပေါ်ပိုင်းတွင် စာသားများ ထွင်းထုထားသည်ကို သူ မြင်လိုက်ရသည်။ စာလုံး တစ်လုံးစီတိုင်းက ပြင်းထန်သော ဝိညာဉ်ချီ လှိုင်းတံပိုး တစ်ခုကို သယ်ဆောင်ထားပြီး တစ်စုံတစ်ယောက်က ပြိုင်ဘက်ကင်း နည်းလမ်း တစ်ခုကို အသုံးပြု၍ မြှုပ်နှံထားသကဲ့သို့ အဆုံးအစမရှိသော နက်နဲမှုများဖြင့် ပြည့်နှက်နေ၏။
"ငါ... ကွမ်မင်ကျီ... အဆင့် ကိုး နေရာမှာ ရှိတဲ့ အထူး ပါရမီကို ပိုင်ဆိုင်ထားတဲ့ ချီသခင် တစ်ယောက် ဖြစ်ပြီး အဆင့် ဆယ့်ရှစ် နေရာမှာ ရှိတဲ့ အထူးပါရမီကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်မျက်လုံးသခင် တစ်ယောက်လည်း ဖြစ်သလို အဆင့် နှစ်ဆယ့်ငါး နေရာမှာ ရှိတဲ့ အထူး ပါရမီကို ပိုင်ဆိုင်ထားတဲ့ မီးလျှံသခင် တစ်ယောက်လည်း ဖြစ်တယ်... နောင်လာနောက်သားတွေထဲက ရေစက်ပါတဲ့ သူတစ်ယောက် ဝင်ရောက်လာပြီး ဒါကို ဆက်လက် သယ်ဆောင်သွားဖို့ မျှော်လင့်ချက်နဲ့ ဒီရတနာတိုက်ကို ငါ ဒီနေရာမှာ ချန်ထားရစ်ခဲ့တယ်... ဒါပေမဲ့ အဲဒီထဲကို ဝင်ဖို့အတွက် ကျောက်တံခါးကို ဖွင့်ဖို့ လုံလောက်တဲ့ အစစ်အမှန်ချီ ရှိရမယ်... ဒီကျောက်တံခါးကို ကမ္ဘာခြားက အေးခဲကျောက်တုံးကနေ သန့်စင်ထားတာ..."
သူက စာသားများကို အမြန် ဖတ်ရှုလိုက်သော်လည်း ဖတ်၍မဆုံးမီမှာပင် အနောက်မှ လှိုင်းထန်နေသော အရှိန်အဝါများ ပိုမို အားကောင်းလာသည်ကို ခံစားလိုက်ရပြီး အချိန်မရွေး တိုးဝင်လာနိုင်သကဲ့သို့ ဖြစ်နေပေသည်။
"ဒုက္ခပဲ... အချိန်မရှိတော့ဘူး... သူတို့ ရောက်လာတော့မယ်... သွားကြစို့..."
ထိုအချိန်က စာသားများကို ဖတ်နေရမည့် အချိန်မဟုတ်မှန်း နိုင်းယွမ် သိလိုက်ပေသည်။ သူ ချက်ချင်းပင် ရီချန်နှင့် ရီချင်း တို့ကို ဆွဲကာ ကျောက်တံခါးဆီသို့ ခြေလှမ်း အနည်းငယ် လျှောက်သွားလိုက်၏။
ကျောက်တံခါး၏ အလယ်ဗဟိုတွင် လက်ပုံစံ ချိုင့်ခွက်တစ်ခု ရှိနေပြီး ယင်းပေါ်သို့ လက်တစ်ဖက် ဖိချလိုက်ရုံဖြင့် ကျောက်တံခါး ပွင့်သွားမည်ဟု ထင်ရချေသည်။
"ဒီချိုင့်ခွက်ပဲ... မင်းဆီမှာ လုံလောက်တဲ့ မှော်စွမ်းအင် ဒါမှမဟုတ် အစစ်အမှန်ချီ ရှိနေသရွေ့ တံခါးကို ဖွင့်နိုင်တယ်... အဲဒီလိုမှ မဟုတ်ရင် မင်း ဒီနေရာမှာ ထိုင်ကြည့်နေရုံပဲ ရှိမယ်..." ရီချန်ထိုနေရာသို့ အရင်က ရောက်ဖူးပုံရပြီး အမြန် ရှင်းပြလိုက်သည်။
"အင်း..." နိုင်းယွမ် ခေါင်းညိတ်လိုက်ပြီး ရီချင်းကို အန္တိမ မီးရေစင်များ ရီချန်ကို မလောင်ကျွမ်းစေရန် ထိန်းချုပ်ထားရန် ပြောလိုက်၏။ ထို့နောက် သူက ချိုင့်ခွက်ဆီသို့ ခြေနှစ်လှမ်း လျှောက်သွားကာ သူ၏ ညာဘက်လက်ကို မြှောက်၍ ညင်သာစွာ ဖိချလိုက်ပြီး ရုတ်တရက် သူ၏ စွမ်းအားအပြည့်ဖြင့် တွန်းထုတ်လိုက်သည်။
ကျွီ...
ကျောက်တံခါးမှာ မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့လှပေသည်။ တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
"ဒါ မပွင့်ဘူးဆိုတာ ငါ မယုံဘူး..."
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ချီပင်လယ်ထဲရှိ အစစ်အမှန်ချီများ လက်ဝါးရာထဲသို့ အရူးအမူး စီးဝင်သွားတော့သည်။ ကျောက်တံခါးမှာ မျက်စိတစ်မှိတ်အတွင်း အစစ်အမှန်ချီများကို မျိုချသည့် သတ္တဝါကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ အစစ်အမှန်ချီ မည်မျှပင် သွန်းလောင်းပေးပါစေ ယင်းသည် ပြည့်ဝသွားရန် အချိန်မည်မျှ ကြာမည်ကို မသိနိုင်အောင် ခံစားရစေပေသည်။
"သူက တကယ်ပဲ အစစ်အမှန်ချီတွေကို မျိုချနေတာပဲ... တကယ်လို့ ငါ့ရဲ့ အစစ်အမှန်ချီတွေ လုံးဝ ကုန်ခမ်းသွားပြီး ဒီနေရာကို မဖွင့်နိုင်ဘူးဆိုရင် ငါ ဒီက အန္တိမ မီးရေစင်တွေကြောင့် အရှင်လတ်လတ် အကင်ခံရမှာ သေချာတယ်..."
ကျောက်တံခါး၏ အစစ်အမှန်ချီ လိုအပ်ချက်ကို ခံစားလိုက်ရပြီး နိုင်းယွမ်၏ ရင်ထဲတွင် လေးလံသွားတော့၏။
ပတ်ဝန်းကျင်ရှိ မီးတောက်များ သူ့ကို မလောင်ကျွမ်းစေရန် ထိန်းချုပ်ထားသော မီးလျှံချီက မီးလျှံဒန်တျန် မှတစ်ဆင့် အစစ်အမှန်ချီများမှ လုံးဝ ပြောင်းလဲထားခြင်း ဖြစ်ပေသည်။ အကယ်၍ သူ၏ အစစ်အမှန်ချီများ လုံးဝ ကုန်ခမ်းသွားပါက ပတ်ဝန်းကျင်ရှိ မီးတောက်များမှာ သူ့ကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားမည်ဖြစ်ပြီး ပြာပင် ကျန်မည် မဟုတ်ချေ။
သို့သော် အကယ်၍ သူ ကျောက်တံခါးကို မဖွင့်ပါက အကြီးအကဲ ယွမ်ဟန် နှင့် အခြားသူများ မကြာမီ မှီလာပေလိမ့်မည်။ အကယ်၍ ထိုသို့ ဖြစ်သွားခဲ့ပါက သူ သေချာပေါက် ပို၍ပင် ဆိုးရွားစွာ သေဆုံးရပေလိမ့်မည်။
သူတို့ကို ရုပ်ဆိုးသည်ဟု သူ ယခုလေးတင် လှောင်ပြောင်ထားခဲ့သေး၏။ အကယ်၍ သူသာ အမှန်တကယ် အဖမ်းခံရပါက သူသာ တကယ် ပြားချပ်ပြီး အရုပ်ဆိုးသွားလိမ့်မည်မှာ အသေအချာပင်။
မီးလျှံသခင်မှာ မီးတောက်များကြားတွင် ဘုရင်အဖြစ် လူသိများသော်လည်း ယင်းက စွမ်းအား ကွာဟချက်အပေါ်တွင်လည်း မူတည်ပေသည်။ အကယ်၍ စွမ်းအား ကွာဟချက်မှာ အဆင့် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်သာ ဖြစ်ပါက မိမိ၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်ရန် အဆင်ပြေသော်လည်း ပါရဂွန်အဆင့်နှင့် ပိုင်နက်အဆင့် ဆိုသည်မှာ... ယင်းက အဓိက အဆင့် လေးဆင့် ကွာဟချက် ဖြစ်ပြီး အသေးစား အဆင့် ဆယ်ဆင့်ကျော်နှင့် ညီမျှပေသည်။ မီးတောက် ထိန်းချုပ်မှု ရှိနေလျှင်တောင်မှ သူ သေချာပေါက် ပြိုင်ဘက် မဟုတ်ချေ။
"ငါ စွန့်စားရတော့မှာပဲ... ငါ့ရဲ့ ချီပင်လယ်ထဲက အစစ်အမှန်ချီတွေ အားလုံး ကုန်ခမ်းသွားရင်တောင်မှ ဒါကို ငါ ဖွင့်ရမယ်..." မျက်စိတစ်မှိတ်အတွင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး နိုင်းယွမ် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ အံကြိတ်လိုက်သည်။
ဝုန်း....
သူ၏ လက်များပေါ်တွင် သွေးကြောများ ထောင်ထလာ၏။ နိုင်းယွမ်၏ ချီပင်လယ် လှိုင်းထန်လာပြီး ဒန်တျန် ဆယ့်ငါးခုလုံး အဆက်မပြတ် လည်ပတ်လာကြသည်။ စွမ်းအားကြီးမားပြီး ပေါများကြွယ်ဝလှသော အစစ်အမှန်ချီများက ကျိုးပေါက်သွားသော ဆည်တစ်ခုကဲ့သို့ ကျောက်တံခါးထဲသို့ စီးဝင်သွားကြ၏။
သူ ကျောက်တံခါးထဲသို့ အစစ်အမှန်ချီများ သွန်းလောင်းထည့်နေစဉ် အနောက်မှ လှိုင်းထန်နေသော အရှိန်အဝါများ ပိုမို အားကောင်းလာကြသည်။ ထို့နောက် သူတို့ သုံးယောက် အပေါ်တည့်တည့်မှ ဒေါသတကြီး ကျုံးဝါးသံ တစ်ခုကို ကြားလိုက်ရ၏။
"ဒီနေ့... မင်းတို့ အားလုံး သေရမယ်..."
ကျုံးဝါးသံကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားပေသည်။ ကြက်ဥပုံစံ ပိုင်နက်က ပတ်ဝန်းကျင်ရှိ ပူပြင်းလှသော မီးတောက်များ အားလုံးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ပုံရိပ်သုံးခုတို့ အရူးအမူး ပြေးဆင်းလာကြ၏။
ထိုနေရာရှိ ချော်ရည်များမှာ အန္တိမ မီးရေစင် အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ပေသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ကြသော်လည်း တကယ့် အကွာအဝေး အနည်းငယ် ရှိနေသေးသောကြောင့် နိုင်းယွမ်နှင့် အခြားသူများကို ချက်ချင်း ဖမ်းမိရန်မှာ အလွယ်တကူ မဖြစ်နိုင်ချေ။
သို့သော်လည်း သူတို့ကို မြင်နိုင်ခြင်းက သူတို့ အလွန် နီးကပ်နေပြီ ဖြစ်ကြောင်းကိုလည်း ဆိုလိုပေသည်။ မှီလာရန်မှာ အချိန်ပြဿနာသာ ဖြစ်၏။
"ဒုက္ခပဲ... သူတို့က ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ..."
သူ၏ အမြင်အာရုံထဲတွင် ပုံရိပ်သုံးခု ပေါ်လာပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ နိုင်းယွမ်၏ မျက်နှာမှာ ချက်ချင်း အကျည်းတန်သွားပြီး သူ၏ ကြွက်သားများ တင်းမာသွား၏။
သူ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်နေပြီ ဖြစ်သော်လည်း ပြိုင်ဘက်က ပို၍ပင် မြန်ဆန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ကြည့်ရသည်မှာ ယွမ်ဟန် အမှန်တကယ်ပင် ရူးသွပ်သွားပြီး သူတို့ကို မသတ်ရသ၍ အနားယူမည် မဟုတ်ပုံရပေသည်။
"လင်ရှီးစမ်းရေ... အစစ်အမှန်ချီ လည်ပတ်မှုကို အရှိန်မြှင့်စမ်း... ဖွင့်စမ်း..."
သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လှုံ့ဆော်ပေးသော အရှိန်အဝါ တစ်ခု နိုင်းယွမ်၏ ခန္ဓာကိုယ်မှ ချက်ချင်း လှိုင်းထသွား၏။ သူ လင်ရှီးစမ်းရေကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြန်သည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား... အဲဒီလောက် မလွယ်ပါဘူး... မင်းတို့ အားလုံး ငါ့အတွက် သေလိုက်ကြစမ်း..."
နိုင်းယွမ်၏ ရည်ရွယ်ချက်ကို နားလည်သွားပုံရသဖြင့် အကြီးအကဲ ယွမ်ဟန်၏ မျက်လုံးများ နီရဲသွား၏။ သူ၏ စွမ်းအား အားလုံးကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ရာ ဆံပင်ဖြူများ လွင့်ခနဲ ဖြစ်သွားပြီး သတိလွတ်လုမတတ် အော်ဟစ်လိုက်သည်။
"နိုင်းယွမ်... ငါတို့ မင်းကိုပဲ အားကိုးရတော့မယ်... မင်းက အမြဲတမ်း အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်ခဲ့တယ်... ဒီတစ်ခါလည်း မင်း သေချာပေါက် လုပ်နိုင်မှာပါ..."
ရီချင်း နှင့် ရီချန်တို့ အထက်မှ ရူးသွပ်နေသော အကြီးအကဲ ယွမ်ဟန်ကို မြင်သောအခါ သူတို့ နှစ်ယောက်လုံး လက်သီးများကို ဆုပ်ထားလိုက်ကြပြီး မျက်နှာများ ဖြူဆုတ်သွားကြသည်။
အကြီးအကဲ ယွမ်ဟန်၏ ဖမ်းဆီးခြင်းကို ခံရပါက ဖြစ်လာမည့် အကျိုးဆက်များကို သူတို့ သိထားကြသော်လည်း ယခု သူတို့ ဘာမှ မကူညီနိုင်တော့ဘဲ ထိုလူငယ်လေးက နောက်ထပ် အံ့ဖွယ်အမှု တစ်ခုကို ဖန်တီးနိုင်ရန်သာ မျှော်လင့်နိုင်တော့မှန်းလည်း သူတို့ သိထားကြပေသည်။
"ပွင့်စမ်း... ပွင့်စမ်း..."
နိုင်းယွမ်၏ မျက်လုံးများ သွေးရောင်လွှမ်းနေတော့၏။ သူ၏ ချီပင်လယ်ထဲရှိ ဒန်တျန် ဆယ့်ငါးခုတို့ လှိုင်းထန်နေပြီး သူ့ တစ်ကိုယ်လုံးရှိ သွေးကြောများမှာ အစစ်အမှန်ချီများ လျင်မြန်စွာ ထုတ်လွှတ်နေရသဖြင့် အလွန်တရာ နာကျင်နေကာ အချိန်မရွေး ပြိုကျပြီး လုံးဝ ပေါက်ကွဲထွက်သွားတော့မည့်အလား ဖြစ်နေပေသည်။
သူ၏ ချီပင်လယ်ထဲရှိ အစစ်အမှန်ချီများမှာ အဆက်မပြတ် ကုန်ဆုံးနေပြီး အသက်ရှိုက်စာ အနည်းငယ် အတွင်းမှာပင် ထက်ဝက်ကျော်သာ ကျန်ရှိတော့၏။
အရူးအမူး ကျုံးဝါးရင်း နိုင်းယွမ် ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်လာသည်။
ထိုအချိန်တွင် သူ အနောက်သို့ လှည့်ကြည့်ရန် အချိန်မရှိတော့ချေ။ အကယ်၍ သူသာ ကျောက်တံခါးကို ဖွင့်နိုင်ပါက အသက်ရှင်ရန် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရရှိပေလိမ့်မည်။ အကယ်၍ သူ မဖွင့်နိုင်ပါက သေရမည် ဖြစ်၏။
‘ရှင်သန်ခြင်း ၊ သေဆုံးခြင်း ... အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပဲ...’
ကျွီ
နောက်ဆုံးတွင် နိုင်းယွမ်၏ အရူးအမူး အစစ်အမှန်ချီ တိုက်ခိုက်မှု အောက်တွင် ကျောက်တံခါးမှ တုံးတိတိ အသံတစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
"ကျောက်တံခါးကို ဖွင့်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတာလား... နောက်ကျသွားပြီ... သေလိုက်စမ်း..."
ကျောက်တံခါးမှ အသံတစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အထက်မှ ပုံရိပ်သုံးခုသည်လည်း သူတို့၏ မှော်စွမ်းအင်များ တိုက်ခိုက်နိုင်သော အကွာအဝေးသို့ ရောက်ရှိလာကြသည်။ ယွမ်ဟန် အသံရှည်ဆွဲကာ ဟစ်အော်လိုက်ပြီး လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ ချိန်ရွယ်လိုက်ရာ စူးရှသော အေးစက်သည့် အလင်းရောင် တစ်ခု နိုင်းယွမ်၏ ခေါင်းဆီသို့ ကျရောက်လာ၏။
ဝှစ်
ပိုင်နက်အဆင့် ပညာရှင် တစ်ယောက် ထုတ်လွှတ်လိုက်သော အေးစက်သည့် အလင်းရောင်က မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားလှပေသည်။ မသေခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပင်လျှင် ယင်းနှင့် ကြုံတွေ့ရပါက သေချာပေါက် သေဆုံးရမည် ဖြစ်ရာ ပါရဂွန်အဆင့် တွင်သာ ရှိသေးသော လူငယ်လေး တစ်ယောက်ကို ထည့်ပြောနေဖို့ပင် မလိုအပ်တော့ချေ။
‘အန္တရာယ်... အန္တရာယ်...’
နိုင်းယွမ်သည် မျောလွင့် ကုန်းမြေတိုက်ကြီး သို့ ရောက်ရှိလာပြီးကတည်းက အကြီးမားဆုံး အကျပ်အတည်းနှင့် ကြုံတွေ့ရပြီ ဖြစ်၏။
အခန်း ၄၁၉ ပြီး
***