"မိစ္ဆာသူတော်စင်ရဲ့ ရှေးဦးအလောင်း... ထွက်လာခဲ့စမ်း..."
အနောက်မှ ထိုးဖောက်ဝင်ရောက်လာသော အေးစက်သည့် အလင်းရောင်ကို ခံစားလိုက်ရပြီး နိုင်းယွမ်၏ ကြက်သီးမွေးညင်းများ ရုတ်တရက် ထောင်ထလာ၏။ ယခု သူ ယင်းကို မခုခံနိုင်တော့ဘဲ ရှောင်တိမ်းရန်သာ ရှိတော့မှန်း သိလိုက်ပေသည်။ သို့သော် အကယ်၍ သူသာ ရှောင်တိမ်းလိုက်ပါက နေ့တစ်ဝက်ခန့် အချိန်ယူ၍ သူ သွန်းလောင်းထားသော အစစ်အမှန်ချီများ အလဟဿ ဖြစ်သွားပေလိမ့်မည်။ သူ အံကြိတ်လိုက်ပြီး မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်းကို ထုတ်ယူကာ သူ၏ အနောက်တွင် ကာကွယ်ထားလိုက်၏။
"ဝှစ်..."
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်းက တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
ရှေးဦးအလောင်း ကိုယ်တိုင်မှာ မသေခြင်း အထွတ်အထိပ်အဆင့် စွမ်းအား ရှိသော်လည်း ယင်းကို ထိန်းသိမ်းထားရန် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ မရှိသဖြင့် ယင်းက အများဆုံး မသေခြင်း အစောပိုင်းအဆင့်၏ တိုက်ခိုက်ခြင်း စွမ်းအားကိုသာ ထုတ်ဖော်ပြသနိုင်ပေသည်။ ဝိညာဉ်ကျောက်တုံး၏ လည်ပတ်မှုမှ ထွက်ပေါ်လာသော အထူး စွမ်းအားက အေးစက်သည့် အလင်းရောင်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့၏။
ဘန်း....
တိုက်ခိုက်မှု နှစ်ခုက တုံးတိတိ အသံတစ်ခုနှင့်အတူ ရိုက်ခတ်သွားကြပေသည်။ မိစ္ဆာသူတော်စင် ရှေးဦးအလောင်း၏ လက်မောင်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် အက်ကွဲကြောင်းများမှာ ပို၍ပို၍ ကြီးမားလာ၏။ ထို့နောက် ဝုန်းခနဲ အသံနှင့်အတူ လက်မောင်းမှာ အမှုန့်အဖြစ် ကွဲကြေသွားပြီး တစ်ချိန်တည်းမှာပင် ရှေးဦးအလောင်း၏ ရင်အုပ်ရိုးလည်း ချိုင့်ဝင်သွားတော့သည်။
မကြည့်ဘဲနှင့်ပင် သူ့နောက်သို့ အချိန်အတော်ကြာ လိုက်ပါလာခဲ့သော ရှေးဦးအလောင်းမှာ လုံးဝ အသုံးမဝင်တော့မှန်း နိုင်းယွမ် သိလိုက်ပေသည်။
ဖူး....
ရှေးဦးအလောင်းမှာ အကြီးအကဲ ယွမ်ဟန်၏ တိုက်ခိုက်မှုကို မပိတ်ဆို့နိုင်ခဲ့ဘဲ ပြိုင်ဘက်၏ အရှိန်အဟုန်အောက်တွင် နိုင်းယွမ်၏ ကျောပြင်ကို ဝင်တိုက်မိသွားတော့၏။ ရိုက်ချက် တစ်ချက်တည်းဖြင့် နိုင်းယွမ်၏ အမြင်အာရုံများ မှောင်မိုက်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
"မသေသေးဘူးလား..."
သိုင်းကွက် တစ်ကွက်တည်းဖြင့် လူငယ်လေးကို မသတ်နိုင်လိုက်သောကြောင့် အကြီးအကဲ ယွမ်ဟန် ပို၍ပင် ဒေါသထွက်သွားပြီး နောက်တစ်ကြိမ် ကျုံးဝါးကာ နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။
ထိုလက်သီးက ယခုလေးတင် ထိုးနှက်ခဲ့သော လက်ချောင်း တိုက်ခိုက်မှုထက် ပိုမို စွမ်းအားကြီးမားလှပေသည်။ ယင်း မရောက်လာမီမှာပင် ပြင်းထန်သော သွေးနံ့များ လေထဲတွင် ပြည့်နှက်သွားပြီး ထိမှန်သွားသည့် မည်သူမဆို ဒဏ်ရာရသွားမည်မှာ သေချာလှ၏။
ကြည့်ရသည်မှာ အကြီးအကဲ ယွမ်ဟန် အရှေ့မှ လူငယ်လေးကို သတ်ဖြတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားပုံရပေသည်။
"နိုင်းယွမ်..."
သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ရီချန်နှင့် ရီချင်း တို့၏ မျက်နှာများ တစ်ပြိုင်နက်တည်း ဖြူရော်သွားကြသည်။
လူငယ်လေးတွင် အရင်က ပိတ်ဆို့ရန် ရုပ်သေးရုပ် ရှိခဲ့သော်လည်း ယခု ရုပ်သေးရုပ်မှာ အသုံးမဝင်တော့သဖြင့် အကယ်၍ တိုက်ခိုက်မှုသာ သူ့အပေါ် ကျရောက်သွားပါက သူ သေချာပေါက် သေဆုံးရမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
"ပွင့်စမ်း..."
မိစ္ဆာသူတော်စင်၏ ရှေးဦးအလောင်းပင်လျှင် ယင်းကို မပိတ်ဆို့နိုင်ခဲ့ချေ။ ထိုတစ်ကြိမ်တွင် သူ့ထံ၌ အမှန်တကယ် ဝှက်ဖဲများ မရှိတော့သောကြောင့် နိုင်းယွမ် မရှောင်တိမ်းတော့ပေ။ သူ၏ လက်မောင်း ကြွက်သားများ ရုတ်တရက် ဖောင်းကြွလာပြီး မျက်စိတစ်မှိတ်အတွင်း အရွယ်အစား နှစ်ဆ ကြီးမားလာသကဲ့သို့ ဖြစ်သွားကာ သူ၏ ချီပင်လယ်ထဲရှိ အစစ်အမှန်ချီများက လှိုင်းလုံးကြီး တစ်ခုကဲ့သို့ အပြင်သို့ စီးထွက်သွားတော့၏။
ဝုန်း
နောက်ဆုံး အခိုက်အတန့်တွင် ကျွီကျွီမြည်နေသော ကျောက်တံခါးက လုံလောက်သော အစစ်အမှန်ချီများကို စုပ်ယူလိုက်ပြီး ကျုံးဝါးသံ တစ်ခုနှင့်အတူ ပွင့်သွားတော့သည်။
"သွားကြစို့..."
ရီချန်နှင့် ရီချင်း တို့ မတုံ့ပြန်နိုင်မီမှာပင် သူတို့နှစ်ဦး လူငယ်လေး၏ အစစ်အမှန်ချီများဖြင့် လွှမ်းခြုံခံလိုက်ရပြီး "ဝှစ်" ဟူသော အသံနှင့်အတူ အထဲသို့ ဝင်ရောက်သွားကြ၏။
ဘုန်း...
သူတို့ သုံးယောက် ကျောက်တံခါးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ယင်းက ဧရာမ ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ နောက်တစ်ကြိမ် ပိတ်သွားတော့သည်။ အကြီးအကဲ ယွမ်ဟန်၏ တိုက်ခိုက်မှုလည်း ကျောက်တံခါးပေါ်သို့ လုံးလုံးလျားလျား ကျရောက်သွား၏။
"မင်းတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... တကယ်လို့ ငါ ယွမ်ဟန်က ဒီနေ့ မင်းတို့ကို မသတ်နိုင်ရင် ငါ လူမဟုတ်ဘူးလို့ ကျိန်ဆိုရဲတယ်..."
ပေါက်ကွဲမှု ပြီးဆုံးသွားပြီးနောက် နိုင်းယွမ်နှင့် အခြားသူများ အကြီးအကဲ ယွမ်ဟန်၏ ဒေါသတကြီးနှင့် အရူးအမူး ကျုံးဝါးသံကို ကြားလိုက်ရသည်။ ယင်းမှာ အလောင်းကောင်ကို မရရှိလိုက်သော လင်းတငှက် တစ်ကောင်၏ စူးရှသော အော်ဟစ်သံကဲ့သို့ သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေ၏။
"သီသီလေးပဲ..."
ကျောက်တံခါးကို ကျောမှီထားရင်း နိုင်းယွမ် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်ကို နောက်ဆုံးတွင် ခံစားလိုက်ရပြီး အားနည်းမှု လှိုင်းတံပိုး တစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။
သူ ပြန်လည်မွေးဖွားလာပြီးကတည်းက ဘဝနှစ်ခုစာ အတွေ့အကြုံနှင့် စွမ်းအားများကို အားကိုးကာ ထိုမျှ အန္တရာယ်များသော အခြေအနေမျိုးနှင့် ဘယ်သောအခါမှ မကြုံတွေ့ခဲ့ရဖူးချေ။ အကယ်၍ ထိုတစ်ကြိမ်တွင် သူသာ တစ်စက္ကန့် ၏ ဆယ်ပုံတစ်ပုံလောက်လေး နောက်ကျသွားခဲ့မည်ဆိုပါက သူ၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားမည်ဖြစ်ပြီး လုံးဝ သေဆုံးသွားမည်မှာ သေချာလှ၏။
အကယ်၍ သူသာ သေဆုံးသွားပါက ရီချင်း နှင့် အခြားသူများလည်း သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ချေ။
"ခင်ဗျား ဒီကျောက်တံခါးကို မဖွင့်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး... ကုန်ကျသွားတဲ့ အစစ်အမှန်ချီက တကယ်ကို ကြောက်စရာကောင်းတယ်... ကျုပ်ရဲ့ အစစ်အမှန်ချီတွေတောင် လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားပြီ..."
အသက်တစ်ချက် ရှူလိုက်ပြီး နိုင်းယွမ် ရီချန်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
ရီချန်က သူ အကြိမ်များစွာ လာခဲ့သော်လည်း ကျောက်တံခါးကို ဘယ်တော့မှ မဖွင့်နိုင်ခဲ့ကြောင်း ပြောခဲ့၏။ တစ်ဖက်လူ ယင်းကို ဖွင့်နိုင်ခဲ့မည်ဆိုမှသာ ထူးဆန်းနေပေလိမ့်မည်။ သာမန်လူများထက် အဆဆယ်ချီ သို့မဟုတ် ရာချီ၍ သိုလှောင်ထားနိုင်သော သူ၏ ကျယ်ဝန်းလှသည့် ချီပင်လယ်ပင်လျှင် ယင်းကို ဖွင့်ရန်အတွက် အစစ်အမှန်ချီများကို လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားစေခဲ့ပေသည်။ ရီချန်သည် ယွမ်ရှန်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း အစစ်အမှန်ချီ သိုလှောင်မှု အပိုင်းတွင် တစ်ဖက်လူက သူ့ထက် များစွာ နိမ့်ကျနေ၏။ တစ်ဖက်လူ ယင်းကို မည်သို့များ ဖွင့်နိုင်မည်နည်း။
"ဟုတ်တယ်... မှန်တယ်... တကယ်လို့ ငါတို့က ကျောက်တံခါးကို ဖွင့်နိုင်တယ်ဆိုရင် အကြီးအကဲ ယွမ်ဟန် နဲ့ တခြားသူတွေလည်း ဖွင့်နိုင်လောက်တယ်... ငါထင်တာတော့ ငါတို့ ဒီမှာ ဆက်မနေသင့်ဘူး... ရှေ့ဆက်သွားပြီး ကြည့်ကြတာပေါ့..."
ရီချန် ခေါင်းညိတ်လိုက်ပြီး ကျောက်တံခါးကို အကြောက်အလန့် မပြေသေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ကာ လှည့်၍ ပြောလိုက်ပေသည်။
"ကောင်းပြီ... သွားကြစို့..."
သူ့စကားကို ကြားသောအခါ နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
ကိုယ်ပိုင် အစစ်အမှန်ချီမှာ ပေါများကြွယ်ဝသော်လည်း အခြားသူများ၏ အစစ်အမှန်ချီမှာ မပေါများဘူးဟု သူ အာမမခံနိုင်ချေ။ အကယ်၍ သူက ကျောက်တံခါးကို ဖွင့်နိုင်ပါက သူ့ထက် ပိုမို စွမ်းအားကြီးမားသော အကြီးအကဲ ယွမ်ဟန်နှင့် အခြားသူများလည်း ယင်းကို ဖွင့်နိုင်ကောင်း ဖွင့်နိုင်ပေလိမ့်မည်။ လူတိုင်းအတွက် အန္တရာယ်မှာ ယာယီ ကင်းဝေးသွားသော်လည်း တကယ်တမ်းတွင် အန္တရာယ်မှာ သူတို့၏ အနောက်တွင် ရှိနေဆဲပင်။ အချိန်မဆွဲဘဲ ရတနာများကို အမြန် ရှာဖွေခြင်းက ပိုကောင်းပေလိမ့်မည်။
ဆုံးဖြတ်ချက် ချပြီးနောက် နိုင်းယွမ် ရှေ့သို့ ကြည့်လိုက်ရာ သူတို့၏ ရှေ့တည့်တည့်တွင် အလွန် ကျယ်ဝန်းသော ခန်းမကြီး တစ်ခုကဲ့သို့ ကျယ်ပြန့်ပြီး လွတ်ဟာနေသော နေရာလွတ် တစ်ခုကို မြင်လိုက်ရပေသည်။ ခန်းမကြီး၏ အလယ်ဗဟိုတွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိသော သလင်းကျောက်လုံး တစ်လုံးက တောက်ပစွာ လင်းလက်နေ၏။
ခန်းမကြီး၏ ပတ်လည်တွင် အခြား လမ်းကြောင်းများ မရှိဘဲ လမ်းပိတ်နေပေသည်။ သူ မည်သို့ပင် ကြည့်စေကာမူ ထိုကျောက်တံခါးက ထိုနေရာလွတ် တစ်ခုတည်းသို့သာ ဦးတည်နေပုံရ၏။
"ဒါက ဘာလဲ..."
သလင်းကျောက်လုံးကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
‘ဒီကို ဘယ်လို ရောက်လာတာလဲ... ပြီးတော့ ဘာလို့ လမ်းပိတ်နေရတာလဲ... တကယ်လို့ တစ်ဖက်လူသာ နောက်တစ်ကြိမ် မီလာရင် တကယ်ပဲ ပြီးသွားပြီ...’
"ဒါက စွမ်းအင်တွေကို သိုလှောင်ထားနိုင်တဲ့ စွမ်းအင် သလင်းကျောက်လုံး တစ်လုံး ဖြစ်သင့်တယ်... ဒါပေမဲ့ ဘာလို့ ဒီမှာ ထားထားရတာလဲ..." အတန်ကြာပြီးနောက် နိုင်းယွမ် ယင်းကို မှတ်မိသွားသော်လည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေဆဲပင်။
စွမ်းအင် သလင်းကျောက်လုံးများကို အစစ်အမှန်ချီနှင့် မှော်စွမ်းအင်များ သိုလှောင်ရန် အသုံးပြုကြသော်လည်း ဝိညာဉ်ကျောက်တုံးများကို အသုံးပြုလာကြသောကြောင့် ယင်းတို့မှာ ခေတ်နောက်ကျသွားသော ပစ္စည်းများ နီးပါး ဖြစ်နေပြီ ဖြစ်ပေသည်။ ထိုပစ္စည်း ရုတ်တရက် ဤနေရာတွင် ပေါ်လာခြင်းကြောင့် ယင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်းဟု သူ တွေးတောလိုက်မိသည်။
ကျွီ
သူတို့ သုံးယောက် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေစဉ်မှာပင် သူတို့၏ အနောက်ရှိ ကျောက်တံခါးမှ ကြည်လင်ပြတ်သားသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ယင်းမှာ အသက်ဝင်လာပြီ ဖြစ်ကြောင်း ညွှန်ပြနေပေသည်။
"သောက်ကျိုးနည်း... သူတို့က ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ... စဉ်းစားဖို့ အချိန်မရှိတော့ဘူး... သူတို့ အခု ကျောက်တံခါးထဲကို မှော်စွမ်းအင်တွေ သွန်းလောင်းနေတာ သေချာတယ်... အဲဒါ ပြည့်သွားတာနဲ့ တံခါး ပွင့်လာလိမ့်မယ်... ဒီနေရာမှာ ဒီသလင်းကျောက် တစ်ခုပဲ ရှိပြီး တခြား လမ်းကြောင်းတွေ မရှိဘူး... တကယ်လို့ ကျုပ်တို့ ဒီမှာ ပိတ်မိနေရင် ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး... မြန်မြန် သွားစစ်ဆေးကြည့်ကြစို့..."
ကျောက်တံခါးမှ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရသောအခါ နိုင်းယွမ်၏ မျက်နှာမှာ နောက်တစ်ကြိမ် ဖြူဆုတ်သွားပြီး အသက်ပြင်း တစ်ချက်ရှူကာ သလင်းကျောက်ဆီသို့ အရင် ပြေးသွားလိုက်၏။
သူကိုယ်တိုင် ကျောက်တံခါးကို ယခုလေးတင် ဖွင့်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်း မည်သို့ အလုပ်လုပ်မှန်း သူ ရှင်းလင်းစွာ သိထားပြီး ဖြစ်ပေသည်။ ထိုကျောက်တံခါးက ပုံးတစ်ပုံးကဲ့သို့ ကွန်တိန်နာ တစ်ခု ဖြစ်ပုံရ၏။ ယင်းကို ပြည့်သွားစေရန် လုံလောက်သော အစစ်အမှန်ချီများ သွန်းလောင်းပေးသ၍ မည်သည့် အထူးလုပ်ဆောင်ချက်မှ မပါဘဲ ပွင့်လာပေလိမ့်မည်။
အကြီးအကဲ ယွမ်ဟန်၏ သူတို့အပေါ် အမုန်းတရားမှာ မြစ်ရေများပင် ဆေးကြော၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။ အကယ်၍ သူတို့သာ တံခါးကို ဖွင့်လာပြီး နိုင်းယွမ်နှင့် အခြားသူများတွင် ထိုနေရာ၌ ဆုတ်ခွာစရာ လမ်းမရှိပါက သူတို့၏ နိဂုံးမှာ သေချာပေါက် ကြေကွဲဖွယ် ကောင်းသွားပေလိမ့်မည်။
"ဒီသလင်းကျောက်လုံးက စွမ်းအင်တွေကို သိုလှောင်ထားတဲ့ အရာတစ်ခုနဲ့ တူပေမယ့် သူ့ပတ်လည်မှာ အထူး ဝင်္ကပါ တစ်ခု ရှိနေတယ်... အဲဒါက တည်နေရာကူးပြောင်း ဝင်္ကပါ တစ်ခုကို အသက်သွင်းတဲ့ ကိရိယာ ဖြစ်လောက်တယ်..."
သလင်းကျောက်လုံးကို ပတ်ကြည့်ရင်း နိုင်းယွမ် ဖြည်းညင်းစွာ ပြောလိုက်သည်။
သလင်းကျောက်လုံး၏ အောက်တွင် ဝင်္ကပါငယ်လေး တစ်ခု ရှိနေ၏။ သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ နိုင်းယွမ် ယင်းမှာ တည်နေရာကူးပြောင်း ဝင်္ကပါ တစ်ခု ဖြစ်လောက်ပြီး သလင်းကျောက်လုံးမှာ ယင်းကို အသက်သွင်းရန် နည်းလမ်း ဖြစ်မှန်း ချက်ချင်း သိလိုက်ပေသည်။
ကျွီ... ကျွီ
နိုင်းယွမ် စကားပြော၍ မဆုံးမီမှာပင် သူ၏ အနောက်ရှိ ကျောက်တံခါးမှ ကျွီကျွီမြည်သံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။ ယင်းမှာ ပွင့်တော့မည့် လက္ခဏာ တစ်ရပ် ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
"မြန်မြန်... သူတို့ အထဲ ဝင်လာတော့မယ်..."
သူ၏ လက်သီးကို ဆုပ်ကာ နိုင်းယွမ် အရေးတကြီး အော်ဟစ်လိုက်၏။
"ကျွန်မ အရင် သွားမယ်..."
သလင်းကျောက်လုံး ပတ်လည်ရှိ တည်နေရာကူးပြောင်း ဝင်္ကပါမှာ မကြီးမားဘဲ လူတစ်ယောက်စာ အတွက်သာ လုံလောက်ပေသည်။ အခြေအနေမှာ အရေးတကြီး ဖြစ်နေကြောင်း ရီချင်း သိသောကြောင့် သူမ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် လျှောက်သွားကာ သူမ၏ လက်ဖဝါးကို ဘောလုံးပေါ်သို့ ဖိချလိုက်တော့၏။
"ချင်းအာ... သတိထားနော်..."
သမီးဖြစ်သူက အမည်မသိ ထူးဆန်းသော ဘောလုံးဆီသို့ လက်လှမ်းလိုက်သည်ကို မြင်သောအခါ ရီချန်အမြန် သတိပေးလိုက်သည်။
ထိုအရာက တည်နေရာကူးပြောင်း ဝင်္ကပါ တစ်ခု ဖြစ်လျှင်ပင် ယင်းက သူတို့ကို မည်သည့်နေရာသို့ ပို့ဆောင်ပေးမည်မှန်း မသိပေရာ သတိထားသည်က ပိုကောင်းပေလိမ့်မည်။
"အင်း..." ရီချင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ ကျောက်စိမ်း လက်လေးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ လက်ဖဝါးမှ အလင်းရောင် တစ်ချက် လင်းလက်သွား၏။
ဝှစ်...
သူမကို အလင်းရောင် တစ်ခု လွှမ်းခြုံသွားပြီး မူလနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ချင်းအာ..." ရီချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"စိတ်မပူပါနဲ့... သူ အဆင်ပြေမှာပါ... သူ ဘယ်နေရာကို ရောက်သွားလဲ ဆိုတာတော့ မသိနိုင်ဘူး..."
ကျွီ... ကျွီ... ကျွီ
ရီချင်း တည်နေရာကူးပြောင်း ခံလိုက်ရစဉ် ကျောက်တံခါး အပြင်ဘက်မှ အသံများမှာ ပိုမို သိပ်သည်းလာပြီး အချိန်မရှိတော့ဘဲ ချက်ချင်း ပွင့်လာတော့မည့်အလား ဖြစ်နေပေသည်။ နိုင်းယွမ် ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ပြီးနောက် အရေးတကြီး တိုက်တွန်းလိုက်၏။ "စီနီယာ ရီချန်... ခင်ဗျား စလိုက်တော့... ကျုပ် နောက်ဆုံးမှ သွားမယ်..."
"ကောင်းပြီ..." ရီချန်လည်း လူမိုက် တစ်ယောက် မဟုတ်ချေ။ ထိုအချိန်က စိုးရိမ်ပူပန်နေရမည့် အချိန်မဟုတ်ကြောင်း သူ သိထားပေသည်။ သူ ချက်ချင်းပင် သလင်းကျောက်လုံးဆီသို့ ခြေနှစ်လှမ်း လျှောက်သွားကာ သူ၏ ညာဘက်လက်ကို ဆန့်ထုတ်၍ ယင်းကို ထိလိုက်တော့၏။
သူ၏ လက်ဖဝါး သလင်းကျောက်လုံးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တံခါးက ယင်း၏ အတားအဆီးများမှ လုံးဝ လွတ်မြောက်သွားပြီး ကျုံးဝါးသံ တစ်ခုနှင့်အတူ ပွင့်သွားတော့သည်။
ဝှစ်... ဝှစ်... ဝှစ်
ကျောက်တံခါး ပွင့်သွားသည်နှင့်အမျှ လျင်မြန်သော လေချွန်သံ သုံးခု ထွက်ပေါ်လာပြီး ပုံရိပ်သုံးခု အထဲသို့ ပြေးဝင်လာကြ၏။
သူတို့မှာ အကြီးအကဲ ယွမ်ဟန် ၊ အကြီးအကဲ ထိုက်ယွမ် နှင့် ကျန်းဖုန်း တို့ပင်။
သူတို့၏ အဝတ်အစားများမှာ လုံးဝ နီးပါး မီးလောင်ကျွမ်းနေပြီး သူတို့ တစ်ယောက်စီတိုင်းတွင် အနည်းဆုံး ဒဏ်ရာ ဒါဇင်ပေါင်းများစွာ ရှိနေကြ၏။ အခန်းထဲသို့ ဝင်လာပြီး နိုင်းယွမ်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ သူတို့ အားလုံး၏ မျက်လုံးများ နီရဲသွားကြသည်။
ထိုအချိန်တွင် သူတို့အားလုံး နိုင်းယွမ်နှင့် အခြားသူများကို အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲပြီး အရှင်လတ်လတ် စားပစ်ချင်စိတ်များ ပေါ်ပေါက်နေကြ၏။
ယခု သူတို့ သူတောင်းစားများကဲ့သို့ ဖြစ်နေရခြင်းမှာ ထိုလူနှစ်ယောက်ကြောင့်ပင်။
ဝီ...
ထိုစဉ် ရီချန်၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင် တစ်ခု တောက်ပလာပြီး မျက်စိတစ်မှိတ်အတွင်း တည်နေရာကူးပြောင်း ခံလိုက်ရလေသည်။
ရီချန်ထွက်သွားသည်ကို မြင်သောအခါ နိုင်းယွမ် သက်ပြင်းချလိုက်နိုင်ပြီး သူ၏ မျက်လုံးများ လင်းလက်သွား၏။ သူ သလင်းကျောက်ဆီသို့ အမြန် ပြေးသွားလိုက်သည်။ သူ သလင်းကျောက်ကို ဖမ်းဆွဲနိုင်သ၍ မည်သည့် နေရာကို ရောက်သွားပါစေ အန္တရာယ်ကင်းသွားပြီ ဖြစ်ပေသည်။
"အဲဒါ တည်နေရာကူးပြောင်း ဝင်္ကပါပဲ... သတိထား... သူ ထွက်သွားတော့မယ်..."
ကျန်းဖုန်း မျက်စိ လျင်လှပေသည်။ ရီချန်တည်နေရာကူးပြောင်း သွားသည်ကို မြင်သောအခါ သူ ချက်ချင်း နားလည်သွား၏။ အသံရှည်ဆွဲကာ ဟစ်အော်လိုက်ပြီး သူ ရှေ့သို့ တစ်လှမ်း တိုးကာ နိုင်းယွမ်ကို လက်သီးတစ်ချက် ထိုးချလိုက်တော့သည်။ ထိုလက်သီးမှာ ပြင်းထန်ပြီး ရက်စက်လှသဖြင့် ကာကွယ်ရန် သို့မဟုတ် ရှောင်တိမ်းရန် မဖြစ်နိုင်အောင် ဖြစ်နေ၏။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား... ဒီနေ့ မင်း ဒီမှာပဲ နေခဲ့ရမယ်..."
အကြီးအကဲ ယွမ်ဟန်လည်း အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်၏။ ကျန်းဖုန်း လက်သီးထိုးလိုက်စဉ် သူကလည်း သူ၏ ညာဘက်လက်ဖြင့် ဖမ်းဆွဲလိုက်ရာ ပိုင်နက်အဆင့် ပညာရှင် တစ်ယောက်သာ ပိုင်ဆိုင်သော ပြိုင်ဘက်ကင်း စွမ်းအားများမှာ ထက်မြက်သော ဆူးချွန်များကဲ့သို့ ပစ်ထွက်သွားကြ၏။
အဆိပ်ပြင်း နဂါးဖောက် လက်ဝါး ....
ကာကွယ်မှုများကို ပြင်းထန်စွာ ထိုးဖောက်နိုင်စွမ်း ရှိပြီး လည်ပတ်နေသော ချီ စွမ်းအင်များကို ထုတ်လွှတ်နိုင်သည့် အလွန် ယုတ်ညံ့သော သိုင်းပညာ တစ်ခု ဖြစ်ပေသည်။
သူ့ရှေ့မှ လူငယ်လေးတွင် ပိတ်ဆို့ရန် နောက်ထပ် ရုပ်သေးရုပ် သို့မဟုတ် အလားတူ ပစ္စည်းတစ်ခုခု ရှိနေမည်ကို သူ စိုးရိမ်ပုံရသောကြောင့် သူ့ကို ရိုက်ချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
"သောက်ကျိုးနည်း..."
ပြင်းထန်သော တိုက်ခိုက်မှု နှစ်ခုကို မြင်သောအခါ နိုင်းယွမ်၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွား၏။ သူ ခြေထောက်ဖြင့် မြေပြင်ကို တွန်းကန်လိုက်ပြီး တစ်ကိုယ်လုံး အနောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ ထိုခုန်ဆုတ်မှု တစ်ချက်တည်းဖြင့် လေးကြိုးမှ ထွက်သွားသော မြှားတစ်စင်းကဲ့သို့ မီတာ ဆယ်ကျော်ခန့် အကွာအဝေးကို ရောက်ရှိသွားပေသည်။
တိုက်ခိုက်မှု နှစ်ခုတို့က သူ၏ မျက်နှာကို သီသီလေး ဖြတ်သွားပြီး သူ၏ ပါးပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ စူးရှသည့် နာကျင်မှု တစ်ခု ဖြစ်သွားကာ ကျောက်လှိုဏ်ဂူကို ဝင်တိုက်မိသွားသဖြင့် ကျောက်တုံး အစအနများ လွင့်စင်သွား၏။ ထိုနေရာတွင် မီတာ ရာနှင့်ချီ၍ ကျယ်ဝန်းသော ဧရာမ တွင်းကြီး တစ်ခု ပေါ်လာပေသည်။
စောစောက သူ အစစ်အမှန်ချီများကို သွန်းလောင်းနေရသဖြင့် ကျောက်တံခါး ရှေ့တွင် မရှောင်တိမ်းနိုင်ခဲ့သော်လည်း ယခု ထိုနေရာက လမ်းပိတ်နေသည့်တိုင် လွတ်ဟာနေသော နေရာလွတ် အများအပြား ရှိနေသဖြင့် ရှောင်တိမ်းနိုင်လိုက်ခြင်းပင်။
သို့သော်လည်း ထိုရှောင်တိမ်းမှုကြောင့် နိုင်းယွမ် သလင်းကျောက်လုံးနှင့် ဝေးကွာသွားပြီး အမြန် ပြန်သွားရန် နောက်ကျသွားပြီ ဖြစ်၏။
"ဒီတစ်ခါ မင်း ဘယ်သွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
သူတို့နှစ်ယောက် နိုင်းယွမ်ကို သေချာပေါက် မသတ်နိုင်ကြောင်း သိပုံရပေသည်။ သူတို့၏ တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးနောက် ချက်ခြင်း ရှေ့သို့ တိုးဝင်လာကြပြီး နိုင်းယွမ်နှင့် သလင်းကျောက်လုံး ကြားတွင် အတိအကျ နေရာယူလိုက်ကြ၏။
သလင်းကျောက်လုံးဆီသို့ မရောက်နိုင်သဖြင့် တစ်ဖက်လူ တည်နေရာကူးပြောင်း ဝင်္ကပါကို အသုံးပြု၍ မရနိုင်တော့ဘဲ ဤနေရာမှ ထွက်သွားနိုင်တော့မည် မဟုတ်ချေ။
နိုင်းယွမ် နောက်တစ်ကြိမ် အကျပ်ရိုက်သွားရသည်။
အခန်း ၄၂၀ ပြီး
***