ဝမ်ချင်းသည် အကြိမ်ကြိမ်အခါခါ ထွက်ခွာရန် ငြင်းဆန်နေသဖြင့် မိုမိခင်၏ မျက်နှာထားမှာ တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံးတွင် ပြတ်သားသော နှင်ထုတ်မိန့်ကို ပေးလိုက်လေတော့သည်။
"မိန်းကလေးဝမ်၊ သွားကြစို့လေ"
ယခုတစ်ကြိမ်တွင်မူ အန်တီချန်သည် ယဉ်ကျေးပျူငှာစွာ သတိပေးမနေတော့ဘဲ ဝမ်ချင်း၏ လက်တစ်ဖက်ကို တိုက်ရိုက်ဆွဲကိုင်ကာ အပြင်
ဘက်သို့ ဦးဆောင်ခေါ်ထုတ်သွားခဲ့သည်။
အန်တီချန်သည် အင်အားသုံး၍ ဆွဲခြင်းမျိုးမဟုတ်သော်လည်း သူမ၏ သိသာထင်ရှားလှ
သော ရွံရှာမုန်းတီးမှုများကြောင့် ဝမ်ချင်း၏ မျက်နှာမှာ ပြာနှမ်းသွားရသည်။ ဝမ်ချင်းသည် အန်တီချန်၏ လက်ကို ခါထုတ်လိုက်ပြီး မင်ယွဲ့ကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်ကာ သူမ၏ ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် အိမ်တော်အတွင်းမှ မာန်ပါပါ ထွက်ခွာသွားတော့သည်။
"ရှင့်ရဲ့ ရှုပ်ထွေးလှတဲ့ အချစ်ရေးကိစ္စတွေကိုတော့ ကိုယ်တိုင်ပဲ ရှင်းလင်းသင့်တယ်နော်"
မင်ယွဲ့သည် အလွန်ပါးနပ်သူဖြစ်ရာ ဝမ်ချင်းကို တစ်ခါမျှ မဆုံဖူးသော်လည်း သူမ၏ အမူအရာများကို ကြည့်ရုံဖြင့် မိုဟန်ကျီအပေါ် စိတ်ဝင်စားနေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။
မိုဟန်ကျီမှာမူ သက်ပြင်းသာ ချနိုင်တော့သည်။
ဝမ်မိသားစု၏ သမီးကြီးက သူ့အပေါ် ဤမျှ စိတ်ဝင်စားနေသည်ကို သူ တကယ်ပင် သတိမပြုမိခဲ့သလို သူမ၏ အမည်ကိုပင် ယခုအချိန်ထိ မသိသေးပေ။ မင်ယွဲ့ကသာ ထုတ်မပြောလျှင် သူ
သိရှိလိမ့်ဦးမည် မဟုတ်ချေ။
"ကိုယ် သူမနဲ့ တစ်ခါပဲ ဆုံဖူးတာပါ၊ အဲဒါကလည်း စီးပွားရေးကိစ္စ ဆွေးနွေးဖို့ပါ၊ ကိုယ်ကပဲ ငြင်းလွှတ်လိုက်တာ၊ အခုက ဒုတိယအကြိမ် ဆုံတာပဲ၊ သူမ ဘာကြောင့် ကိုယ့်အိမ်ကို ရောက်နေရတာလဲဆိုတာ ကိုယ်တကယ်ပဲ အဖြေမထုတ်
နိုင်ဘူး"
မိုဟန်ကျီသည် သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် လက်ဝါးဖြန့်ပြကာ အာမခံနေတော့သည်။
"နှစ်ကြိမ်ပဲ ဆုံရသေးတာကို သူမက စွဲလန်းသွားပြီဆိုတော့ ကိုယ့်ချစ်သူက တကယ်ပဲ ဆွဲဆောင်မှုရှိလွန်းနေတာပဲပေါ့"
မင်ယွဲ့၏ မျက်ဝန်းများက ထူးဆန်းစွာ တောက်ပနေပြီး သူမ၏ အကြည့်အောက်တွင် မိုဟန်ကျီတစ်ယောက် အနည်းငယ် တုန်လှုပ်သွားရသည်။
"ယွဲ့ယွဲ့၊ ဟန်ကျီက သူမ ဒီရောက်နေတာကို တကယ်မသိတာပါကွယ်"
အခြေအနေကို ထိန်းသိမ်းရန်အတွက် မိုမိခင်က ကြားထဲမှ ဝင်ရောက်ပြောဆိုပေးလိုက်ရသည်။
"အန်တီ၊ သမီးက သူ့ကို စနောက်နေတာပါ"
မင်ယွဲ့က ပြုံးရွှင်စွာ ဆိုလိုက်ပြီးနောက် မိုဟန်ကျီ၏ လက်ကို လွှတ်ကာ မိုယွီ၏ လက်ကို ဆွဲ၍ အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။
မိုဟန်ကျီမှာမူ မည်သို့မျှ မတတ်နိုင်ဘဲ သူတို့နောက်မှ ခပ်ကုပ်ကုပ်လေး လိုက်ပါသွားရလေသည်။
"အန်တီနဲ့ အဘွားအတွက် သမီး လက်ဆောင်လေးတွေ ယူလာခဲ့ပါတယ်"
မင်ယွဲ့တို့ ရောက်လာသည်ကို သိသည်နှင့် အဘွားမိုသည်လည်း အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
"ပစ္စည်းတွေ အများကြီးပါလား ကွယ်၊ မဖြုန်းတီးပါနဲ့ဦး"
အိမ်ထိန်းက သယ်ဆောင်လာသော ပစ္စည်းအစုအဝေးကို ကြည့်ပြီး လူကြီးများက အားနာနေကြသော်လည်း စိတ်ထဲတွင်မူ ကျေနပ်နေကြသည်။
"ဒါတွေအားလုံးက သမီးကိုယ်တိုင် လုပ်ထားတာပါ၊ အန်တီနဲ့ အဘွားက သမီးရဲ့ စေတနာကို အသိအမှတ်ပြုပေးရင်ပဲ ကျေနပ်ပါပြီ"
မင်ယွဲ့သည် သူမ ပြင်ဆင်လာသော လက်ဆောင်ဗူးများကို သူတို့ရှေ့တွင် ချပြလိုက်သည်။
မိုမိသားစုဝင် အမျိုးသမီး သုံးဦးလုံးမှာ လက်ဆောင်ဗူးများကို ဝမ်းမြောက်ဝမ်းသာ ဖွင့်ကြည့်ကြသည်။ မင်ယွဲ့ ပေးသည့်အရာမှန်သမျှမှာ သူတို့အပေါ် ထားရှိသည့် ဂရုစိုက်မှုကို ဖော်ပြနေသဖြင့် သူတို့အားလုံး ပျော်ရွှင်နေကြခြင်း ဖြစ်သည်။
လက်ဆောင်အိတ်များမှာ အရောင်အမျိုးမျိုး ဖြစ်သော်လည်း အတွင်းမှ သစ်သားသေတ္တာလေးများမှာ ကျေးလက်ဆန်သော အလှတရားနှင့် သင်းပျံ့သော သစ်သားရနံ့ကို ဆောင်ကြဉ်းပေးနေသည်။
သေတ္တာများကို ဖွင့်လိုက်သောအခါ ချောမွတ်သော ပိုးသားများနှင့် လက်ရာမြောက်လှသော ပန်းထိုးမှုများကို တွေ့မြင်လိုက်ရသည်။ မင်ယွဲ့၏ ပန်းထိုးပညာကို သူတို့ ကိုယ်တိုင် မြင်တွေ့ဖူးသဖြင့် ဤပစ္စည်းများမှာ တန်ဖိုးမဖြတ်နိုင်သော အနုပညာလက်ရာများဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိကြသည်။
မင်ယွဲ့က သူမ၏ စေတနာကို လက်ဆောင်များဖြင့် ဖော်ပြလိုက်ချိန်တွင် သူတို့၏ စိတ်လှုပ်ရှားမှုမှာ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။
အချို့သော အရာများသည် ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်ကြောင်း သူတို့ နားလည်ထားကြသည်။ လက်ဆောင်ဗူးများအတွင်း၌ မင်ယွဲ့သည် လူတစ်ဦးစီအတွက် ချောင်ဆန်းဝတ်စုံတစ်ထည်၊ လက်ကိုင်ပုဝါတစ်ထည်နှင့် ပိုးစပုဝါတစ်ထည်စီကို သေသပ်စွာ ထည့်သွင်းပေးထားသည်။
"အရောင်တွေက တကယ်ပဲ လိုက်ဖက်လွန်းတယ်"
မိုအဒေါ်သည် ထိုလက်ဆောင်ကို အလွန်မြတ်နိုးသွားပုံရသည်။
"ဒီ အပြာရင့်ရောင် ဝတ်စုံက ငါ့ရဲ့ ကျောက်စိမ်းလက်ကောက်နဲ့ တကယ်ကို လိုက်ဖက်မှာပဲ၊ ယွဲ့ယွဲ့က ငါ့စိတ်ကြိုက်ကို ကွက်တိသိတာပဲ"
မိုမိခင်သည် ဝတ်စုံကို သူမ၏ ကိုယ်၌ တိုင်းကြည့်ရင်း ကျေနပ်အားရနေသည်။
အဘွားမိုသည်လည်း နူးညံ့လှသော ပိုးသားထည်ကို ပွတ်သပ်ရင်း မျက်နှာတွင် အပြုံးများ ဝေဆာနေတော့သည်။
"အန်တီတို့ သဘောကျတယ်ဆိုရင် သမီး ဝမ်းသာပါတယ်"
မိုမိသားစုတွင် ယခုကဲ့သို့သော ပစ္စည်းများ ပေါများနေမည်ကို မင်ယွဲ့ သိသော်လည်း သူမ၏ လက်ရာအပေါ် တန်ဖိုးထားပေးကြသည့် လူကြီးများ၏ စေတနာကြောင့် စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။
"ရှောင်ယွီ၊ ဒါက ညီမလေးအတွက်၊ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
"ညီမလေးအတွက်လည်း ပါတာလား"
မိုယွီသည် သူမရှေ့ရှိ အဖြူရောင်ဗူးလေးကို ကြည့်ကာ မည်သည့်အရာ ဖြစ်နိုင်မလဲဟု စိတ်
လှုပ်ရှားစွာ တွေးတောနေသည်။
"မမယွဲ့က ညီမလေးကို စာသင်စက်ကြီးတော့ လက်ဆောင်မပေးဘူးမလားဟင်"
မိုယွီသည် မိုဟန်ကျီကို တစ်ချက်လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမ မူလတန်းကျောင်းသူဘဝ ပထမဆုံး မွေးနေ့တွင် မိုဟန်ကျီက ခြောက်နှစ်စာ သင်ခန်းစာများ အားလုံးထည့်သွင်းထားသော စာသင်စက်ကို လက်ဆောင်ပေးခဲ့ဖူးသောကြောင့် ဖြစ်သည်။
"မဟုတ်ပါဘူးကွယ်"
မင်ယွဲ့သည် မိုယွီ၏ စာသင်ရမှာ ကြောက်လန့်နေသော အမူအရာကြောင့် ရယ်မောလိုက်မိသည်။
"လေ့ကျင့်ခန်းစာအုပ်တွေလား"
မိုယွီသည် သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ပေးလေ့ရှိသော ထူးဆန်းသည့် လက်ဆောင်များကြောင့် တကယ်ပင် ထိတ်လန့်နေမိဆဲဖြစ်သည်။
မိုဟန်ကျီကိုယ်တိုင်က ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ရာ ညီမဖြစ်သူအတွက် တက္ကသိုလ်ဝင်တန်း လေ့ကျင့်ခန်းစာအုပ်များကို အချိန်မတိုင်မီကပင် စုဆောင်းပေးထားလေ့ရှိသည်။
"ဘာတွေ တွေးနေတာလဲ၊ မမယွဲ့က ညီမလေး တကယ်ကြိုက်မယ့် အရာကိုပဲ ပေးမှာပေါ့"
မင်ယွဲ့၏ အာမခံချက်ကို ရရှိမှသာ မိုယွီသည် စိတ်အေးလက်အေးဖြင့် ဗူးကို ဖွင့်လိုက်
တော့သည်။
ဗူးဖြူလေးပေါ်တွင် လှပသော လိပ်ပြာရုပ်လေးကို ထွင်းထုထားသဖြင့် မင်ယွဲ့သည် ဤလက်ဆောင်အတွက် မည်မျှ စိတ်နှစ်၍ ပြင်ဆင်ထားသည်မှာ ထင်ရှားလှသည်။
"အာ... ဒါတွေကို မမယွဲ့ကိုယ်တိုင် လုပ်ပေးတာလားဟင်"
မိုယွီသည် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။
ဗူးထဲတွင် မင်ယွဲ့ကိုယ်တိုင် ချုပ်လုပ်ထားသော လှပသည့် ဝတ်စုံအပြည့်အစုံနှင့်အတူ လိုက်ဖက်ညီသော လည်စည်းနှင့် ကျောပိုးအိတ်လေးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
"မမယွဲ့၊ ညီမလေး မမကို တကယ်ချစ်တာပဲ"
မိုဟန်ကျီ တားဆီးချိန်ပင် မရလိုက်ဘဲ မိုယွီသည် မင်ယွဲ့ကို ပြေးဖက်ကာ ပါးကို နမ်းလိုက်
"ယွဲ့ယွဲ့က ကိုယ့်ရဲ့ ချစ်သူပါနော်"
မိုဟန်ကျီက မင်ယွဲ့၏ အခြားပါးတစ်ဖက်ကို ချက်ချင်းပင် လုယူနမ်းရှိုက်လိုက်သဖြင့် မင်ယွဲ့မှာ ကြောင်အသွားရသည်။
လူကြီးများ၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် မင်ယွဲ့၏ မျက်နှာမှာ နီမြန်းသွားကာ မိုဟန်ကျီကို ရှက်ရယ်ဖြင့် ခပ်ဖွဖွလေး ရိုက်လိုက်မိသည်။
ယွဲ့မိသားစုမှာ စည်းလုံးသော်လည်း ယခုကဲ့သို့ ချစ်ခင်စုံမက်မှုကို လူရှေ့သူရှေ့ ပြသလေ့မရှိကြပေ။ မင်ယွဲ့သည် မိုမိသားစု၏ ပေါ့ပါးလွတ်လပ်သော ပတ်ဝန်းကျင်ကို အမှန်တကယ်
ပင် မနာလိုဖြစ်မိသည်။
မိုဟန်ကျီသည် အေးစက်သော ကိုယ်ရည်ကိုယ်သွေး ရှိသော်လည်း မိသားစုဝင်များကြားတွင် နွေးထွေးစွာ ပြောဆိုဆက်ဆံနေကြသည်မှာ ကြည်နူးစရာပင်။
မင်ယွဲ့၏ မိဘများမှာ ကျေးလက်သားပီပီ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရန် ဝန်လေးကြသူများ ဖြစ်သည်။ ဖခင်မေတ္တာမှာ တောင်ကြီးကဲ့သို့ ခိုင်မာတင်းမာပြီး မိခင်မေတ္တာမှာ ရေပြင်ကဲ့သို့ နူးညံ့သိမ်မွေ့သော်လည်း စကားဖြင့် ဖော်ပြလေ့မရှိကြသဖြင့် သားသမီးများကသာ မိမိဘာသာ နားလည်ခဲ့ကြရသည်။
ထို့ကြောင့်ပင် မင်ယွဲ့ကိုယ်တိုင်လည်း သူမ၏ ခံစားချက်ကို ထုတ်ဖော်ပြသရန် ခက်ခဲနေခဲ့ခြင်း ဖြစ်နိုင်သည်။
"မမယွဲ့၊ ဒီဝတ်စုံလေးတွေကို ညီမလေး သူငယ်ချင်းတွေကို သွားကြွားဦးမယ်၊ သူတို့တော့ မနာလိုဖြစ်ကြတော့မှာပဲ၊ ဒါက ကမ္ဘာပေါ်မှာ
တစ်ထည်တည်းရှိတဲ့ မမယွဲ့ရဲ့ လက်ရာမို့လို့လေ"
မိုယွီသည် အဝတ်အစားများကို ကိုင်ကာ ဟိုဘက်ဒီဘက် လှည့်ပတ်ကြည့်ရင်း သူမ၏ ပျော်
ရွှင်မှုကို ဖုံးဖွယ်၍ မရနိုင်အောင် ဖြစ်နေသည်။
"ဒီကလေးကိုတော့ လွှတ်ထားလိုက်ပါတော့ ယွဲ့ယွဲ့ရယ်၊ ထိုင်ပြီး အနားယူဦးနော်"
အဘွားမိုက ထိုသို့ ဆိုသော်လည်း သူမ၏ မျက်ဝန်းများမှာ မြေးမလေးအပေါ် ထားရှိသော မေတ္တာရိပ်များဖြင့် ပြည့်နှက်နေသည်။
"ယွဲ့ယွဲ့၊ ခရီးဝေးကနေ လာရတဲ့အထဲ လက်ဆောင်တွေပါ အများကြီး ယူလာပေးလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်ကွယ်၊ မင်းရဲ့ စေတနာကို ငါတို့ တကယ်ပဲ သဘောကျပါတယ်"
မိုမိခင်သည် မင်ယွဲ့ကို ရင်းနှီးနွေးထွေးစွာ ဧည့်ခံကာ အိမ်ရှိ အကောင်းဆုံးသော မုန့်ပဲသရေစာများဖြင့် တည်ခင်းကျွေးမွေးတော့သည်။
ဝမ်ချင်း ရောက်ရှိစဉ်က ရေတစ်ခွက်သာ တည်ခင်းခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် မင်ယွဲ့အပေါ် ထားရှိသော အလေးထားမှုကို အထင်အရှား မြင်နိုင်ပေသည်။
"ကျွန်မက ဒီအိမ်ရဲ့ မင်းသမီးလေးဆိုရင် မမယွဲ့က မင်းသမီးကြီး ဖြစ်မှာပေါ့၊ ညီမလေးကတော့ မင်းသမီးလေးပဲ ဆက်လုပ်မယ်"
မိုယွီ၏ စကားကြောင့် အားလုံး ရယ်မောသွားကြသည်။
မိုဟန်ကျီသည် မင်ယွဲ့၏ လက်ကို ဆုပ်ကိုင်ထားရင်း မိသားစုဝင်များနှင့် ရင်းနှီးစွာ စကားပြောနေသော သူမကို ကြည့်ကာ စိတ်အေးချမ်းသာယာမှုကို ခံစားနေရသည်။
"ယွမ်ပေါ့လေး ဘာလို့ ပါမလာတာလဲ၊ အဘွားက အဲဒီကောင်လေးကို လွမ်းနေတာ"
"သူ အိပ်နေလို့ ထားခဲ့ရတာပါ အဘွား"
ဟု မင်ယွဲ့က ပြန်ဖြေလိုက်သည်။
"ညီမလေးကလည်း ယွမ်ပေါ့အတွက် လက်ဆောင် ပြင်ထားတယ်နော်"
ဟု မိုယွီက ဝင်ပြောသည်။
(ယွဲ့ယွဲ့... ယွဲ့ယွဲ့... အဲဒီလက်ဆောင်က ဘာလဲဆိုတာ စုံစမ်းပေးပါဦး)
ယွမ်ပေါ့၏ အသံမှာ မင်ယွဲ့၏ စိတ်ထဲတွင် ပေါ်လာသည်။ ယွမ်ပေါ့သည် မိုယွီ ပေးမည့် လက်ဆောင်ကို အလွန် မျှော်လင့်နေပုံရသည်။
"ရှောင်ယွီ၊ ဘာလက်ဆောင်လဲဟင်၊ ယွမ်ပေါ့ကိုယ်စား မမကပဲ ကြိုတင်ကျေးဇူးတင်ထားပါရစေ"
မင်ယွဲ့က မေးလိုက်ရသည်။
သူမ မမေးလျှင် ယွမ်ပေါ့က သူမ၏ စိတ်ထဲတွင် ဆူညံပူညံ လုပ်နေလိမ့်မည်ကို သိနေသောကြောင့် ဖြစ်သည်။
"ဒါ ညီမလေး အနုပညာအတန်းမှာ လုပ်ထားတဲ့ ရွှံ့ရုပ်လေးတွေပါ"
မိုယွီသည် သူမ၏ ကျောပိုးအိတ်ထဲမှ သေသပ်
လှပသော ရွှံ့ရုပ်လေးများကို ထုတ်ပြသည်။
ဆရာနှင့် သူငယ်ချင်းများကပင် ချီးကျူးထားသော ထိုရုပ်လေးများကို သူမ အချစ်ဆုံး ယွမ်ပေါ့အတွက် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
(ယွဲ့ယွဲ့၊ ရှောင်ယွီ လုပ်ထားတဲ့ ရုပ်လေးက တကယ်ပဲ လက်ရာမြောက်တာပဲ၊ ကျွန်တော့်ရဲ့ ခုတင်လေးပေါ်မှာ တင်ထားလိုက်မယ်)
ယွမ်ပေါ့၏ ကျေနပ်အားရသံကို ကြားရသောအခါ မင်ယွဲ့ ပြုံးလိုက်မိသည်။
ယွမ်ပေါ့သည် တဖြည်းဖြည်းနှင့် လူသားဆန်လာသကဲ့သို့ ခံစားရသည်။
အရာအားလုံးကို သိမြင်နိုင်သော စနစ်တစ်ခု ဖြစ်သော်လည်း လူသားတို့၏ ရိုးရှင်းသော စေတနာနှင့် လက်မှုလက်ရာများကို တန်ဖိုးထားတတ်လာခြင်းမှာ ဝမ်းသာစရာပင် ဖြစ်သည်။
အပြင်ဘက်တွင် စကားစမြည် ပြောဆိုနေစဉ်အတွင်း မီးဖိုချောင်ထဲတွင်လည်း ဧည့်သည်တော်အတွက် ခမ်းနားသော စားသောက်ပွဲကြီးကို ပြင်ဆင်နေကြသည်။ မင်ယွဲ့ ရောက်လာသဖြင့် အကောင်းဆုံးသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံရန် အားလုံးက စိတ်အားထက်သန်နေကြသည်။
ထမင်းစားချိန် ရောက်သောအခါ စာကြည့်တိုက်ထဲတွင် အလုပ်ရှုပ်နေကြသော မိုမိသားစုဝင် အမျိုးသားများလည်း ဆင်းလာကြသည်။
သူတို့သည် အမျိုးသမီးများ အေးအေးဆေးဆေး စကားပြောနိုင်ရန် ဖယ်ပေးထားခြင်း ဖြစ်သော်လည်း မင်ယွဲ့အတွက်မူ ထိုသို့သော အခြေအနေမျိုးမှာ စိုးရိမ်ပူပန်စရာ မရှိပေ။
သူမသည် မိုမိသားစု၏ ပေါ့ပါးနွေးထွေးသော လေထုကို နှစ်သက်သဖြင့်သာ မိုဟန်ကျီ၏ အချစ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ထမင်းစားပြီးနောက် မိုမိခင်က စကားတစ်ခွန်းကို စတင်ပြောဆိုလာသည်။
"ငါတို့နဲ့ ဝမ်မိသားစုနဲ့ စီးပွားရေးအရ ပတ်သက်မှု ရှိလား"
မိုဖခင်နှင့် မိုဟန်ကျီတို့မှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
မိုဖခင်သည် ဇနီးဖြစ်သူက မိသားစုစီးပွားရေးကိစ္စများကို စိတ်မဝင်စားတတ်သဖြင့် အဘယ်ကြောင့် ယခုကဲ့သို့ မေးရသနည်းဟု နားမလည်နိုင် ဖြစ်နေသည်။
"ဘာမှ မရှိပါဘူး၊ ဘာဖြစ်လို့လဲ"
"ဝမ်မိသားစုရဲ့ သမီးက စီးပွားရေး ပတ်သက်မှုလည်း မရှိဘဲနဲ့ ငါတို့အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ၊ မေးတော့လည်း ဘာမှ မပြောဘူး"
မိုမိခင်သည် မိုဖခင်ကို မေးနေသော်လည်း သူမ၏ အကြည့်မှာ မိုဟန်ကျီထံ၌သာ ရှိ
နေသည်။
ဧည့်သည်ရှေ့တွင် မမေးခဲ့သော်လည်း ယခုအခါ မင်ယွဲ့၏ စိတ်ထဲတွင် သံသယများ မကျန်ရစ်စေရန် သူမက ရှင်းလင်းပေးလိုခြင်း ဖြစ်သည်။
မိုဖခင်ကလည်း သားဖြစ်သူကို ကြည့်လိုက်သည်။ ဝမ်မိသားစုမှ သမီးသည် ကုမ္ပဏီသို့ သွားရောက်ခဲ့သည်ဟု သူ ကြားသိထားသဖြင့် ယခုကိစ္စမှာ ရိုးရိုးသားသား မဟုတ်နိုင်ကြောင်း သူ ရိပ်မိလိုက်သည်။
"သူမ ကုမ္ပဏီကို တစ်ခါလာဖူးပါတယ်၊ အဲဒီနေ့က ယွဲ့ယွဲ့လည်း ရှိနေတာပဲ၊ သူမက 'အရှေ့အိုင် ဂေဟစနစ် စီမံကိန်း' မှာ ပူးပေါင်းဖို့ လာပြောတာပါ၊ ဒါပေမဲ့ ကိုယ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်"
မိုဟန်ကျီက မင်ယွဲ့ ကြားစေရန်အတွက် ချက်ချင်းပင် ရှင်းပြလိုက်သည်။
မင်ယွဲ့က ထိုနေ့ကတည်းက သိရှိထားပြီး ဖြစ်
သဖြင့် စိတ်ထဲတွင် များများစားစား မရှိလှပေ။
"ဒီနေ့ သူမ ဘာကြောင့် အိမ်ကို ရောက်လာတာလဲဆိုတာတော့ ကိုယ်လည်း မသိဘူး၊ ကိုယ် ဝမ်မိသားစုဆီ တိုက်ရိုက်ဖုန်းဆက်ပြီး ဒီကိစ္စကို ရှင်းလင်းလိုက်ပါ့မယ်"
မိုဟန်ကျီက ပြတ်သားသော လေသံဖြင့် ဆိုလိုက်လေတော့သည်။
***