“ကိုယ့်ကိုယ်ကိုယ် ယွမ်ပေါ့နဲ့တောင် နှိုင်းယှဉ်နေတာလား ဒါကို ကုမ္ပဏီက ဝန်ထမ်းတွေသာ ကြားသွားရင်တော့ ခက်ပြီ ဒီလောက်တောင် စိတ်ဓာတ်ပျော့ညံ့တဲ့ သူဌေးမျိုး ရှိပါဦးမလား”
မင်ယွဲ့သည် သာယာစွာ ရယ်မောလိုက်သည်။
သူတို့နှစ်ဦးသည် အေးအေးလူလူပင် စကားဖောင်ဖွဲ့ရင်း ချိုမြိန်သော လေထုကို ဖန်တီးနေကြသည်။
ထို့နောက် မင်ယွဲ့သည် ကွန်ပျူတာကိုဖွင့်ကာ app ထဲသို့ ဝင်ကြည့်လိုက်ရာ သူမ တင်ထားသော သီချင်းများကို နားထောင်နေသူ အတော်များနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။
မှတ်ချက် ကဏ္ဍကို သူမ စိတ်ဝင်တစား နှိပ်
ကြည့်လိုက်သည်။
— “ဒီသီချင်းကို ဘာလို့ မူအဲလို့ အမည်ပေးထားတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ် ဒါဟာ ငယ်ရွယ်နုပျိုတဲ့ စွဲလန်းမှု၊ အချစ်ဦးရဲ့ ရမ္မက်ဇောနဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေအပြင် ဝမ်းနည်းစရာ ဇာတ်သိမ်းကို ဖော်ပြနေတာပဲ”
— “ဒီသီချင်းက အခု ငါ့နားမှာ မရှိတော့တဲ့ ရည်းစားဟောင်းကို သတိရစေတယ်”
— “ဟေ့... အပေါ်ကလူ၊ လမ်းခွဲခဲ့ကြတယ်ဆိုရင်တောင် မင်းရည်းစားက မရှိတော့ဘူးလို့တော့ မပြောသင့်ဘူးလေ”
— “သူက လွန်ခဲ့တဲ့ သုံးနှစ်က ကားအက်စီးဒင့်နဲ့ ဆုံးသွားတာပါ”
— “ငါကတော့ သေထိုက်တဲ့ကောင်ပါပဲ (တောင်းပန်ပါတယ်)”
ပျော်စရာကောင်းသော မှတ်ချက်များကြားတွင် ယခုကဲ့သို့ စာသားများကို မြင်လိုက်ရသဖြင့် မင်ယွဲ့ စိတ်မကောင်းဖြစ်သွားရသည်။
ထိုမှတ်ချက်ရေးသူမှာလည်း ညလယ်ခေါင်တွင် နိုးလာပြီး မိမိကိုယ်ကို ပါးရိုက်ချင်စိတ် ပေါက်နေလောက်ပေမည်။
— “MOON ဆိုတာ ကုမ္ပဏီတစ်ခုခုက လူသစ်လား တစ်ခါမှ မကြားဖူးပါဘူး”
— “ငါ တစ်ခု သတိထားမိလိုက်ပြီ စာသားမျက်နှာပြင်မှာ ကြည့်လိုက်ဦး၊ စာသား၊ တေးသံနဲ့ ဂီတအစီအစဉ် အားလုံးကို သူမကိုယ်တိုင် ဖန်တီးထားတာ”
— “အသံကောင်းရုံတင် ထင်ထားတာ၊ ဒီလောက်ထိ ပါရမီရှင် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ငါတော့ အခုကစပြီး သူမကိုပဲ အားပေးတော့မယ် ငါဟာ ထာဝရ MOON fan ပါပဲ”
— “အရမ်းကောင်းလွန်းလို့ သေတော့မယ်! သူငယ်ချင်းက အကြံပေးလို့ နားထောင်ကြည့်
တာ၊ ရင်ဘတ်ထဲမှာ တလှပ်လှပ်နဲ့ ကျန်ခဲ့တုန်းပဲ”
......
မင်ယွဲ့သည် မှတ်ချက်များကို တစ်ခုပြီးတစ်ခု ဖတ်ရှုနေမိသည်။ အချို့က ရည်းစားဟောင်းအကြောင်း နောက်ပြောင်နေကြသလို၊ အချို့က အချစ်ဦးကို လွမ်းဆွတ်နေကြပြီး အချို့မှာမူ သီချင်း၏ ဝမ်းနည်းရိပ်များကြားတွင် နစ်မျောနေကြဆဲ ဖြစ်သည်။ သူမအတွက် ချီးကျူးစကားများလည်း အစီအရီပင်။
သီချင်းထွက်ရှိသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ လူစိတ်ဝင်စားမှု ရရှိနေခြင်းအပေါ် မင်ယွဲ့ အကယ်ပင် အံ့အားသင့်မိသည်။
သို့သော်လည်း လက်ရှိတွင် လူငယ်များကြား၌သာ ပျံ့နှံ့နေသေးပြီး နယ်ပယ်အသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။ သို့သော် တင်ထားသည်မှာ တစ်ရက်သာ ရှိသေးသည်ကို ထောက်ဆလျှင် မင်ယွဲ့အနေဖြင့် ဤရလဒ်အပေါ် ကျေနပ်မှု ရှိလှသည်။
မိုဟန်ကျီသည် စာကြည့်ခန်းအတွင်း အလုပ်ရှုပ်နေသော်လည်း သူတို့နှစ်ဦးကြားက ဗီဒီယိုကောလ်မှာမူ ပွင့်နေဆဲ ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် မိမိတို့အလုပ်တွင် အာရုံစိုက်နေကြသော်လည်း ရံဖန်ရံခါ ဖန်သားပြင်ထက်မှ ချစ်ရသူကို မော့ကြည့်လိုက်ရုံဖြင့်ပင် စိတ်ကျေနပ်မှုကို ခံစားနေရသည်။
မင်ယွဲ့သည် ဖတ်၍ဝသောအခါ လက်ပ်တော့ကို ပိတ်ကာ ဗီဒီယိုကောလ်ကို အဆုံးသတ်လိုက်ပြီး ကိုယ်လက်သန့်စင်ရန် ပြင်ဆင်တော့သည်။
ယွမ်ပေါ့သည် စာအုပ်စင်ပေါ်မှ ခုန်ဆင်းကာ သူမနောက်သို့ လိုက်ပါလာခဲ့သည်။
သန့်စင်ပြီးနောက် မင်ယွဲ့သည် ချက်ချင်း အိပ်စက်ခြင်း မရှိသေးပေ။ သူမ၏ ကျွမ်းကျင်မှုအဆင့်များမှာ မမြှင့်တင်ရသည်မှာ ကြာပြီဖြစ်၍ စာပေလေ့လာရေး အခန်းငယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ ပညာဆည်းပူးလေသည်။
အသစ်အသစ်သော အသိပညာများကို ရေစုပ်ဂွမ်းကဲ့သို့ အဆက်မပြတ် စုပ်ယူနေရသည့် ထိုခံစားချက်သည် သူမအတွက် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
အာရုံစူးစိုက်မှု ပြင်းထန်သော အချိန်ကာလတစ်ခုအပြီးတွင် ရရှိလာသည့် ပင်ပန်းမှုနှင့် ပြည့်စုံမှုတို့သည် သူမအား စိတ်ပိုင်းဆိုင်ရာ အားရကျေနပ်မှုကို ပေးစွမ်းသည်။
သူမသည် စုတ်ချက်တင် အရေးအသားကို စတင်လေ့ကျင့်သည်။ ယခင်က မင်ယွဲ့သည် စုတ်တံကို ကိုင်လိုက်သည်နှင့် အသက်ရှူအောင့်ကာ အာရုံစူးစိုက်ပြီး ကိုယ်နေဟန်ထားကို တောင့်တောင့်မတ်မတ် ထားလေ့ရှိသည်။
ယခုမူ ကျွမ်းကျင်မှု ပိုမိုမြင့်မားလာသည်နှင့်အမျှ သူမ၏ စုတ်ချက်များသည် ထူးခြားသော ဝိညာဉ်အင်အားများ ပါဝင်လာပြီး ပုံသေကားကျ ရေးသားနည်းများမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
မင်ယွဲ့သည် မှင်တုံးကို သွေးကာ စုတ်တံကို ကျွမ်းကျင်စွာ ကစားလိုက်ရာ စာရွက်ပေါ်တွင် လှပသော စာလုံးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။ လေ့လာရေးအခန်းအတွင်း အချိန်စီးဆင်းမှုမှာ ပြင်ပနှင့် ကွဲပြားသဖြင့် သူမသည် အချိန်အတော်ကြာအောင် စိတ်အေးလက်အေး လေ့လာနိုင်ခဲ့သည်။
【တောင်— အိမ်ရှင်၏ မနားမပန်း အားထုတ်မှုကြောင့် စုတ်ချက်တင်အရေးအသား ကျွမ်းကျင်မှုမှာ အခြေခံအဆင့်မှ အလယ်အလတ်အဆင့်သို့ တိုးတက်သွားပြီ ဖြစ်ပါသည် ထို့ကြောင့် ကျပန်းဆုလာဘ်တစ်ခု ချီးမြှင့်လိုက်ပါသည်】
မင်ယွဲ့သည် သူမလုပ်လက်စများကို ရပ်တန့်လိုက်သည်။ သူမ၏ ကိုယ်ရေးအချက်အလက်များကို မပြင်ဆင်ရသည်မှာ ကြာပြီဖြစ်၍ တစ်ခုခု ထူးခြားတော့မည်ကို သူမ ရိပ်မိလိုက်သည်။
【တောင်— ဆုလာဘ်များကို ထုတ်ပေးနေပါသည် ဂုဏ်ယူပါတယ် အိမ်ရှင်၊ သင်သည် မုန်လီ ကျွန်းကို ပိုင်ဆိုင်ခွင့် ရရှိသွားပါပြီ】
“ဘာ ကျွန်းတစ်ကျွန်း ဟုတ်လား”
မင်ယွဲ့ တစ်ယောက် တည်ငြိမ်မှုကို ဆက်လက် မထိန်းထားနိုင်တော့ပေ။ ဤသည်မှာ သာမန်အရာမဟုတ်ဘဲ ကျွန်းတစ်ကျွန်းလုံး ဖြစ်နေသောကြောင့်တည်း။
ယခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ အာဏာရှိလှသော CEO များသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကျွန်းတစ်ကျွန်းကို ဝယ်ယူတတ်ကြသည်ကို သူမ မြင်ဖူးသည်။
ယခုမူ သူမကိုယ်တိုင် ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။
“မုန်လီကျွန်းဟာ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပြီး ဘာမှ မွမ်းမံပြင်ဆင်ထားခြင်း မရှိသေးတဲ့ သဘာဝအတိုင်း ရှိနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်...”
ယွမ်ပေါ့က ပြသပေးသော ကျွန်းတစ်ခုလုံး၏ ပုံရိပ်ယောင်ကို ကြည့်ရင်း မင်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ယွမ်ပေါ့၊ နင်ကတော့ ငါ့ရဲ့ နတ်ဘုရားပဲ”
“ခပ်အေးအေးပဲ နေစမ်းပါ၊ ငါ့ကို အရမ်းကြီးလည်း စွဲလန်းမနေနဲ့ဦး၊ ငါကတော့ ဒဏ္ဍာရီတစ်ခုပါပဲ”
ယွမ်ပေါ့သည် ၎င်း၏ လက်အောက်ခံများ၏ ကိုးကွယ်မှုကို စောင့်စားနေသော ဂုဏ်မောက်သည့် မင်းသားငယ်လေးတစ်ပါးကဲ့သို့ ခေါင်းကို မော့ကာ ပြောလိုက်သည်။ မင်ယွဲ့က ပြုံးလျက် ၎င်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီး မုန်လီကျွန်း၏ ဗီဒီယိုမှာလည်း ပရိုဂျက်တာတွင် ပြသနေဆဲ ဖြစ်သည်။
ပြာလွင်နေသော သမုဒ္ဒရာရေပြင်၊ ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးဖြူဖြူလေးများ၊ ရွှေရောင်လွှမ်းနေသော သဲသောင်ပြင် ကျယ်ကြီးတို့ကို မြင်ယောင်ရင်း သူမသည် ခြေဗလာဖြင့် လမ်းလျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကျွန်းပေါ်တွင် ခရုခွံလေးများ ကောက်ရင်း လွတ်လပ်စွာ နေထိုင်ရမည်မှာ မည်မျှ ပျော်စရာကောင်းလိမ့်မည်နည်း။
တက္ကသိုလ်တက်စက သူမ ပထမဆုံး မြင်တွေ့ခဲ့ရသည်မှာ ပင်လယ်ဖြစ်သည်။ ယွမ်ပေါ့နှင့် စတင်တွေ့ဆုံချိန်တွင် သူမအား ရှီးလင်း ပင်လယ်ပြင်ကို ပေးခဲ့သည်။ ယနေ့တွင်မူ ပင်လယ်ပြင်သာမက ကျွန်းတစ်ကျွန်းလုံးကိုပါ ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ တစ်ချိန်က လက်လှမ်းမမီခဲ့သော အရာအားလုံးမှာ ယခုအခါ သူမ၏ လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်သည်။
ဗီဒီယိုထဲတွင် မင်ယွဲ့သည် ထိုကျွန်းပေါ်၌ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေသကဲ့သို့ စိတ်ကူးယဉ် ခံစားနေမိသည်။
“အချက်အလက်များကို ပြင်ဆင်နေပါသည်၊ ခေတ္တစောင့်ဆိုင်းပါ -”
ဆွဲဆောင်မှု - ၉၂ (၁၀၀) 【ရင်သပ်ရှုမောဖွယ် အလှတရား】
အသက်မွေးဝမ်းကျောင်း - ၇၆ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】
ပိုင်ဆိုင်မှု - ၂၆၈,၄၇၄,၉၀၀,၀၀၀ ယွမ် (နှစ်သိန်းခြောက်သောင်းရှစ်ထောင် လေးရာခုနစ်
ဆယ့်လေးသန်း ကိုးသိန်းယွမ်)
ယုဖူးရှိ အိမ်ရာတစ်ခု၊ ဟိုက်ဖုအဆောက်အဦ၊ ဥယျာဉ်ခြံနှင့် ဗီလာ၊ အာဖရိက သတ္တုတွင်းတစ်ခု၊ မြို့လယ်ရှိ ဆိုင်ခန်းနှစ်ခန်း၊ ချန်ဒေါင်း စီးပွားရေးလမ်းမ၊ ချွန်းဟယ် ရပ်ကွက်၊ မြို့တော် အဆောက်အဦ၊ လီအာ ခြံမြေ၊ ဟွမ်ရှင်း အပန်းဖြေဥယျာဉ်၊ အာမန် ဝိုင်စက်ရုံ၊ ရှီးလင်း ပင်လယ်ပြင် နှင့် မုန်လီကျွန်း။
ယွဲ့ဟွာ နည်းပညာ (၇၅%)၊ ဆောင်းမို မီဒီယာ (၃၀%)၊ ဝေကွမ် လုပ်ငန်းစု (၅၀%)။
Rolls-Royce ကား၊ Patek Philippe နာရီ၊ ရှန်နှင့်ကျိုးခေတ် ကြေးဖလားများ၊ ပင်လယ်ကူး သင်္ဘောကြီး... 【အလွန်အမင်း ကြွယ်ဝသူ】
ကျော်ကြားမှုရမှတ် - ၅၀၀,၀၀၀
ကျွမ်းကျင်မှု - 【အသေးအမွှား ကျွမ်းကျင်မှု အနည်းငယ်】
အလယ်အလတ် ကျွမ်းကျင်မှု - မိတ်ကပ်လိမ်းခြယ်ခြင်း၊ ဘဏ္ဍာရေး၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ ဟက်ကာအတတ်၊ စီးပွားရေး စီမံခန့်ခွဲမှု၊ အထည်ဒီဇိုင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု၊ လူကြီးလူကောင်း အတတ်ပညာ ခြောက်ပါး (အပြုအမူပိုင်းဆိုင်ရာ)၊ စုတ်ချက်တင်အရေးအသား။
အဆင့်မြင့် ကျွမ်းကျင်မှု - ချက်ပြုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးဖော်စပ်ခြင်း၊ လူကြီးလူကောင်း အတတ်ပညာ ခြောက်ပါး (ဂီတ)၊ နိုင်ငံခြားဘာသာစကား၊ စူးကျိုး ပန်းထိုးအတတ်။
အထူးပစ္စည်းများ - ၁၀*၁၀ မီတာ ကိုယ်ပိုင်အာကာသ၊ စာပေလေ့လာရေးအခန်း၊ အလိုအလျောက် ပုံဖော်ကင်မရာ။
လက်ရှိ စနစ်အဆင့် - အဆင့် ၅
ရက်အနည်းငယ်အတွင်းမှာပင် သူမ၏ ကျော်ကြားမှုရမှတ်များ ၁၀,၀၀၀ ခန့် တိုးလာသည်ကို မင်ယွဲ့ သတိပြုမိသည်။ ဤသည်မှာ သီချင်းလွှင့်တင်သည့် ပလက်ဖောင်းပေါ်ရှိ “မူအၢဲ” သီချင်းကြောင့် ဖြစ်နိုင်ပေသည်။
မင်ယွဲ့သည် သူမ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နေခဲ့သည်။
တစ်နေ့တွင် သူမ ရန့်တ ဓာတ်ခွဲခန်းမှ ထွက်လာစဉ် မိုဟန်ကျီသည် ကားအပြင်ဘက်၌ သူမအား ကြိုတင်စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
နက်မှောင်သော ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ထိုအမျိုးသားမှာ အရပ်ရှည်ပြီး ထူးကဲသော ဂုဏ်သရေရှိလှသဖြင့် လမ်းသွားလမ်းလာများ၏ အကြည့်များကို ဖမ်းစားထားသည်။
သူသည် လူအများကြားတွင် အထင်ရှားဆုံးသော ဗဟိုချက်မ ဖြစ်နေသည်။
မင်ယွဲ့ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် ဖုန်းမြည်လာသည်။
“မစ္စမင်၊ ရှင်ကတော့ ကျန်ဟင်နဲ့ ကျွန်မကို တာ့မင်ရေကန်ဘေးမှာ မေ့ထားခဲ့ပြီလား”
မင်ယွဲ့၏ ရင်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
မကြာသေးမီက သူမသည် ကုမ္ပဏီအလုပ်များကို လက်လွတ်စပယ် ထားခဲ့သည်မှာ ကြာပြီဖြစ်၍ ကုမ္ပဏီအကြောင်းကို တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ၊ ငါ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ”
မင်ယွဲ့က ပြုံးလျက် ချော့မော့ပြောဆိုလိုက်သည်။
“အဲ့လိုမျိုးကြီး မပြုံးပြနဲ့ဦး ကျန်ဟင်နဲ့ ကျွန်မက ရှင့်ကုမ္ပဏီ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူသွားမှာ မကြောက်ဘူးလား”
ဝမ်ကျန်း၏ စိတ်ထဲတွင် မင်ယွဲ့မှာ သူငယ်ချင်းများကို အကြွင်းမဲ့ ယုံကြည်တတ်ပြီး သူမနှင့် ကျန်ဟင်အပေါ်တွင်လည်း မည်သည့် သံသယမှ မရှိသော လူအအေးလေးတစ်ယောက် ဖြစ်သည်။ သူတို့သည် ကုမ္ပဏီ၏ အရေးကိစ္စ အားလုံးကို သိရှိထားသူများ မဟုတ်ပါလား။
“ငါ နင်တို့ကို ယုံတယ်လေ”
လူတို့၏ စိတ်နှလုံးသည် ယုံကြည်ရခက်သည် ဆိုစေဦးတော့၊ သူမတွင် အရာအားလုံးကို ထိန်းချုပ်ပေးနိုင်သော ယွမ်ပေါ့ ရှိနေသည်
မဟုတ်ပါလား။
ဝမ်ကျန်းနှင့် ကျန်ဟင်တို့သည် သူမ၏ စကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် နွေးထွေးသွားကြသည်။ ဤကဲ့သို့ အကန့်အသတ်မဲ့ ယုံကြည်မှု ရရှိခြင်းမှာ သူတို့ ဖြတ်သန်းခဲ့ရသော ပင်ပန်းမှုအားလုံးကို အရာထင်စေခဲ့ပြီ ဖြစ်သည်။
“ကဲပါ... အဲ့လောက်ကြီးလည်း စိတ်ကစားမနေကြပါနဲ့တော့”
ဝမ်ကျန်းက ထိုနွေးထွေးသော အခိုက်အတန့်ကို ချက်ချင်းပင် ရိုက်ချိုးလိုက်လေသည်။
***