“ယွဲ့ယွဲ့... ကိုယ့်ကို ဘာလို့ ကြည့်မနေတာလဲ”
ဗီဒီယိုဖန်သားပြင်မှတစ်ဆင့် ဖြစ်သော်လည်း မိုဟန်ကျီ၏ အမူအရာမှာ ပိုမိုရဲတင်းလာခဲ့သည်။
“ကြည့်ချင်တော့လည်း ဘာဖြစ်လဲ၊ ကိုယ့်ရည်းစားကိုယ် ကြည့်တာပဲဟာကို”
မင်ယွဲ့သည် ဖုန်းကို မြှောက်ကိုင်လိုက်ပြီး တစ်ဖက်တွင် ညအိပ်ဝတ်စုံဖြင့် ရှိနေသော အမျိုးသားကို စိုက်ကြည့်လိုက်သည်။
ဒဏ္ဍာရီလာ ရေခဲတောင်အလား အေးစက်လှသည့် အမှုဆောင်အရာရှိချုပ် စီအီးအို ပီသပါပေသည်။ ညအိပ်ဝတ်စုံ ဝတ်ထားသည့်တိုင် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ အနားသို့ပင် မကပ်ရဲစရာ ခန့်ညားထည်ဝါနေဆဲ ဖြစ်သည်။ သို့သော် မင်ယွဲ့ကို ကြည့်လိုက်သောအခါတွင်မူ သူ၏ မျက်ဝန်းအစုံမှာ နူးညံ့ပျော့ပျောင်းမှုများဖြင့် ပြည့်လျှံသွားတော့သည်။
“စိတ်ကြိုက်သာ ကြည့်ပါဗျာ၊ ဒါနဲ့... ခုနကလို ‘အချစ်တော်လေး’ လို့ ဘာလို့ ထပ်မခေါ်တော့တာလဲ”
မိုဟန်ကျီ၏ နှုတ်ခမ်းထက်မှ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
မင်ယွဲ့မှာ အနည်းငယ် စိတ်တိုသွားရသည်။ သူမသည် အဘယ်ကြောင့် စိတ်လွတ်ကိုယ်လွတ်နှင့် “အချစ်တော်လေး” ဟု ခေါ်မိသွားရပါသနည်း။
သို့သော်လည်း ခေါ်ပြီးမှတော့ သူမ၏ ရည်းစားဖြစ်သူအား ယခုကဲ့သို့ ခေါ်ဝေါ်ခြင်းမှာ တရားဝင်ပြီး ဗြောင်ကျသော ကိစ္စရပ်ပင် ဖြစ်ရာ သူမ ဘာကို ကြောက်နေရမည်နည်း။
“ဒါဆို အချစ်တော်လေးကရော ကျွန်မကို ဘယ်လိုပြန်ခေါ်မှာလဲ”
မင်ယွဲ့က ခပ်ထေ့ထေ့လေး ပြန်လည် တုံ့ပြန်
လိုက်သည်။
“ဒီ ‘အချစ်တော်လေး’ ဆိုတဲ့ အခေါ်အဝေါ်က အလကား ခေါ်ခွင့်ရတာ မဟုတ်ဘူးနော်”
“မင်းက... ကိုယ့်ရဲ့ ရင်ထဲက လမင်းလေးပါ”
မိုဟန်ကျီ၏ မျက်ဝန်းများတွင် စစ်မှန်သော မေတ္တာရိပ်များ ထင်ဟပ်နေပြီး သူ၏ အသံနေအသံထားမှာလည်း နက်ရှိုင်းကာ လေးနက်လှသည်။
ဖန်သားပြင်မှတစ်ဆင့် ဖြစ်သော်လည်း မင်ယွဲ့မှာ သူ၏ စူးရှသော အကြည့်ဝဲဂယက်အတွင်းသို့ နစ်မြုပ်လုနီးပါး ဖြစ်သွားရသည်။ အေးစက်သော ကိုယ်ရည်ကိုယ်သွေးရှိသူများထံမှ ထွက်ပေါ်လာသော ချိုသာသည့် စကားလုံးများသည် အခြားသူများထက် ပိုမို၍ ဆွဲဆောင်မှု ရှိလှသည် မဟုတ်ပါလား။
ယွမ်ပေါ့သည် တစ်ခုခု ထူးခြားနေသည်ကို အာရုံခံမိသဖြင့် စားလက်စကို ရပ်ကာ မင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ သို့သော် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရဘဲ မင်ယွဲ့မှာ မိုဟန်ကျီနှင့် ဖုန်းပြောနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဘာမှ မဟုတ်ဟု မှတ်ယူကာ ဆက်လက် စားသောက်နေတော့သည်။
မင်ယွဲ့သည် သူတို့နှစ်ဦး၏ နှလုံးသားချင်း ပိုမိုနီးကပ်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
——
နောက်တစ်နေ့ နံနက် မိုးသောက်ချိန်တွင် မင်ယွဲ့သည် စောစီးစွာ နိုးထလာခဲ့သည်။
ကြာမြင့်စွာ လေ့ကျင့်ခန်း မလုပ်ဖြစ်ခဲ့သဖြင့် သူမသည် ပကတိနေရာမှ ပျောက်ကွယ်သွားပြီး ‘အသွင်တူ လေ့လာရေးခန်း’ ထဲသို့ ဝင်ရောက်သွားသည်။ သူမသည် မြင်ကွင်းတုများကို ဖန်တီးကာ အသွင်တူ နည်းပြတစ်ဦးကို ခေါ်ယူလိုက်ပြီး နှစ်ဦးသား အတူတကွ လေ့ကျင့်ကြတော့သည်။
မင်ယွဲ့သည် ကိုယ်ခံပညာတွင် ခိုင်မာသော အခြေခံရှိပြီးသား ဖြစ်ရာ ယခုအခါ လက်တွေ့ လေ့ကျင့်မှုများမှတစ်ဆင့် အတွေ့အကြုံ ရယူရန်သာ လိုအပ်တော့သည်။
ကိုယ်လက်လှုပ်ရှားမှုကြောင့် ချွေးများ ရွှဲနစ်သွားပြီးနောက်တွင်မှ မင်ယွဲ့သည် အတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူမသည် ရေချိုးသန့်စင်လိုက်ရာ လန်းဆန်းတက်ကြွသွားပြီးနောက် ယန်ကျင်း တက္ကသိုလ်သို့ ကားမောင်းထွက်လာခဲ့သည်။
မမျှော်လင့်ဘဲ အိမ်ရာဝင်းအတွင်းမှ ထွက်လာသည်နှင့် ကားတိုက်ခံရဟန် ဆောင်ကာ ငွေညှစ်သူ တစ်ဦးနှင့် ရင်ဆိုင်လိုက်ရသည်။
မင်ယွဲ့မှာ မိမိကိုယ်ကိုယ် ကံဆိုးလှသည်ဟု တွေးမိသွားသည်။ ယခင်ကလည်း အစားအသောက် ပို့ဆောင်သူအဖြစ် ဘဝကို အတွေ့အကြုံ ယူစဉ်က လျှပ်စစ်စက်ဘီး စီးနေရင်း ထိုကဲ့သို့ ကြုံခဲ့ရဖူးပြီး ယနေ့တွင်လည်း ထပ်မံ ကြုံတွေ့ရပြန်သည်။
လူအများစုမှာ တစ်သက်လုံးတွင် တစ်ကြိမ်မျှပင် မကြုံရတတ်သော်လည်း သူမမှာမူ အသက် ၂၀ ကျော်အတွင်းမှာပင် နှစ်ကြိမ်
တိုင်တိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။
မင်ယွဲ့သည် ကားမှန်ကို ချလိုက်ပြီး ကားရှေ့တွင် လဲလျောင်းနေသော လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်သည်။
ယခုအချိန်မှာ ရုံးတက်ရုံးဆင်းချိန် ဖြစ်သဖြင့် လူအများအပြားမှာ အလျင်စလို သွားလာနေကြပြီး မင်ယွဲ့၏ ကားကိုပင် ပတ်၍ သွားနေကြသည်။ အချို့သော အလုပ်မရှိ စပ်စုချင်သူများမှာမူ ဘာဖြစ်သည်ကို ကြည့်ရန် ကားများကို ရပ်တန့်၍ စောင့်ကြည့်နေကြသည်။
“အား... အား... နာလိုက်တာ ကျွန်တော့် ခြေထောက် လှုပ်လို့ မရတော့ဘူး”
ကားရှေ့တွင် လဲလျောင်းလျက် နာကျင်စွာ ညည်းညူနေသော ထိုလူ၏ အမူအရာမှာ အတော်လေး ပိုင်နိုင်လှသည်။
“ကြည့်စမ်း... မိန်းကလေးက ချောချောလေးနဲ့ စိတ်ထားကတော့ သိပ်ပုပ်တာပဲ လူကို တိုက်မိတာတောင် ဆင်းပြီး မကြည့်ဘူး”
ဖြတ်သွားသော အဘွားအိုတစ်ဦးက မင်ယွဲ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လျက် ပြောလိုက်သည်။
“စီးတဲ့ ကားကလည်း ဈေးကြီးတာပဲ၊ တကယ့်ကို စိတ်ဓာတ်မရှိတဲ့ သူဌေးတွေ”
မင်ယွဲ့မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိသွားတော့သည်။ သူမအား စိတ်ဓာတ်မကောင်းသူ၊ ရက်စက်သူဟု ခေါ်ဝေါ်နေကြသည်။ ဆက်သွားလျှင် သူမကို မြွေပွေးမြွေဟောက်ကဲ့သို့သော မိန်းမဟုပင် ပြောကြဦးမည် ဖြစ်သည်။ သို့သော် သူမ ဂရုမစိုက်ပေ။
“ဟယ်လို... ရဲစခန်းလားရှင့် ဒီမှာ ကားတိုက်ခံရဟန်ဆောင်ပြီး ငွေညှစ်နေလို့ပါ ဟုတ်ကဲ့... ကားမှာ တပ်ထားတဲ့ ကင်မရာ ရှိပါတယ်၊ နေရာက ကျဲဖန်း လမ်းမပေါ်မှာပါ...”
မင်ယွဲ့သည် လက်တစ်ဖက်ကို ကားမှန်ပေါ် တင်ထားလျက် တည်ငြိမ်အေးဆေးစွာ ဖုန်းဆက်လိုက်သည်။ သူမ၏ အသံမှာ အလွန်မကျယ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ကြားနိုင်လောက်သည့် အနေအထား ဖြစ်သည်။
ကားရှေ့တွင် လဲနေသော ထိုလူမှာ ယနေ့တွင် ယခုကဲ့သို့ ခေါင်းမာသော ပြိုင်ဘက်နှင့် တိုးမည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း စပြီးမှတော့ အလွယ်တကူနှင့် လက်လျှော့ရန် မရည်ရွယ်ဘဲ သူ၏ ဒုတိယ အစီအစဉ်ကို စတင်
သူသည် မြေပြင်မှ ခွကျကျဖြင့် ထလာဟန် ဆောင်ကာ မင်ယွဲ့၏ ကားကို အမှီပြုလျက် သူမရှိရာသို့ လိပ်ခဲတည်းခဲ လျှောက်လာခဲ့သည်။
“မိန်းကလေး... အလုပ်သွားဖို့ အလျင်လိုနေတာလား”
သူ၏ မျက်နှာမှာ ရိုးသားအေးဆေးသည့် ပုံစံရှိနေပြီး အစောပိုင်းက မြင်တွေ့ခဲ့ရသော ယုတ်မာမှု အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်နေတော့သည်။
***