အမျိုးသားဝန်ထမ်းသည် မိမိရှေ့မှ ချစ်စရာကောင်းသော မိန်းကလေးကို မသိစိတ်ဖြင့် စိုက်ကြည့်နေမိရာမှ မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။
“ဟေး... ဘာတွေ ငေးနေတာလဲ”
ဧည့်ကြိုမလေးက လက်ဖြင့် အသာတို့ကာ သတိပေးလိုက်သည်။
“ရှင် ကတိဖျက်ဖို့တော့ မကြိုးစားနဲ့နော် မဖြစ်
နိုင်တာ ကျွန်မ ခက်ခက်ခဲခဲ နိုင်ထားတာဆိုတော့... အဲဒီတော့ ကျွန်မကို နို့လက်ဖက်ရည် ဝယ်တိုက်ရမယ်”
သူမ၏ ဝိုင်းစက်သော မျက်ဝန်းကြီးများက စူးစိုက်ကြည့်လာသောအခါ ထိုအမျိုးသားမှာ သတိပြန်ဝင်လာပြီး ဖုန်းကိုထုတ်ကာ ငွေလွှဲရန် ပြင်
လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွား
ဟန်ဖြင့် သူက ဆိုလိုက်သည်။
“ဒီတစ်လလုံးအတွက် မင်းသောက်မယ့် နို့လက်ဖက်ရည်ဖိုးကို ငါပဲ တာဝန်ယူပါ့မယ်”
သူသည် ဖုန်းကို အမြန်ပြန်သိမ်းလိုက်ပြီး ပြုံးလျက် ဆိုသည်။
“ဒါဆို အတည်ပဲနော် ငါ အလုပ်သွားပြီ”
ဧည့်ကြိုမလေးမှာမူ ဇဝေဇဝါဖြစ်လျက် ကျန်ရစ်ခဲ့သည်။
“သူ ဘာဖြစ်နေတာလဲ ငွေတစ်ရာပေးရမှာကို နှမြောနေပြီး တစ်လစာ နို့လက်ဖက်ရည်ဖိုးကျတော့ အကုန်ခံမယ်တဲ့လား အဲဒါက ပိုတောင် များဦးမယ်”
သူမသည် စဉ်းစား၍ မရသဖြင့် ခေါင်းခါလိုက်ပြီး အလုပ်ဆင်းရန် ပြင်ဆင်တော့သည်။
အလောင်းအစား နိုင်သွားသဖြင့် သူမ၏ စိတ်အစဉ်မှာ လတ်ဆတ်သော ပန်းဦးပမာ လန်းဆန်းနေတော့သည်။
“ကဲ... သူငယ်ချင်းတို့ရေ၊ ဟော့ပေါ့ သွားစားကြမယ်”
ကုမ္ပဏီထဲမှပင် မထွက်ရသေးဘဲ သူမသည် သူငယ်ချင်းများကို ဖုန်းဆက်ကာ ဆွယ်တော့သည်။ လူငယ်တို့၏ ထုံးစံအတိုင်း ပျော်ရွှင်လျှင်ဖြစ်စေ၊ ဝမ်းနည်းလျှင်ဖြစ်စေ အရသာရှိသော အစားအစာတစ်ခုက အရာရာကို ဖြေရှင်းပေးနိုင်သည် မဟုတ်ပါလား။
“ဒါဆို မနက်ဖြန် ကိုယ် လာကြိုပါ့မယ်”
မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်ရှေ့တွင် ကားရပ်ကာ သူမ၏ နဖူးကို အသာအယာ နမ်းရှိုက်၍ နှုတ်ဆက်လိုက်သည်။
“ကောင်းပါပြီရှင့်”
မင်ယွဲ့သည် အိမ်ထဲသို့ ဝင်သွားခဲ့သော်လည်း မိုဟန်ကျီမှာမူ ချက်ချင်း ထွက်မသွားသေးဘဲ သူမ ပြန်လှည့်ကြည့်မလားဟူသော မျှော်လင့်ချက်ဖြင့် စောင့်ကြည့်နေမိသည်။
မင်ယွဲ့သည် တံခါးဝသို့ ရောက်သောအခါ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူမကို ပြုံးလျက် ကြည့်နေသော အမျိုးသားကို မြင်တွေ့လိုက်ရသည်။
လေပြေထဲတွင် လွင့်ပါးနေသော နှင်းဆီပွင့်လေးကဲ့သို့ မင်ယွဲ့သည် သူ့ကို လက်ပြနှုတ်ဆက်သည်။ သူတို့နှစ်ဦးကြားတွင် စကားလုံးများ မလိုအပ်တော့ဘဲ အကြည့်ချင်း ဆုံရုံမျှဖြင့် ထောင်သောင်းမကသော စကားလုံးများက နှလုံးသားထဲသို့ စီးဝင်သွားကြသည်။
ရုတ်တရက် မင်ယွဲ့သည် မိုဟန်ကျီထံသို့ အပြေးအလွှား ပြန်လာကာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ခြေဖျားလေးထောက်ကာ သူ့ကို နမ်းရှိုက်လိုက်သည်။
မိုဟန်ကျီ၏ လက်များက သူမ၏ နူးညံ့သော ခါးလေးကို အလိုအလျောက် ပွေ့ဖက်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းလွှာများက ချက်ချင်းပင် ခွာသွားခဲ့ပြီ ဖြစ်သည်။
“တကယ် သွားပြီနော်”
မင်ယွဲ့သည် ရှက်ပြုံးလေးဖြင့် အပြေးအလွှားပင် ဓာတ်လှေကားထဲသို့ ဝင်သွားတော့သည်။
မိုဟန်ကျီသည် ဓာတ်လှေကားတံခါး ပိတ်သွားပြီး သူမ၏ ပုံရိပ်လေး ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိပြီးမှ လွမ်းဆွတ်တမ်းတမှုများဖြင့် မိသားစုအိမ်တော်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ရောက်သောအခါ လူကြီးများကို နှုတ်ဆက်ပြီးနောက် သူသည် အပေါ်ထပ်ရှိ စာကြည့်တိုက်သို့ တန်းစီသွားခဲ့သည်။
“ဟန်ကျီ... အိမ်ရောက်ရင် အလုပ်ကိစ္စတွေကို ခဏထားလိုက်ပါဦး အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်မှပေါ့”
မိုမေမေသည် သစ်သီးပန်းကန်ကို ကိုင်လျက် လှေကားရင်းမှ လှမ်းပြောလိုက်သည်။ မိုဟန်ကျီကမူ လှည့်ကြည့်ကာ ဆိုလိုက်သည်။
“မေမေ... ကျွန်တော် ပုဂ္ဂိုလ်ရေး ကိစ္စလေးတစ်ခု လုပ်စရာ ရှိလို့ပါ”
မိုမေမေမှာ အံ့အားသင့်သွားရသည်။
သူ၏ သားဖြစ်သူသည် ငယ်စဉ်ကတည်းက ပုဂ္ဂိုလ်ရေး ကိစ္စများကြောင့် ခေါင်းခဲရလေ့ မရှိသဖြင့် ယခုကဲ့သို့ အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်သို့ အပြေးအလွှား တက်သွားခြင်းမှာ ထူးဆန်းနေသည်။
မိုဟန်ကျီသည် သူ၏ သီးသန့်စာကြည့်ခန်းထဲသို့ ဝင်ကာ အံဆွဲများကို ဖွင့်လိုက်သည်။
ထိုအထဲတွင် သူ၏ ပိုင်ဆိုင်မှုများဖြစ်သော စာချုပ်စာတမ်းများနှင့် မှတ်တမ်းများ အားလုံး ရှိနေသည်။
သူသည် ထိုစာရွက်စာတမ်းများကို သေချာစွာ စုစည်းကာ လုံခြုံရေးသေတ္တာအတွင်း ထည့်လိုက်သည်။ သူ၏ ရည်မှန်းချက်မှာ ဤပိုင်ဆိုင်မှု အားလုံးကို ယွဲ့ယွဲ့၏ လက်ထဲသို့ အပ်နှံရန် ဖြစ်သည်။
သူ့အတွက်မူ ငွေကြေးဆိုသည်မှာ အပြင်ပန်း အရာသာဖြစ်ပြီး ယွဲ့ယွဲ့သည်သာ သူ၏ တစ်ဦးတည်းသော အဖိုးတန်သူ ဖြစ်သည်။
“ဟန်ကျီ... ထမင်းစားရအောင်”
မိုမေမေက တံခါးကို လာခေါက်သောအခါမှ သူသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထမင်းဝိုင်းတွင် မိုမေမေက သံသယဖြင့် မေးမြန်းတော့သည်။
“နင်က ပုဂ္ဂိုလ်ရေး ကိစ္စဆိုပြီး စာကြည့်ခန်းထဲမှာ ဘာသွားလုပ်နေတာလဲ”
“ကျွန်တော် ပိုင်ဆိုင်မှုတွေကို ပြန်စုစည်းနေတာပါ”
မိုဟန်ကျီက အေးဆေးစွာပင် ဖြေလိုက်သော်လည်း မိုဖေဖေမှာမူ နားမလည်နိုင် ဖြစ်သွားရသည်။
“ဘာလို့ ပိုင်ဆိုင်မှုတွေကို စုစည်းနေတာလဲ ကုမ္ပဏီက ဒေဝါလီခံရတော့မှာ မဟုတ်ပါဘူးနော်”
မိုဖေဖေ၏ စကားကြောင့် မိုဟန်ကျီမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။
သူ၏ လုပ်ရပ်မှာ မိသားစုဝင်များအတွက် အံ့သြစရာ ဖြစ်နေသော်လည်း သူ၏ ရည်ရွယ်ချက်မှာမူ အလွန်ပင် ရှင်းလင်းလှပေသည်။
***