ထို့ကြောင့်ပင် မင်ယွဲ့သည် မိမိ၏ လုပ်ငန်းခွင်၌ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများ ရှားပါးသွားမည်ကို အနည်းငယ်မျှ စိုးရိမ်ပူပန် ခြင်း မရှိပေ။
သူမ ပေးအပ်ထားသော အကျိုးခံစားခွင့်နှင့် လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ကောင်းမွန်လွန်းလှသဖြင့် ဝန်ထမ်းများမှာ အလုပ်မှ နုတ်ထွက်သွားခြင်း မရှိကြသလောက်ပင် ဖြစ်သည်။
မူကြိုပညာရေးဖြင့် ဘွဲ့ရခါစ သင်ကြားရေးလက်ထောက်များ သို့မဟုတ် အလုပ်သင် ဆရာမလေးများသည်ပင်လျှင် နောက်ဆုံး၌ ဤကျောင်းတွင်သာ အခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အန်းရှင်း မူကြိုကျောင်း ၏ လက်ထောက်ဆရာမတစ်ဦး ရရှိသော လစာမှာ အခြားကျောင်းမှ အတန်းပိုင်ဆရာမတစ်ဦး၏ လစာနှင့် မရှေးမနှောင်းပင် ရှိနေသောကြောင့် ဖြစ်၏။
ဂိတ်ဝရှိ လုံခြုံရေးဝန်ထမ်းသည် မင်ယွဲ့ကို မြင်သည်နှင့် တစ်ချက်တည်းဖြင့် မှတ်မိသွားသည်။ အကြောင်းမှာ မင်ယွဲ့ကဲ့သို့ နတ်မိမယ်တစ်မျှ လှပလွန်းသူကို သူတစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ပင်။
မင်ယွဲ့သည်လည်း ထိုလုံခြုံရေးဝန်ထမ်းကို မှတ်မိနေပါသည်။
သူသည် တပ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်ဖွဲ့မှ အငြိမ်းစားယူပြီးနောက် မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထိုစဉ်က ကံဆိုးမိုးမှောင်ကျကာ ကယ်ဆယ်ရေးလုပ်ငန်းခွင်တစ်ခု၌ ခြေထောက်တွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ရာ ပြန်လည်ကောင်းမွန်လာသည့်တိုင် မူလအတိုင်း လမ်းမလျှောက်နိုင်တော့ပေ။
အန်းရှင်း မူကြိုကျောင်း တွင် အလုပ်ချိန်မှာ စောစီးစွာ စတင်သော်လည်း သိသိသာသာ စောစီးစွာပင် အလုပ်သိမ်းသည်။
အချိန်ပို ဆင်းစရာမလို၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ အပြည့်အဝရရှိပြီး လူမှုဖူလုံရေးနှင့် အိမ်ရာရန်ပုံငွေ အကျိုးခံစားခွင့်များအပြင် နေ့လယ်စာကိုပါ စီစဉ်ပေးထားသည်။ ဒေသခံတစ်ဦးဖြစ်သည့်အတွက် နေစရာအိမ် မလိုအပ်သော်လည်း ဤအလုပ်မှာ သူ့အတွက် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ပင် ဖြစ်သည်။ ထိုလူမှာ မိမိအား အလုပ်ခန့်အပ်ခဲ့သည့် မူကြိုကျောင်းအပေါ် အစဉ်အမြဲ ကျေးဇူးတင်လျက် ရှိနေ၏။
"မင်္ဂလာပါရှင်"
မင်ယွဲ့က ချိုသာသော အပြုံးဖြင့် နှုတ်ဆက် လိုက်သည်။
ထိုလူမှာ မင်ယွဲ့၏ လှပတည်ငြိမ်သော ပုံရိပ်ကို ငေးမောကြည့်ရင်း ရင်ထဲတွင် လှိုက်လှဲစွာ ခံစားလိုက်ရသည်။ လောကကြီးတွင် လူဆိုးများထက် လူကောင်းများက ပို၍ များပြားနေပါသေးလားဟု သူ တွေးတောမိသည်။ ခရိုင်အတွင်း၌ သူ့ထက် ပို၍ ကျန်းမာသန်စွမ်းသူများကို အလုပ်ခန့်နိုင်သော်လည်း မင်ယွဲ့က သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးနှင့် ထောက်ပံ့ရေးဝန်ထမ်းများ စတင်ခေါ်ယူသည့်နေ့က မင်ယွဲ့သည် ကျောင်းသို့ စစ်ဆေးရေးဝင်ရင်း အင်တာဗျူးဖြေသူများ၏ နောက်ခံအကြောင်းအရာများကို ယွမ်ပေါ့မှတစ်ဆင့် စစ်ဆေးကြည့်ရှုခဲ့သည်။
အသက်သုံးဆယ်ကျော်အရွယ် ထိုအမျိုးသား၏ ဘဝခရီးလမ်းကို ဖတ်ရှုလိုက်ရသောအခါ မင်ယွဲ့၏ ရင်ထဲတွင် သနားဂရုဏာစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် တပ်ဖွဲ့တွင် ငါးနှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုတွင် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခဲ့သော်လည်း မိမိ၏ ခြေထောက်ကိုမူ စတေးလိုက်ရသည်။
"မစ္စမင်... သူ့ရဲ့ ခြေထောက်က..."
အင်တာဗျူးစစ်ဆေးသူက မင်ယွဲ့ကို ထိုလူတွင် မသန်စွမ်းမှုရှိကြောင်း သတိပေးရန် ပြင်လိုက်သည်။ အကယ်၍သာ ထိုလူသည် ကျန်းမာသန်စွမ်းနေပါက အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"မမ... ကျွန်တော့် ခြေထောက်က အနည်းငယ် မသန်စွမ်းပေမဲ့ တခြားသူတွေထက် ပိုမြန်အောင် ပြေးနိုင်ပါတယ်၊ လှုပ်ရှားမှုတွေလည်း အရမ်းသွက်လက်ပါတယ် ကျွန်တော် တပ်ဖွဲ့မှာ လေ့ကျင့်ခဲ့တာမို့ ကျောင်းက ဆရာမတွေနဲ့ ကလေးတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ"
ထိုလူမှာ အလုပ်မရမှာကို စိုးရိမ်ထိတ်လန့်သွားကာ မိမိကိုယ်မိမိ အသည်းအသန် ပြန်လည် တင်ပြနေရှာသည်။
"ဖြည်းဖြည်းချင်း ပြောပါ... ကျွန်မ နားထောင်နေပါတယ်"
မင်ယွဲ့သည် ထိုလူ၏ ရှေ့သို့ တိုးသွားကာ သူ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း အလေးအနက်ထား၍ နားထောင်ပေးခဲ့သည်။
မင်ယွဲ့၏ တည်ငြိမ်နူးညံ့သော အကြည့်များအောက်တွင် ထိုလူမှာ စိုးရိမ်စိတ်များ လွင့်စင်သွားပြီး မိမိ၏ အရည်အချင်းများကို စနစ်တကျ ပြန်လည်ပြောပြနိုင်ခဲ့သည်။
"မစ္စမင်... ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးပါလို့ မျှော်လင့်ပါတယ်”
သူသည် ထိုစဉ်က အင်တာဗျူးစစ်ဆေးသူ ခေါ်ဆိုပုံအရ မင်ယွဲ့သည် ဆုံးဖြတ်ချက်ချနိုင်သူဖြစ်ကြောင်း သိရှိသွားပြီး ဤအလုပ်ကို အမှန် တကယ် လိုလားနေခဲ့သည်။
"ရှင်ပဲ ဖြစ်စေရမယ်... ကြိုးစားပါဦး"
မင်ယွဲ့သည် ထိုလူကို ယုံကြည်မှု ပေးခဲ့သည်။
တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ခဲ့သော တပ်သားများနှင့် မီးသတ်သမားများသည် သူတို့ ကာကွယ်ခဲ့သော ပြည်သူများ၏ လေးစားချစ်ခင်မှုကို ရရှိရန် ထိုက်တန်လှသည်။
လူပေါင်းများစွာကို ကယ်တင်ရင်း ဒဏ်ရာရခဲ့သော်လည်း ဘဝကို အရှုံးမပေးဘဲ မျှော်လင့်ချက်အလင်းရောင်ကို ဆုပ်ကိုင်ထားသူတစ်ဦးအား သူမအနေဖြင့် မည်သို့ လက်တွန့်နေပါမည်နည်း။
ထိုနေ့မှစ၍ သူသည် မင်ယွဲ့ကို ကျေးဇူးတင်မဆုံး ဖြစ်နေတော့သည်။ သူ၏ ဇနီးဖြစ်သူကလည်း နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံခွင့်ရလျှင် လူကိုယ်တိုင် လာရောက်ကျေးဇူးတင်လိုကြောင်း အ မြဲပြောလေ့ရှိသည်။
ယခုမူ မင်ယွဲ့သည် ကျောင်းသို့ ရံဖန်ရံခါမှသာ လာရောက်တတ်သော်လည်း သူမ၏ စေတနာနှင့် ဂရုဏာတရားမှာမူ ကျောင်းဝင်းတစ်ခုလုံးတွင် သင်းပျံ့လျက်ရှိနေပေတော့သည်။
***