ကျောင်းဆင်းချိန်တွင် ဆရာမများသည် ဂိတ်ဝရှိ လုံခြုံရေးဝန်ထမ်းထံမှ တစ်ဦးစီအတွက် စီစဉ်ထားသော သစ်သီးခြင်းများကို ဝမ်းသာအားရ လက်ခံရယူကြသည်။ ထိုသစ်သီးခြင်းများမှာ သာမန်မဟုတ်ဘဲ အလွန်တန်ဖိုးကြီးပုံပေါ်လှသည်။
"ဆရာမ နာနာ... ဒီနေ့ ဘာထူးခြားလို့လဲဟင်သစ်သီးခြင်းတွေက အများကြီးပါလား"
မိမိသမီး၏ အတန်းပိုင်ဆရာမကို တွေ့လိုက်ရသဖြင့် မိခင်တစ်ဦးက ပြုံးရွှင်စွာ မေးမြန်းလိုက် သည်။
"ကျောင်းရဲ့ အထက်လူကြီးတွေ လာစစ်ဆေးရင်း ဝန်ထမ်းအားလုံးအတွက် လက်ဆောင်ပေးသွားတာပါရှင်"
ဆရာမ နာနာက အလျင်အမြဲ ရှင်းပြလိုက်ရသည်။
မိဘများက တစ်မျိုးတစ်ဖုံ ထင်မြင်ယူဆပြီး ကောလာဟလများ ထွက်ပေါ်လာမည်ကို သူမ အလွန်ပင် စိုးရိမ်မိသောကြောင့် ဖြစ်၏။
အကယ်၍သာ 'ချမ်းသာသော မိဘများက ဆရာမများကို လာဘ်ထိုးသည်' ဟူသော သတင်းများ ပျံ့နှံ့သွားပါက ဖြေရှင်းရသည်မှာ အလွန်ပင် ခေါင်းခဲစရာ ကောင်းပေလိမ့်မည်။
မင်ယွဲ့သည် မြို့ပေါ်၌ မိသားစုအတွက် လိုအပ်သည်များကို ဝယ်ယူပြီးနောက် ရွာသို့ ပြန်လာစဉ် လမ်းဘေး၌ လမ်းလျှောက်နေသော ရွာခံလူကြီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ကားကို ရပ်တန့်လိုက်ရာ ထိုလူကြီးမှာ အံ့သြစွာဖြင့် လှမ်းကြည့်လာ၏။
"ဦးလေးချောက်…. ကားပေါ်တက်ပါ၊ ကျွန်မ လိုက်ပို့ပေးပါ့မယ်"
"ယွဲ့ယွဲ့လေးပါလား... ဒီအချိန်ကြီး မြို့ကနေ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ"
မင်ယွဲ့ ကားပေါ်မှဆင်း၍ နှုတ်ဆက်မှသာ ထိုလူကြီးမှာ မှတ်မိသွားတော့သည်။ သူသည် အသက်အရွယ်ရလာသဖြင့် မျက်စိများ မှုန်ဝါးနေပြီဖြစ်ရာ မျက်လုံးကို ပွတ်သပ်ရင်း မင်ယွဲ့ကို ပြုံးကြည့်နေမိသည်။
"ဦးလေးချောက် က ရှေ့မှာ ထိုင်ချင်လား၊ နောက်မှာ ထိုင်ချင်လားဟင်"
လူကြီးအချို့မှာ ထိုင်ခုံခါးပတ် ပတ်ရသည်ကို အလုပ်ရှုပ်သည်ဟု ယူဆကာ နောက်ခန်း၌သာ လွတ်လပ်စွာ ထိုင်လိုကြသော်လည်း အချို့မှာမူ ကားမူးတတ်သဖြင့် ရှေ့ခန်း၌သာ ထိုင်လိုကြသည်။
"နောက်မှာပဲ ထိုင်ပါရစေအေ"
ဦးလေးချောက်သည် မင်ယွဲ့၏ ခန့်ညားလှသော ကားကြီးကို ကြည့်ကာ အားနာနာဖြင့်ပင် တက်ထိုင်လိုက်သည်။ သူသည် မြို့ပေါ်သို့ ငရုတ်သီးမျိုးစေ့ သွားဝယ်ခြင်းဖြစ်သည်။
အိမ်၌ ချန်ထားသော မျိုးစေ့များမှာ အထွက်နှုန်းမကောင်းတော့သဖြင့် မျိုးစေ့အရောင်းဆိုင်မှ မျိုးစေ့အသစ်ကို ဝယ်ယူစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့လေးရယ်၊ မဟုတ်ရင်တော့ ဦးလေး တစ်နာရီလောက် လမ်းလျှောက်ရဦးမှာ"
ရိုးသားအေးဆေးသော ဦးလေးချောက်မှာ ရွာမှ လူငယ်လေးတစ်ဦး၏ ကားကို အခမဲ့ စီးနင်းခွင့်ရသဖြင့် မျက်နှာတစ်ခုလုံး ပြုံးပန်းဝေလျက် မင်ယွဲ့ကို ချီးကျူးမဆုံး ဖြစ်နေတော့သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ယန်ကျင်းသို့ ပြန်ရောက်လာခဲ့သည်။ လေဆိပ်မှ ထွက်လာသည်နှင့် သူမ မြင်ချင်လှသော ပုံရိပ်ကို ချက်ချင်းပင် တွေ့လိုက်ရသည်။
"ဟန်ကျီ"
အမြဲတမ်း တည်ငြိမ်လှသော မင်ယွဲ့သည်ပင် သူမကို ပြုံး၍ ကြိုဆိုနေသော ထိုအမျိုးသားကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများမှာ သိသိသာသာ မြန်ဆန်သွားတော့သည်။
မိုဟန်ကျီသည်လည်း လွမ်းဆွတ်နေရသော ချစ်သူလေးကို မြင်လိုက်ရသည့်အခါ ရင်ခုန်သံများမှာ ဗုံတီးသည့်အလား မြန်ဆန်လာပြီး သူမကို နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။
"ပြန်လာတာ ကြိုဆိုပါတယ်"
မိုဟန်ကျီက သူမ၏ နဖူးလေးကို အသာအယာ နမ်းရှိုက်လိုက်ရာ မင်ယွဲ့၏ ရင်ထဲတွင် လှိုက်ဖိုသွားရသည်။ သူတို့နှစ်ဦး၏ လှပခန့်ညားသော ပုံရိပ်နှင့် ပန်းနုရောင် အချစ်ရိပ်များမှာ လေဆိပ်ရှိ ခရီးသွားများ၏ အာရုံကို ဖမ်းစားထားတော့သည်။
"ဟော... ကြည့်စမ်း၊ ရုပ်ရှင်ရိုက်နေကြတာလားမသိဘူး တကယ့်ကို နတ်ဘုရားနဲ့ နတ်သမီးလေးလိုပဲ"
ဖြတ်သန်းသွားသူများ၏ ချီးကျူးသံများကို မိုဟန်ကျီက ဂရုမစိုက်ဘဲ မင်ယွဲ့၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ကားဆီသို့ ဦးတည် လိုက်သည်။
"ယွဲ့ယွဲ့... ယွမ်ပေါ့ကော ဘယ်မှာလဲ"
မိုဟန်ကျီက မေးလိုက်ရာ မင်ယွဲ့သည် ယွမ်ပေါ့မှာ ယခုအခါ စနစ်အာကာသထဲတွင် ရှိနေကြောင်း ပြောရန် မလိုအပ်ဟု ယူဆလိုက်သည်။
"သူ့ကို အိမ်မှာပဲ ခဏ ထားခဲ့လိုက်တယ်လေ"
"နောက်တစ်ခါဆိုရင် ကျွန်တော့်ဆီပဲ အပ်ခဲ့ပါ၊ ကျွန်တော့်ကို သူစိမ်းလို သဘောမထားပါနဲ့"
မိုဟန်ကျီက အလေးအနက် ပြောဆိုလိုက်သည်။ မင်ယွဲ့သည် သူ စိတ်မကောင်းဖြစ်မည် စိုးသဖြင့် "ကောင်းပါပြီရှင်" ဟု ပြန်လည်ကတိပေးလိုက်ရတော့သည်။
မိုဟန်ကျီ၏ ဂရုစိုက်မှုများမှာ သူမ၏ ဘဝကို ပိုမိုပြည့်စုံစေကာ အထီးကျန်ခြင်းများ ကင်းစင်စေခဲ့ပြီ မဟုတ်ပါလား။
***