“ငါ ဘယ်နှစ်ခါ ထပ်ပြောရမလဲ။ မင်းတို့ ပြောနေတာတွေကို တစ်လုံးမှ နားမလည်ဘူး”
ချားလ်စ်က ရှေ့က လူသားသဏ္ဌာန် သတ္တဝါများကို စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
ထိုသတ္တဝါ သုံးကောင်မှာ ချားလ်စ်၏ ဒေါသတကြီး အော်ဟစ်မှုကို ဂရုမစိုက်ကြပေ။ သူတို့သည်လည်း ချားလ်စ် ပြောဆိုသည်ကို နားမလည်နိုင်ကြပုံရသည်။
“တောက်... ဒီလို ငတုံးတွေနဲ့ စကားပြောနေလို့ ဘာထူးမှာလဲ။ အတင်းပဲ ဖောက်ထွက်ကြရအောင်”
ရစ်ချက်က တိုက်ခိုက်ချင်စိတ် ပြင်းပြနေပြီး ချားလ်စ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။
“စိတ်အေးအေးထားစမ်း” ဟု ဆိုကာ ချားလ်စ်က သူ၏ လက်တုမှ ထွက်ပေါ်လာသော လွှစက်ကို အတင်း ပြန်သိမ်းခိုင်းလိုက်သည်။ အခုအချိန်သည် ထိပ်တိုက်တွေ့ရန် အကောင်းဆုံး အချိန်မဟုတ်မှန်း သူ ကောင်းကောင်း သိနေ၏။
“ဘာလို့လဲ။ ဒီကောင်တွေက စကားပြောလို့ရမယ့် ပုံစံမျိုး ပေါက်လို့လား။ သူတို့သာ ငါတို့ကို အစောကြီးက ဆေးမခတ်ခဲ့ရင် ဖမ်းခံရမှာ မဟုတ်ဘူး”
“သူတို့က ငါတို့ အဖွဲ့သားတွေ အားလုံးကို ခုခံနေတဲ့ ကြားကတောင် ဖမ်းနိုင်ခဲ့တာ။ သူတို့ရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး။ စိတ်လိုက်မာန်ပါ လုပ်လိုက်ရင် လူတိုင်းရဲ့ အသက်ကို ဆုံးရှုံးရလိမ့်မယ်”
ချားလ်စ်နှင့် ရစ်ချက်တို့ စိတ်ထဲမှ အငြင်းပွားနေစဉ်မှာပင် ထိုသတ္တဝါများသည် အခန်းထဲမှ ဆုတ်ခွာသွားပြီး သံတံခါးကို ပြန်ပိတ်သွားကြ၏။
“ကြည့်စမ်း... မင်းကြောင့်ပဲ ထွက်ပြေးဖို့ အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးသွားပြီ”
ရစ်ချက်က ချားလ်စ်၏ စိတ်ထဲတွင် တတွတ်တွတ် ညည်းညူနေသည်။
“ပါးစပ်ပိတ်ထားစမ်း။ အခု ငါ့အလှည့်ပဲ”
ချားလ်စ်က ဒေါသတကြီး ပြန်ပြောလိုက်မှ သူ၏ စိတ်ထဲတွင် ပြန်လည် တိတ်ဆိတ်သွား၏။
ချားလ်စ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူလည်း ဤအကျဉ်းခန်းထဲမှ ထွက်ချင်သော်လည်း စိတ်စောမိပါက အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည်။
သူတို့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိပြီး အကယ်၍ ရှုံးနိမ့်သွားပါက သေခြင်းတရားသာ စောင့်ကြိုနေမှာ ဖြစ်၏။ သူ ဤနေရာတွင် အသေမခံနိုင်ပေ။
ထိုသတ္တဝါများ ထွက်သွားပြီးနောက် တစ်နေ့လုံး ဘာမှထူးခြားမည်မဟုတ်ဟု ချားလ်စ် ထင်ထားသော်လည်း နာရီဝက်ခန့် ကြာသောအခါ သံတံခါးမှာ နောက်တစ်ကြိမ် ပွင့်လာပြန်သည်။
သတ္တဝါတစ်ကောင်ကို အခန်းထဲသို့ တွန်းပို့လိုက်၏။ ၎င်း၏ ရုပ်သွင်မှာ အသားဝတ်ရုံ မပါသည်မှအပ ကျန်သည့် အခြားသတ္တဝါများနှင့် တူညီသည်။
ချားလ်စ်သည် မတ်တပ်ရပ်ကာ ထိုလူသစ်ကို စိုက်ကြည့်နေ၏။ သူ အံ့သြနေမိသည်။ ဤသတ္တဝါများသည် ဘာကြောင့် သူတို့ အမျိုးအနွယ်ထဲက တစ်ကောင်ကို သူ၏ အခန်းထဲသို့ ယခုကဲ့သို့ အချိန်မျိုးတွင် ထည့်ပေးလိုက်ရသနည်း။
မကြာမီမှာပင် ထိုသတ္တဝါ၏ မျက်နှာပေါ်တွင် မမျှော်လင့်ထားသော အမူအရာတစ်ခု ပေါ်လာသည်။ မျက်နှာသွင်ပြင်များ ပုံပျက်နေသော်လည်း ထိုသတ္တဝါ ကြောက်လန့်နေသည်ကို ချားလ်စ် အထင်အရှား မြင်နေရ၏။
သူက ငါ့ကို ကြောက်နေတာလားဟု ချားလ်စ် ဇဝေဇဝါ ဖြစ်သွားသည်။
“ဟေး... မင်း ဘယ်သူလဲ”
ချားလ်စ်၏ မေးခွန်းကို ကြားသောအခါ ထိုသတ္တဝါသည် တွန့်ခနဲ ဖြစ်သွားပြီး နောက်သို့ လန့်ဖျပ်ကာ ဆုတ်သွားသည်။ ၎င်းသည် သံတံခါးကို အတင်း ထုရိုက်နေပြီး ချားလ်စ်နှင့် စကားပြောရန် လုံးဝ ဆန္ဒမရှိပုံရ၏။
ရှည်လျားသော နှုတ်ခမ်းများမှတစ်ဆင့် ရှုပ်ထွေးသော အသံများ ထွက်ပေါ်လာပြီး တံခါးအပြင်က ၎င်း၏ အမျိုးအနွယ်များနှင့် အသည်းအသန် စကားပြောနေပုံရသည်။
ထိုသတ္တဝါတွင် ရန်လိုစိတ် မရှိသည်ကို သိရှိပြီးနောက် ချားလ်စ်သည် အနားသို့ တိုးသွား၏။ သို့သော် သူတို့ကြားက အကွာအဝေး တစ်ဝက်ခန့် ရောက်သောအခါ ထိုသတ္တဝါမှာ စူးစူးဝါးဝါး အော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
အခုအချိန်တွင် ချားလ်စ်မှာ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေပြီ ဖြစ်၏။ ဒီမှာ ဘယ်သူက အကျဉ်းသားလဲ၊ ဘယ်သူက ဖမ်းဆီးသူလဲဆိုတာကိုတောင် မသိနိုင်တော့ပေ။
“ဒီကောင်က အပြင်က ကောင်တွေနဲ့ မျိုးနွယ်စု မတူတာများလား”
ရစ်ချက်က ဝင်ရောက် ပြောဆိုလိုက်သည်။
ချားလ်စ်သည် ထိုဖြစ်နိုင်ခြေကို ပယ်မချပေ။ ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြကာ “ချားလ်စ်” ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူသည် ဆက်သွယ်ရန် ကြိုးစားနေခြင်း ဖြစ်၏။ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သဖြင့် ဤသတ္တဝါထံမှ သတင်းအချက်အလက်အချို့ ရနိုင်မလားဟု သူက မျှော်လင့်နေသည်။
“ချားလ်စ်”
ချားလ်စ်သည် သူ၏အမည်ကို သုံးကြိမ်တိုင်တိုင် ထပ်ပြောလိုက်သည်။ သူ၏ မဆုတ်မနစ် ကြိုးစားမှုကြောင့် နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခု ရရှိခဲ့၏။ ထိုသတ္တဝါသည် သူ့ကို စက္ကန့်အနည်းငယ်ကြာ သတိဖြင့် စိုက်ကြည့်နေပြီးနောက် ပုံပျက်နေသော လက်ဖြင့် ၎င်း၏ အသားစိုင်များ ဖုံးလွှမ်းနေသော ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
၎င်း၏ နှုတ်ခမ်းရှည်ကြီးများမှတစ်ဆင့် လူသားတို့ အသံမထွက်နိုင်သော ရှုပ်ထွေးသည့် အသံများ ထွက်ပေါ်လာ၏။
“မီးဟက်ခ်... လော့ရှ်... ခရိတ်”
ချားလ်စ်က ထိုသတ္တဝါ ပြောသည်ကို လိုက်ဆိုကြည့်သော်လည်း အသံထွက်မှာ မူရင်းနှင့် အတော်လေး ကွာခြားနေသည်။
“အစ်ကိုကြီး... စကားပြောတဲ့ အပိုင်းကို ငါ့ကိုပဲ လွှဲပေးလိုက်ပါ” ဟု ဆိုကာ ရစ်ချက်က ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ သူသည် ထိုသတ္တဝါအနားသို့ တိုးသွားကာ ဆောင့်ကြောင့်ထိုင်လိုက်၏။ ဖော်ရွေသော အပြုံးဖြင့် တုန်ရင်နေသော သတ္တဝါ၏ မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။
“သူငယ်ချင်း... မင်းကို ငါ ‘မီးဟက်ခ်’ လို့ပဲ ခေါ်မယ်နော်... ဟုတ်ပြီလား။ မင်းက မီးဟက်ခ်”
ထိုသတ္တဝါသည် ၎င်း၏ ရင်ဘတ်ကို ပြန်ပုတ်ပြရင်း အသံတစ်ချက် ထွက်လိုက်၏။
“အေး... တော်လိုက်တာ။ ဟုတ်တယ်... မင်းက မီးဟက်ခ်။ ဒါနဲ့ တံခါးအပြင်က အကောင်တွေက ဘာတွေလဲဆိုတာ မင်းသိလား။ တံခါး... အပြင်... ဘက်”
ရစ်ချက်က တံခါးကို လက်ညှိုးထိုးပြနေသည်ကို ကြည့်ပြီး မီးဟက်ခ်က ယခင်က အသံအတိုင်း ထပ်မံ ထွက်ပေါ်လာသည်။
“တကယ်လား သူငယ်ချင်း။ မင်းနာမည်ကလည်း မီးဟက်ခ်၊ သူတို့ကလည်း မီးဟက်ခ်တွေလား။ မင်းတို့ မိဘတွေကလည်း နာမည်ပေးရတာ တော်တော် သက်သာတာပဲ။ စကားမစပ်... မင်းမှာ မိဘရှိရဲ့လား”
“တော်ပြီ... ငါ့ဘာသာငါ ဆက်လုပ်မယ်” ဟု ဆိုကာ ချားလ်စ်က ရစ်ချက်၏ စကားကို ရပ်တန့်လိုက်သည်။ သူသည် အဖြေများ ရရန် ထပ်မံ ကြိုးစားသော်လည်း မီးဟက်ခ်ကမူ နားမလည်နိုင်သော စကားလုံးကိုသာ ထပ်ခါတလဲလဲ ပြောနေ၏။
ချားလ်စ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ထိုအသံတွဲမှာ ၎င်း၏ အမည်မဟုတ်ဘဲ အခြားတစ်ခုခု ဖြစ်နေနိုင်ပေသည်။
“အစ်ကိုကြီး... ဒီကောင်က ငတုံးလေးလိုပဲ။ သူတို့ အုပ်စုထဲက အားအနည်းဆုံးကောင် ဖြစ်နေမလား”
ရစ်ချက်က မှတ်ချက်ပေးသည်။
“ဒီလို စကားပြောနေရတာက အရမ်း ကြန့်ကြာလွန်းတယ်”
ချားလ်စ်သည် သူ၏ လက်တုဖြင့် ကြမ်းပြင်ပေါ်တွင် တစ်ခုကို အမြန် ဆွဲလိုက်၏။
သူ၏ ပုံဆွဲအရည်အချင်းမှာ ယခုမှ အသုံးတည့်သွားသည်။ မကြာမီမှာပင် ကြမ်းပြင်ပေါ်တွင် အရုပ်လေးအချို့ ပေါ်လာသည်။
ချားလ်စ်သည် သူနှင့် မီးဟက်ခ်ကို ကိုယ်စားပြုသော အရုပ်နှစ်ရုပ်ကို အရင်ဆွဲလိုက်၏။ ထို့နောက် သူတို့၏ လက်ရှိ အခြေအနေကို ကိုယ်စားပြုရန် လေးထောင့်ကွက်တစ်ခုကို ထိုအရုပ်များပတ်ပတ်လည်တွင် ဆွဲလိုက်သည်။
ထို့နောက် ချားလ်စ်က ထိုလေးထောင့်ကွက်၏ ဘေးတွင် ဆွဲထားသော သူ၏ အဖွဲ့သားများ၏ အရုပ်များကို ညွှန်ပြကာ သူတို့၏ အခြေအနေကို မီးဟက်ခ်အား မေးမြန်းလိုက်၏။
မီးဟက်ခ်သည် ယခင်က အသံအတိုင်း ထပ်မံ အော်ဟစ်လိုက်ပြီး အဖွဲ့သား တစ်ဦးချင်းစီ၏ အရုပ်များ ပတ်ပတ်လည်တွင် လေးထောင့်ကွက်တစ်ခုစီကို ၎င်း၏ လက်ဖြင့် လိုက်ဆွဲပြလိုက်သည်။
သူတို့ မသေသေးဘဲ အကျဉ်းချခံထားရခြင်း ဖြစ်၏။ ချားလ်စ်၏ ရင်ထဲက အပူအပင်များ ခဏတာ ပြေလျော့သွားသည်။
ချားလ်စ်က အသေးစိတ် ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် တံခါးတိုင်များကြားမှ ရှည်လျားသော အနီရောင် အပ်တစ်ချောင်း ပြေးထွက်လာပြီး မီးဟက်ခ်ကို ထိုးစိုက်လိုက်သည်။
၎င်း၏ နှုတ်ခမ်းများ တုန်ခါသွားပြီး ကြက်ခြေခတ်ပုံစံ မျက်သူငယ်အိမ်များမှာ ချက်ချင်း နီမြန်းလာ၏။ အရိုးများ ကျိုးကြေသွားသည့် အသံများနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြီးထွားဖောင်းပွလာသည်။
ချားလ်စ်သည် မျက်မှောင်ကြုတ်ကာ နောက်သို့ ဆုတ်လိုက်၏။ ထိုအပ်ရှည်ကြီးတွင် မကောင်းသော အရာတစ်ခုခု ပါနေတာ သေချာသည်။
မီးဟက်ခ်၏ အစောပိုင်းက ကြောက်ရွံ့နေသော အမူအရာများ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ၎င်း၏ လက်ခြေများမှာ ရမ်းခါနေပြီး တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ချားလ်စ်ထံသို့ ပြေးဝင်လာသည်။
ဘုန်း ...
ချားလ်စ်က အားဖြင့် ကန်လိုက်ရာ ထိုသတ္တဝါမှာ နံရံသို့ လွင့်စင်သွားသည်။ သို့သော် ၎င်းသည် နာကျင်မှုကို မခံစားရပုံရဘဲ ချက်ချင်း ပြန်ထကာ ချားလ်စ်ထံသို့ ထပ်မံ ခုန်အုပ်လာ၏။ ချားလ်စ်သည် မီးဟက်ခ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေစဉ် တံခါးအပေါက်မှ ကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသည်။
သူတို့က ငါတို့ကို မျောက်ပြပွဲ ကြည့်နေသလို သဘောထားနေကြတာလားဟု ချားလ်စ်၏ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်လာ၏။ ထိုစဉ်မှာပင် မီးဟက်ခ်က သူ့ကို ထပ်မံ တိုက်ခိုက်လာသည်။ ၎င်းသည် စဉ်းစားဆင်ခြင်ဉာဏ် လုံးဝ ပျောက်ဆုံးသွားပြီဖြစ်ရာ ချားလ်စ်အနေဖြင့်လည်း ညှာတာနေစရာ အကြောင်းမရှိတော့ပေ။
ရှုး...
သူ၏ လက်တုမှ ချိတ်ကြိုး ထွက်ပေါ်လာပြီး မီးဟက်ခ်၏ ခေါင်းထဲသို့ စိုက်ဝင်သွားသည်။ ချားလ်စ်က အားဖြင့် ဆွဲလိုက်ရာ ထိုသတ္တဝါမှာ သူ့ထံသို့ ပါလာ၏။
ဝီ...
လွှစက်က လျင်မြန်စွာ လည်ပတ်သွားပြီး အခန်းထဲတွင် အသားစများနှင့် သွေးများ ပန်းထွက်သွားသည်။ မီးဟက်ခ်၏ ဦးခေါင်းမှာ နှစ်ခြမ်းကွဲသွားပြီး ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ကျသွားတော့၏။
သွေးများ ပေကျံနေသော ချားလ်စ်သည် တံခါးအပြင်က မျက်လုံးများကို အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
မိမိတို့ အမျိုးအနွယ်ထဲက တစ်ကောင်ကို ရက်ရက်စက်စက် သတ်လိုက်သည်ကို မြင်သော်လည်း ထိုမျက်လုံးပိုင်ရှင်မှာ မည်သည့် ခံစားချက်မျှ မရှိပေ။ ၎င်းသည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ တစ်စုံတစ်ခုကို မှတ်တမ်းတင်နေ၏။
စာရေးပြီးသောအခါ သံပြားတစ်ခု ကျလာပြီး ချားလ်စ်၏ အပြင်လောက အမြင်အာရုံကို ထပ်မံ ပိတ်ဆို့သွားသည်။
“အပြင်က ကောင်တွေကတော့ ငါတို့နဲ့ စကားပြောဖို့ လုံးဝ စိတ်မဝင်စားပုံပဲ။ ဒါနဲ့ ဒီသတ္တဝါတွေကို အခုကစပြီး ‘မီးဟက်ခ်’ လို့ပဲ ခေါ်ကြရအောင်။ မင်း ဘယ်လို ထင်လဲ”
ရစ်ချက်က ပြောလိုက်သည်။
“သူတို့ ဘာလုပ်နေကြတာလဲလို့ မင်းထင်လဲ”
ချားလ်စ်က အခြားအရာတစ်ခုကို အာရုံစိုက်ကာ မေးမြန်းလိုက်၏။
“ဘာလုပ်နေမှာလဲ။ ငါတို့ကို သတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာပေါ့။ အဲဒါကလွဲရင် တခြား ဘာရှိဦးမှာလဲ”
“မဟုတ်ဘူး။ သူတို့ ငါတို့ကို သတ်ချင်ရင် ငါတို့ သတိမေ့နေတဲ့ အချိန်မှာတင် သတ်လို့ရတယ်။”
“ဒါဆို သူတို့ ဘာလုပ်နေတာလဲလို့ မင်းထင်လဲ”
“သူတို့က စမ်းသပ်မှု တစ်ခုကို လုပ်နေတာ”
ချားလ်စ်က ပြန်ပြောလိုက်သည်။
***