"စမ်းသပ်ချက် ဟုတ်လား။ ဘယ်လို စမ်းသပ်ချက်မျိုးလဲ"
ရစ်ချက်က သိသိသာသာ ဇဝေဇဝါဖြစ်လျက် မေးမြန်းသည်။
"ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ ငါတို့ရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်တာရယ်၊ ငါတို့ မီးဟက်ခ်တစ်ကောင်ကို သတ်လိုက်တာကို သေသေချာချာ ရေးမှတ်ထားတာရယ်က အချက်တစ်ချက်ကို အခိုင်အမာ သက်သေပြနေတယ်။ ဘယ်လို စမ်းသပ်ချက်ပဲဖြစ်ဖြစ် အခုတော့ ငါတို့က သူတို့ရဲ့ စမ်းသပ်ခံ သက်ရှိတွေ ဖြစ်သွားတာပဲ"
ချားလ်စ်က ဆို၏။
ထိုသို့ တွေးမိသည်နှင့် ချားလ်စ်သည် ခေါင်းပြတ်သွားသော စားဖိုမှူးလက်ထောက်၏ မျက်နှာကို သတိရသွားသည်။ သူသည်လည်း ကျရှုံးခဲ့သော စမ်းသပ်ချက်တစ်ခု၏ ရလဒ်ကြောင့် သေဆုံးခဲ့ရသည်လော။
"နေဦး... ဒီကောင်တွေက တစ်ချိန်က ဖောင်ဒေးရှင်း က လူတွေ ဖြစ်ခဲ့မယ်လို့ မင်းထင်လား"
ရစ်ချက်က အကြံပြုသည်။
သူ့စကားကြောင့် ချားလ်စ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာ၏။ ၀၉၆ ၏ စမ်းသပ်ချက် မှတ်တမ်းများမှာ သူ၏ ခေါင်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ဖောင်ဒေးရှင်းသည် တစ်ခါက စမ်းသပ်ခံတစ်ဦးအား ၀၉၆ ကို ဝတ်ဆင်စေပြီး ရှေးဟောင်းပစ္စည်းအပေါ် ၎င်း၏ တုံ့ပြန်မှုကို လေ့လာခဲ့ဖူးသည်။
အကယ်၍ ထိုအခြေအနေကို ယခု သူတို့၏ အခြေအနေနှင့် ယှဉ်ကြည့်မည်ဆိုပါက ယခုလေးတင် သေဆုံးသွားသော မီးဟက်ခ်မှာ စမ်းသပ်ခံဖြစ်ပြီး သူ၊ ချားလ်စ်သည် ၀၉၆ ၏ အခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်၏။ ရုတ်တရက်ဆိုသလို ပဟေဠိ၏ လိုအပ်နေသော အပိုင်းအစမှာ နေရာတကျ ရှိသွားသလို ခံစားလိုက်ရသည်။
၎င်းက သူတို့မျိုးနွယ်စုဝင် တစ်ကောင်ကို အကျဉ်းခန်းထဲသို့ ဘာကြောင့် ပို့လိုက်ရသနည်း၊ ဘာကြောင့် အခြား ထူးဆန်းသော သတ္တဝါများကို ဤနေရာတွင် ဖမ်းဆီးထားသနည်းနှင့် သူနှင့် သူ၏ အဖွဲ့သားများကို ဘာကြောင့် မသတ်သေးသနည်း ဆိုသည့် အချက်များကို ရှင်းပြနိုင်ပေသည်။
"ဘာတွေလဲကွာ။ အပြင်က ငတုံးတွေက ငါတို့ကို ရှေးဟောင်းပစ္စည်းတွေလို သဘောထားနေတာလား။ သူတို့ ရူးနေကြတာလား။ ငါက အသက်ရှင်နေတဲ့ လူသားတစ်ယောက်ဆိုတာ သူတို့ မမြင်ဘူးလား။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စမ်းသပ်ချက်က ဘာကြီးလဲ"
ရစ်ချက်က ဒေါသတကြီးဖြင့် ဆဲဆိုမြည်တမ်း၏။
"မအော်နဲ့တော့။ သူတို့က မင်းပြောတာကို နားမလည်ဘူး။ သူတို့ ဘာတွေပဲ ကြုံခဲ့ကြပါစေ၊ အခုတော့ သူတို့က လူသားတွေ မဟုတ်တော့ဘူး"
ချားလ်စ်က ပြန်ပြောသည်။
"ဒါဆို ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ"
ရစ်ချက်က အမောခံမည့်အစား မေးလိုက်သည်။
"စောင့်ကြည့်ရမယ်။ သူတို့က ငါတို့ကို ရှေးဟောင်းပစ္စည်းတွေလို မြင်နေမှတော့ နောက်ထပ် စမ်းသပ်ချက်တစ်ခုကို မကြာခင် ထပ်လုပ်ကြမှာပဲ။ နောက်ထပ် ရောက်လာမယ့် စမ်းသပ်ခံဆီကနေ ငါတို့ သတင်းအချက်အလက် ပိုရနိုင်တယ်"
"အချိန်ကုန်တာပဲ။ ငါ့မှာ တခြား အစီအစဉ်တစ်ခု ရှိတယ်။ နားထောင်ကြည့်မလား"
ရစ်ချက်က မေး၏။
"မင်း ဘာတွေးနေလဲ ငါသိတယ်။ ငြိမ်ငြိမ်လေးနေစမ်း။ ဘာမှ လျှောက်လုပ်ဖို့ မစဉ်းစားနဲ့"
"ကောင်းပါပြီ။ ကောင်းပါပြီ။ မင်းပြောသလိုပဲ လုပ်ပါ့မယ်။ ပျင်းစရာကြီး"
ရစ်ချက်က တတွတ်တွတ် ညည်းညူပြီးနောက် ချားလ်စ်၏ စိတ်ထဲတွင် ပြန်လည် တိတ်ဆိတ်သွားသည်။
သူတို့၏ ဒုတိယမြောက် အကျဉ်းကျသည့်နေ့မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ချားလ်စ်သည် တတိယမြောက်နေ့တွင် သူတို့၏ အခြေအနေကို ထပ်မံ စုံစမ်းရန် စီစဉ်ထားသော်လည်း အဖြစ်အပျက်တစ်ခုက သူ၏ အစီအစဉ်ကို ကြားဖြတ် နှောက်ယှက်လိုက်သည်။
ဝေဝေဝါးဝါး အခြေအနေတွင် ချားလ်စ်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်သော လှုပ်ရှားမှုတစ်ခုကြောင့် နိုးလာ၏။ သူ၏ ခန္ဓာကိုယ်သည် သူ၏ အလိုမပါဘဲ လှုပ်ရှားနေသည်ကို သူ သတိပြုမိလိုက်သည်။ လောလောဆယ်တွင် သူသည် ကျဉ်းမြောင်းသော စင်္ကြံလမ်းအတိုင်း အရှိန်ဖြင့် ပြေးနေသည်။ သူ အကျဉ်းခန်းထဲမှ လွတ်မြောက်ခဲ့ပြီ။
"ရစ်ချက်။ မင်း ဘာလုပ်နေတာလဲ"
"ဟားဟား။ ဘာလုပ်ရမလဲ။ ထွက်ပြေးနေတာပေါ့။ မင်းက ဒီနေရာမှာပဲ အနားယူဖို့ စဉ်းစားနေတာလား။ အစ်ကိုကြီး... ဝေခွဲမရဖြစ်နေတာက ကျရှုံးခြင်းရဲ့ အစပဲ"
ရစ်ချက်က ပြစ်တင်ပြောဆိုသည်။
"ငါတို့မှာ ဘာသတင်းအချက်အလက်မှ မရှိဘူး။ မင်း ဘယ်ကို ပြေးမှာလဲ။ ငါတို့ ဘယ်နေရာ ရောက်နေလဲဆိုတာ မင်းသိလို့လား။ ဒီအတိုင်းပဲ ဇွတ်ထွက်လာတာလား"
ချားလ်စ်က ဒေါသကို ထိန်းချုပ်ကာ မေး၏။
"ငါမသိဘူး။ ဒါပေမဲ့ ဒီသတ္တဝါတွေက တစ်ချိန်က လူသားတွေ ဖြစ်ခဲ့တာပဲ။ ကြောက်စရာ ဘာရှိလဲ။ တံခါးဝက စောင့်နေတဲ့ ကောင်အနည်းငယ်ကို ငါ သတ်လိုက်ပြီ။ အားကိုးမရတဲ့ အသုံးမကျတဲ့ကောင်တွေ"
စိတ်ပျက်စရာနှင့် စိတ်တိုစရာ ခံစားချက်များက ချားလ်စ်၏ ရင်ထဲတွင် လှိုင်းထသွားသည်။ သူ အိပ်ပျော်နေစဉ်မှာပင် သူ၏ စိတ်ထဲက အခြားသော စရိုက်တစ်ခုက မိမိသဘောနှင့်မိမိ လုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း အခြေအနေအရ ချားလ်စ်အနေဖြင့် ရစ်ချက်နှင့် အချေအတင် ငြင်းခုံရန် အချိန်မရှိပေ။ အကျဉ်းခန်းထဲမှ ထွက်လာပြီဖြစ်ရာ အစီအစဉ်ကို အဆုံးအထိ အကောင်အထည်ဖော်ရန်သာ ရှိတော့သည်။
"အဖွဲ့သားတွေရော။ အကျဉ်းခန်းတွေကို စစ်ပြီးပြီလား"
"ဒါကို မေးနေဖို့ လိုသေးလို့လား။ စစ်ပြီးပြီပေါ့။ သူတို့က ထူးဆန်းတဲ့ သတ္တဝါအမျိုးမျိုးကို အခန်းတွေထဲမှာ ပိတ်လှောင်ထားတာ။ အဖွဲ့သားတွေကိုတော့ တခြားတစ်နေရာမှာ ထားပုံရတယ်။ အရင်ဆုံး ဒီကနေ ထွက်ရအောင်၊ ပြီးမှ သူတို့ကို ဘယ်လို ကယ်ရမလဲဆိုတာ စဉ်းစားမယ်"
ချားလ်စ်က သက်ပြင်းတစ်ချက် ချလိုက်၏။ သူသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ အကဲခတ်လိုက်သည်။ သူတို့သည် ဘေးတစ်ဖက်တစ်ချက်စီတွင် တံခါးများ စီတန်းနေသော စင်္ကြံလမ်းတစ်ခုထဲတွင် ရှိနေသည်။ အခန်းများအတွင်းရှိ ကွန်ပျူတာများနှင့် အမြန်ချောပို့ စက်များကို သူ မြင်တွေ့လိုက်ရ၏။
ခေတ်မီ စက်ကိရိယာများကို ကြည့်ပြီး ချားလ်စ်၏ စိတ်ထဲတွင် နိမိတ်တစ်ခု ရလိုက်သည်။
အတိအကျ မသိနိုင်သော နေရာတစ်ခုမှ စူးရှသော အချက်ပေးသံတစ်ခု မြည်ဟည်းလာပြီး အပေါ်ဘက်ရှိ မီးလုံးများမှာ အနီရောင်ဖြင့် စည်းချက်ကျကျ လက်လာသည်။
ချားလ်စ်သည် သွားကို တင်းတင်းကြိတ်ကာ အရှိန်မြှင့်လိုက်၏။ မီးဟက်ခ်များသည် သူတို့ အကျဉ်းခန်းထဲမှ လွတ်မြောက်သွားသည်ကို သတိပြုမိသွားကြပြီ။
"ကြည့်။ ဒီမှာ မြေပုံရှိတယ်"
ရစ်ချက်က အော်ဟစ်ကာ နံရံပေါ်မှ ဇယားတစ်ခုကို ဆွဲခွာလိုက်သည်။
စက္ကူ၏ အထိအတွေ့မှာ သူ၏ လက်ချောင်းများအောက်တွင် ရင်းနှီးနေသလို မြေပုံပေါ်က နေရာအထားအသိုမှာလည်း မှတ်မိနေပေသည်။ မြေပုံပေါ်တွင် ရိုက်နှိပ်ထားသော ဓာတ်ခွဲခန်း ၂ ဆိုသည့် စာသားပေါ်တွင် ချားလ်စ်၏ လက်ချောင်းများ ရောက်ရှိသွား၏။
ချားလ်စ်၏ အစောပိုင်းက ခံစားချက်မှာ မှန်ကန်နေသည်။ အကယ်၍ ထိုသတ္တဝါများသည် ဖောင်ဒေးရှင်းမှ ဝန်ထမ်းများ ဖြစ်ခဲ့မည်ဆိုပါက သူတို့ အကျဉ်းကျနေသော ဤနေရာမှာ ဓာတ်ခွဲခန်းတစ်ခု ဖြစ်နေမှာ သေချာသည်။
သို့သော်လည်း ချားလ်စ်အနေဖြင့် ထိုတွေ့ရှိမှုကို စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် မြေပုံပေါ်တွင် ထွက်ပေါက်ရှိရာ နေရာကို အမြန်ဆုံး အတည်ပြုလိုက်ပြီးနောက် စက္ကူကို လွှင့်ပစ်ကာ သူ၏ ပန်းတိုင်ဆီသို့ ပြေးထွက်သွား၏။
ဓာတ်ခွဲခန်း ၂ သည် အချင်းချင်း ဆက်သွယ်နေသော စင်္ကြံလမ်းများနှင့် လမ်းကြောင်းများစွာဖြင့် အလွန် ကျယ်ဝန်းလှသည်။ ကံကောင်းသည်မှာ ချားလ်စ်သည် သူ၏ ခန္ဓာကိုယ်ကို မြှင့်တင်ထားပြီး ဖြစ်သောကြောင့် အတော်လေး မြန်ဆန်နေခြင်း ဖြစ်၏။
လမ်းတွင် တွေ့သော မီးဟက်ခ်များကို လျင်မြန်စွာ ရှင်းထုတ်ရင်း မကြာမီမှာပင် ထွက်ပေါက်သို့ ရောက်ရှိလာသည်။
ကံဆိုးသည်မှာ ကံကြမ္မာနတ်သမီးသည် ချားလ်စ်ဘက်တွင် မရှိပေ။ သူတို့ အပြင်သို့ ပြေးထွက်တော့မည့် အချိန်မှာပင် မီးဟက်ခ် အမြောက်အမြားသည် ထွက်ပေါက်မှတစ်ဆင့် စင်္ကြံလမ်းထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာကြသည်။
သေနတ်များနှင့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော ထိုသတ္တဝါများသည် သူတို့၏ ကြက်ခြေခတ်ပုံစံ အဝါရောင် မျက်လုံးများဖြင့် ချားလ်စ်ကို ရန်လိုစွာ စိုက်ကြည့်နေကြ၏။
ယခုအချိန်တွင် စကားလုံးများမှာ မလိုအပ်တော့ပေ။ ချားလ်စ်သည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သွားကို တင်းတင်းကြိတ်လိုက်သည်။ သူသည် ကြမ်းပြင်ကို အားပြုကာ ရှေ့မှ မီးဟက်ခ်များထံသို့ ခုန်အုပ်လိုက်၏။
ချက်ချင်းပင် သေနတ်သံများ ထွက်ပေါ်လာသည်။ ချားလ်စ်သည် ကျည်ဆန်ကို ရှောင်ရန် သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်၏။ တစ်စက္ကန့်မျှ အချိန်မဆွဲဘဲ သူ၏ လက်တုကို ရှေ့ဆုံးက မီးဟက်ခ်ထံသို့ ချိန်ရွယ်လိုက်သည်။
ဝူး...
သံကြိုးမှာ လည်ပတ်သွားပြီး ချိတ်ကြိုး ထွက်ပေါ်လာကာ ထိုသတ္တဝါ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသည်။ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသောကြောင့် ဒဏ်ရာရသွားသည့် မီးဟက်ခ်မှာ လေထုကိုပင် တုန်ခါသွားစေသော စူးရှသည့် အော်ဟစ်သံကို ထွက်ပေါ်စေ၏။
ချားလ်စ်သည် သံကြိုးကို အားဖြင့် ဆွဲလိုက်သည်။ ၎င်းသည် လျင်မြန်စွာ ပြန်လည် ရုတ်သိမ်းသွားပြီး ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်နှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။
ထို့နောက် ချားလ်စ်သည် သူ၏ လက်တုကို မီးဟက်ခ်၏ ကိုယ်ထဲမှ လျင်မြန်စွာ ပြန်ဆွဲထုတ်လိုက်၏။ အသားများ စုတ်ပြဲသွားသည့် အသံသည် လေထုထဲတွင် ဟိန်းထွက်သွားပြီး သတ္တဝါ၏ အော်ဟစ်သံမှာလည်း ရုတ်တရက် ရပ်တန့်သွားသည်။
ကျည်ဆန်များမှာ သူတို့ထံသို့ ဆက်လက် ကျရောက်နေသော်လည်း ချားလ်စ်သည် သေဆုံးသွားသော မီးဟက်ခ်၏ ကြီးမားသော ခန္ဓာကိုယ်ကို သူ၏ ဒိုင်းအဖြစ် အသုံးချလိုက်သည်။
ကျည်ဆန်များသည် အလောင်းကို ထိမှန်သွားသော်လည်း ၎င်း၏ နောက်ကွယ်တွင် လုံခြုံစွာ ရှိနေသော ချားလ်စ်ထံသို့မူ မရောက်ရှိနိုင်ပေ။
သေဆုံးနေသော မီးဟက်ခ်ကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ကိုင်ထားရင်း ချားလ်စ်သည် ထွက်ပေါက်တွင် ပိတ်ဆို့နေသော ရန်သူများထံသို့ အရှိန်ဖြင့် ပြေးဝင်သွား၏။
ချားလ်စ်သည် ဟိန်းဟောက်သံနှင့်အတူ မီးဟက်ခ် အုပ်စုထဲသို့ တိုးဝင်ကာ အလောင်းကို သူတို့ထံသို့ ပစ်ပေါက်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏ လက်တုရှိ လွှစက်ကို အားကုန်လွှဲယမ်းလိုက်ပြီး ဘေးက သတ္တဝါ၏ ဦးခေါင်းကို ဖြတ်ချလိုက်၏။
သူ့ကို ဝိုင်းရံထားသော အခြား မီးဟက်ခ်များသည် သေနတ်များဖြင့် တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း ယခုကဲ့သို့ အနီးကပ် တိုက်ပွဲတွင် ချားလ်စ်၏ လျင်မြန်သော ခန္ဓာကိုယ်မှာ အသုံးအဝင်ဆုံး ဖြစ်လာသည်။
သေနတ်တစ်လက်က သူ့ကို ချိန်ရွယ်တိုင်း သူသည် အခြား မီးဟက်ခ်များ၏ အနီးသို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်၏။ ထိုအခါ သူတို့သည် မိမိတို့ အမျိုးအနွယ်ကို ထိမှန်မည် စိုးသောကြောင့် ပစ်ခတ်ရန် တွန့်ဆုတ်သွားကြသည်။
သူတို့သည် သေနတ်များကို ချထားပြီး လက်နက်များဖြင့် ပြောင်းလဲ တိုက်ခိုက်လာသောအခါ ချားလ်စ်မှာ အတိုင်းမသိ ဝမ်းသာသွား၏။ အနီးကပ် တိုက်ခိုက်ခြင်းတွင် ချားလ်စ်၏ မြှင့်တင်ထားသော ခန္ဓာကိုယ်ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။
သူသည် မီးဟက်ခ်များကြားတွင် လျင်မြန်စွာ လှုပ်ရှားနေ၏။ ထိုသတ္တဝါများသည် သူ၏ လျင်မြန်မှုကို ကိုင်တွယ်ဖြေရှင်းရန် လုံးဝ အားကိုးမရ ဖြစ်နေကြသည်။
ရစ်ချက် ပြောခဲ့သည်မှာ မှန်ပေ၏။ ဤမီးဟက်ခ်များသည် သန်မာခြင်း မရှိကြပေ။ သူတို့သည် သတ္တဝါများ ဖြစ်သွားသော်လည်း သူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ အရွယ်ရောက်ပြီး လူသားတစ်ဦးနှင့် ဆင်တူနေသည်။
မကြာမီမှာပင် မီးဟက်ခ်များသည် တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း ချားလ်စ်မှာမူ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ပေ။
ချားလ်စ်သည် သူတို့အားလုံးကို လျင်မြန်စွာ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ဝတ်ရုံနက် ဝတ်ဆင်ထားသော မီးဟက်ခ်တစ်ကောင်မှာ လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်း၏ ညှိုးနွမ်းနေသော လက်ထဲတွင် သေးငယ်သော သဲနာရီတစ်ခုကို ကိုင်ဆောင်ထား၏။
ထိုမီးဟက်ခ်က သဲနာရီကို ပြောင်းပြန်လှန်လိုက်သည့် ခဏမှာပင် သဲများမှာ အောက်သို့ စီးကျလာသည်။ ချားလ်စ်သည် မိမိ၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
"အဲဒါ ရှေးဟောင်းပစ္စည်းပဲ။ ဒီမီးဟက်ခ်တွေက ရှေးဟောင်းပစ္စည်းတွေကိုလည်း သုံးနိုင်တာလား"
ရစ်ချက်က ချားလ်စ်၏ စိတ်ထဲမှ သတိပေးသည်။
ဒိုင်း...
သေနတ်သံတစ်ချက် ဘယ်ဘက်မှ ထွက်ပေါ်လာပြီး ချားလ်စ်၏ ဘယ်ဘက် ပေါင်မှ သွေးများ ပန်းထွက်သွား၏။
သူ သေနတ်ပစ်ခံလိုက်ရသည်။
ချားလ်စ်သည် ကြမ်းပြင်ပေါ်သို့ လျင်မြန်စွာ လိမ့်ချလိုက်၏။ သူ ပြန်လည် မတ်တပ်ရပ်နိုင်ချိန်တွင်မူ သူ၏ လက်ထဲ၌ ခြောက်လုံးပြူး သေနတ်တစ်လက်ကို ကိုင်ထားသည်။
ဒိုင်း။ ဒိုင်း။ ဒိုင်း။
ချားလ်စ်သည် ဝတ်ရုံနက်နှင့် မီးဟက်ခ်ကို ဆက်တိုက် သုံးချက် ပစ်ခတ်လိုက်၏။ သို့သော်လည်း ဤမီးဟက်ခ်မှာ အခြား မီးဟက်ခ်များထက် ပိုမို လျင်မြန်နေပြီး ချားလ်စ်၏ ကျည်ဆန်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ကံကောင်းသည်မှာ ချားလ်စ်၏ ရည်မှန်းချက် အောင်မြင်သွားခြင်း ဖြစ်၏။ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးမနေတော့ပေ။
***